+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, November 30, 2009

မေ့မရ,တဲ့ည

မေ့မရတဲ့ည
(ခိုင်မာကျော်ဇော)

ကမ္ဘာကြီးရဲ့
ရာစုသစ်ခရီးအစ,
အမှတ်တရ,ညမှာပဲ
သားလေးကို
ဝါးရုံပင်ဘေးမှာ ထားခဲ့ရတယ်။

သားလေးကို
ဒို့…..သိပ်ချစ်ပါတယ် ဆရာမ,ရယ်။

ဒါပေမယ့်
ဒီသားလေးအတွက် တို့မှာ
ကျယ်ကျယ်လောင်လောင်လေးတောင်
ကြေကွဲခွင့်မရ,ခဲ့ပါဘူး။

ဒီညမှ
ဆောင်းကလည်းပီသ,လိုက်တာ။

နှုတ်ခမ်းလေးတွေပြာနေတဲ့ သားက
အပါး….ငါကြွေဥတွေမစားချင်တော့ဘူး
အမိုး…ငါတို့ဘယ်တော့ အိမ်ပြန်ရမလဲဟင်?
ခြေဖျားလက်ဖျားတွေလဲ
မီးကင်ချင်လိုက်တာ…
ဒုက္ခသည်စခန်းရောက်ရင်
ငါ့ကို….ထမင်းဝ,ဝ,ကျွေးရမယ်နော်?...တဲ့။

ဒီစကားဟာ
ကယောင်ကတမ်းမဟုတ်မှန်း
အပါးသိပါတယ်…ငါ့သားရယ်။
အဲဒီညက
သူတို့ဘဝအတွက်
မီးဖိုလေးတဖိုလောက်သာ
ဖိုခွင့်ရ,ခဲ့ရင်။

ခိုင်မာကျော်ဇော

ဗွီအိုအေ မြန်မာပိုင်းအစီစဉ်တွေထဲက အနုပညာမိုးကောင်းကင်ကဏ္ဍကနေ
ကရင်စစ်ပြေးဒုက္ခသည်တွေရဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့အနုပညာတချို့အကြောင်းကို ဦးကျော်အောင်လွင် တင်ဆက်ထားတဲ့အထဲက ကဗျာဆရာမ ခိုင်မာကျော်ဇောရဲ့ကဗျာကို
ဖတ်ပြသွားတဲ့အတွက် နားထောင်ရင်းကူးယူတင်ပြလိုက်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သုံးပွင့်ဆိုင်သူငယ်ချင်းသုံးယောက် သို့

သုံးပွင့်ဆိုင် သူငယ်ချင်းသုံးယောက်သို့
(အောင်ဇေ)

သူငယ်ချင်းသုံးယောက်
မြန်မာပြည်ပေါက်တွေ
တယောက်တနေရာ ပျော်ရာမှာမနေ
တော်ရာမှာနေရ, တို့ကတော့
ဝေးလှသီခေါင်တဲ့
လျှိုမြောင်ကြားတနေရာမှာ။

သူငယ်ချင်းမက, ညီအကိုရင်းတမျှချစ်ကြတာ
မင်းအသိ
ဘဝ,အရှိမှာဝေးကွာပေမယ့်
တွေးစရာကတော့ အမိမြန်မာပြည်
ပီပြင်ဘို့နောင်ရေး
အလေးပေးရည်ရွယ်ရင်း
မင်းရယ်,ငါရယ်,သူရယ်,
တူညီမှုအတွက်
လက်ချင်းယှက်လို့သွားရ,အောင်။

တလောလေးဆီမှာ
မင်းအပြောလေးချိုသာလို့
ငါတို့ဆီကအချို့ မင်းတို့ဆီအရောက်
ရွှင်ကြည်တဲ့နှလုံးများနဲ့
အပြုံးပန်းဝေချိန်မှာ
ငါတို့အပေါ်မှာ….မင်း
မာန်တင်းတဲ့သဘော
ရက်စက်ဟန်နှောတဲ့အမုန်း
မင်း….မသုံးသင့်ဘူးသူငယ်ချင်း။

တကယ့်တကယ်မှာတော့
ကမ္ဘာ့အလည်(အလယ်)မှာ
မြန်မာရယ်လို့ ထည်(ထယ်)ဝါဘို့အရေး
မျှော်တွေးလို့ကြည့်ရင်း
မင်းရယ်,ငါရယ်,သူရယ်
ပျော်မဆုံးတပြုံးပြုံးနဲ့
ပခုံးချင်းဖက်လို့
မမုန်းတမ်းတိုင်းပြည် ဒီမိုကရေစီသို့
အရောက်ချီတက်သွားကြရအောင်။

အောင်ဇေ
အမေရိကန်ပြည်ထောင်စု

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သားဖွါူးတဲ့နေ့

“သားဖွားတဲ့နေ့”
(ဆရာကြည်အောင်)

ရွာသူတွေ ဝိုင်းနေတယ်။
အပျိုဟိုင်းတွေမပါ။
အရွယ်ဟိုင်းတခုလပ်
လူ့ဇာတ်ဆိုတာ
သားဖွားအတတ်
ဝါးနှီးပြတ်နဲ့ အချင်းဖြတ်မယ့်
သတ္တိခဲ မိန်းမတွေ

ရေနွေးကျို၊ နနွင်းထောင်း
သားလောင်းကြိုမယ့် ထမီဟောင်း
သွေးဟောင်း၊ သွေးညစ်တွေကို
ညှစ်ဟဲ့၊ ဆေးဟဲ့
ကလေးက ယောက်ျားလေးတဲ့
အလှူကြီးပေးရမဟဲ့
ဒါနဲ့
သားဖွားမိခင်
တရားသဘောသိမြင်
နာကျင်မှုတွေ တပွေ့တပိုက်
ဓားမြှောက်ကစားမယ်
သားယောက်ျားဟေ့ ……
သားယောက်ျားဟေ့ … ။ ။

မစ္ဈိမ တွင် နှင်းပန်းအိမ်ရေးသားသည့်
အနာဂါတ်သို့ပျံသန်းခြင်း(သို့မဟုတ်) ဒုက္ခသည်များ၏ ဘဝ,ပုစ္ဆာများ
ဆောင်းပါးမှ ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, November 29, 2009

နှလုံးသားမှ ပဲ့တင်သံများ

နှလုံးသားမှ ပဲ့တင်သံများ
(အောင်ဇေ)

သြော်………….
လူ့သမိုင်းအစ,
ဘဝရှင်သန်ရေးပုံစံ
ကျောက်ခေတ်သံခေတ်
ခေတ်တခုမှာ
ဟာနေတဲ့ဝမ်းဖြည့်တင်းဘို့အတွက်
နင်းခြေရက်စက်
အသက်သွေးနဲ့
ဆေးရေးတဲ့ပန်းချီအစ,ချီခဲ့ရ။

အတ္တနဲ့ဝိသမ
မညီမျှတဲ့ပဋိပက္ခကြား
ဖြစ်ပွါးလိုက်တဲ့စစ်ပွဲတွေ
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
သေနတ်သံအမြောက်သံ
ဗုံးသံစိန်သံတွေကြားမှာ။

မြင့်မားစိတ်ဓါတ် ပြတ်သားသတ္တိ
စွမ်းအားအပြည့်နဲ့ တိုင်းပြည့်တာဝန်
ကျေပြွန်စွာထမ်းဆောင်ရင်း
သွေးစွန်းခဲ့ကြ။

အသက်သွေးချွေး
ပေးခဲ့ကြတဲ့
ပြည်သူ့တပ်မတော်
ခေါ်ဆိုသမှုအစဉ်ပြုတဲ့
ပြည်သူ့တပ်မတော်သားတွေ။

အမျိုးသားရေး ဦးစားပေး၍
မျှော်တွေးကြံဆ, ဘဝပုံဖေါ်
ရည်မျှော်ရင်းကျဆုံးတဲ့
ပြည်ထောင်စုဖွါး တိုင်းရင်းသားတွေ။

ပြည်သူ့အတွက်မျှော်တွေး
ဒီမိုကရေစီအရေးဆိုရင်း
စစ်တလင်းလမ်းပေါ်အပြင်
စစ်မြေပြင်မှာဆင်း
ရဲတင်းတဲ့သတ္တိ
အားမာန်အပြည့်နဲ့
ခံယူစိုးမိုး
ရိုးဖြောင့်နိုင်ငံရေးသမား
ပြည်သူထဲက
ကျောင်းသားလူငယ်
ပြည်သူထဲက,ပြည်သူ့သားတွေ။

ထိုမှတမူ
အပြစ်မဲ့ပြည်သူ
သူသူငါငါ ဗျာပါဒ,နှင့်
သောက,အိမ်ဆောက် မီးတောက်မီးလျှံ
ကျည်ဆန်ကြားမှ ပြေးရင်းလွှားရင်း
မရဏ,သေတွင်း ချင်းနင်းဝင်ရောက်
သက်ပျောက်မိခင် ရင်ခွင်သားသေ
ဗျာဝေတဲ့အမေအို။

ထိုထိုဤဤအလီလီသော
စောကြောရန်ခက်
နိုင်ငံရေးစနက်ကြောင့်
ပြည်ဖျက်လောင်မီး ပြည်တွင်းစစ်ကြီး
အပြီးငြိမ်းလို နုပျိုဆန်းသစ်
နောင်တခေတ်သို့ စနစ်အဟောင်း
မကောင်းအမွေ မပေးဝေလို
သစ္စာဆိုတဲ့
ပြည်ထောင်စုသား ပြည်သူများတွေ
ဘုရားဆုမပန်
ထီးနန်းမစံလိုပါပဲ
အမှန်တရားအတွက်
အသက်ပေးဆက်လှူရက်တဲ့
ခြေလက်အင်္ဂါ တွယ်တာမရှိ
စွန့်လွှတ်သည့်မြင်ကွင်း
ပြည်တွင်းမှာအနှံ့အပြား
ကမ္ဘာတလွှားမှာလည်းအရှိ
ပကတိမျက်စိအမြင်
ဆင်ခြင်ဘို့တန်ပါပြီ
မေခ,မလိခ,ဧရာ သံလွင်
လက်ရည်တပြင်တည်း
စီးဆင်းဘို့တန်ပါပြီ။

အောင်ဇေ
အမေရိကန်ပြည်ထောင်စု
05-May-1998 ရေးသားပြီးစီးချိန်
၀၆-၀၆-၁၉၉၈ BBC, ဗမာပိုင်းဌာန အလင်္ကာပန်းခင်းကဏ္ဍ နောက်ဆုံးအစီစဉ်၌ တင်ပြသော
ကဗျာဖြစ်ပါသည်။
ကဗျာဖေါ်ခွင့်ပြုသည့် ဆရာအောင်ဇေ အားအထူးကျေးဇူးတင်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စစ်ပြေးဒုက္ခသည်များ၏ ရင်ဖွင့်သံ

စစ်ပြေးဒုက္ခသည်များ၏ ရင်ဖွင့်သံ
(အောင်ဇေ)

ပေးစရာငွေမရှိ
ပြေးစရာမြေမရှိ
အဘိုးအဘွားနဲ့အမိုးအပါးစကားအရှိ
တရားမသိ
မယုံသလို ပုံလိုလို။

အခုတော့တခေတ်ဆန်း
စစ်စခန်းမြန်မာ့မြေ
စစ်မီးတွေဟုန်းဟုန်တောက်
ပုန်းလောက်စရာမရှိ
ပကတိအနေခက်
အသက်ကိုဖက်နဲ့ထုတ်
ရုတ်တရက်ပုန်းခိုရာ
နယ်စပ်ချောင်းဟိုဘက်မှာ။


ပင့်သက်ကိုအသာချ
ခဏကလေး တရေးတမှေးမျှ
အိပ်မက်လှတုန်း ဝုန်းကနဲပေါက်ကွဲ
ငရဲက,ကျည်ဆန် မီးလျှံကမိုးသို့တက်
လျှပ်တပျက်အတွင်း သေသူက,သေ
ကြေသူက,ကြေ။

ဆယ့်တစ်ရက်မတ်လ
ဝှေးကလုပ်ညသန်းခေါင်ယံမှာ
ပြာပုံရဲ့အောက် ဘဝ,ပျောက်လို့
နွေမှတလီ မိုးသို့ချီခဲ့
ရာသီပြောင်းရွှေ့ ဘဝ,ရှေ့ရေး
မတွေ့မမြင် မုန်တိုင်းဆင်သို့
ကမ္ဘာတခွင် ပညာရှင်
မေတ္တာရှင်တို့ကို သိ,ကြား,စေလို
နှုတ်ခွန်းဆိုသည် သံချိုလေးများ
ကြားပါရစေ။

အောင်ဇေ

အမေရိကန်ပြည်ထောင်စု
07-June-1998

04-July-1998 BBC,ဗမာပိုင်းအစီအစဉ် အလင်္ကာပန်းခင်းကဏ္ဍမှ ပထမအကြိမ်ထုတ်လွှင့်ခဲ့ပြီး
ဒုတိယအကြိမ် ကို(01-August-1998)ညတွင်ထပ်မံထုတ်လွှင့်ခဲ့ပါသည်။
ကဗျာဖေါ်ပြခွင့်ပြုသည့် ဆရာအောင်ဇေ အား အထူးကျေးဇုးတင်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရင်ခွင်မဲ့ သား

ရင်ခွင်မဲ့ သား
(အောင်ဇေ)

ပြည်တွင်းဒုက္ခသည်
ငုပ်ကွယ်နေရ,တဲ့ဘဝများအကြောင်း
တစေ့တစောင်း
ပြန်ပြောင်းလှည့်အကြည့်။

မီးတောက်မီးလျှံ ကျည်ဆန်အကြား
တကွဲတပြား ပြေးလွှားရှောင်ရှား
တောတောင်ကြားမှာ ကြွေဥကိုစားရင်း
အစာအဆိပ်အတောက်
သေပျောက်၍တဖုံ။

ခြုံလွှာမပါ
ဗလာကိုယ်ချည်းဖြစ်သော်လည်း(လဲ)
လှုံမီးသော်မှ ဖိုမရဲသာမို့
သွေးခဲတဲ့နှင်းဖွဲအကြား
မီးဖွါးရင်းအသက်ဆုံး
မျိုးဆက်တွေပြုဉ်းရ,ချည့်။

ယူကြုံးမရ,လူလုံးမလှ
အပူလုံးကြွ
ဒုက္ခဝေသော်လည်း။


ရွှေကိုမထုပ် ငွေကိုမထုပ်
အသက်ကိုဖက်နဲ့ထုပ်
တက်သုတ်ခရီးမှာ လက်ချည်းဗလာမို့
မြို့ကြီးပြကြီး ရုံးကြီးတွေဆီအရောက်သွား
ဒုက္ခသည်အကောင်းစားဘဝ
ခံယူရ,ဘို့ဆိုတာ
ဘယ်လိုများဖြစ်နိုင်မှာလဲ?

ကံကြမ္မာဖိစီး
အထီးကျန်ငါ့ဘဝ
ထာဝရ,ကျောခင်းရာ
တောတွင်းတနေရာကိုရှာရင်း
နေ့ပေါင်းများစွာ……..
ည,ပေါင်းများစွာ……….
ရက်ပေါင်းများစွာ……..
လ,ပေါင်းများစွာ……….


အောင်ဇေ
(အမေရိကန်ပြည်ထောင်စု)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, November 25, 2009

မပေါက်ကွဲပါရစေနဲ့

မပေါက်ကွဲပါရစေနဲ့
(မင်းစိုးစံ)

သူငယ်ချင်းရယ်
ငါတို့အချင်းချင်းကြား
ဖြတ်စားနေကြတဲ့
လူတွေရဲ့အကြောင်း။

ခွဲခြားဆက်ဆံတဲ့လူတွေက
ခွဲခြားဆက်ဆံခံရတဲ့လူတွေကို
ဘဝပြောင်းခိုင်းကြတဲ့
ပုံပြောကောင်းတဲ့
လူတွေရဲ့အကြောင်း။

အရေးအကြောင်းဆို
သူတို့အကျိုးမထိခိုက်စေရေး
ငါတို့အမျိုးကို
ထိုးကျွေးပြီးရင်းထိုးကျွေးနေကြတဲ့
ဗိုက်ပူကြီးတွေအကြောင်း။

သူတို့ချမ်းသာဘို့
ငါတို့ယဉ်ကျေးမှုကိုဘန်းပြ
နိုင်ငံတကာမှာလက်ဖြန့်ကြတဲ့
အကြောင်းနဲ့။

သူတို့တတွေချမ်းသာဘို့
ငါတို့စာပေကို
တကယ်မြတ်နိုးသလိုလို
ဟန်ဆောင်ကာမူပိုလုပ်ပြကြတဲ့
အကြောင်းတွေ။

အဲဒီ…..အကြောင်းတွေ
အဲဒီ…..တရားတွေ
ငါ…….မကြားပါရစေနဲ့။

အဲဒီလိုဟာ
အဲဒါတွေကြောင့်
ငါ့ရင်ထဲမှာ
အလိုလိုနာလာရင်း
ပေါက်ကွဲအားအပြင်းထန်ဆုံး
အမြောက်ဆံ ဗုံးဆံတွေကိုပုံစု
အားလုံးအကုန်ပေါက်ကွဲစေမယ့်
ငါ့ရဲ့ခံစားချက်ဟာ
ပွတ်ယမ်းနဲ့ခွဲမရတော့လို့ပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, November 24, 2009

အခြေအနေပြောင်းလဲမှု ဟူသည်

အခြေအနေပြောင်းလဲမှု ဟူသည်
(မင်းစိုးစံ)

၁၉၉၈ခု မတ်လ၏ ပူပြင်းသောနေပူရှိန်သည် အမိုးအကာမဲ့ နေထိုင်နေကြသည့် ဟွှေးကလုတ်
(Huai Ka loak) ဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များအပေါ်သို့ အညှာအတာကင်းမဲ့စွာဖြင့် အစွမ်းကုန်ကြီးစိုးမင်းမူလျှက် ရှိသည်။
လေတချက်အဝှေ့တွင် ယမန်နေ့ညက,မီးလောင်ခံထားရ,သည့် အိမ်နေရာများဆီမှပြာမှုန့်များနှင့်
မီးခိုးညွန့်အချို့ တို့သည် အကာအယံမဲ့နေသည့် ဦးပါအိလ္ဘက်ရည်ဆိုင်အတွင်းသို့ အတားအဆီးမရှိ ဟော့ဟော့ရမ်းရမ်းဖြင့် ပြေး ဝင်လာကြသည်။
လ္ဘက်ရည်ဆိုင်နှင့်ခပ်လှမ်းလှမ်းတွင် ကလေးငယ်အချို့အပူပင်ကင်းမဲ့စွာဖြင့် အော်ဟစ်ပြေးလွှားနေကြ
သကယ့် သို့ ကလေးငယ်အချို့ နေပူစပ်ခါးကြီးထဲတွင် မီးလောင်ခံထားရ,သော သံပုံးစုတ်များအကြားနှင့် မီးကျွမ်းနေသည့် အိမ် တိုင်ဟောင်းများအကြားတွင် တုတ်(ဒုတ်)တချောင်းဖြင့် ဟိုရှာသည်ရှာလုပ်နေ
ကြသည်။
၎င်းတို့၏အနာဂါတ်အရေးအတွက် အဖြေရှာနေကြသည်လော၊ ဒုက္ခသည်ဖြစ်နေရ,သည့်ဘဝကို
ဥပက္ခာပြုလို၍ လော ဆိုသည်ကိုမည်သူမျှသိနိုင်လိမ့်မည်မဟုတ်၊ သားသည်မိခင်အချို့ ရင်ခွင်ပိုက် သားငယ်ကိုနို့တိုက်ရင်း သောက်ရေရ,ရှိရေးအတွက် ရေခမ်းစပြုနေသော ရေတွင်းဘေးတွင်ဝိုင်းအုံ စောင့်ဆိုင်းလျှက် ရှိနေကြသည်။
ဦးပါအိလ္ဘက်ရည်ဆိုင်ဆိုလျှင် ဝှေးကလုတ်(Huai Ka Loak) ဒုက္ခသည်စခန်းနှင့် ပတ်သက်ဆက်နွယ်
ခဲ့ဘူးသူ မှန်သမျှ မသိသူမရှိဟု ဆိုနိုင်လောက်၏။
ယခုအကြိမ်မီးရှို့ခံရခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည့်အားလျှော်စွာ လူအများစု၏ခံစားချက်
သည် ထူး ထူးခြားခြားမရှိသကယ့်သို့ဖြစ်နေသည်၊ ၎င်းတို့၏မျက်နှာအသွင်အပြင်မှာ နွေဦးပေါက်ရာသီ
၌ တောမီးလောင် ပြီးသွားသည့် မြင်ကွင်းတရပ်ကို မြင်သည့်အမြင်မျိုးဖြင့် ဘာမျှမဖြစ်သကယ့်သို့ သွား
လာ လှုပ်ရှားနေကြသောကြောင့်ဖြစ်၏။
၁၉၉၇ခုနှစ်၊ ဇန္နဝါရီ ၂၈ရက်၊ ည(၁၀)နာရီအချိန် ပထမအကြိမ် မီးရှို့ခံခဲ့ရစဉ်က လူအတော်များများ
ခံစားချက် ပြင်းထန်စွာပေါက်ကွဲခဲ့ကြ၏၊ ဆန္ဒပြပွဲဖြစ်ပွါးသည်အထိ ခံစားချက်များကိုဖေါ်ထုတ်ခဲ့ကြလေ
၏။
သို့သော်အဆိုပါဆန္ဒပြပွဲကို ရာနှုံးပြည့် ရှောရှောရှူရှူဖြင့်လုပ်ကိုင်နိုင်ခဲ့သည်တော့မဟုတ်၊ မလုပ်သင့်ဟု
ယူဆ ကြသူများနှင့် လုပ်သင့်သည်ဟုယူဆကြသူများကြား သဘောထားကွဲလွဲမှုများရှိခဲ့သည်။
နောက်ဆုံးတွင် ၁၉၉၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမအပတ်မကုန်မှီ စခန်းလုံးကျွတ်အသံတိတ်ဆန္ဒပြပွဲ
ကို ငြိမ် သက်စွာဖြင့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
ယခု ၁၉၉၈ခုနှစ်၊ မတ်လ(၁၀)ရက်၊ ညသန်းခေါင်ကျော်(၁၂း၄၅နာရီ) အချိန် ဒုတိယအကြိမ် မီးရှို့ခံ
ရသည့်အခါ လူအသေအပျောက်ရှိခဲ့သော်လည်း ပထမအကြိမ် မီးရှို့ခံရစဉ်ကကယ့်သို့ သွေးမပူကြတော့၊ သွေးအေးနေပြီဟု ယူဆနိုင်လောက်သည့် အနေအထားမျိုးဖြင့် ပုံမှန် ပြောဆိုသွားလာလှုပ်ရှားနေကြ၏။
ဤသို့မီးရှို့ခံရခြင်းကို ဒုက္ခသည်များသည် ထုံးစံတခု၊ ဖြစ်ရိုးဖြစ်စဉ်တခုအဖြစ် သတ်မှတ်လက်ခံလိုက်
လေပြီ လောဟူသည့် စိုးရိမ်စိတ်များသည် စာရေးသူ၏နှလုံးသားစီသို့ စူးစူးရှရှဖြင့် ဝင်ရောက်လာပါ
တော့၏၊
စာရေးသူသည် လ္ဘက်ရည်ဆိုင်အတွင်းမှနေ၍ မီးလောင်ပြင်အကြား သွားလာလှုပ်ရှားနေသူများကို
ကြည့်ကာ ရင် တွင်း၌ဖေါ်မပြနိုင်သည့် ဝေဒနာတရပ်ကို ခံစားနေရသည်၊ ဝမ်းနည်းသည်လား၊ နာကျည်း သည်လား၊ ဒေါသဖြစ် နေသည်လား၊ ထိတ်လန့်စိုးရွံ့သည်လား၊ အားမလိုအားမရဖြစ်နေသည်လား တိတိကျကျဝေခွဲ၍မရအောင် ဖြစ်နေပါသည်။

ထိုအခိုက် လ္ဘက်ရည်ဆိုင်အတွင်းသို့ အသားညိုညိုအရပ်မြင့်မြင့် အာဘောင်အာရင်းသန်သန်ဖြင့်
လူတဦးဝင် လာ၏၊ ပေါ့ကျ တခွက်ကိုမှာရင်း ၎င်း၏နံဘေးရှိလူတဦးကို ဤသို့ပြောလိုက်၏။
ခင်ဗျားကြည့်လိုက်စမ်းဗျာ ကလေးတွေနေပူထဲ လျှောက်ပြေးနေတာ၊ သူတို့လေးတွေရဲ့အနာဂါတ်ဆိုတာ မီး လောင်ပြင်က ပြာပူမှုန့်တွေလို လေထဲလွင့်မျောပြီး ပျောက်ပျက်ကုန်မှာ ကျုပ်တော့ တကယ်စိုးရိမ်တယ်ဗျို့ ၎င်း၏နံဘေးရှိလူက
စိုးရိမ်တယ်လို့ ပြောနေရုံနဲ့ပြီးသွားမှာလားဗျ၊ ခင်ဗျားတို့ကျုပ်တို့တတွေဟာ သူတို့လေးတွေ အတွက် ဘာတွေလုပ်စရာရှိတယ်၊ ဘာတွေကိုတော့ဖြင့်လုပ်ပေးသင့်တယ်၊ ဘယ်လိုစလုပ်ကြမယ်ဆိုတာကို မှန်မှန်ကန်ကန် မစဉ်းစားနိုင်သမျှ၊ တိတိကျကျမလုပ်ပေးနိုင်သမျှတော့ သူတို့လေးတွေအတွက်
ဘာမှထူးခြားလာမှာ မဟုတ်ဘူး
ထိုအခါ အရပ်မြင့်မြင့်အသားညိုညိုပုဂ္ဂိုလ်က
အင်းပေါ့ဗျာ ဗမာပြည်ရဲ့အခြေအနေပြောင်းလဲရင်တော့ ကျုပ်တို့ တွေလုပ်ပိုင်ခွင့်တွေ ရလာတာနဲ့အတူ ဒီကလေးတွေရဲ့အနာဂါတ်လည်း တိုးတက်ကောင်းမွန်လာမှာပေါ့ဗျာ ဟုပြန်၍ပြောလေ၏။
ထို့နောက်၎င်းပုဂ္ဂိုလ်နှစ်ဦး မည်သည့်အကြောင်းကိစ္စများ ဆက်လက်ပြောဆိုဆွေးနွေးနေကြသည်ကို
စာရေး သူအနေဖြင့် သတိမထားမိတော့၊ တွေးတောစရာများ၊ စဉ်းစားစရာများ ရင်ထဲသို့ဒလဟော ဝင်ရောက်လာသော ကြောင့်ဖြစ်၏။
အခြေအနေပြောင်းလဲမှုဆိုသည်ကို ထိုပုဂ္ဂိုလ်အနေဖြင့် မည်သို့နားလည်သဘောပေါက်ပြီး၊ မည်သို့
လက်ခံသည် ဆိုသည်ကိုတော့ စာရေးသူအနေဖြင့် မည်သို့မျှမခန့်မှန်းနိုင်ပါ၊ သို့သော်ဗမာနိုင်ငံသည် ပြောင်းလဲမှုများ ကြိမ်ဖန် များစွာပေါ်ပေါက်လာခဲ့သည်မှာ အမှန်တကယ်ပင်ဖြစ်ပါ၏။
၁၉၄၈ခုနှစ်၊ ဇန္နဝါရီလ (၄)ရက် နံနက်(၄း၂၀နာရီ)တွင် ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရ,ပြီး
နောက်ပိုင်း ၁၉၄၉ခုနှစ်၊ ဇန္နဝါရလ(၃၁)ရက်နေ့တွင် ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး၊ ပြည်ထောင်စုမြန်မာနိုင် ငံအတွင်းရှိ နယ်မြေအတော်များများကို ကရင်တို့သိမ်းပိုက်နိုင်ခဲ့သည်၊ အင်းစိန် စမ်းချောင်းနယ်မြေတွင် ကရင် တို့တပ်စွဲထားစဉ် သတင်းစာ၊ စာနယ်ဇင်းများက ဗမာအစိုးရ,ကို (၇)မိုင် အစိုးရ,ဟု သမုတ်ကြလေသည်။
၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင် မော်စီတုံး(တရုတ်နီ)အာဏာရ,လာသောအခါ ချန်ကေရှိတ်ဦးဆောင်သော (တရုတ်ဖြူ) ကူမင်တန်တို့သည် ၁၉၅၀ခုနှစ်၊ ဇန္နဝါရီလအတွင်း ရှမ်းပြည်နယ် မိုင်းတုံဘက်မှ ဗမာနိုင်ငံ
အတွင်း သို့ဝင်ရောက်လာခဲ့ရာ ၎င်းတပ်ကို ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီးလီမီဖြစ်သည်၊ အောက်တိုဘာလ
အတွင်း တိုင်ဝမ်သို့ ပြန်သွား၍ ဗိုလ်ချုပ်ကြီး လျှူကိုချွမ်းကိုဆက်လက်ဦးဆောင်စေသည်။
ကရင်တို့သည် အင်းစိန်တွင်(၁၁၁)ရက်ကြာ သိမ်းပိုက်ပြီးနောက် ဆုတ်ခွါလာခဲ့ရာ ကရင့်လက်နက်ကိုင်
(KNDO) နှင့် တရုတ်ဖြူတို့ပူးပေါင်းကြပြီး ၁၉၅၂ခုနှစ်တွင် မော်ချီး၊ ဖါပွန်၊ လှိုင်းဘွဲ့၊ ကရုတ်ပိ စသည့်မြို့
များကို သိမ်းပိုက်ခဲ့သည့်အပြင် လွိုင်ကော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြန်သည်။
၁၉၅၈ခုနှစ်တွင် ဖဆပလ အစိုးရအတွင်း ဖဆပလ နှင့် ပမညတ ဟူ၍နှစ်ခြမ်းကွဲသွားသကယ့်သို့
၁၉၆၀ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် တရုတ်ဗမာ အဓိကရုဏ်းဖြစ်ပွါးခဲ့သည့်အပြင် ၁၉၇၄ခုနှစ်တွင် ဦးသန့်အထွေထွေသ ပိတ် ဖြစ်ခဲ့သည်သာမက ၁၉၇၆ခုနှစ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆန်ပြဿနာ ဖြစ်ခဲ့သေး၏။
၁၉၇၈ခုနှစ်၌ လစာနှင့်အလုပ်ချိန်ကိစ္စကြောင့် အလုပ်သမားသပိတ်ကြီး ဖြစ်ပွါးခဲ့ပြန်ပါ၏၊ ထို့အပြင်
၁၉၈၆ခုနှစ် မတ်လတွင်စစ်အုပ်စု၏ ဖေါက်ပြန်လွဲချော်ရူးသွပ်၍ တကိုယ်ကောင်းဆန်မှုကြောင့်
၁၉၈၇ခုနှစ်၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် အာဏာရှင်ပီပီ ငွေစက္ကူများကို တရားမဝင်ကြောင်း ကျေငြာလိုက်သည့်အတွက် နောက်ဆက် တွဲအဖြစ် ၁၉၈၈ခုနှစ်ဩဂုတ်လ(၈)ရက်နေ့တွင် ကျောင်းသားများနှင့်ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်၍ တတိုင်းပြည်လုံး အုံကြွမှုကြီးပေါ်ပေါက်ခဲ့
သည့် ပြောင်းလဲမှုကြီးများ အခြေအနေများဖြစ်ပေါ်လာခဲ့လေသည်။
ထိုသို့သော အခြေအနေပြောင်းလဲမှုပေါင်းများစွာ အကြိမ်ကြိမ်အဖန်ဖန်ဖြစ်ပေါ်လာခဲ့ပါလျှက်
ထူးခြားသည့်အ ခွင့်လမ်းများရရှိခဲ့ပါလျှက် စာရေးသူအပါအဝင် အဆိုပါ အသားညိုညိုအရပ်မြင့်မြင့် ပုဂ္ဂိုလ်တို့အနေဖြင့် မည် သည့်လုပ်ပိုင်ခွင့်မျှ မရ,ရှိခဲ့သောကြောင့် ယနေ့ဒုက္ခသည်စခန်းအတွင်းရှိ ကလေးငယ်များနေပူစပ်ခါးကြီးထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေကြရ,တော့မည်လော။
သို့မဟုတ် ထိုသို့သောအခြေအနေများသည် ပြောင်းလဲမှုတခုပြုလုပ်ရန်အတွက် ထူးခြားသည့်အခွင့်
အရေးတရပ် ဟုသတိမပြုမိလိုက်သဖြင့် လုပ်ရကိုင်ရကောင်းမှန်းမသိခဲ့သောကြောင့် ကလေးငယ်များ၏ အနာဂါတ် ကင်းမဲ့ရ တော့မည်ဟုဆိုနိုင်ပါမည်လော။
ပြောင်းလွဲမှုလုပ်ရပ်အတွက် ထူးခြားသည့်အခွင့်အရေးတရပ်ဟု သိရှိပါလျှက်နှင့် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းဗျူဟာနှင့် နည်းပရိယာယ်တို့ကို မစဉ်းစားမိခဲ့၍လော။
နည်းဗျူဟာနှင့်နည်းပရိယာယ်များ အရံသင့်ရှိနေပါသော်လည်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လုံ လောက်သည့်ကြိုတင်ပြင်ဆင်မှုအတွက် အချိန်အပိုင်းအခြားတခုကို မရ,ရှိခဲ့သောကြောင့်လော။
ဆန်ထုတ်မယ်……ဆန်ထုတ်မယ်……တအိမ်ကို…….ပိုက်ဆံ(၃)ဘတ်…….တခါတည်းအပြီးယူခဲ့ကြ..... ကျယ်လောင်စူးရှလွန်းလှသောအသံကြောင့် စာရေးသူ၏အတွေးစများ ပြတ်သွားပါတော့သည်၊
ယနေ့သည် ဆန်ထုတ်သောနေ့ဖြစ်၏၊ သို့သော် လောလောလတ်လတ်မီးအလောင်ခံထားရသော ဒုက္ခသည်များအနေဖြင့် ငွေမပေးနိုင်မှာတော့ သေခြာသည်၊ ထိုအခါ မလောက်မငှရ,သောရိက္ခာထဲမှ ဖဲ့ပေးရုံမှတပါး မတတ်နိုင်ပါ။
လ္ဘက်ရည်ဆိုင်အတွင်း ထိုင်နေကြသူနှစ်ဦး မည်သည့်အချိန်က ထွက်သွားသည်ကို စာရေးသူသတိမပြုမိ
လိုက် ချေ။ လ္ဘက်ရည်ဘိုးကျသင့်ငွေကို ရှင်းပေးနေစဉ် မာကျောခက်ထန်သည့်အသံတစုံတခုကြောင့် ခေါင်းငဲ့ကြည့် လိုက်သည်။
စားစရာရှိရင် အေးအေးဆေးဆေးစား……ပေးစရာရှိရင်…….အေးအေးဆေးဆေးပေး…..လျှောက် ပြီးအာချောင်မနေနဲ့…..မဆိုင်တာဝင်မရှုတ်နဲ့……ကျန်းမာရေးထိခိုက်သွားမယ်။ စာရေးသူအပါအဝင် ဒုက္ခသည်စခန်းအတွင်းရှိဒုက္ခသည်များသည် အနှီပုဂ္ဂိုလ်အပါအဝင် စခန်းတာဝန်ရှိသူ အားလုံး၏စကားကို မလွန်ဆန်ဝံ့ပါ။
သို့ပါသော်လည်း ၁၉၉၈ခုနှစ်၊မတ်လ(၁၀)ရက် ညသန်းခေါင်ကျော်(၁၂း၄၅)အချိန်တွင် လူမဆန်သော
လက် နက်ကိုင်လူရမ်းကား စစ်အာဏာရူးနှင့် နောက်လိုက်နောက်ပါဇာတ်တူသားချင်းစားသူတို့၏ သွေး အေးအေးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းကိုခံခဲ့ကြရ,မှုကြောင့် သေဆုံးသွားကြရသည့်အပြစ်မဲ့ဒုက္ခသည်များ၏ ကျန်ရစ်သူမိသားစု များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြောင်း အမှတ်တရ,ဆုတောင်းပွဲပြုလုပ်နိုင်ရေး
အတွက် ဘဝတူများနှင့် ဆွေးနွေးတိုင်ပင်ရမည်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှူရှင်များ၏ စေတနာမေတ္တာကို ပြန်လည်အသိအ
မှတ်ပြု သည့်အနေဖြင့်သော်၎င်း မြန်မာနိုင်ငံမှဒုက္ခသည်များ ဒုက္ခသည်ဘဝမှလွတ်မြောက်ရေးအတွက်
သော်၎င်း စာရေး သူအနေဖြင့် တာဝန်မဲ့လူသားတဦးအဖြစ် ဆက်လက်၍မနေသင့်တော့ဟု ခံယူမိသည့်
အတွက် မိမိကိုယ်ကို ဦး စွာပြုပြင်ရန် ဆုံးဖြတ်ချက်ချလိုက်နိုင်သောကြောင့်ဖြစ်ပါ၏။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
၁၉၉၉ခုနှစ်၊ နိုဝင်္ဘာလထုတ် OKRSO မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁) မှ ပြန်လည်ဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, November 23, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၁၀)
မန်းR,ဘဇန်

သူငယ်ချင်း
ဒီရာစုနှစ်ဟာ
လူလူချင်းသွေးစုတ်မှု
လူလူချင်းကျွန်ပြုမှုကင်းတဲ့
အမျိုးသားဒီမိုကရေစီခေတ်
ဖြစ်တယ်။

စစ်အာဏာရှင်တွေ
ဖက်ဆစ်တွေ
အချောင်သမားတွေ
အခွင့်ထူးခံတွေ
လူလုံးမလှ
ဘဝနိဂုဏ်းချုပ်ရ,တဲ့ခေတ်
ဖြစ်တယ်ဆိုတာ
မင်း….သိမှာပါ။

တို့……..
တော်လှန်ရေးသမိုင်းဘီး(ဘိန်း)ဟာ
ကြောင်လိမ်လှေကါးလို
တဆင့်ပြီးတဆင့်
မြင့်တက်လာတယ်၊
တဆင့်ပြီးတဆင့်
အောင်ပွဲနဲ့နီးလာတယ်။

အောင်ပွဲနဲ့နီးလာလေလေ
ပြည်သူတွေရဲ့အသိဟာ
မြင့်လာလေလေပဲ။

ဒီမိုကရေစီအသီးအပွင့်တွေကို
ပြည်သူတွေက
တဝ,ကြီးခူးစားပြီး
အသိတရားတွေ ကြွယ်ဝ,လာကြတယ်။

မကြာတော့တဲ့အချိန်မှာ
ပြည်သူ့တရားခုံရုံးက
စီးပွါးရေးစစ်တမ်းထုတ်လာခဲ့ရင်
မင်းဘယ်လမ်းရွေးမှာလဲ?

တော်လှန်ရေးလား? တန်ပြန်လား?
အောင်ပွဲခံမလား? တရားခံလား?
ဆုလာဒ်လား? ကြိုးစင်လား?
ဆိုတာ
မင်းသိတဲ့အချန်ဟာ
အလွန်တရာနောက်ကျသွားပြီဖြစ်လို့
ဝမ်းနည်းရ,ပါတယ်
သူငယ်ချင်း။

မန်းR,ဘဇန် (ဖူးကီးဒို)
တော်လှန်ရေးလာ? တန်ပြန်လား?
ဤတွင်ပြီး၏

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, November 22, 2009

သူယုံကြည်ရာ အစီအစဉ် voaburmese.com

အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှည် ဒေါက်တာ ဇော်မြင့်မောင်က နိုင်ငံဖွံ့ဖြိုးရေးနဲ့ပညာရေးကဏ္ဍအဖြစ် သူယုံကြည်ရာ
အစီစဉ်ကနေ သူ့ယုံကြည် ချက်တွေပြောထားတာကို
VOA Burmese Section ကတဆင့်နားထောင်ပြီး
ပြန်ရေးထားတာဖြစ်ပါတယ်။
(မင်းစိုးစံ)

ကျနော်ယုံကြည်တာကတော့ ၂၁ရာစုမှာ ရေရှည်တည်တံ့အောင်မြင်နေချင်တယ်ဆိုရင်တော့
ပညာကို အထွဋ် တင်ရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့၂၁ရာစုနှစ်မှာ နိုင်ငံတကာနဲ့
ရင်ဘောင် တန်းပြီးတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ဆန္ဒကြောင့်မို့ ပညာကိုအထွဋ်တင်ရ
မယ်လို့ ပြောတာပါ။
ဆင်ခြင်တုံတရားပညာကို လက်ကိုင်ထားပြီး သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း၊ ဒုစရိုက်မှု၊
မကောင်း မှုကိုရှောင်ပြီး သူများကောင်းရာကောင်းကျိုးကို လုပ်ဆောင်တာဟာလည်း ဆင်ခြင်တုံ တရားနဲ့ပညာကို အခြေခံတာပါ။
မကောင်းမှုတွေကိုရှောင် ကောင်းမှုကိုဆောင်ပြီး အများအကျိုးအတွက်လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ
ကျနော်တို့ ငြိမ်းချမ်းသာယာတဲ့နိုင်ငံတခုကို ရောက်ရှိနိုင်တာပေါ့ဗျာ။

တိုင်းပြည်တပြည် ဖွံဖြိုးတိုးတက်အောင်မြင်ချင်တယ်ဆိုရင်လည်း ပညာဟာအဓိက ကျနေတယ်
လို့ လည်း ကျနော်ယုံကြည်ပါတယ်၊ ပညာခေတ်ထဲရောက်နေလို့ ပညာကိုတသက်လုံး သင်ကြား
ရမယ့် အချိန်လည်း ရောက်နေပါပြီ၊ တနည်းအားဖြင့်ပြောရရင်တော့ Life Long Learning ပေါ့။
ပညာရေးမှာ ရင်းနှီးမြှုပ်နှံရမှာဖြစ်သလို ပညာတတ်များပေါများအောင်လည်း ဆောင်ရွက်ရမှာ
ဖြစ်ပါတယ်၊ အဲ ပညာတတ်တွေပေါများအောင် ဆောင်ရွက်တယ်ဆိုတာ တက္ကသိုလ်တွေအများကြီး
ဆောက်ပြီး ဘွဲ့ရတတ်အ များကြီး ထုတ်ပေးနေလို့ ပညာရေးကို ထိပ်တန်းရောက်နေပြီပြောလို့
မရဘူး။
ကိုယ့်နိုင်ငံက ဘွဲ့ရတွေ ပညာတတ်တွေကို အခြားနိုင်ငံက အလွယ်တကူအသိအမှတ်ပြုပြီး
အလုပ်အကိုင်တွေ ဘယ်လောက် ရနိုင်သလဲဆိုတဲ့ စံချိန်စံညွှန်းတွေကို ကြည့်ရပါလိမ့်မယ်။
နိုင်ငံတကာနဲ့ မပြိုင်နိုင်သေးရင်တောင် အာရှတက္ကသိုလ်တွေမှာ ကိုယ့်တက္ကသိုလ်က အဆင့်ဘယ် လောက်ရှိနေသလဲ၊ ကိုယ့်စီက ပညာတတ်တွေကို အာရှမှာဘယ်လောက်အထိ အလုပ်ပေးနိုင်လဲ
ဆိုတာတွေကို ကျနောတို့ကြည့်ရမှာဖြစ်ပါတယ်။
ပညာဟာ တနည်းအားဖြင့်ပြောရရင်တော့ ပါဝါအပျော့ပေါ့၊ ဒီရာစုနှစ်မှာ Hard Power ဆိုတဲ့
ပါဝါအမာကိုသာ ဦးထိပ်ထားမယ်ဆိုလို့ရှိရင် တိုင်းပြည်တခုဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ
မဟုတ်ပါဘူး၊ အဲဒီတော့ Soft Power ဖြစ်တဲ့ပညာကို အခြေခံမှသာလျှင် ကျနော်တို့ နိုင်ငံဟာ ရေရှည်ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာ မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ဥပမာဆိုရင်တော့ ကျနော်တို့အိမ်နီးချင်း နိုင်ငံတွေကိုပဲ ကြည့်လိုက်ပေါ့ဗျာ၊ စင်္ကာပူ၊ မလေးရှား
ဆိုလို့ရှိရင် Information Technology ကိုအခြေခံပြီးတော့ ဒီ ပညာမှာ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် သူတို့နိုင်ငံမှာရှိတဲ့ စင်္ကာပူမှာရှိတဲ့ တက္ကသိုလ်တွေမှာ တခြားနိုင်ငံကလူတွေလာပြီး ပညာရှာ
ကြတယ်၊ ကျနော်တို့ဗမာနိုင်ငံက ကျောင်းသူကျောင်းသားတွေတောင် စင်္ကာပူသွားရှာကြရတယ်။
သူတို့စီက ဘွဲ့ရပညာတတ်တွေက နိုင်ငံတကာကိုထွက်ပြီး အလုပ်လုပ်ရတယ်၊ အဲဒီတော့ သူတို့တ
တွေဟာ ဒီ ပညာကိုအခြေခံပြီးတော့ နည်းပညာနဲ့ထုတ်လုပ်တဲ့ ဒီ Electronic ပစ္စည်းတွေနဲ့ကမ္ဘာ
မှာ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ကိုရောက်နေတယ်။
အလားတူပဲ တရုတ်ကိုလည်းကြည့်ပါလား၊ နော်၊ သူတို့ နိုင်ငံတကာကိုလွှတ်ပြီးတော့ ပညာကိုရှာမှီး
ဘို့ နိုင်ငံတ ကာကိုလွှတ်ပြီးတော့ ပညာကိုရှာမှီးဘို့ တရုတ်ကျောင်းသားတွေနှစ်စဉ် ၅၀၀၀၀ (ငါးသောင်း)လောက် US ကို ရောက်နေကြတာပဲ။
သူတို့တတွေက,နေ နည်းပညာအသစ်တွေနဲ့ ပြည်တွင်းကိုပြန်လာ ပြန်လာပြီးတော့တခါ
သူတို့ရဲ့နိုင်ငံကို အကျိုးပြုကြတဲ့အခါ တရုတ်ပြည်ဟာလည်း အခုအချိန်မှာ သြဇာအာဏာတက်
လာတဲ့ စီးပွါးရေး သြဇာအာဏာတက်လာတဲ့ နိုင်ငံတနိုင်ငံဖြစ်လာတယ်။
အိန္ဒိယဆိုလို့ရှိရင်လည်း အခြေခံကောင်းတယ်၊ အင်္ဂလိပ်စာကောင်းတယ်၊ ပညာတတ်တွေ
ပေါများတယ်၊ သူတို့ လည်း ပညာကိုအခြေခံလိုက်တဲ့အတွက် အာရှမှာဆိုလို့ရှိရင် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံကြီး ၂နိုင်ငံ အဖြစ် ကမ္ဘာပေါ်မှာ အင်အားရှိတဲ့နိုင်ငံ ဖြစ်လာတယ်။
အဲဒီတော့ ကျနော်တို့တတွေဟာ ပါဝါအမာပေါ်မှာပဲ Hard Power အပေါ်မှာပဲ မှီခိုနေမယ်၊
ပါဝါအပျော့ဖြစ်တဲ့ ပညာ Soft Power ကိုသာနောက်တန်းထားခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့
နိုင်ငံဟာ နိုင်ငံတကာမှာ အနောက်မှာ ပဲရောက်နေမှာပါ။
ဒါကြောင့်မို့ ပညာကိုအခြေခံစေချင်တာပါ၊ ပညာကိုအခြေခံမှသာလျှင် ကျနော်တို့ဟာ
ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှည်
မဲဆန္ဒနယ် အမှတ်(၁)
အမရပူရမြို့နယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တံခါးတချပ်ကို လှပ်ကြည့်စဉ်

တံခါးတချပ်ကို လှပ်ကြည့်စဉ်
အပိုင်း(၂)

(မင်းစိုးစံ)

မြေဆီလွှာတွေ
ဘာဖြစ်နေလဲဆိုတာ
လာလာမမေးနဲ့
ကျုပ်နဲ့
ဘာမှမဆိုင်ဘူး။

မြေဇာပင်တွေ
ခမျာတို့ဘဝ
ကျွဲအချင်းချင်းခတ်ကြလို့
မွကြေ
ဒီအကြောင်းတွေလဲလာမမေးနဲ့
ကျုပ်နဲ့အလှမ်းဝေးလွန်းတယ်။

မြေဆီလွှာနဲ့
မြေဇာပင်အကြောင်းအသာထား
အခြေခံလူတန်းစားတွေရဲ့ဘဝမှာ
ဘာတွေလိုအပ်နေသလဲမေးရင်
ကျုပ်နဲ့က
နံပါတ်သုံးနဲ့နံပါတ်လေးလို
ဘာပဲမေးမေး
မသိရေးချ မသိ။


ဒါဆိုရင်
ကျုပ်နံဘေးကလူတွေ
ဘာတွေကိုဘယ်လိုလုပ်လုပ်
ဟုတ် ဟုတ်
မဟုတ် ဟုတ်
ကျုပ်နှုတ်ပိတ်နေတယ်ဆိုတာ
ဥပက္ခာတရားလက်ကိုင်ထားတဲ့
တရားသမားကြီးကျုပ်လို့
အထင်မှားနေကြပြန်တယ်။

အော်………..
တော်တော်အကောင်းမြင်နိုင်တဲ့လူတွေ
အဲဒီလိုလူတွေ များများရှိလေ
ကျုပ်လိုအယောင်ဆောင်သမားတွေ
ဟန်ကျလေပေါ့ဗျာ။

တကယ်တော့…….
ကျုပ်ထိုင်ထားတဲ့ကုလားထိုင်

ယိမ်းယိုင်သွားမှာစိုးလို့
အနံ့ဆိုးထွက်နေတဲ့ခေါင်းတွေရဲ့
ခြည်ခင်လိုရှုတ်ထွေးနေတဲ့ဆံပင်ကို
ကျုပ်မဖြီးသင်ပေးပဲနေခဲ့ရင်း
မသူတော်ချင်း
အဆင်းမှာဘီး(ဘိန်း)တပ်ပေးလိုပေး
ခွေးထက်ပိုမိုက်
ခွေးထက်စရိုက်ဆိုးတယ်ဆိုတာ
ကျုပ်ကိုယ်ကျုပ်အသိဆုံးပါ။

နှစ်ပေါင်းများစွာ
ဟန်ဆောင်ကောင်းလွန်းလှတဲ့ကျုပ်ဟာ
မြေဆီလွှာနဲ့
ဘာမှမပတ်သက်ခဲ့သလိုနေ
မြေဇာပင်နဲ့လည်း
မရင်းနှီးကြောင်းပြောရင်း
မြေကြီးပေါ်က
အခြေခံကျတဲ့လူသားတွေကို
ကျောခိုင်းပြလိုက်နဲ့
ကုလားထိုင်ရ,ထားတဲ့
ကျုပ်လိုလူတွေ
နေရာတကာမှာ
အစားချောင်နေကြတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မျိုးချစ်ကရင်သို့

မျိုးချစ်ကရင်သို့
(မင်းစိုးစံ)

တော်လှန်ရေးဆိုတာ
ကိုယ်မကြိုတ်တဲ့ဟာကို
ကိုယ်ကြိုက်သလိုလုပ်တာ
အဲဒါ
တော်လှန်ရေးမဟုတ်ဘူး။

တော်လှန်ရေးဆိုတာ
မဖြစ်သင့်တာတွေကို
ဖယ်ရှားရဲရ,သလို
ဖြစ်သင့်တာများနဲ့
အစားထိုးရဲရ,တယ်
အဲဒါမှ
တော်လှန်ရေး။

တော်လှန်ရေးဆိုတာ
မှားနေတဲ့ဟာတွေကို
အမှန်ဖြစ်လာအောင်
မကောင်းတဲ့ဟာတွေကို
အကောင်းဖြစ်လာအောင်
ပြောင်းလွဲပစ်တာ
အဲဒါက,မှ
တော်လှန်ရေးဗျ။

တော်လှန်ရေးသမားဖြစ်ချင်ရင်
အရင်ဆုံး
ကိုယ့်အမှားကိုမြင်အောင်ကြည့်
ကိုယ့်ကိုယ်ကိုအရင်ပြုပြင်
ဒါဆိုရင်
ခင်ဗျား…….
တော်လှန်ရေးသမားတယောက်
ဖြစ်နိုင်လောက်ပြီ။

တကယ်လို့များ
ခင်ဗျားဟာ
အမြီးကျက်အမြီးစား
ခေါင်းကျက်ခေါင်းစား
ရေပေါ်ဆီသမားတွေနဲ့ပေါင်းသမျှ
တော်လှန်တဲ့ဘဝနဲ့
မအပ်စပ်တဲ့အတွက်
ခင်ဗျားရဲ့နာမည်ကို
တော်လှန်သူတွေရဲ့စာရင်းထဲက
ချက်ခြင်းဖျက်ထုတ်ပစ်ဗျာ
ဇယားရှုတ်တယ်။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စည်းရုံးရေးဆိုသည်မှာ

စည်းရုံးရေးဆိုသည်မှာ
(မင်းစိုးစံ)

ကြံစိုက်သူတို့ရေ…….
ခင်ဗျားတို့စိုက်တဲ့ကြံခင်းထဲက
မတော်တဆ,ကြံတပင်
ပိုးကိုက်တယ်ဆိုရင်ပေါ့
ခင်ဗျားတို့ဘာလုပ်ချင်လဲ?

ကြံတပင်ကြောင့်
ကြံတခင်းလုံးကိုဖျက်ဆီး
မိုက်မဲခြင်းကြီးစွာနဲ့
နောက်ထပ်ကြံတခင်းစိုက်ဘို့
စိုင်းပြင်းမလို့လား?

ဒါမှမဟုတ်
ပိုးစားနေတဲ့ကြံတပင်ကိုခုတ်ပစ်
ကျန်ရစ်တဲ့ကြံတွေကိုအသုံးချ
ချိုမြတဲ့ကြံရည်နဲ့သကာရည်တွေ
မျိုးဆက်သစ်တွေကို
ပေးဝေဘို့အခွင့်အရေး
တွေးကြည့်ကြမလား?

ပြောလိုက်မယ်စကားအကုန်
ကြံတပင်ပိုးစားရုံလေးနဲ့
ကြံတခင်းလုံးကိုအပြစ်ပုံသူနဲ့
ပိုးစားတဲ့ကြံပင်ကိုခုတ်ပစ်
ကျန်ရစ်တဲ့ကြံပင်ကိုအသုံးချမယ့်
သူတွေထက်။

ပိုးစားနေတဲ့ကြံတပင်ရဲ့အဆစ်အပိုင်း
တပိုင်းဆီခွဲခြားခုတ်ထစ်
ရွေး၊ စစ်၊ ပယ်၊ ထုတ်ပြ
သုံးလို့ရ,တဲ့အပိုင်းကို
ယူတတ်တဲ့သူက,မှ
ကြံစိုက်တဲ့လောက,မှာ
တကယ်အသုံးကျတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, November 21, 2009

သူယုံကြည်ရာ ကဏ္ဍ

သူယုံကြည်ရာ ကဏ္ဍ VOA Burmese.com


ဗြိတိန်မှာနေတဲ့ မြန်မာ့တပ်မတော် အရာရှိဟောင်း ဦးအောင်ဆက်ပိုင်ရဲ့ ယုံကြည်တာလေးကို
VOA Burmese Section က,နေနားထောင်ပြီး ရေးတင်ထားလိုက်ပါတယ်။

ကျနော်ယုံကြည်တာကတော့ ကျနော့အနေနဲ့က မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ,တွေထဲမှာ
ပေါ့လေ မေတ္တာရဲ့စွမ်း အားကို ကျနော်အယုံကြည်ဆုံးဖြစ်ပါတယ်၊ အဲဒီတော့မေတ္တာရဲ့ စွမ်းအင်
ကြောင့်လည်း ကျနော်တို့တတွေသည် အရာရာကိုပြီးမြောက်အောင်မြင်နိုင်တယ်လို့ ကျနော်အထူးပင်သက်ဝင်ယုံကြည်ပါတယ်။
မေတ္တာဆိုတာက ကျနော်တို့ တကယ်ကိုယ်တိုင်ကိုယ်ကျပေါ့လေ လက်တွေ့ခံစားနိုင်သလို
လက်တွေ့လည်း လုပ်ကြည့်လို့ရ,တယ်၊ လုပ်ကြည့်ရင်တော့ ကျနော်တို့ သိလာပါလိမ့်မယ်၊
မေတ္တာရဲ့အခြေခံ လူတိုင်းသိပါတယ်၊ မိမိရင်မှဖြစ်တဲ့ တဦးတည်းသောသားကို မိခင်လုပ်တဲ့လူက ချစ်တဲ့အချစ်မျိုးပေါ့နော်၊ အဲဒီလိုထားတဲ့မေတ္တာမျိုး ကို လူတိုင်းအပေါ်မှာ သတ္တ၀ါတိုင်းအပေါ်မှာ
ကျနော်တို့ အယုတ်၊ အလတ်၊ အမြတ် မရွေးပေါ့နော်၊ အဲဒီလိုမျိုး ထားနိုင်မှ ထားခဲ့မှလည်း
ကျနော်တို့ မေတ္တာစစ်မေတ္တာမှန်ဖြစ်ပါတယ်။
အဲဒီတော့ အဲဒီလိုမျိုးစိတ်မျိုး ရောက်အောင်သွားဘို့ဆိုတဲ့နေရာမှာ ကျနော်အခုပြောချင်တာက
ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာတွေက အမြောက်အများရှိတယ် မှန်တယ်၊ ဒါပေမယ့် ကျနော်တို့တတွေက အခု တဖက်နဲ့တဖက်ပေါ့ဗျာ၊ ဟို ဟိုဘက်ဆိုက်ဒီဘက်ဆိုက် ဒီလိုအချင်းချင်း ဒေါသ,တွေအင်မတန်စွက်နေကြ တယ်။
ကျနော့အနေနဲ့ကတော့ ဒါကို ကျနော်မဖြစ်စေချင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ တကယ်တမ်း
ဆုံးရှုံးနစ်နာရ တာက နှစ်ဘက်စလုံးဆုံးရှုံးနစ်နာရ,တယ်။တည့်တည့်ပြောရင် တတိုင်းပြည်လုံး ဆုံးရှုံးနစ်နာရ,တယ်၊ အဲဒီတော့ ကျနော် ဒီလိုဖြစ်မယ့်အစား တဦးနဲ့တဦးမေတ္တာထားပြီးတော့ မေတ္တာနဲ့ဖြေရှင်းစေချင်တယ်၊ သဘောကို ကျနော် ဆိုလိုတာပါ။
အဲဒီတော့ ကျနော်တို့နိုင်ငံကိုကြည့်ရင် ကျနော်တို့နိုင်ငံမှာ များသောအားဖြင့် လူပုဂ္ဂိုလ်တွေမှာ
ဒေါသ,တွေ လောဘ,တွေ ကျနော်တို့ မာန်မာန,တွေ များနေတာကို တနည်းအားဖြင့် လွန်ကဲ
နေတာကို ကျနော်တို့တွေ့ရ တယ်ပေါ့လေ။
ပုထုဇဉ်မှန်သမျှတော့ ကျနော်တို့ ဒီတရားတွေမကင်းနိုင်သေးဘူးပေါ့လေ၊ ဒါပေမယ့် အလွန်အမင်း
များနေတာ ကို ကျနော်ဆိုလိုတာပါ ဘာဖြစ်လို့လည်းဆိုတော့ ထိပ်ပိုင်း ကျနော်တို့ အစိုးရပိုင်း
ဆိုင်ရာထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင်ပေါ့လေ အဲဒီပုဂ္ဂိုလ်တွေမှာ လောဘ,တွေ
မာန်မာန,တွေ ဒါတွေနဲ့ပြည့်နေတာကို ကျနော်တို့ တွေ့ရ,တယ်၊ ဒီလိုပဲ ပြည်သူလူထုနဲ့အောက်ခြေ
လူတန်းစား အလွှာအသီးသီးကျတော့လည်း ကျနော်မြင်ရတာ က,တော့ ပေါ့ဗျာ ဒေါသ,တွေ
အလွန်အမင်း လွန်ကဲနေတာကိုတွေ့ရမှာပါ။
အဲဒီတော့ ပြီးခဲ့တဲ့ ၂နှစ်ပေါ့၊ ကျနောတို့ September သံဃာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းပွဲ
လေးတွေကို ကျနော်တို့အနေနဲ့ ပြန်သုံးသပ်ကြည့်ရင်ပေါ့ဗျာ၊ ဒီနေ့အထိတော့ ကျနော်တို့ မအောင်မြင်သေးတာတွေ့ရတယ်၊ ဘာကြောင့်လည်းပေါ့လေ အဲဒီတော့ အဲဒီတုန်းက ဆရာတော်ကြီးတပါးက,နေပြီးတော့ မိန့်ဘူးတယ်ဗျ၊ အဲဒါက ဘာလဲဆိုတော့ လမ်းလျှောက်
မေတ္တာပို့တဲ့ ကျနော်တို့ ဦးဇင်းတွေသံဃာတော်တွေကိုကြည့်ပြီးတော့ ကိုရင်လေး တပါးက
ပြောဘူးတယ်တဲ့ အဲဒိတော့ ဦးဇင်းတွေမေတ္တာပို့နေတာ ဒေါသ,သံလေးတွေပါနေတယ်တဲ့
အဲဒီတော့ အဲဒီအချက်လေးက ဆရာတော်ကြီးဆုံးမသွားတာကို ကျနော် အလေးအနက်ထား စဉ်းစားစရာလေးဖြစ်သွား တယ်၊ တကယ်တော့ မေတ္တာဆိုတာက အားလုံးပဲသိပါတယ်ဗျာ၊ ပို့သ,တဲ့လူရဲ့မေတ္တာက တကယ်မှန်ကန်ပါမှ ကျနော်တို့ စူးရှထက်မျက်ပြီးတော့ စွမ်းအင်ရှိပါမှ
ထိရောက်မှာပါ။

ကျနော်စွပ်စွဲတာတော့မဟုတ်ပါဘူး ကိုရင်တပါးက သုံးသပ်တာပါ၊ ကျနော့စကားတော့မဟုတ်
ပါဘူး၊ ကိုရင်တ ပါးက သုံးသပ်တာပေါ့လေ။
ကျနော့ဘဝမှာတော့ ကျနော် ဒီ တပ်မတော်က ဖယ်ရှားခံရပြီးတဲ့နောက်မှာ ကျနော့မှာလည်း
အခက်အခဲ အမျိုး မျိုး ကျနော်ကြုံခဲ့ဘူးပါတယ်၊ နောက်ဆုံးကျတော့ ဘယ်သူမပြုမိမိမှုဗျ၊
အဲဒီတော့ ဒီ အနေအထားဖြစ်လာတဲ့အ တွက် ကျနော် အတိတ်က အကြောင်းအရာတွေကိုပေါ့
ကျနော် နောက်လာမယ့် သံသရာမှာ ကျနော် မယူသွား ချင်ဘူး မယူသွားချင်တဲ့အတွက်
ကျနော်ဖြတ်တယ်။
ဖြတ်တော့ ကျနော့အနေနဲ့ ဘာလုပ်သလဲဆိုတော့ ခုဏ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့
မေတ္တာပို့ နည်းလေးတွေ ကျနော်ဆောင်ရွက်တယ်၊ နောက်တချက်က ကျနော်တို့ အားလုံးသိတဲ့အတိုင်း သာမညတောင် ဆရာတော်ဘုရားကြီး ကျင့်သုံးတဲ့မေတ္တာပို့နည်းလေးတွေ ရှိတယ်ဗျ၊ အဲဒါလေးတွေ ကျနော်လက်တွေ့လုပ် ကြည့်တယ် နောက် လက်တွေ့လုပ်ကြည့်ပြီးတော့ မေတ္တာပွါးကြည့်တဲ့အခါကျတော့ ကျနော့ရဲ့ရန်သူတွေဖြစ်နေ တဲ့ပုဂွှိုလ်တွေကို ကျနော်ခက်ခက်ခဲခဲ ကျနော်မေတ္တာပို့ရ,တယ်။
အဲဒီလိုပို့ရင်းပို့ရင်းနဲ့ နောက်ပိုင်းကျတော့လဲဗျာ အဲဒီရန်သူတွေနဲ့ ကျနော်ပြန်အဆင်ပြေသွားတဲ့ဟာကို
ကျနော် လက်တွေ့ခံစားရဘူးတာတွေ ရှိပါတယ်၊ အဲဒီတော့ကြုံနေရတဲ့အချိန်မှာတော့ အင်မတန် စိတ်ကိုထားနိုင်ဘို့ တော်တော်လေးခဲယဉ်းပါတယ်၊ ဒါပေမယ့် လက်တွေ့လုပ်ကြည့်တဲ့အချိန်မှာ ကျနော်က,မေတ္တာဈာန်တွေ ဘာတွေအထိ အောင်မြင်ပေါက်မြောက်တဲ့ ပုဂ္ဂိုလ်တော့မဟုတ်ပါဘူး။
ဒါပေမယ့် ထပ်ခါတလဲလဲလုပ်တဲ့အချိန်မှာ ထူးခြားတဲ့အကျိုးတခုခုကိုတော့ ရ,တယ်ဆိုတာ ကျနော့
ကိုယ်တွေ့ လည်း ကျနော်ကြုံဘူးပါတယ်၊ အဲဒီတော့ ဒါတွေကို ကျနော်ပြန်ပြီးတော့ ချုပ်ပြီးပြောရင်ပေါ့ဗျာ၊ ကျနော်တို့တိုင်း ပြည်မှာ အခု အခက်အခဲအကြပ်အတည်း အမျိုးမျိုးကြားမှာကြုံနေရ,တာဖြစ်တဲ့အတွက် ဒီဟာတွေအကုန်လုံးကို ဖြေရှင်းဘို့ဆိုရင် ကျနော်တို့ မေတ္တာတရားရှေ့ထားပြီးတော့ ဒါ တဦးနဲ့တဦး
ကျနော်တို့ မေတ္တာစိတ်လေးတွေ ထားပါ၊ ပြီးရင် လက်တွဲဆောင်ရွက်ပါ။
ကျနော်တို့အချင်းချင်းတွေဖြစ်တဲ့အတွက် ကျနော်တို့ပြည်ထောင်စုကြီး မပြိုကွဲအောင်ပေါ့ဗျာ၊
အချင်းချင်းညီညီ ညွတ်ညွတ်နဲ့ မေတ္တာစိတ်ထားပြီးတော့ ကျနော်တို့ လက်တွဲဆောင်ရွက်မယ်ဆိုရင်
ရေရှည်မှာ လာမယ့်အနာ ဂါတ်မှာ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂါတ်က လှပ,လာမှာပါ၊ အားလုံးဧချမ်းသာယာလာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဦးအောင်ဆက်ပိုင်
မြန်မာ့တပ်မတော် အရာရှိဟောင်း
ဗြိတိန်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, November 20, 2009

ဂရမ်မာ မမှားခဲ့ပါ

ဂရမ်မာ မမှားခဲ့ပါ
အပိုင်း(၂)
မောင်ရင့်မာ (ကျောင်းကုန်း)


ငါတို့ဘက်တွင် “အမှန် တရား၏ မိခင်” တရား မျှတမှု ရှိသည်။
မည်သို့ပင်ဖြစ်စေ လူ (၁၂) ယောက်၊ သေနတ် (၁၂)လက်ဖြင့် ပြန်လည် စတင်ခဲ့ရသော ကျူးဘား တော်လှန်ရေးသည် ကြောက်ခမန်းလိလိ အောင်မြင်မှုရခဲ့သည်။ ကျူးဘား ပြည်သူတို့က လည်း ကတ်စထရို အပေါ် ယုံကြည် ကိုးစားမှုဖြင့် တစ်ခဲနက် ထောက်ခံ အားပေးခဲ့သည်။ ဘာ တစ္စတာသည် ကျူးဘားမှ ဒရောသောပါး ထွက်ပြေး သွားခဲ့သည်။

ထိုစဉ်က သူသည် ပျိုမျစ် ငယ်ရွယ်သမျှ ဖြူစင် ဖြောင့်မတ်ခဲ့သူ ဖြစ်သည်။ ရဲဝံ့ စွန့်စားသမျှ စွန့်လွှတ် အနစ်နာ ခံခဲ့သူ ဖြစ်သည်။ ကျူးဘား လွတ် မြောက်ရေးနှင့် ဒီမိုကရေစီရေး အပြင် အမျိုးသားတိုင်း လူတန်းစေ့ နေနိုင်ရေး အတွက် တစ်ချောင်းတည်းသော စိတ်ဖြင့် ဦးလည်မသုန်ဆောင် ရွက် ခဲ့သူဖြစ်သည်။ တော်လှန်သော ခေါင်းဆောင် ဒေါက်တာဖီ အယ်လ် ကတ်စထရိုသည် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ရဲဘော် ဒေါက်တာ အာနက်စတိုချေ ဂွေဗားရားသည် စက်မှုလုပ်ငန်း ၀န်ကြီး ဖြစ်လာခဲ့သည်။ (ခုနစ်နှစ် အကြာတွင်မှ ဂွေဗားရားသည် လျှို့ဝှက်စွာ ဘိုလီးဗီးယားတော တွင်းတစ်နေရာသို့ ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။) ရွက်လှေကလေး “ဂရန်မာ” ဂုဏ် ယူလောက်ပါပေသည်။


“အို . . . ဂရန်မာ ငဲ့
သင့်တာဝန်ကျေမှု
ထာဝစဉ် အလေးပြု လိုက်ပါရဲ့”
_ _ _
ကတ်စထရို၏ အစိုးရ အဖွဲ့သည် စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှု အစီအစဉ်ကို စတင်ခဲ့သည်။ ဆန့်ကျင်သူတို့အား ထောင်သွင်း အကျဉ်း ချခြင်း၊ ကွပ်မျက်ခြင်း ပြုခဲ့သည်။ ကျူးဘား လူမျိုး ခုနစ်သောင်းကျော်ခန့် အမေရိကန်သို့ ထွက်ပြေး ခိုလှုံ သွားခဲ့သည်။ မွေးမြူရေး၊ ဆေးရွက်ကြီး စိုက် ခင်း၊ဘဏ်နှင့် ကုမ္ပဏီ အားလုံးကို လျော်ကြေး မပေးဘဲ ပြည်သူပိုင် သိမ်းပစ်လိုက်သည်။ ကြံအထွက် ကျဆင်းခဲ့သည်။ အခြားသော ကွန်မြူနစ် နိုင်ငံတို့၏ အထောက်အပံ့ကို မှီခို ရပ်တည်ရသောကြောင့် ၁၉၈၀ ခုနှစ်နှောင်းပိုင်း ကွန်မြူနစ် အုပ်စု ပြိုလဲသွားသော အခါ ကျူးဘား စီးပွားရေး ဆိုး ရွားယိုင်နဲ့ လာခဲ့သည်။ အမေရိကန်က အရေးယူ ပိတ်ဆို့မှုများ ပိုမို တင်းကြပ်လိုက်ရာ အခြေအနေ ပို၍ ဆိုးရွား သွားခဲ့သည်။ ၁၉၄၄ ခုနှစ်၊ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲများကြောင့် ကတ်စထရိုသည် နိုင်ငံ အတွင်းမှ ထွက်ခွာခွင့် ကန့်သတ်ချက် များကို လျှော့ချ ပေးလိုက်ရသည်။

လူသုံးသောင်းကျော် ကျူးဘားမှ ထွက်ပြေးသွားခဲ့ပြီး ဂွာတာနာ မိုစစ် အခြေစိုက် စခန်းမှ ဒုက္ခသည် နှစ်သောင်းကို ကျူးဘားသို့ ပြန်ပို့ ပေးခဲ့ရသည်။ ဗီဒီယို တိပ်ခွေကို ပြောင်းပြန် ရစ်လိုက်သလိုပဲ ဖြစ်သည်။

“သင့်ခရီးစဉ်ရဲ့ အကြောင်းဆက်လာ
၁၉၈၀ ခုနှစ်မှာတော့
ဖလော်ရီဒါမှာ ကမ်းကပ်သွားကြ
လှေကလေးတွေ အစင်းများစွာ
ကျူးဘားခရီးသည် စုစုပေါင်း
တစ်သောင်းနှစ်ထောင့် ငါးရာကျော်ပါသတဲ့။
ရာစုတစ်ဝက်ကျော်လာ
ခုနေခါ ငါမေးချင်ရဲ့
သင်ကျောပိုးခဲ့ သူတွေ အတွက်
ဂုဏ်ယူလျက် နေနိုင်ပါ သေးရဲ့လား
ဂရန်မာ”
“မိုးသစ်ဝေ”၏ ကဗျာ လေးကို ဖတ်ပြီးရင်ထဲ ဆွတ်ကျင်သွားခဲ့သည်။ ဂုဏ်ယူ နိုင်ပါသေးရဲ့လား ဆိုသော မေးခွန်းက ပဲ့တင်မြည်ဟိန်း နေခဲ့သည်။
_ _ _
တစ်ခါက ပန်းချီကျော် ဆရာ တစ်ဦးသည် အပြစ် ကင်းစင်သော သူငယ်တော်နှင့် စေတန် နတ်ဆိုးတို့ ပါဝင်သည့် ပုံကားချပ်ကို ရေးဆွဲ သရုပ်ဖော်ဖို့ တာဝန်ကျ ရောက်ခဲ့သည်။ သူငယ်တော်ကဲ့သို့ အပြစ် ကင်းစင်သော သူငယ်လေး တစ်ဦးကို ရှာဖွေ တွေ့ရှိခဲ့ရာ ပုံကား ချပ်ကို စတင် ရေးဆွဲခဲ့သည်။ သို့ရာတွင် မကောင်းမှုကို ကိုယ်စားပြုမည့် စေတန်၏ ပုံကို ရေးဆွဲဖို့ နှစ်ကာလများစွာ ရှာဖွေခဲ့သော်လည်း မတွေ့နိုင်ဘဲ ရှိခဲ့သည်။ တစ်နေ့သော အခါ သေရည် ဆိုင်ထဲသို့ စုတ်ပြတ်နံ စော်၍ နိမ့်ပါးသော ရုပ်လက္ခဏာ ရှိသူတစ်ဦး ၀င်ရောက် လာခဲ့ရာ ပန်းချီကျော်က စေတန်၏ ပုံအတွက် ကိုယ်ဟန်ပြ ပေးရန် တောင်းပန်ခဲ့သည်။ ထိုသူကလည်း သဘောတူခဲ့သည်။ ကျွမ်းကျင် ပြောင်မြောက်သော စုတ်ချက်များဖြင့် ၀င်စား ရေးဆွဲနေသော ပန်းချီကျော်အား ထိုသူက ပြောလိုက်သည်။
“ကျွန်တော်ဟာ ဟိုနှစ်ပေါင်း များစွာကလည်း ဆရာကြီးရဲ့ ပန်းချီကားမှာ သူငယ်တော် အဖြစ် ပါဝင်ဖူးသေးတယ်”
_ _ _
“ဂရန်မာ”တဲ့
ကျွန်တော်သည် မိုးသစ်ဝေ၏ ကဗျာကို ဖတ်မိ သွားခဲ့ရာမှ စေတန်မဟုတ်သော ရွက်လှေပြာလေး တစ်စင်းကိုလည်း သတိရမိသွားခဲ့ခြင်းပဲ ဖြစ်လေသည်။
မောင်ရင့်မာ(ကျောင်းကုန်း)
ပြီး၏

ဖတ်ရှုခြင်း
-မိုးသစ်ဝေ(ဂရန်မာ)(၉/၂၀၀၉၊ စတိုင်သစ်)
- လင်းယုန်မောင်မောင် (ကျူးဘား ပြည်မှ ကြယ်နီ)
- (နိုင်ငံတကာ အဘိဓာန်)
ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဂရမ်မာ မမှားခဲ့ပါ

ဂရမ်မာ မမှားခဲ့ပါ
အပိုင်း(၁)
မောင်ရင့်မာ (ကျောင်းကုန်း)


ရွက်လှေက အလျားပေ ငါးဆယ်ကျော်ခန့် ရှိမည်။
စိတ်အားထက် သန်မှုတို့ဖြင့် ရှိန်းရှိန်း ထနေသော လူတစ်စုကို သူ့ကျောပြင်ပေါ် ထမ်းပိုး
သယ်ဆောင်ထားမည်။ ကောင်းကင်က ပြာလဲ့နေမည်။ ပြာလဲ့သော မက္ကစီကို ပင်လယ်ပြင်၌
ရွက်လှေပြာ တစ်စင်းသည် ကမ်းခြေ တစ်ခုဆီသို့ ရွေ့ရွေ့ညင်ညင် ခရီး နှင်နေမည်။ နိုင်ငံ တစ်နိုင်ငံ၏ သမိုင်းစာမျက်နှာ တစ်ရွက်ကို ဖျတ်ခနဲ လှန်ပစ်လိုက်တော့မည့် ရွက်လှေပြာ ကလေး။ တက်ကြွခြင်းနှင့် ထက်သန်ခြင်းတို့ သုတ်လိမ်းလာသည့် ရွက်လှေပြာကလေး။

“ဂရန်မာ” (Granma)တဲ့။
ကျွန်တော်သည် မိုးသစ် ဝေ၏ ကဗျာလေးကို ဖတ်မိ သွားခဲ့ရာမှ ရွက်လှေပြာလေး တစ်စင်းကို သတိ ရမိသွားခဲ့ခြင်း ဖြစ်လေသည်။
_ _ _
“တရားသူကြီးမင်းများ ခင်ဗျား။ အခုဆိုရင် တရား ဥပဒေကို စောင့်တဲ့ နတ်သမီးဟာ နှစ်ကြိမ်တိတိ
မတရား အကျင့် ခံလိုက်ရပြီ ဖြစ်ပါတယ်”
ရဲရဲတောက် လျှောက်လဲချက် ပေးနေသော လူငယ် တစ်ဦး၏ ရဲရင့် ပြတ်သားသော အသံက
တရား စီရင်ရေး ဆိုင်ရာ ရုံးခန်းငယ် အတွင်း ကြက် သီးမွေးညင်း ထလောက်စရာ ဝေ့ပျံ့လွင့်ဝဲ
နေခဲ့သည်။ စိတ်ဓာတ်ပြင်းထန် တက်ကြွမှုကြောင့် သူ၏ လည်ပင်း သွေးကြောမကြီးတွေ
ထောင်မတ်နေသည်။
ပျိုနုသော မျက်နှာပြင်၌ တဖျပ်ဖျပ် တောက်လက်နေသော မျက်ဝန်းအစုံမှာ ဖြောင့်မတ်မှုဖြင့်
စိုစွတ် ၀င်းပြောင်နေသည်။ သူကားဟာ ဗားနား တက္ကသိုလ်မှ ဥပဒေ ပညာဘွဲ့ရ ဒေါက်တာ
ဖိဒယ်လ်ကတ်စထရိုပင်တည်း။

သူသည် ရက်စက် ကြမ်းကြုတ်မှုများ၏ ရာဇပလ္လင်ပေါ်မှ ဘာတစ္စတာ အစိုးရကို ဘာတစ္စတာ
အစိုးရ၏ တရားရုံးတွင် အရေး ယူပေးရန် တရား စွဲဆိုခဲ့သူ ဖြစ်သည်။ မွန်ကားဒါး စစ်စခန်းကို
ဝင်ရောက်စီးနင်း တိုက်ခိုက်မှု အတွက် တရားစွဲ ဆိုခြင်းခံရ ပြန်တော့လည်း ခေါင်းဆောင်ကြီး-
ဂျိုဆေးမာတီကို ကိုးကားလျက် ရဲရဲတောက် လျှောက်လဲချက် ပေးခဲ့သူ ဖြစ်သည်။

နောင်နှစ်နှစ်ခန့် ကြာသောအခါ သူသည် အမေရိကန် နိုင်ငံ နယူးယောက်မြို့ပန်းခြံတစ်ခုအတွင်း
ကျူးဘား လွတ်မြောက်ရေး လူထု အစည်းအဝေး ကျင်းပကာ ဟောပြော နေပြန်ပါလေသည်။
“လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး အပြင် ဒါ့ထက်ပိုပြီး အရေးကြီးတဲ့ လိုအပ်ချက် တွေကိုလည်း
ဖြည့်ဆည်းပေးဖို့ ရှိနေပါသေးတယ်။ ကျူးဘား အမျိုးသားတိုင်း လူတန်းစေ့ နေနိုင်အောင်
လုပ်ပေးဖို့ လိုပါတယ်။ လူတစ်ယောက်ဟာ အလုပ်လည်း လုပ်ချင်တယ်။ လုပ်နိုင်တဲ့
အင်အားလည်း ရှိတယ်။
ဒါပေမဲ့ သူဟာ အလုပ်လက်မဲ့ ဖြစ်နေပြီး သူနဲ့ သူ့အိမ်သားတွေပါ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေ
တာလောက် ရင်နာစရာ ကောင်းတဲ့ အဖြစ် ဟာ မရှိတော့ပါဘူး”

တစ်နေ့သောအခါ သူသည် အာဂျင်တီးနား နိုင်ငံသား “ပါရာနာ” မြစ်ကမ်းနံဘေးတွင်
မွေးဖွားခဲ့သော “အာနက်စတို ချေဂွေဗားရား”နှင့် ပေါင်းဖွဲ့မိ သွားသည်။ ဂွေဗားရားသည်
ရင်ကျပ်ပန်းနာ ရောဂါရှိသော ဆရာဝန် တစ်ဦးပဲ ဖြစ်သည်။ ချီလီကဗျာ ဆရာကြီး ပါဗလို နီရူဒါ၏
ကဗျာများဖြင့် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ်ကို ရှင်သန်
ကြီးထွားစေခဲ့သူ ဖြစ်သည်။

“ကျူးကျော်သူများအား လောင်ကျွမ်းစေရန် ရူမေးနီးယား ပြည်၏ မြစ်များ အတွင်းသို့ ပွက်ပွက်
ဆူနေသည့် သွေးများဖြင့်ငါတို့. . .လောင်းထည့်ထားကြကုန်အံ့”

ဆေးပညာ သင်ယူပြီးနောက် အာဂျင်တီးနားမှ ထွက်ခွာလာခဲ့သော အာနက်စတို ချေဂွေဗားရားနှင့်
ကျူးဘားမှ ထွက်ခွာလာခဲ့သော ဖီဒယ်လ် ကတ်စထရိုတို့သည် မက္ကဆီကို နိုင်ငံ၌
ဆုံတွေ့ ပေါင်းဖွဲ့မိကြသည်။
သူတို့ နှစ်ယောက်သည် အချိန် ရှိသရွေ့အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ကျူးဘား တော်လှန်ရေး အတွက် ပြင်ဆင် ညှိနှိုင်းခဲ့ကြသည်။
အခြားသော အချက် များ၌ အငြင်းပွား ကောင်းပွား ခဲ့မည် ဖြစ်သော်လည်း သူတို့ နှစ်ဦးသည် ကျူးဘား တော်လှန်ရေးနှင့် စပ်လျဉ်း၍မူကား မည်သည့် အခါမျှ အငြင်းပွားခြင်း မရှိခဲ့ကြ။
အမေရိကန်ဦးဆောင် စိုးမိုးထားသော စီးပွားရေးကြောင့် အလုံးစုံ ချွတ်ခြုံကျ နေသော ကျူးဘားကို
ဘာတစ္စတာ အစိုးရ၏လက်မှ ကယ် တင်ရန် သန္နိဋ္ဌာန် ချခဲ့ကြသည်။ စပိန်ပြည်တွင်းစစ် ကာလအတွင်း ဖက်ဆစ်ဖရန်ကို တပ်များကို ရွတ်ရွတ်ချွံချွံ တိုက်ခဲ့ဖူးသည့် အငြိမ်းစား ဗိုလ်မှူးကြီး အယ်လ်ဘာတို၏ စစ်သင်တန်းကို အတူ တက်ခဲ့ကြသည်။

၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ။ ဥတုသာသည့် ပြာလွင်သော နေ့တစ်နေ့တွင် မက္ကဆီကို ပင်လယ်ပြင်မှ ရွက်လှေကလေး တစ်စင်းသည် ကျူး ဘားတော်လှန်ရေး ရဲဘော် ၈၀ ကျော်ကို ထမ်းပိုးသယ်ဆောင် ကာကျူးဘား ကမ်းခြေသို့ ရွေ့ရွေ့ညင်ညင် ခရီး နှင်လာခဲ့သည်။ သို့ဖြင့် ရွက်လှေ ကလေး “ဂရန်မာ”
သည် ကျူးဘား တော်လှန်ရေး၏ အရေးပါသော၊ နိုင်ငံတစ်ခု၏ သမိုင်း စာမျက်နှာသစ်ကို ဖျတ်ခနဲ
လှန်လှော ပစ်လိုက်သော လှပ၍ အဓိပ္ပာယ် နက်ရှိုင်းသည့် နိမိတ်ပုံတစ်ခု ဖြစ်လာခဲ့လေသည်။
_ _ _
၁၉၅၆မှာ
လူ (၈၀) ကျော်ပါ
“ဂရန်မာ” လှေကလေး ရွက်လွှင့်ခဲ့။
အို . . .ဂရန်မာငဲ့
သင့်တာဝန်ကျေမှု
ထာဝစဉ် အလေးပြု လိုက်ပါရဲ့။
သင့်ဦးတည်ချက်
အမှန်တရား အတွက်
သင့်သယ်ဆောင်ရာ
(လွတ်လပ်ငြိမ်းချမ်းရာ)
ဒီလိုသာ ငါယုံကြည်မိရဲ့
မိုးသစ်ဝေကတော့ သူ၏ ကဗျာလေးကို သည်သို့နှယ် လွမ်းမက်စွာ ဖွဲ့နွဲ့ခဲ့လေသည်။
_ _ _
ကျူးဘားကို ခရစ်စတိုဖာ ကိုလံဘတ်က ၁၄၉၂ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဟာဗားနားကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သည့် (၁၇၆၂-၆၃)ခုနှစ်မှ လွဲ၍ ၁၈၉၈ ခုနှစ်ထိ စပိန်
လက်အောက်ခံ ဖြစ်ခဲ့သည်။ စပိန်ကို အမေရိကန်က စစ်ကြေညာ၍ စပိန်တို့ ရှုံးနိမ့်သွားတော့မှ
ကျူးဘားကို လက်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ကျူးဘားမှ အမေရိကန် တပ်များ ရုပ်သိမ်းသွားသော
အခါ သဘော တူညီချက်များ အရ အရှေ့တောင်ဘက် ဂွာတာနာမို ပင်လယ်အော်ကို ရေတပ်
အခြေစိုက် စခန်း အဖြစ် အမေရိကန်က ငှားရမ်းခဲ့သည်။ အမေရိကန်စသော ပြည်ပ အရင်းအနှီး
များက သာလျှင် ကျူးဘား စီးပွားရေးကို ဦးဆောင် ချယ်လှယ်ခဲ့သည်။
သြဇာခံဘာ တစ္စတာ အစိုးရ လက်ထက်တွင် ရက်စက် ကြမ်းကြုတ်မှုနှင့် မတရား ချယ်လှယ်
စိုးမိုးမှုများ ကြီးထွားလာကာ ကျူးဘားသည် အလုံးစုံ ချွတ်ခြုံ ကျခဲ့သည်။ သို့အတွက်ကြောင့်ပဲ
ဘာတစ္စတာ အစိုးရ၏ ရွှံနွှံ ဗွက်ထဲမှ ကျူးဘားကို ကယ်တင်ရန် ကတ်စထရိုနှင့် ဂွေဗားရားတို့ ပေါင်းဖွဲ့ခဲ့ခြင်းဖြစ်သည်။
_ _ _
ရွက်လှေကလေး “ဂရန် မာ” ကျူးဘား ကမ်းခြေသို့ ဆိုက်ရောက်ခဲ့သော အခါ ရဲဘော် ၈၀ကျော်၏
ဥက္ခောင်း ထက်သို့ ကြောက်မက်ဖွယ် ဘာတစ္စတာ အစိုးရ၏ ကျည်ဆံများ၊ မိုးသီး မိုးပေါက်ပမာ ရွာချ လာခဲ့သည်။ တိုက်ခိုက်ချေမှုန်း ခံရမှုကြောင့် “ဂရန်မာ” သယ်ဆောင်လာသော တော်လှန်ရေး
ရဲဘော်တို့သည် ပြုတ်ပြုတ် ပြုန်းမတတ် အထိနာကျ ဆုံးခဲ့ရသည်။ နောက်ဆုံးတွင် လူ (၁၂) ယောက်၊
သေနတ် (၁၂)လက်နှင် ရွက်လှေ ကလေး “ဂရန်မာ”သာလျှင် ကျန်ရှိ ရစ်တော့သည်။

မောင်ရင့်မာ (ကျောင်းကုန်း)
ပေဖူးလွှာ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၉)
မန်းR,ဘဇန်

တို့မှာ………
အရင်းအနှီးမရှိ
အချိန်ဆိုတာ နတ္ထိ
တပ်ကိုကြည့်နေလေတော့
အသပြာရှာဘို့နေနေသာ
ရှေ့တန်းမှာကြာရှည်စွာနေနေတော့
ကြင်သူသက်ထားကို
ခိုင်မာတဲ့သစ္စာကိုသာ ပေးနိုင်တယ်
ခိုင်မာတဲ့မေတ္တာကိုသာ ပေးနိုင်တယ်
သမုဒ္ဒရာဝမ်းတထွာကို
မေတ္တာနဲ့ ဖြည့်လို့မရဘူး
သစ္စာနဲ့ ဖြည့်လို့မရဘူး
သဘာဝကိုက
အဟာရပေးမှ
အိမ်ထောင်သာယာမယ်ဆိုတာ
ချစ်ကြည်မှု အဓွန့်ရှည်မယ်ဆိုတာ
မင်းသိပါတယ်လေ။

နိုင်ငံတော်ကပေးတဲ့
ထမင်း
နိုင်ငံတော်ကပေးတဲ့
ဆေးနဲ့ကုသရင်း
မချောင်မလည်အကြပ်အတည်းကြားက
တို့……….
အိမ်ထောင်တည်ဆောက်ရတယ်။

ပါရမီရှင်အိမ်ထောင်ဘက်ရဲ့
တော်လှန်တဲ့ အတွေးအခေါ်တွေကြောငု့်
တော်လှန်တဲ့ ခံယူချက်တွေကြောင့်
မြင့်မြတ်တဲ့ သစ္စာတရားတွေကြောင့်
တို့အိမ်ထောင်သက်
ဆယ်စုနှစ်တွေကိုကျော်လွန်ပြီး
တော်လှန်တဲ့အောင်တံခွန်
ထူနေတယ်ဆိုတာ
မင်းသိပါတယ်။

ဆယ်ဂဏန်းကျော်ကျော်လောက်
ရှိတဲ့
တော်လှန်တဲ့သဘာဝလွန်
ရေပေါ်ဆီတွေက လွဲရင်
ကျန်
ရှေ့တန်းပျော်ရဲဘော်တွေရဲ့
ဘဝဟာ
တို့လိုပဲဆိုတာ
မင်းသိပါတယ်
မင်းမြင်ပါတယ်။

မန်းR,ဘဇန်
တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၉)ပြီး၏

အပိုင်း(၁၀)သို့ ဆက်လက်ဖတ်ရှုပါရန်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပုံပြင်မဟုတ်သော ပုံပြင်

ပုံပြင်မဟုတ်သော ပုံပြင်
(မင်းစိုးစံ)

စကားပြောတဲ့ပညာဆိုတာ အင်မတန်ကို ခက်ခဲနက်နဲတဲ့အရာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ကရား(ခရား) ရေလွှတ်သလို တတွတ်တွတ်ပြောတတ်တာလေးနဲ့ စကားပြောကောင်းတယ်လို့ မဆိုသင့်ပါဘူး။ လိုအပ်တဲ့အချိန်အခါမျိုးမှာ လူအတော်များများနားလည်နိုင်တဲ့ အသုံးအနှုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ အဲဒီလို ပြောနိုင်တဲ့လူဟာ စကားပြောကောင်းသူတယောက်လို့ အသိအမှတ်ပြုနိုင်ပါလိမ့်မယ်။
တရုတ်စကားပုံတခုမှာ ငန်းကယ့်သို့ စကားပြောပါ ဆိုတာကြားဘူးပါတယ်။ ငန်းတွေက,လည်ပင်းခပ်ရှည်ရှည် ဆိုတော့ အပြင်ကိုအသံထွက်လာဘို့အတွက် အရှိန်ယူရသလို လူတွေအနေနဲ့လည်း စကားပြောတဲ့အခါ အ ချိန်ယူဘို့ သတိပေးထားတဲ့ စကားပုံလို့ ယူဆ,ပါတယ်။ တနည်းအားဖြင့်တော့ စကားကို လွှတ်ကနဲ၊ လွှတ်ကနဲ မပြောမိအောင် သွန်သင်တယ်လို့ပြောရင်ရ,နိုင်လိမ့်မယ်လို့ထင်ပါတယ်။
ကျုပ်ဘဝတလျှောက် စကားကိုမဆင်မခြင် လွှတ်လွှတ်ပြီးပြောတတ်လွန်းလို့ အသတ်ခံရ,မယ့်အခြေနေဆိုး အထိ ရောက်သွားခဲ့ဘူးပါတယ်။ လက်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ ဆိုတဲ့စကားပုံဟာ ကျုပ်အတွက် တမင် ထားရစ်ခဲ့လေသလား?ဆိုပြီးတွေးမိပေါင်း မနည်းတော့ပါဘူး။
ကိုယ်တွေ့သင်္ခဏ်းစာတွေ ရှိနေပေမယ့် တခါမှသင်္ခဏ်းစာယူရ,ကောင်းမှန်း သတိမရ,ခဲ့တာ ဘာကြောင့်လည်း ဆိုတော့ မပြောမပြီး မတီးမမြည် ဆိုတဲ့စကားပုံကို လက်ကိုင်ထားနေလို့ဖြစ်ပါတယ်။ စကားကိုလွှတ်ကနဲ လွှတ် ကနဲပြောတတ်တဲ့အကျင့်က ကောင်းတဲ့အကျင့်မဟုတ်ဘူးဆိုတာ သိနေရဲ့သားနဲ့ မကောင်းတာကို ဖက်တွယ် ထားတာဟာ လူမိုက်လို့ဆိုရင် ကျုပ်လူမိုက်ပေါ့။ မသိလို့မှားတာက,လူမိုက် သိသိကြီးနဲ့ဆက်မှားနေတာက လူယုတ်မာဆိုတော့ ကျုပ်က ယုတ်မာတဲ့လူမိုက်ကြီးပေါ့နော။

ကျုပ်ကိုယ်ကျုပ် အမွှမ်းတင်နေတာနဲ့ ကျုပ်ဆိုလိုတဲ့ဆီကို မရောက်နိုင်တော့ဘူး။ စကားပြောခြင်းအတတ်ပညာ နဲ့ ပတ်သက်တဲ့ စာအုပ်တွေကတော့ အမျိုးမျိုးရှိတာပေါ့ဗျာ၊ ဗမာပြည်ထဲက စစ်အစိုးရ,ရဲ့ခွင့်ပြုချက်နဲ့ထုတ်တဲ့ စကားပြောနည်းစာအုပ်တွေရှိသလို လွတ်မြောက်နယ်မြေက ထုတ်တဲ့စာအုပ်တွေလည်းရှိပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော၊ စကားပြောတဲ့ပညာဆိုတာ အခုမှရှိတာမဟုတ်ပါဘူး ဂေါတမမြတ်စွာဘုရားရှင်လက်ထက်က တည်းက ရှိနေခဲ့တာပါဆိုတာကိုတော့ တရားခွေတွေနားထောင်တဲ့သူတိုင်း လက်ခံနိုင်မယ်လို့ထင်ပါတယ်။
စကားကိုခြောက်နှစ်ကြာမှ ပြောတဲ့ဆင်းရဲသားတယောက်အကြောင်းကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် အဲဒီဆင်း ရဲသားဟာ ဒိသာပါမောက္ခဆီမှာပညာသင်လို့ပညာစုံတော့ ဆရာကိုကန်တော့ဘို့ ငွေမရှိဘူး။ (ဆရာကိုငွေနဲ့ကန်တော့ရတယ်ဆိုတာ နအဖ ခေတ်မှာမှမဟုတ်ပါဘူး) ဒါကြောင့်သူငယ်ချင်းမိတ်ဆွေတွေဆီက နေလိုက်တောင်းတာ စုစုပေါင်း ရွှေ ၇ ဏိက္ခ(ခုနစ်ဏိက္ခ)ရသတဲ့ဗျို့။
တဏိက္ခမှာရွေး တထောင်ရှိတယ်ဆိုတော့ ရွေး ၇၀၀၀(ခုနစ်ထောင်)ပေါ့။ လေးရွေးမှာ တပဲ၊ လေးပဲမှာ တမတ်၊ နှစ်မတ်မှာ တမူး၊ နှစ်မူးမှာ တကျပ်ဆိုတော့ ရွှေတပိဿာကျော်ကျော်လေးတော့ရှိမယ်ထင်တာပဲ။
အဲဒါဗျာ ဂင်္ဂါမြစ်ကိုဖြတ်အကူး ရွှေတွေကမြစ်ထဲကျကုန်တယ်၊ မြစ်ထဲကျမှတော့ ဗမာစကားပုံရှိတယ်မဟုတ် လား?ရေအဆုံး ကုန်းတဝက်ဆိုတာ ရေစီးကလည်းသန်၊ ရွှံ့တွေသဲတွေနဲ့ဆိုတော့ အဲဒီရွှေကို ဘယ်လိုမှရှာလို့ မရဘူးပေါ့။ စိတ်ညစ်သွားတဲ့ ဆင်းရဲသားလေးဟာ အဲဒီမြစ်ရဲ့သဲသောင်ပေါ်မှာထိုင်နေတော့သတဲ့၊ လမ်းသွား လမ်းလာတွေက ဘာပဲမေးမေးဘာမှမပြောဘူးတဲ့။
အချိန်တွေကြာလာတာနဲ့အမျှ လူတယောက်မြစ်ကမ်းဘေးမှာထိုင်နေတာ အတော်ကြာနေပြီ၊ ဘာပဲမေးမေး ဘာမှမပြောဘူး ဆိုတဲ့သတင်းဟာ ဘုရင့်နန်းတော်အထိရောက်သွားတယ်။ တိုတိုပြောရရင် ဘုရင်ကိုယ်တိုင် မေးတော့မှ အဖြစ်မှန်ကိုပြောပြသတဲ့။
ခြောက်နှစ်တိတိအဲဒီလိုထိုင်ပြီး ဘယ်သူဘာမေးမေးမဖြေတာ ဘာကြောင့်လဲ? လို့ ဘုရင်ကမေးတော့ သူကျပျောက်သွားတဲ့ ရွှေကို ကူညီဖြေရှင်းပေးနိုင်တဲ့ ပုဂ္ဂိုလ်မရှိတဲ့အတွက်လို့ဖြေပါတယ်၊ ဘုရင်က သူ့ကို ရွှေတွေပေးလိုက်တော့ သူ့ဆရာကိုပြန်ကန်တော့တာပေါ့ဗျာ၊ ပညာတတ်လည်းဖြစ်၊ နှုတ်စောင့်တဲ့အတွက် သူ့ကိုဘုရင်က အမတ်အဖြစ်ခန့်လိုက်ပါသတဲ့။
ဒုက္ခရောက်တိုင်း ဒုက္ခဖြစ်တိုင်း လူတိုင်းကိုလျှောက်မပြောပါနဲ့၊ ကိုယ့်ကို တကယ်ကူညီမယ့်သူကိုသာ ပြောပါ။ တွေ့ကရာလူကိုလျှောက်ပြောလို့ကတော့များ ကိုယ်ဒုက္ခရောက်နေတာကို အားရဝမ်းသာဖြစ်တဲ့လူနဲ့တိုးလို့က တော့ ပိုဆိုးကုန်မှာပေါ့၊ ကိုယ့်ကိုကူညီချင်တဲ့ဆန္ဒ၊ ကူညီနိုင်တဲ့အချိန်မျိုးဖြစ်နေဘို့လည်း လိုပါတယ်။
ကူညီနိုင်တဲ့အချိန်မျိုးမဟုတ်သေးပဲပြောမိရင် သူလည်းစိတ်ဆင်းရဲမယ် ကိုယ်လည်းစိတ်ဆင်းရဲမယ်၊ အဲဒါတွေ ကတော့ ကျုပ်တရားနာရင်းမှတ်ထားတဲ့ အသံတွေကိုအကျဉ်းရုံးတင်ပြထားတာပါ၊ ကျုပ်ကတော့ ပြောချင်လာ ရင် ခြေက်နှစ်မပြောနဲ့ ခြောက်စက္ကန့်တောင်စောင့်နိုင်တာမဟုတ်ဘူးလေ။ ဒီတော့အသတ်ခံရမှာ နည်းတောင် နည်းသေးတယ်လို့ မေတ္တာပို့ကြမလားပဲ။
ကျုပ်လိုမသိသေးတဲ့ မိတ် ဆွေတွေအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ၊ သိပြီးသားမိတ်ဆွေတွေအနေနဲ့ အခုလိုပေါ့နော၊ သိပြီးသားတွေကို တင်လိုက်တဲ့ကျုပ်ကို အပြစ်မတင်ပဲ နားလည်ခွင့်လွှတ်ပေးဘို့ မေတ္တာရပ်ခံ တောင်းပန်လိုက်သလို ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။
သတ္တဝါအပေါင်း ကျန်းမာချမ်းသာ၍ ဘေးဘယာ ဝေးကွာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တံခါးတချပ်ကို လှပ်ကြည့်စဉ်

တံခါးတချပ်ကို လှပ်ကြည့်စဉ်
အပိုင်း(၁)
(မင်းစိုးစံ)

မှန်ကိုကြည့်လိုက်တော့
မှန်ထဲက ကျုပ်ပုံ
မယုံချင်စရာ
အကြင်နာမျက်ဝန်းနဲ့
ပြုံးနေတဲ့နှုတ်ခမ်း
ရွှင်လန်းတဲ့မျက်လုံး
ကုန်းအဆုံးရေအဆုံးမှာ
ကျုပ်သာ အခန့်ညားဆုံးပေါ့ဗျာ။

ကျုပ်ကိုယ်ကျုပ်
တော်တော်ဟုတ်အရမ်းတော်
စွမ်းပကားတွေနဲ့ပြည့်မောက်
အပြစ်မဲ့တဲ့လူသား
ရှားပါးတဲ့အကျင့်များကျင့်တာမို့
ကမ္ဘာမှာကျုပ်သည်သာလျှင်
သူတော်စင်သူတော်ကောင်းပေါ့ဗျာ။

မဟုတ်မတရားတာမှန်ရင်
တော်လှန်ဘို့အဆင်သင့်
ကျုပ်လုပ်ရင်အကုန်မှန်တယ်
ကျုပ်ပြောတယ်ဆိုရင်သဘာဝကျတယ်
ဒီလောက,ကြီးမှာ
ကျုပ်သာလျှင်သူရဲကောင်းပေါ့ဗျာ။

အမှန်တော့…….
ကျုပ်ကိုယ်ကျုပ်
ခပ်ပျော့ပျော့သုံးသပ်ချက်ရယ်
ပေါ့ပျက်ပျက်အသိတရားတွေနဲ့
လွဲမှားနေတဲ့အမြင်တွေကိုပေါင်းပြီး
အတ္တကိုဘုရားလိုကိုးကွယ်နေပါလားဆိုတာ
သိသွားတာနဲ့အတူ
ကျုပ်ဆိုတဲ့ ကျုပ်ဟာ……..
လူ့ဌာန,ပတ်ဝန်းကျင်ကြီးတခုလုံးကို
ပျက်ဆီးသည်ထက်
အဆုံးစွန်ဆုံးပျက်ဆီးအောင်
ဟန်ဆောင်နေသူတွေထဲက
ရိုင်းပြနေတဲ့
တယယ့်အရိုင်းစိုင်းဆုံးနဲ့
ပညာအမဲ့ဆုံး လူတယောက်ပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, November 19, 2009

မင်္ဂလာဦးည

မင်္ဂလာဦးည
(သော်ဇင်အုန်း)

လူပျိုည…….. တဲ့ကွယ်။

ရှင်ပြန်လာမယ့်အချိန်က
ရှည်လျားလွန်းလိုက်တာ။

တနေ့ခင်းလုံးလည်း
ကျွန်မ,အပျော်တွေက
ရှင့်ကိုဖုံးလွှမ်းနေတာလား?
ရှင့်အပြုံးတွေကပဲ
ကျွန်မ,ကို ပျော်ရွှင်စေတာလား?။

အမေနှစ်ယောက်ကို
ကန်တော့ကြတုန်းက
ရှင့်ယောက္ခမ,ကလည်း
ကျွန်မ,အဖေကိုလွမ်း
ကျွန်မ,ယောက္ခမ,လည်း
ရှင့်အဖေကိုလွမ်း
ကြင်စ,ဦးတွေနဲ့အတူ
ဆွဲကိုင်လို့မရ,နိုင်တော့တဲ့
အလွမ်းတွေနဲ့
ပျော်နေခဲ့ကြတယ်လေ။

ဒီညလေးတော့
ရန်မဖြစ်ချင်ဘူးဟယ်
မြန်မြန်ပြန်လာခဲ့ပါတော့။

သော်ဇင်အုန်း
ပေဖူးလွှာဂျာနယ် (ကဗျာကဏ္ဍ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကဗျာတပုဒ်၏ စွမ်းအင်

ကဗျာတပုဒ်၏ စွမ်းအင်

(မင်းစိုးစံ)

စာရှုသူအပါင်း ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ လေးစားစွာဂါရဝပြုလိုက်ပါတယ်။
လွန်ခဲ့တဲ့ရက်က,ကျုပ် မူ.ယံင့်ဖါန်(မူယွန့်ဖေါင်) ဆိုဒ်ကိုသွားလည်တော့ ကဗျာတပုဒ်ကို ဖတ်လိုက်မိ တယ်။
ဆရာကျော်ထက်ခိုင်(ဖါးစည်မြေ)ရေးတဲ့ ကွာကျသွားသော အတ္တအကြေးခွံမာများ ဆိုတဲ့ကဗျာလေးပါ။
အဲဒီကဗျာကိုဖတ်ပြီး ကျုပ်ကိုယ်ကို ကျုပ် ပြန်စစ်ဆေးလိုက်တော့ အလိုလေးလေး ကျုပ်အဖြစ်က ဆရာကျော်ထက်ခိုင် ရေးထားသလိုပဲဗျို့။
ဒါကြောင့် တရားခွေတခွေကို ဖွင့်နားထောင်ပြီး မှတ်မိနေအောင် အခုဒီစာကြောင်းလေးတွေကို ရေးတင်လိုက်ပါတယ်၊ကျုပ်အတွက် သင်္ခဏ်းစာတွေမို့ပါ။
ဆရာတော်ဦးဥာဏိသရ ရဲ့ တရားထဲက ကောက်နှုတ်ထားတာပါ။
စကားအရာအင်္ဂါလေးတန်ဆိုတာလေးကို ကျုပ် အမြဲတမ်းမှတ်မိနေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စာရေးတယ်ဆိုတာကလဲ စကားပြောသလို အရမ်းအရေးကြီးပါတယ်။
အထူးသဖြင့် အခုလို Blog ပေါ်တင်တဲ့စာလုံးတွေထဲက စာလုံးလေးတွေတိုင်းဟာ ရိုးရိုးသာမာန် စာအုပ်တအုပ်ထဲက စာလုံးလေးတွေထက် ပိုအရေးကြီးတယ်လို့ ယူဆ,ပါတယ်။
ကိုယ့်စာကြောင်းလေးတကြောင်းကြောင့် အချင်းချင်း စိတ်ဝမ်းကွဲတာတို့၊ အညှိုးအတေးထားတာတို့ ဖြစ်သွားရင် ကိုယ့်စာက လူ့လောက,အတွက် အကျိုးမရှိပဲ အဆိပ်အတောက်ဖြစ်သွားနိုင်လို့ပါ။

(၁) ရန်တိုက်မပြု ပြောဆိုမှု သုံးထုဘာသိတာ။
(၂) အဖျဉ်းကင်းပ, ပြောဆိုရ ဓမ္မဘာသိတာ။
(၃) ချစ်ဘွယ်ချိုမြ ပြောဆိုကြ ပိယဘာသိတာ။
(၄) မှန်ကန်တိကျ ပြောဆိုရ သစ္စဘာသိတာ။

နောက်တခုက မပြောအပ်တဲ့စကားလေးမျိုးဆိုတာကိုလဲ ကျုပ် အမြဲတမ်း သတိရ,နေချင်တယ်။
အဲဒါကလည်း စာပေလောက,လူ့လောက,အတွက် သတိချပ်သင့်တယ်လို့ ယုံကြည်လို့ပါ။

(၁) ဟုတ်မှန်ပေသိ ကျိုးမရှိငြား သူမကြားလို စကားကို ပြောဆိုမပြုရာ။
(၂) မမှန်ပေသိ အကျိုးရှိ၍ သူတည်းကြားလို စကားကို ပြောဆိုမပြုရာ။
(၃) မမှန်လွဲမှား ကျိုးမဲ့ငြားလည်း သူကားနာလို စကားကို ပြောဆိုမပြုရာ။
(၄) အမှန်မဲ့ငြား ကျိုးမများ၍ သူကားမလို စကားကို ပြောဆိုမပြုရာ။

တတိယမြောက်ကတော့ ပြောအပ်တဲ့စကားနှစ်မျိုးဖြစ်ပါတယ်၊ စောစောပိုင်းက ပြောသလိုပေါ့နော် Blog ပေါ်တင်လိုက်တဲ့စာလုံးလေးတွေဟာ အရေးကြီးတယ်ဆိုတာလေးပေါ့။

အဲဒီတော့ လူ့လောက,အတွက်၊ လူမျိုးစုတစုအတွက်၊ အဖွဲ့အစည်းတခုခုအတွက် အကျိုးရှိတဲ့ စာကြောင်း(အကြောင်းအရာ)တွေကို မဖြစ်မနေတင်ပြနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားချင်စိတ်လေး နိုးကြားနေအောင် ကျုပ် ကိုယ့်ကိုယ်ကို အမြဲတမ်းဆုံးမ,နေချင်ပါတယ်။

(၁) ဟုတ်တိုင်းမှန်ရာ ကျိုးရှိပါ၍ သူနာလိုငြား ထိုစကား ပြောကြားအပ်သည်သာ။
(၂) ဟုတ်မှန်ပေငြား အကျိုးများလည်း သူကားမလို စကားကို ပြောဆိုအပ်သည်သာ။

အဲဒီတော့ကာ Blog ပေါ်တင်သင့်တင်ထိုက်တာတွေ တင်လိုက်နိုင်တယ်ဆိုပေမယ့် အချိန်အခါကို တွက်ဆ,ဘို့လဲ လိုတယ်ဆိုတာကို ဆရာတော် ဦးဥာဏိသရက အခုလို သံပေါက်လေးနဲ့ ဆုံးမ, ထားပါသေးတယ်။

ဟုတ်မှန်ကျိုးရ ပြောဆိုကလည်း ကာလ,ဒေသ, နှိုင်းချိန်မှ သုဘာသိတမင်္ဂလာ။

အဲဒီစာကြောင်းလေးကို စာဖတ်ပရိဿတ်အနေနဲ့ ဘယ်လိုနားလည်မလဲဆိုတာတော့ ကျုပ်မသိဘူး ကျုပ်သဘောပေါက်တာကတော့ အနီးဆုံးနဲ့ အလွယ်ဆုံးဥပမာပေးရ,ရင် သင်္ကြန်ကျနေတဲ့အချိန်မှာ ပိတောက်ပန်းတွေအကြောင်း၊ မုန့်လုံးရေပေါ်အကြောင်းတွေကို မရေးပဲ ခိုက်ခိုက်တုန်အောင်ချမ်းနေ တဲ့ တပို့တွဲလ,မျိုးမှာပွင့်တဲ့ ခွါညိုပန်းအကြောင်း၊ ထမနဲအကြောင်းတွေ ရေးမယ်ဆိုရင် ဘယ်လိုနေမ လဲပေါ့ဗျာ။
စကားပြောနည်း(၁၀)နည်းဆိုတာကလည်း လူ့လောက,လူ့ပတ်ဝန်းကျင်မှာ မရှိမဖြစ် လိုအပ်တဲ့ အင်မ တန်အကျိုးများတဲ့ အချက်တခုဖြစ်တယ်လို့ ကျုပ် လေးလေးနက်နက်ယုံကြည်တဲ့အတွက် ရေးမှတ်ထားလိုက်ပါတယ်။

(၁) အချိန်အခါကိုကြည့်ပြီး ပြောပါ။
(၂) ဟုတ်မှန်တဲ့စကားကို ပြောပါ။
(၃) အကျိုးရှိမယ့်စကားကို ပြောပါ။
(၄) ချစ်ခင်ဘွယ်ကောင်းတဲ့စကားကို ပြောပါ။
(၅) ပြုံးရွှင်တဲ့မျက်နှာထားနဲ့ ပြောပါ။
(၆) နှိုင်းနှိုင်းချိန်ချိန်(ချိန်ဆ,) ပြောပါ။
(၇) အလျဉ်စလို မပြောပါနဲ့။ အေးအေးဆေးဆေး မနှေးမမြန်ပြောပါ။
(၈) ခန့်ငြားထည်ဝါတဲ့စကားလုံးတွေကို တည်တည်တံ့တံ့ပြောပါ။ သေးနုတ်တဲ့စကားလုံးတွေ မပြောပါနဲ့။
(၉) အကြောင်းအရာခိုင်လုံတဲ့စကားမျိုး ပြာပါ။
(၁၀) ပီပြင်ပြတ်သားတဲ့အသံမျိုးနဲ့ ပြောပါ။ စကားပြောရင် စိတ်မတိုမိပါစေနဲ့။
အဲဒါတွေက ဆရာတော် ဦးဥာဏိသရ ဆုံးမ,တဲ့စကားတွေပါ။ အဓွန့်တက်စရာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ အထူးသဖြင့် စာရေးတဲ့သူတွေပေါ့ဗျာ။
အသံနဲ့ရုပ်တွဲတာမှမဟုတ်ပဲ၊ မနှေးမမြန်ရေးတယ်မရေးဘူးဆိုတာ၊ စိတ်တိုတိုနဲ့ရေးတယ်ဆိုတာ၊ မျက်နှာထားကြီးနဲ့ရေးတယ်ဆိုတာ၊ ပီပီပြင်ပြင်မရှိဘူးဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ?
အဲဒီလိုမေးလာရင်တော့ ကိုယ်ရေးတဲ့စာလုံးတိုင်းမှာ အတိအကျတော့မပြနိုင်ပေမယ့် စိတ်တိုနေရင် လောကြီးရင် စာလုံးတွေဟာ ပုံမှန်စိတ်နဲ့ရေးတဲ့စာလုံးမျိုးနဲ့ လုံးဝ,မတူတာကို စာရေးသူကိုယ်တိုင် သတိထားကြည့်နိုင်မယ်ဆိုရင် တဖြည်းဖြည်းသတိထားမိလာနိုင်ပါလိမ့်မယ်။

2009, December, 17 တွင် မင်ဏီဆိုးတားပြည်နယ်သို့ တရားဓမ္မများ ဟောကြားရန် ကြွလာမည့် ဆရာတော် ဦးဥာဏိသရ အား ဤစာစုလေးများဖြင့် ရိုသေစွာဂါရဝ,ပြု ကန်တော့လိုက်ပါသည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, November 17, 2009

မှော်ဆရာသတိ

မှော်ဆရာသတိ
(စတားနီ)


အလိမ်အကောက်ပေါပါတဲ့
မြို့ဘန်ကောက်ကိုဖြင့်
ရောက်ပြန်ပေါ့တခေါက်တခါ
အထာနဲ့အညာမခံမိဘို့အရေး
သတိပေးပါတယ်ကိုယ့်ကိုယ်ကို။

ညီအရွယ်လူငယ်တယောက်က
အကိုရေဘာကူညီရ,မလဲ?
အစစ်ကိုအတုဖြစ်လိုသလား?
အတုကိုအစစ်လုပ်ချင်သလား?
အသေကို
အသက်သွင်းပေးလို့ရ,တယ်။

ကျစရာသူ့အပြောတွေကြောင့်
ဟန်လိုက်လေငါ့ညီရာ
သေတာကိုအသက်သွင်းရအောင်
ကဲ……........။
အဖိုးအခ,ဘယ်လောက်ကုန်ကုန်
ယုံလို့ပုံပေးလိုက်တယ်
ရော့……….......။
ဘတ်ကိုးထောင်
သုံးရက်တောင်မကြာဘူး ဆိုပဲ။

ဒီလိုနဲ့……......။
ရက်ချိန်းပြည့်တဲ့အခါ
မျှော်သာမျှော်ပေါ်မလာ
တော်တော်သာကြာသွားခဲ့
ခမျာမှာပျောက်ချက်သားကောင်းလှပေါ့
ခြာခြာလည်ခံလိုက်ရ,မှန်းကိုဖြင့်
နောက်ကျမှသိရ,တယ်။

ဟင်း……..
ကူလီလုပ်ပြီးစုလာခဲ့သမျှ
ကူညီမယ့်သူ့လုပ်ပုံကတော့ဖြင့်
မူးလို့ဖြင့်ရှူစရာမကျန်အောင်
ခံရ,တဲ့သည်မောင်အဖြစ်က
ဆိုးလှပေါ့လေး။

စတားနီ

OKRSO Magazine
1999, November

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အရောင်ဆိုးခြင်း သည်းခံပါ

အရောင်ဆိုးခြင်း သည်းခံပါ


ဆန်းလ,ပြာသိုထိုတနေ့က
ဇွဲကပင်မြေနှစ်ကူးပွဲမှာ
ကရင့်ရိုးရာဝတ်စုံလေးနဲ့
လှပ,ကျော့ရှင်းကျက်သရေအဆင်း
ကောင်းခြင်းငါးဖြာပြည့်စုံပါတဲ့
နာန်.ဖ၀့်အွါ(ခေါ်)မ,ပန်းဖြူနဲ့
ခင်မင်လို့ဖြင့်သိခဲ့ရာက
အှ်ဆံင်းလာ.ဆါ် နှုတ်ခွန်းဆက်လို့
အမျိုးသားချင်းတွေ့ဆုံရ,တာ
ဝမ်းပမ်းသာမိအစ,ချီပြီး
နောင်လဲတွေ့ရင်
ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ
ဖ၀့်အွါ တို့က
ခင်မင်တတ်တယ်
ဘယ်မှာတွေ့တွေ့မှတ်မိမှာပါ
ဘာလို့ဆိုတော့
ကရင့်ရိုးရာဝတ်စုံလေးကို
ငယ်မှကြီးထိ ယနေ့တိုင်ပင်
ပေါ်ပင်မနှော
မဖေါက်ပြန်သောမျိုးချစ်စိတ်ဖြင့်
ကရင့်ရိုးရာဝတ်စုံဝတ်ပြီး
အမျိုးဂုဏ်ကိုထိန်းနိုင်ခဲ့တဲ့
ဇွဲကပင်မြေရဲ့ မ,ပန်းဖြူပေါ့။

ဒီလိုနဲ့တနေ့
ဆဝါဒီးမြို့တော်ကြီးရဲ့
ကျောက်ဖယားမြစ် နံဘေးက
စူပါမားကက်ကုန်တိုက်ထဲမှာ
ဆဝါဒီးဖိ
ဆဗိုင်ဒီးမိုင်း
အစ,ချီလာ လှည့်ကြည့်မိတော့
ဟိုတချိန်ကသိခဲ့ရ,တဲ့
အမျိုးဂုဏ်ထိန်းတဲ့ ပန်းဖြူလေး လေ။
အလို…….
မြတ်စွာဘုရားကယ်တော်မူပါ
ကမ္ဘာကြီးဗြောင်းဆန်ကုန်ပြီလား?
သူလေ ဖ၀့်အွါ၊ မ,ပန်းဖြူပေါ့
ဖြစ်ရ,လေတယ်မ,ပန်းဖြူရယ်
ငါးဖြာရယ်တဲ့ကောင်းခြင်းလေးတွေ
ဘယ်ဝယ်ဘယ်စီရောက်ကုန်ပြီလဲ?
ဒိုင်ယာနာပုံ ဆံပင်တိုကို
နီကြောင်ဆေးများ ဆိုးကာထားပြီး
သနပ်ခါးလိမ်းတဲ့မျက်နှာလေးက
ခုတော့ဖြင့်မယုံနိုင်စရာ
မွေးနေ့ကိတ်နဲ့တူသွားပြီ။

ကြိုးသိုင်းအင်္ကျီလည်မှာစည်းလို့
မီနီစကတ် တိုနှံ့နှံ့နဲ့
အရှက်လုံရုံဝတ်ထားပြီး
အနားတိုးလာ
နှစ်ကိုယ်ကြားလေး
ရှူး…..တိုးတိုးနော်
သူတို့သိသွားမယ်
ပန်းဖြူအလုပ်က,အဖေါ်တွေလေ
သူတို့တွေကဒီအရပ်ချက်မြှုပ်
ဆဝါဒီးရဲ့ တိုင်းရင်းပျိုပေါ့
သူတို့သိတဲ့ပန်းဖြူလေးဟာ
ဆဝါဒီးရဲ့ Sexy Girl ပေါ့
ကဲ…ရော့… လိပ်စာ
နောက်မှတွေ့မယ်
တိုးတိုးပြောပြီး
မျက်စေ့ရှေ့က,ထွက်သွားတယ်။

သူ့လိပ်စာကဒ်ကို
သေသေခြာဖတ်လိုက်တဲ့အခါ
ကာရာအိုကေနဲ့တွဲထားတဲ့
Massage လေ။

ခုတော့သွားပြီ
သွားပါပြီပေါ့
တို့အမျိုးချက်ကြွေ
ဇွဲကပင်မြေက
အဖိုးတန်ပြီးအမျိုးမှန်တဲ့
နာန်.ဖဝ့်အွါ ခေါ် မပန်းဖြူဟာ
အရောင်ဆိုးတာ ခံလိုက်ရ,ပြီ။

ဝိုင်တူးကေ
OKRSO Magazine
1999, November

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, November 16, 2009

သူယုံကြည်ရာ VOA Burmese.com

ကာတွန်းဆရာ ဟန်လေးရဲ့ ယုံကြည်ချက်


ကျနော်ယုံကြည်တာက ကာတွန်းဟာလူမှုအသိုင်းအဝိုင်းတခုပြောင်းလဲမသွားတာ တောင်မှ
သမိုင်းကို သူ တင်ကျန်စေတယ်ဆိုတဲ့ယုံကြည်ချက်ရယ် အဲဒီခံယူချက်ရယ် ရှိတယ်။
ဒီကမ္ဘာကြီးပြောင်းလဲသွားအောင်လို့ ဖန်တီးနိုင်မယ် သူ သမိုင်းတွေ ကျန်ရစ်ခဲ့ရအောင် ဒါ လူ့အသိုင်း
အဝိုင်းကို တခုခုထိန်းညှိပေးတယ်လို့ ကျနော်ယုံကြည်တယ်လေ။
ဒီကမ္ဘာကြီးကိုလွှမ်းခြုံပြီးတော့ အဲဒီ သမိုင်းတွေ အနုပညာအငွေ့အသက်တွေဟာ လူ မှုတခုကို ပြောင်းလဲစေတယ်လို့ကျနော်ယုံကြည်တယ်လေ။
ဘဝအစ,ကာတွန်းကပဲလေ၊ အဲဒါအဲလိုပြောရအောင်လဲ ကလေးဘဝနဲ့ကာတွန်း ကာတွန်းနဲ့လွတ်သွား
တဲ့ကလေး မရှိဘူးပေါ့နော်။
ကာတွန်းနဲ့လွတ်သွားတဲ့ကလေးမရှိသလို ကြီးလာတော့ အဲဒီကာတွန်းရဲ့အငွေ့အသက် တွေပါလာ
တယ်လို့ ကျနော်ထင်တယ်၊ အဲဒီလိုလွှမ်းမိုးမှုအောက်ရှိနေတယ်လို့ တွေးမိ တယ်။
အဲဒီ ကျနော်ဆွဲနေတဲ့ အခုလောလောဆယ်ပေါ့လေ ကျနော့ရပ်တည်ရေးအတွက်ရယ် ကျနော့
ဝါသနာ ကျနော့ ခံယူချက်အရ,ကတော့ များသောအားဖြင့် နိုင်ငံရေးကာတွန်း ရေးဖြစ်သွားတာပေါ့။
နိုင်ငံရေးဘက်ကို စိတ်ပါသွားတာလဲဖြစ်နိုင်တယ်၊နိုင်ငံရေးစိတ်ဝင်စားလို့လဲ အဲဒီ နိုင်ငံ ရေးကာတွန်းရေးဖြစ်လာတာပေါ့၊ ဒီလိုရေးဖြစ်အောင် ဒီ ကျနော်တို့ရဲ့အခြေအနေက တွန်းပို့လာ
တာကိုး။
ဒီနေ့မျက်မှောက်ဖြစ်နေတဲ့ အဲဒီသတင်းကိုပြန်ဖေါ်ပြပေးတာ၊ အဲဒီ ဒီနေ့ဘာသတင်းတွေ
Hot နေသလဲ? ဘာတွေသတင်းထူးနေသလဲ? ဆိုတာ။

အဲဒါကိုခြုံပြီးအဲဒီကာတွန်းက နေပြီးတော့ ဖေါ်ပြရ,တဲ့သဘောမျိုးဖြစ်နေတယ်လေ။
အဲဒီ အခု ကျနော်တို့ငယ်ငယ်တုန်းက ဦးဗကလေးတို့၊ ဦးရွှေကလေးတို့၊ ဦးဘဂျမ်းတို့ ရေးခဲ့တဲ့
ကာတွန်းတွေဟာ သူ့ခေတ်သူ့အခါကို ကျနော်တို့ပြန်ပြီးမျှော်ကြည့်ရင် အဲဒီ ခေတ်တုန်းက ဘယ်လိုဖြစ်နေသလဲဆိုလို့ရှိရင် အခုကျနော်တို့ တတ်အပ်မြင်နေသလိုပဲ လေ။
ကျနော်တို့လဲ နောင်တချိန်ချိန်ကျရင် ဒီကာတွန်းက မြန်မာပြည်ဘာဖြစ်သွားသလဲဆိုတာ
ဖေါ်ပြနေသလိုပေါ့၊ အခုလဲကျနောတို့ဒီနေ့ဒီအချိန်ခါ ဖြစ်ပျက်နေတဲ့ ကာတွန်းတ ခုကို တိုင်းပြည်ရဲ့
အခြေအနေ အဲဒီဒေသ ဒါမှမဟုတ် အချက်အလက်တခုခုကို ဖေါ်ပြနေ တယ်လို့ ကျနော်
ထင်တယ်လေ။
အဲဒီအချိန်မှာ ကျနော့စိတ်ထဲဘယ်လိုခံစားနေရ,သလဲဆိုရင် အဲဒီ အစိုးရရဲ့ ဖြစ်ပေါ်နေတဲ့
ကမောက်ကမ,ကို ကာတွန်းဆရာအနေနဲ့ ရေးလိုက်တဲ့ကာတွန်းဟာ ကျန်တဲ့ ပရိဿတ်ကိုလည်း
သူက မျှဝေတယ်။
အဲဒီတော့ ကျနော့ခံယူချက်တခုက နိုင်ငံရေးကာတွန်း ရေးတဲ့လူတယောက်အနေနဲ့ ဘယ်လိုမြင်
သလဲဆိုတော့ သူများရဲ့ခံစားချက် သူများရဲ့အမြင် သူများရဲ့အယူအဆ,ကို သူက ငှါးရေးလိုက်တာ၊ ယူရေးလိုက်တာ၊ ယူပြီးတော့ ခံစားပြီးတော့ ပြန်ပေးလိုက်တဲ့ သဘောလို့ ကျနော်မြင်တယ်။
ကျနော့ကိုယ်ကျနော် အဲဒီလိုမြင်တယ်လေ။
အခုကျနော် ပြည်သူတွေခံစားနေရတဲ့ ခံစားချက်ကို ကာတွန်းယူပြီးတော့မျှဝေတယ်။
ပြည်သူတွေကလဲ အဲဒီ သူတို့ခံစားနေရတဲ့ အရာတွေ ဒီကာတွန်းကိုကြည့်ပြီးတော့ ပျော်ရင်လဲ
ပျော်နေမယ် ပီတိဖြစ်ရင်လဲဖြစ်မယ် ဒါမှမဟုတ် တခုခုခံစားရင်လဲ ခံစားနေမယ်။
ခံစားချက်တခုခုကိုတော့ အဲဒီကာတွန်းဆရာက ပေးလိုက်တယ်လို့ ကျနော်ထင်တယ်။
ဒါကြောင့်လူ့အသိုင်းအဝိုင်းတခုကို သူ ပြောင်းလဲစေတယ်လို့ ကျနော်မြင်တယ်လေ။
အဲဒီလိုမျိုး ပြည်သူလူထုရဲ့ ခံစားနေရတဲ့အရာကို ကာတွန်းဆရာက သရုပ်ဖေါ်ပေးလိုက် တယ် အဲဒါကိုပြည်သူတွေမြင်ရင် စိတ်ထဲတော့တမျိုးတဖုံ ပြောင်းလဲသွားမယ်လို့ ကျနော်ယုံကြည်တယ်၊ ဒါကြောင့်လူ့အသိုင်းအဝိုင်းတခု ပြောင်းလွဲပေးတယ်လို့ ကျနော် ယုံကြည်တယ်လေ။

VOA ဗမာပိုင်းအစီစဉ်ကနေ ကာတွန်းဆရာ ဟန်လေး ပြောသွားတာတွေကို နားထောင်ပြီး
ပြန်ရေးထားတာပါ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သူယုံကြည်ရာ VOA Burmese.com

ကာတွန်းဆရာ အော်ပီကျယ်ရဲ့ ယုံကြည်ချက်


ကျနော်ယုံကြည်တာကတော့ ယုံကြည်ချက်က အများကြီးလဲရှိကောင်းရှိမယ် နည်းနည်းလေးလဲ
ရှိကောင်းရှိမယ် ဒါပေမယ့် လူတော်တော်များများမှာတော့ ယုံကြည်ရာလေးတွေရှိမယ်ပေါ့ သို့သော်လူအတော်များများက ကိုယ့်ယုံကြည်ရာ တွေကို အကောင်အထည်မဖေါ်နိုင်ပဲနဲ့ ပြီးသွားကြတာတွေကများတယ်။ အဲဒီတော့ကျနော်ပြောချင်တာကတော့ ယုံကြည်ချက်က စူးစူးနစ်နစ်ယုံကြည်ဘို့ လိုပါ တယ်၊ အဲဒီစူးစူးနစ်နစ်ယုံကြည်လို့ရှိရင် ဘယ်ဟာမဆိုပါ
အထူးသဖြင့်တော့ ကောင်းတာကို ယုံကြည်ရင်ကောင်းတာပေါ့လေ။
ယုံကြည်တာကိုဆုံးခမ်းတိုင်အောင် လုပ်မယ်ဆိုရင်တော့ အဲဒီယုံကြည်ချက်ကပြည့်လဲ ပြည့်ဝမယ် လောကအတွက်လဲ အကျိုးရှိမယ်။
ကျနော်က နည်းနည်းကြီးလာတော့ အဲဒီလိုယုံကြည်တယ်။ လက်တွေ့ရင်ဆိုင်ရတော့လဲ အဲဒီယုံကြည်ချက်ကပဲ ကိုယ့်ကိုယ်ကိုပြဌာန်းတယ် ကိုယ့်ကိုယ်ကိုလမ်းမတိမ်းစောင်းရ အောင်၊ နောက်ပြီးတော့ အခက်အခဲတွေလဲ ရင်ဆိုင်နိုင်အောင် အဲဒါကိုယုံကြည်ချက်က ပဲ ကျနော်တို့ထိန်းကျောင်းပေးရတာ။
အဲဒီတော့ ကျနော်ဆိုရင် အထူးသဖြင့်ယုံကြည်တာ ပေါ့လေ ကာတွန်းနဲ့ပတ်သက်လို့ ယုံကြည်တာပေါ့လေ အဲဒီကာတွန်းနဲ့ပတ်သက်လို့ယုံကြည်တယ်ဆိုတာက ကာတွန်းရုပ် ကိုဘယ်လိုယုံသလဲဆိုတော့ ကာတွန်းမှာကတော့ ကာတွန်းပညာတွေအတော်အတန်ရှိတာပေါ့ဗျာ။
အဲဒီတော့ ကျနော်က ဒီ ပြည်သူတွေအတွက် ငါ ကာတွန်းလေးနဲ့လူတွေ အတွက်ကို
ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ ကိုယ်တတ်တဲ့ကာတွန်းပညာနဲ့ ကူညီနိုင်မယ် ဆိုတဲ့
ယုံကြည်ချက်တော့ရှိတာပေါ့ သို့သော်အဲဒီမှာ တခါ ပုံဆွဲတဲ့ပညာက အားနည်းပြီးနေ
ရင်လဲ ကိုယ့်ယုံကြည်ချက်ကို ပြည်သူတွေအပေါ်ကို ကိုယ်က ကာတွန်းက မပို့
ဆောင်နိုင်ဘူး။
အဲဒီတော့ ကာတွန်းတွေပုံတွေကောင်းလာအောင်ဆို ပုံဆွဲတဲ့အတတ် ပညာကိုလေ့လာ
တယ်။
တခါ ကာတွန်းရေးမယ်ဆိုရင်လဲ ကိုယ့်မှာက အခြေခံဗဟုသုတ ရှိဦးမှ ကျနော်တို့ တက္ကသိုလ်တွေဘာတွေတက်ခဲ့တယ်ဆိုပေမယ့် ဒါဟာတက္ကသိုလ်ပညာရေးပဲရတာ
နည်းနည်းတပိုင်းတစပဲလေ။ ဟိုတကယ်ပြည့်စုံတဲ့ အသိတရားမှမဟုတ်တာ။
အဲဒီတော့ ကျနော်တို့အမြဲတမ်း ဒီ ကျနော်စာတွေဝတ္ထုတွေ ဖတ်ရင်ကာတွန်းအတွက်ပဲ
ဖတ်တယ် ပန်းချီပညာစာအုပ်တွေဖတ်ရင်လဲ ကာတွန်းအ တွက်ပဲ ကွန်ပျူတာကိုလေ့လာ
ရင်လဲ ကာတွန်းအတွက်ပဲ။
အဲဒီလိုအင်္ဂလိပ်စာပေါ့လေ အဲဒီလို Language ဆိုရင်လဲကာတွန်းပိုပြီးဖန်တီးနိုင် အောင်။
ပင်ကိုယ်အားဖြင့်အင်္ဂလိပ် စာဒီလောက်မတော်ပါဘူး သို့သော် အဲဒီတော့ ကျနော်အင်္ဂလိပ်စာ
ကို ကြိုးစားတယ်။ အဲဒီလိုယုံကြည်ချက်ကိုအကောင်အထည်ဖေါ်တဲ့အခါမှာ တော့ အဲဒီဇွဲလည်း
ရှိဘို့လိုတယ် အပင်ပမ်းခံဘို့လည်းလိုတယ် နောက် လုပ်ရင်းလုပ် ရင်းနဲ့ တွေ့လာပါလိမ့်မယ်။
တကယ့်အသေးစိပ် အဲဒီပေါ်မှာ ကာတွန်းပေါ်မှာတခါ အသေးတွေ ထပ်ထပ်ထပ်ထပ်
စိပ်လိုက်တော့မှ။
ကိုယ်ယုံကြည်တာတွေအများကြီးကို ကျနော်တို့ရဲ့ဘဝတိုတိုလေးအတွင်းမှာ အကောင် အထည်ဖေါ်ဘို့မလွယ်ဘူးလေ အဲဒီတော့ ကျနော်တို့က ယုံကြည်တာတွေကို ကိုယုံကြည်တာ
ကိုမှ ကိုယ်နိုင်သရွေ့ Focus ကိုပြန်ပြီးကျင့်ယူရပါတယ်။
ကျင့်ယူပြီးတော့မှ တွေ့သမျှဟာကို ကိုယ့်ယုံကြည်ချက်ကိုထောက်ပံ့ပေးနိုင်မယ့် လေ့လာမှုတွေ အပင်ပမ်းခံမှုတွေ ဇွဲတွေ စိတ်စေတနာတွေ အနစ်နာခံမှုတွေ ကျနော်တို့ ပေါင်းစပ်ရပါတယ်။
အဲဒီတော့မှပဲ ကျနော်တို့ယုံကြည်ရာကို ရောက်ပါလိမ့်မယ်။ အဲဒီလိုယုံကြည်ရာကို စွဲစွဲမြဲမြဲလုပ်လို့ ကျနော့အနေနဲ့ကတော့ စီးပွါးရေးအရ,ရော ဘဝ နေထိုင်မှုအရ,ရော အဆင်မပြေတာမရှိပါဘူး။
အဲဒီယုံကြည်မှုကို စွဲစွဲမြဲမြဲလုပ်မယ်ဆိုရင် ကျနော်တို့ အထူးသဖြင့် လူငယ်တွေပေါ့ ကိုယ်ယုံကြည်
တာတွေကို Focus ထားပြီးလုပ် မယ်ဆိုရင်တော့ အောင်မြင်တဲ့ကာတွန်းဆရာတွေ ဖြစ်မယ်။
ကွန်ပျူတာပညာရှင်နဲ့ စီးပွါးရေးပညာရှင်တွေလဲဖြစ်မယ်။ ဘာပဲလုပ်လုပ်လေ နော် အဲဒီလိုအောင်မြင်တဲ့လူဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
VOA ဗမာပိုင်းအစီစဉ်ကနေ ကာတွန်းဆရာ အော်ပီကျယ် ပြောသွားတာတွေကို နား ထောင်ပြီးပြန်ရေးထားတာပါ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်


တော်လှန်ရေးလား? တန်ပြန်လား?

အပိုင်း(၉)
မန်းR,ဘဇန်

သူငယ်ချင်း
တို့အမျိုးသားတွေဟာ
ဆယ်စုနှစ် လေးခုအတွင်း
ဘယ်လောက်စွန့်လွှတ်ပေးဆပ်ခဲ့ရ,တယ်ဆိုတာ
မင်းသိပါတယ်။

တို့ဘိုးဘွားတွေ
အမွေပေးခဲ့တဲ့ ကျွန်းသစ်နဲ့
ဓါတ်သတ္တုတွေ
ဘယ်လိုဖြစ်ကုန်ပြီလဲ?

တော်လှန်သူတို့အတွက်
ဆေးဝါးဖြစ်မလာပဲ
ရိက္ခာဖြစ်မလာပဲ
လက်နက်တွေဖြစ်မလာပဲ
တိုက်တာအိုးအိမ်တွေ
ရွှေငွေတွေ
စာရင်းမပြုစုရဲတော့တဲ့ငွေမဲတွေ
ဖြစ်ကုန်တယ်မဟုတ်လား?
တို့အမျိုးသားတွေဟာ
တောင်ယာခုတ်လို့ရတဲ့
သူတို့ဝမ်းစာထဲက
တို့ကို
ထမင်းကျွေးတယ်
ကြက်တွေကျွေးတယ်
ဝက်တွေကျွေးတယ်။

တို့နဲ့အတူ
ရှေ့တန်းသွားတယ်
တို့ရဲဘော်တွေလို
ကျည်သင့်ပြီးကျဆုံးတယ်။

သူတို့ခမျာ
တဲစုတ်ဘဝနဲ့
ငါးပိပြုတ်ဘဝနဲ့
အစုတ်ပလုတ်ဘဝနဲ့
လူ့သက်တန်းကို
ကုန်ဆုံးခဲ့ကြရ,တယ်ဆိုတာ
မင်းသိပါတယ်ကွာ။

သူငယ်ချင်း
ငါလည်းခွင့်ရ,လို့
အိမ်ပြန်ရောက်တော့
ငါ့အိမ်ဟာ
ကြွက်သိုက်လောက်တောင်
မလုံခြုံဘူး။

အမိုးပေါက်ပြဲ
အကာတွေကွဲလို့။

တော်လှန်ရေးပါရမီဖြည့်ဘက်
ချစ်သက်ဇနီးဟာ
တဝက်အပြုံးနဲ့
ငါ့ကိုကြိုနေတယ်။

ချစ်ရတဲ့သမီးလေး
ဘယ်မှာလဲလို့မေးတော့
အိပ်ယာထဲမှာ…..တဲ့။

အိုး…….ကိုယ်တွေပူလို့ပါလား?
ငှက်ဖျားတက်နေတယ်
ဆေးမရှိ
အဟာရနတ္ထိ။

မောမောနဲ့ပြန်လာတဲ့
ချစ်လင်အတွက်
ငြုပ်သီးမပါ
ဗလာငါးပိနဲ့
ခူးခပ်လို့
အမရာဒေဝီ
မဒ္ဒီသမ္ဘူလလို
ကျွေးမွေးပြုစုရှာတယ်။

ရှေ့တန်းနဲ့ ငါ့အိမ်
အကြိမ်ကြိမ်ခွဲခြားပေမယ့်
မထူးတဲ့အဖြေ
အခြေအနေပါလား?

မန်းR,ဘဇန်
တော်လှန်ရေးလား? တန်ပြန်လား?

ဆက်လက်ဖေါ်ပြပါဦးမည်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, November 15, 2009

မှတ်တမ်းမှတ်ရာ

ကရင်အမျိုးသား အနုပညာရှင် ဒါရိုက်တာ ယဉ်လှ



လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျုပ် လေရူးသုန်သုန်ဆိုတဲ့ဝတ္ထု တပိုင်းတစ,ကို ပေဖူးလွှာမဂ္ဂဇင်း
ထဲကနေ ကူးပြီးတင်ထားလိုက်တယ်။ တချိန်တခါတုန်းက အဲဒီဇာတ်ကားကို ရိုက်ခဲ့တဲ့ဒါရိုက်တာ
ဟာ ဘယ်သူများဖြစ်မလဲဆိုပြီး လိုက်မေးလိုက်တာ အလိုလေးလေး ကရင်အမျိုးသားဖြစ်နေတယ်ဗျို့။
အဲဒီရုပ်ရှင်ကားက အတော်ကြာခဲ့ပြီဆိုတော့ သရုပ်ဆောင်တွေရဲ့ နာမည်ကိုတောင် တိတိကျကျမမှတ်မိကြတော့ဘူး။ ဒါရိုက်တာယဉ်လှရဲ့ လက်ရာပေါ့ဗျာ။ ဒါရိုက်တာ ယဉ်လှရဲ့
မွေးရပ်မြေကတော့ ကော့ကရိတ်မြို့နယ် ငါးတိုင်(ရေပူ)ရွာလို့ဆိုပါတယ်။
ကျုံဒိုးနဲ့ကေါ့ကရိတ်ကြားထဲက နွားခြံကုန်းအလွန်က ရွာလို့ပြောပါတယ်။
ကျုပ်သူ့ကိုတခါမှ မတွေ့ဘူးပေမယ့် သူတော်လှန်ရေးနယ်မြေကို ရောက်လာတော့
စစ်ကားတကားကို ပြောင်မြောက်စွာရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားနာမည်က ကရင့်သွေး ဆိုတဲ့တော်လှန်ရေးစစ်ကားဖြစ်ပါတယ်။ ရှောင်လိုလည်းပြောတယ်။ ဖလုံလိုလည်းပြောတယ်။ ဗမာလိုလည်းပြောတယ်။ ကရင်ပြည်နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ မဆလစစ်တပ်နဲ့ကရင့်တော်လှန်ရေးတပ်သားတွေကြားဖြစ်တဲ့စစ်ပွဲ အကြောင်း လူ့အခွင့်အရေး
ချိုးဖေါက်ခံရတဲ့ ကရင်ပြည်သူတွေအကြောင်း ကျောရိုးခံထားတာဖြစ်တဲ့အပြင် မိခင်နဲ့ဖခင်တို့
သားအပေါ်ထားတဲ့ ရည်ရွယ်ချက်တွေမတူပုံ ချစ်သူရည်းစားနဲ့ခွဲနေရတဲ့ စစ်သားတယောက်ရဲ့
ခံစားချက် အကြမ်းအလွမ်းအသော တွေကိုထောင့်စေ့အောင် တင်ပြထားတာမို့ အဲဒီဇာတ်ကားဟာ ရုံလျှံထွက်သွားတာချည်းပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကြတဲ့သူတွေက အတွေ့အကြုံမရှိတော့ သေနတ်နဲ့အပစ်ခံရတဲ့လူဟာ မင်အနီထည့်ထားတဲ့ပလပ်စတစ် အိပ်ကို တော်ရုံနဲ့ကွဲအောင်
မဖိနိုင်တာကလွဲရင် အားလုံးပြောစရာမရှိပါပဲ။
အားနည်းချက်တခုကတော့ အဲဒီလက်နက်ကြီးပစ်တဲ့အခါမှာ ကျည်ကိုပြောင်းပြန်ထည့် တဲ့ အခန်းတခန်းပါသွားတာတခုပါပဲ။ကျုပ်အထင်တော့ ပထမဆုံးကရင်ဗွီဒီယို ခွေကို ထုတ်လုပ်
ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာယဉ်လှပဲဖြစ်မယ်လို့ထင်ပါတယ်။ ၁၉၈၀ခု ဆိုတော့
ဘယ်ကရင်ဒါရိုက်တာမှ ထိထိရောက်ရောက် ရိုက်နိုင်မှာမဟုတ်သေးပါဘူး။
ဒီလိုနဲ့ကျုပ်လည်း တာဝန်တခုနဲ့ တပ်မဟာ(၆)နယ်ဘက်ရောက်သွားတော့ အလည်စခန်းမှာ
ဒါရိုက်တာယဉ်လှရဲ့ ခြံနဲ့လူမရှိတော့တဲ့အိမ်ကိုရောက်သွားပါတယ်။ သူကွယ်လွန်သွားတာ တနှစ်လောက်ပဲရှိသေးတယ်လို့ ဒေသခံလူတွေက ကျုပ်ကိုပြောပြကြပါတယ်။ သူ့ခြံလေးဟာ ယော့ကဒေါ(ယွာ.ခေါဟ်ဍံင်) ကနေ တောင်ဘက်ကိုသွားတဲ့အခါ သပြု(တ်ုပြုဂ်)နဲ့ခဲမိုင်းဘက်ကိုသွားတဲ့ကြားမှာရှိတဲ့ အတွက်အလည်စခန်းလို့ခေါ်ပါတယ်။
အုန်းပင်၊ သရက်ပင်၊သံပုရာပင်၊ မာလကာပင်၊ ပိန္နဲပင် ကင်ပွန်းပင်တွေကို သူ့အတန်းနဲ့သူ
စိုက်ထားတဲ့အတွက် အနုပညာသမားတယောက်ရဲ့ စိတ်ကူးစိတ်သန်းကို ခန့်မှန်းလို့ရနိုင်ပါတယ်။ ပြုပြင်မယ့်သူမရှိတဲ့ခြံလေး၊သခင်မဲ့နေတဲ့ခြံလေးဟာ ကြောင်ခြစ်ပင်တွေ တောချဉ်ပေါင်တွေ
ဖုံးနေပါတယ်။
သူမရှိတော့ပေမယ့် သူစိုက်ခဲ့တဲ့သံပုရာပင်က သံပုရာသီးကိုကောက်ပြီး ကျုပ် ပျားရည်နဲ့
သောက်ခဲ့ပါတယ်။ အဲဒီလိုပဲ သူဟာကျုပ်တို့ကရင့်တော်လှန်ရေးအတွက် အင်မတန်ပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတင်ပြပေးခဲ့ပါတယ်။ အဲဒီတော့ သူဟာ သူ့အမျိုးသားအပေါ်တာဝန်ကျေခဲ့တဲ့ မဟာ အနုပညာရှင်တယောက်ဖြစ်တဲ့ အတွက် ကရင်အမျိုးသားဒါရိုက်တာယဉ်လှကို ပါမွှားလေးကျုပ်က အကြိမ်ကြိမ်အခါခါ ဦးတိုက်
ဂါရဝပြုလိုက်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အထူးမေတ္တာရပ်ခံလိုတာကတော့ အကယ်၍များ ဒါရိုက်တာယဉ်လှရဲ့ အကြောင်းကို
ဒီထက်ပိုသိတဲ့ သူများရှိမယ်ဆိုရင် ဆက်လက်ဖေါ်ပြပေးစေချင်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မှတ်တမ်းမှတ်ရာ

ကရင်တိုင်းသိသင့်တယ်


အခုလို ခေါင်းစဉ်တပ်ပြီးရေးလိုက်တော့ လူတတ်ကြီးလို့ပြောကြမလားပဲ။ ကျုပ်လူတတ်တယောက်မဟုတ်တာတော့သေခြာတယ်။ ဘာကြောင့်လဲဆိုရင် ကျုပ်အခုရေးပြမှာတွေက ကျုပ်ကိုယ်တိုင်သိတာမဟုတ်ဘူးဗျို့။ ကျုပ်ကိုသူငယ်ချင်းတယောက်က ပြောပြထားတာ။ သူပြောတာက အခုခေတ်က,တဲ့ ဘွဲ့ရ,မှပညာတတ်လို့အသိအမှတ်ပြုတာဆိုတော့တဲ့ ဘွဲ့မရ,တဲ့လူတယောက်အနေနဲ့ ပြောတာဆိုတာမှန်သမျှကို လက်ခံတတ်တာမဟုတ်ဘူး ဆိုတော့ သိသင့်တာလေးတွေ သိသွားအောင် ခင်ဗျားစာရေးပါဆိုလို့ပြောတော့ ကျုပ်ကလည်း ကျုပ်က အတန်းပညာ မတတ်ပဲ ဘုန်းကြီးကျောင်းမှာ ကိုရင်အဖြစ်တနှစ်သာသာလောက်ပဲ နေဘူးတာဆိုတော့ ကျုပ်ရေးတဲ့ အရေးအသားကိုကေါ ခုခေတ်လူငယ်တွေက ဖတ်မှဖတ်ပါ့မလားဆိုပြီး မေးတော့ သူက အဲဒါကတော့ ကံတရားပေါ့ဗျာတဲ့၊ သိသင့်သိထိုက်တာလေးတွေ ဘွဲ့ရ မှပြောမယ်ဆိုရင် ကျုပ်တို့မျိုးဆက်သစ်ကရင်လူငယ်တွေ
ကရင်ဖြစ်ရတာ သူတို့ကိုယ်သူတို့ ဂုဏ်ယူရကောင်းမှန်းမသိမှာစိုးလို့ပါ ဆိုပြီး ကျုပ်ကိုရေးခိုင်းတာနဲ့ ကျုပ်ရေးလိုက်ရတာပါ။ အခုရေးသားတင်ပြချက်တွေဟာ ကရင်နဲ့ဗမာကြားစိတ်ဝမ်းကွဲ အောင်ဆိုတဲ့ စေတနာနဲ့ရေးသားခြင်းမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေအဆက်ဆက် သမိုင်းဖြစ်ရပ်မှန်နဲ့ပတ်သက်လို့ ဘယ်လိုဖျောက်ဖျက်တယ်ဆိုတာကို သိလာတာနဲ့အမျှ နောက်နောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ စဉ်းစားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ်။
အဲဒီတော့ဗျာ ဘိုးခဲဝါမြို့ကနေစ,လိုက်ကြရအောင်

ဘိုးခဲဝါဆိုတာ ကရင်လူမျိုးဖြစ်ပါတယ်။ သူ့ကိုပိုးကရင်လို ဖူခိုင်းဘွါးလို့ခေါ်ပါတယ်။ ဖူးခိုင်းဘွါးတည်ထောင်ခဲ့တဲ့အတွက် ဖူခိုင်းဘွါးလို့ခေါ်ရာကနေ ဘိုးခဲဝါဆိုတာဖြစ်လာတော့ ဗမာတွေပဲတည်ထားသလိုလိုပေါ့ဗျာ။ ပိုးကရင်လို ခိုင်းဆိုတာက ဗမာလို ဒရယ် ဘွါးဆိုတာက
အဖြူရောင်။ တခါပန်းတနော်ဆိုတာကိုသွားကြစို့။ ပိုးကရင်လို ပိုင်းတနောင်လို့ခေါ်တယ်ဗျ။
ပိုးကရင်လို တနောင်ဆိုတာက ဗမာလိုခြင်ထောင်။ အရင်တုန်းက ခြင်တွေများသလား
မများဘူးလားဆိုတာ ညဘက်နွားတွေအိပ်တဲ့ နွားတင်းကုပ် မှာခြင်ထောင်ထောင်ပေးရတယ်။
အဲဒီတော့ဗျာ ပန်းတနော်ဆိုတော့။ နောက်တခုဆက်သွားကြမယ်။ အခုဗမာလိုရွှေဒါးကုန်းလို့
ခေါ်တဲ့နေရာဟာ တချိန်တုန်းက စောဖေသာကုန်းလို့ခေါ်တယ်တဲ့။ စောဖေသာဆိုတာက ကျုပ်တို့ ကရင့်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်။
စောဘဦးကြီးလိုပဲ အင်္ဂလိပ်အမျိုးသမီးနဲ့ အိမ်ထောင်ကျတယ်။
၁၉၄၂ခုနှစ် ကရင်ဗမာအဓိကရုဏ်း ဖြစ်တော့ သူတို့မိသားစုအားလုံးတယောက်မကျန်ကို
ဗမာတွေ က ရေတွင်းထဲပစ်ချလိုက်တယ်တဲ့။ ကရင်နဲ့ဗမာအဓိကရုဏ်းဖြစ်ရတာက အချို့သော ဗမာတွေအပြောအရကတော့ အမြင်ကျဉ်းတဲ့ ဗမာသခင်အချို့ကြောင့်လို့ပြောသလို
အခြားအမြင်ကတော့ ကရင်တွေဟာ အင်္ဂလိပ်နဲ့လက်တွဲတဲ့အတွက် ဗမာ့ထီးနန်းတွေ
ဆုံးရှုံးရတယ်။ ဗမာဘုရင်ပါတော်မူရတယ်။ အဲဒီတော့ ကရင်တွေကိုဘာညာပေါ့ဗျာ။ နောက်တခုပြောပြသေးတယ် အခုခေါ်နေတဲ့ရေတွင်းရေကန်ဆိုတာ တချိန်တုန်းက
မန်းစောပုကုန်းတဲ့ဗျ။
အဲဒီမြေဧရိယာဟာ ၄၅ဧကကျယ်တယ်ဆိုပဲ။ အဲဒီမြေကို ဖူမန်းနက်က လှူတာတဲ့ဗျာ။
ဖူမန်းလေးပေါ်က ဆေးရုံတရုံ၊ မန်းစောပုအတွက် အိမ်တဆောင်၊ စာသင်ကျောင်းတကျောင်း၊ ဘော်ဒါဆောင်နှစ်ဆောင်ဆောက်ပေး သတဲ့။ အမျိုးသမီးဘော်ဒါဆောင်နဲ့အမျိုးသား
ဘော်ဒါဆောင်ဖြစ်ပါတယ်။
KSO စာစောင်ထဲမှာတော့ ဖူမန်းလေးပေါ်ကို ဖူလွန်းပေါ်လို့ရေးထားပါတယ်။
အခုအောင်သုခရပ်ကွက်ဆိုတာ တချိန်တုန်းကမန်းထွန်းယုံကွက်သစ်လို့ခေါ်ပါတယ်။ လာရှိုးဘက်ကိုသွားတော့တဲ့ အခုဂုတ်ထိပ်တံတားဖွင့်ပွဲမှာ ရထားစက်ခေါင်းနဲ့ ခုတ်မောင်းခိုင်းတော့ ရထားစက်ခေါင်းသင်တန်းဆင်းတွေတယောက်မှ မကူးရဲကြဘူးတဲ့။ အဲဒါကရင်အမျိုးသားဖူရှမ်းကြီးက သူကူးမယ်ဆိုပြီးလက်မှတ်ထိုးကူးပြီးတံတားဖွင့်ပေးလိုက်တယ်ဆိုပဲ။
ဆိုလိုတာကတော့ ပထမဆုံး ဂုတ်ထိပ်တံတားကို ရထားနဲ့ခုတ်မောင်း ခဲ့သူဟာ ကရင်အမျိုးသား
ဖြစ်တယ်ဆိုတာ နောင်လာနောင်သားတွေ သိစေချင်တာဖြစ် ပါတယ်။
ဖူရှမ်းကြီးရဲ့မျိုးဆက်ကတော့ သူ့သားနာမည်က မန်းပန်းဖြစ်ပြီး သူ့မြေးအမည်ကတော့ ဒေါက်တာချယ်ရီပန်းဖြစ်ပါတယ်။ ဒေါက်တာချယ်ရီပန်းဟာ ဆရာဝန်တဦးဖြစ် ပြီးသူ့ခင်ပွန်းသည်
ကတော့ ဗိုလ်ကြီးချစ်ဌေးခိုင်ဖြစ်ပါတယ်တဲ့။
ဗိုလ်ကြီးချစ်ဌေးခိုင်ဆိုတာကတော့ ဗမာ့အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့
အတူ ကျဆုံးသွားတဲ့ ကရင့်အမျိုးသားအာဇာနည်မန်းဘခိုင်ရဲ့သားဖြစ်ပါတယ်တဲ့။
အဲလစ်ဇဘက်ဘုရင်မ နန်းတက်ဘိသိက်ခံတဲ့အချိန်တုန်းက စစ်ရေးပြအခန်းအနားမှာ
ဂုဏ်ပြုတပ်ဖွဲ့ကို အမိန့်ပေးဘို့အသံကိုရွေးတော့ မန်းဖိုးဝေဟာ အသံဩဇာကောင်းတဲ့အတွက်
အရွေးခံရပြီး စစ်ရေးပြအခန်းအနားမှာ အမိန့်ပေးခဲ့ရသတဲ့ဗျား။
အဲလစ်ဇဘက်တွေက များလွန်းတော့ လန်ဒန်မှာလုပ်တဲ့စစ်ရေးပြအခန်းအနားက ချားလ်စ် မင်းသားရဲ့
အမေ အဲလစ်ဇဘက်ဖြစ်ပါတယ်တဲ့ဗျား။
ပြောပြတဲ့လူက အင်္ဂလိပ် ခေတ်က ခြောက်တန်းကျောင်းသား၊ ပြန်ရေးပြတဲ့ကျုပ်က
ဘာအတန်းပညာမှမရှိတဲ့ ဘုန်းကြီးကျောင်းပညာမစို့မပို့လေးဆိုတော့ ဘွဲ့ရတဲ့လူငယ်တွေအတွက်
ရယ်(ရီ)စရာ ဖြစ်နေမယ်ဆိုရင်ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။
ဒါပေမယ့်ဟုတ်တယ်မဟုတ်ဘူး မှန်တယ်မမှန်ဘူးဆိုတာကိုတော့ ပညာတတ်များပီပီ
လေ့လာပါ ဆက်လက်ပြီး ရှာဖွေကြပါလို့ ပြောရင်းနိဂုဏ်းချုပ်လိုက်ပါတယ်။
တခုတော့ရှိတာပေါ့ ခင်ဗျားတို့တတွေ နအဖခေတ်မှာ ရေးထားတဲ့သမိုင်းတခုတည်းကိုသာ
လေ့လာပြီး အတည်ပြုကြမယ်ဆိုရင်တော့။
အားလုံးကျန်းမာ၍ ချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, November 6, 2009

လေရုးသုန်သုန်

လေရူးသုန်သုန်

Written by သစ္စာနီ

GONE WITH THE WIND (လေရူးသုန်သုန်) ၀တ္ထုရှည်သည် မြန်မာပြည်တွင် အင်မတန် ထင်ရှားကာ လူသိများသည့် ရုပ်ရှင်ကား ဖြစ်သည်။ ဆရာမြသန်းတင့်၏ မြန်မာပြန်လက်ရာ များအနက် “စစ်နှင့် ငြိမ်းချမ်းရေး” ပြီးလျှင် အကောင်းဆုံး စာအုပ်ဟု ယူဆကြသည်။ ကြိုက်နှစ်သက်သူ အများစုမှာ
မိန်းကလေးများဖြစ်သည်။
မူရင်းဝတ္ထုရေးသူ စာရေးဆရာ မားဂရက်မစ်ချယ် (၁၉၀၀-၄၉)သည် ဤစာအုပ် တစ်အုပ်သာ
ရေးကာ ကမ္ဘာ ကျော်ခဲ့သည်။ ဤစာအုပ်ကို ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေ စဉ်က အမေရိကန် တစ်နိုင်ငံတည်းမှာပင် စောင်ရေ ၈ သန်းကျော် ရောင်းချ ခဲ့ရ၏။ လူကြိုက်များသော
ရောင်းစွံသော စာအုပ်ဟု လက်ခံကြသော်လည်း စာပေအရာ မြောက်မမြောက်ကိုမူ
အငြင်းပွားမှု ရှိခဲ့သည်။ ဥပမာ နတ်နွယ်၏ ကမ္ဘာကျော် စာအုပ်တစ်ရာ စာရင်း ဤ၀တ္ထုမပါ။
တက်တိုး၏ ဘ၀နှင့်စာပေ နိုင်ငံတကာ ၀တ္ထုရှည်ကြီးများ စာအုပ်တွင်လည်း မပါ။
ဘရွန်တီ ညီအစ်မ၏ စာအုပ်တွေသာ ပါခဲ့၏။

သို့သော် ကမ္ဘာကျော် ဂန္ထ၀င် ၀တ္ထုကြီးများကို ရိုက်ကူးသည့် ရုပ်ရှင်ကားတိုင်းမှာ ဂန္တ၀င်ရုပ်ရှင်
ဖြစ်ခဲ့ကြသည် မဟုတ်ပေ။ တချို့မှာ မထင်မရှားပင် တိမ်မြှုပ် သွားခဲ့တာတွေ ရှိ၏။
ဤ၀တ္ထုကို ရိုက်သည် Gone With the wind ရုပ်ရှင်သည်ကား ဂန္ထ၀င် ရုပ်ရှင်ကား တစ်ကား
ဖြစ်ခဲ့လေသည်။ မူရင်း ၀တ္ထု၏ အမည်မှာ Story of the old south ဖြစ်၏။ ဤရုပ်ရှင်မှာ
ဇာတ်ကောင်တွေ များပြား၊ ဇာတ်ကား ရှည်လျားသလောက် ဗီစီဒီလေးချပ် ကြည့်ရသည်။
ခမ်းနားကြီးကျယ် လှ၏။ ဆက်တင် အခမ်းအနား ဓာတ်ပုံ အလင်းအမှောင် အယူအဆမှ အစ ကောင်းမွန်ပြောင်မြောက် လှသည်။

အက်တလန်တာမြို့ကြီး မီးလောင်ပုံကို ရိုက်ကူးပြရာ၌ ကြည့်ရသူတိုင်း အံ့သြ ချီးမွန်းရသည်။
ဒါကြောင့် မင်းသမီး ဗီဗီယမ်လေ့ခ်ျ အပါအ၀င် အော်စကာဆုတွေ ဆွတ်ခူးနိုင်ခဲ့သည်။
M.G.M ရုပ်ရှင်က ထုတ်လုပ်၍ ဒါရိုက်တာမှာ ဗစ်တာဖလီးမင်း (Victor Fleming) ဖြစ်သည်။
လွန်ခဲ့သော အနှစ် ၅၀ကျော်က ရုပ်ရှင် ကားဖြစ်သည်။
_ _ _
အမေရိကန်တောင်ပိုင်း ဂျော်ဂျီ ယာပြည်နယ်ဖြစ်သည်။ ၀ါစိုက်ခင်းများတွင် လူမည်း
ကျေးကျွန်များကို စေခိုင်းကာ စီးပွား ဖြစ်ထွန်းနေကြသည်။ လင်ကွန်း ခေါင်းဆောင်သော မြောက်ပိုင်းသားတွေနှင့် ကျွေးကျွန် စံနစ် ပပျောက်ရေး အတွက် ထိပ်တိုက်
ရင်ဆိုင်နေရသည်။ မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဂျရတ်အိုဟာရာတွင် ဇနီး အယ်လင်နှင့်
သမီးသုံးယောက် ရှိသည်။ အငယ်ဆုံး သမီးစကားလက် အိုဟာရာမှာ သွက်လက်
ဖျတ်လတ်ကာ စိတ်ကစား တတ်သော အပျိုဖြန်းမလေး ဖြစ်သည်။
သူသည် အိမ်နီးချင်း လူကုံထံ မိသားစု ဂျွန်ဝိက်ခ်၏သား အက်ရှလေကို တစ်ဖက်သတ်ချစ်သည်။
အက်ရှလေ၏ ညီမ အင်ဒီယာက ပျံတံတံ နန့်တန့်တန့် စကား လက်ကို လုံးဝ ကြည့်မရ။
အက်ရှလေမှာ ချစ်သူ ရှိနေသည်။ သူတို့၏ ၀မ်းကွဲ အမျိုးများထဲမှ မာရီလင်း ဟယ်မီတန်နှင့်
မေတ္တာမျှနေ ခြင်းဖြစ်၏။
မာရီလင်း၏ မောင် ချားလ်ဟယ်ဗီတန်ကလည်း စကားလက်ကို အချစ်ကြီး ချစ်နေသည်။
စကားလက်ကို စိတ်ဝင်စားသည့် ကာလသား တွေက အများသား။ သို့သော် စကားလက်က
အက်ရှလေက လွဲ၍မချစ်။

တစ်ရက် အက်ရှလေတို့ အိမ်က ပါတီပွဲတွင် စာကြည့်ခန်းထဲ၌ နှစ်ယောက်တည်း တွေ့ဆုံကာ
စကားလက်က အက်ရှလေကို ချစ်ကြောင်း ဖွင့်ပြောခဲ့၏။ အက်ရှ လေက ငြင်းဆန်တော့
ငိုယို ပေါက်ကွဲသည်။
ထိုစာကြည့်ခန်းထဲတွင် အနား ယူနေသော ရက်ဘတ္တလာက ဤကိစ္စတွေ အားလုံးကို
ကြားသိသွား၏။
စကားလက်က ရှက်ရမ်းရမ်းသည်။
ရက်ဘတ္တလာက တစ်မူထူးသော ကောင်မလေးကို စိတ်ဝင်စား သွား၏။
ရက်ဘတ္တလာ ဆိုသူက မိန်းမ ကျမ်းကျေ နေသော လူပေါ်ကျော့ သူဌေး လေး။
ထိုပါတီပွဲတွင်ပင် မြောက်ပိုင်းနှင့် တိုက်ပွဲဝင်ရန် ဆွေးနွေးကြသည်။

နောက်ရက်တွင် ယောက်ျားတွေက စစ်ထွက်ကြသည်။ ချားလ်ဟယ်မီတန်က စကားလက်ကို
အူယားဖားယား ချစ်ခွင့်ပန်သည်။ သူ့မျက်စိ ရှေ့တွင် အဖြစ်သည်း နေကြသော အက်ရှလေနှင့်
မာရီလင်းကို ကြည့်ကာ မခံချင်စိတ်ဖြင့် စကားလက်က ခေါင်းညိတ်လိုက်၏။
သို့ဖြင့် မရည်ရွယ်ဘဲ စကားလက်သည် ကောက်ကာငင် ကာ အိမ်ထောင်ကျသွား၏။
သူက ချားလ်ကို မချစ်။ ထို့ကြောင့် စစ်မြေပြင်တွင် ချားလ်ကျဆုံး သွားတော့လဲ ၀မ်းနည်းမနေ။
(မလွှဲသာသဖြင့် မုဆိုးမ ၀တ်စုံ အနက်ကိုတော့ ၀တ်ဆင်ထားရ၏) ပါတီပွဲ တစ်ခုတွင်
စစ်မြေပြင်ရန်ပုံငွေအတွက် ကပွဲတစ်ခုထည့်သွင်းရာ ရက်ဘတ္တလာက စကားလက်နှင့် တွဲကရလျှင်
ရွှေဒင်္ဂါး ၁၅၀ ပေးမည်ဟု ကမ်းလှမ်း၏။ ပွဲစီစဉ်သူက ယောက်ျားဖြစ်သူ ဆုံးပြီးစ ဖြစ်သဖြင့်
မဖြစ်နိုင်ကြောင်း ငြင်းဆန်သော်လည်း ကာယကံရှင်စကားလက်က လက်ခံလိုက်သည်။
မုဆိုးမ ၀တ်စုံနှင့်ပင် တက်တက်ကြွကြွ တွဲကလိုက်ရာ ရှေးဆန်သူ မိန်းမကြီး တချို့ မူးမေ့
လဲကျကုန်သည်။
ရက်ဘတ္တလာကတော့ စတွေ့ကတည်းက စကားလက်ကိုရယ်စရာလို သဘောထား၏။
တစ်မျိုးလည်း သဘောကျနေ၏။ ကရင်း မင်းကို ချစ်နေပြီဟု ပြောလိုက်သည်။


ပြည်တွင်းစစ်က ပြင်းထန်လာသည်။ စနစ်တကျ စစ်တပ် မရှိသော တောင်ပိုင်းသားတို့မှာ
အထိနာ လှသည်။ စကားလက် ကိုယ်တိုင်ပင် ဒဏ်ရာ ရသူတွေကို ကူညီပြုစုနေရရာ
အိမ်သို့ပင် မပြန်နိုင်။ အက်တလန်တာမြို့တွင် စွန့်ခွာ ထွက်ပြေး သူက ပြေးကုန်ကြသည်။
ကျီးနှင့် ဖုတ်ဖုတ်သာ ရှိတော့၏။ ကိုယ်ဝန် အရင့်အမာနှင့် အက်ရှလေမိန်းမ မာရီလင်းကို
စကားလက်က ပြုစု စောင့်ရှောက်နေရ၏။
အသည်းအသန် ဗိုက်နာသော်လည်း ဆရာဝန်ကို ခေါ်မရ။ ကိုယ့်ဘာသာ မီးဖွားရသည်။
စစ်လမ်းကြောင်း ကျရောက်နေသော မီးဟုန်းဟုန်းတောက် လောင်နေသော မြို့ထဲမှ
ထွက်ပြေးနိုင်ဖို့ ရက်ဘတ္တလာကို အကူအညီ တောင်းရသည်။ မြင်းလှည်းပေါ်တွင်
မွေးစကလေး မာရီလင်းနှင့် အစေခံ လူမည်းမလေးကို တင်ကာ ဘတ္တလာက လှည်းကို
မောင်း၍ စကားလက်နှင့် အတူလွတ်လမ်းရှာသည်။
ထိုအခန်းမှာ ဤရုပ်ရှင်၏ အကောင်းဆုံး အခန်းဟု ဆိုနိုင်သည်။
မြို့ပြင် လွတ်ရာ ရောက်သောအခါ ဘတ္တလာက စကားလက်ကို ခြောက်လုံးပြူးတစ် လက်ပေးကာ စွန့်ခွာသွားသည်။ သူက လက်နက် ကုန်သည်ဖြစ်ကား မြောက်ပိုင်း စစ်တပ်နှင့် ပေါင်းသင်းနေ၏။ တစ်ကိုယ်တည်း ဆင်းရဲ ဒုက္ခကို ခါးစီးခံကာ စကားလက် မွေးရပ် မြေပြန် ရောက်လာသည်။ လှည်းကိုမိုးထဲရွှံ့ထဲသူကိုယ်တိုင်ဆွဲခဲ့ရ၏။
အက်ရှလေတို့ အိမ်မှာ တစ်စစီ မီးလောင် ပျက်စီးနေပြီ။ အက်ရှလေ အဖေလည်း ဆုံးပြီ။ ဒုက္ခသည် မာရီလင်းနှင့် ကလေးကို သူတို့အိမ် ခေါ်ထားရ၏။ သူတို့အိမ်လည်း သိပ်မထူး။ အမေ အသုဘနှင့်
ဆုံရ၏။
အိမ်က ပေါင်နှံထားရသည်။
Carpetbagger ခေါ် ခေတ်ပျက် သူဌေးတွေ ကောင်းစားနေ၏။
စားရဖို့ သောက်ရဖို့ ညီအစ်မတတွေ ကိုယ်တိုင်ယာထဲ ဆင်းရသည်။
စကားလက်သည် ရင့်ကျက် လာခဲ့သည်။

အိမ်ထဲကို ၀င်ရောက်ကာ စော်ကားဖို့ ကြံသော မြောက်ပိုင်းစစ်သား တစ်ယောက်ကိုပင်
သတ်လိုက်သေး၏။ အလောင်းကို သူနှင့် မာရီလင်း နှစ်ယောက်ပေါင်းကာ ဖျောက်ဖျက်
လိုက်ကြသည်။ စကားလက်၏ အလှတရားမှာ ယင်းအရိပ်ပင်ဖြစ်သည်။
ဗြုံးခနဲ ကြည့်လျှင် စကားလက်သည် စိတ်လှုပ်ရှား လွယ်၏။ ခံစားမှုနောက် လိုက်တတ်၏။
ဆင်ခြင်ဥာဏ် နည်းပါးသလို ပေါ့ပေါ့တန်တန် နေတတ်သလို ထင်ရ၏။
သို့သော် တကယ့် အရေးနှင့် ကြုံသောအခါ စကားလက်သည် လက်တွေ့ အကျဆုံး
ဆုံးဖြတ် လုပ်ကိုင်တတ်၏။ ဘ၀ကို ဒူးထောက် အရှုံးမပေး ကြံ့ကြံ့ခံနိုင်သော သတ္တိရှိ၏။
ရည်းစား လုဘက်ဟု ဆိုနိုင်သော မာရီလင်းကိုပင် စိတ်ရင်းစေတနာ အမှန်ဖြင့်
စောင့်ရှောက်နိုင်၏။

သူတို့အိမ်မှာပဲ စစ်ပြေး ဒုက္ခသည်တွေ၏ နားနေရာ စခန်းလို ဖြစ်နေသည်။
ငတ်မွတ် နေသူတွေကိုလည်း တတ်အားသရွေ့ ကျွေးမွေး စောင့်ရှောက်၏။
သူ့အဖေမှာ မြင်းပေါ်က လိမ့်ကျကာ ဆုံးပါးသွားသည်။ အက်ရှလေက စစ်ထဲပြန်ရောက်လာကာ
သူတို့နှင့် အတူပင်နေ၏။ ငွေရေးကြေးရေး အခက်အခဲကို အကူအညီတောင်းဖို့ အက်တလန်က
မြို့ထဲတွင် ရှိနေသော ဘတ္တလာကို သွားတွေ့ဆုံ စိတ်ကူးသည်။
သို့သော် တင့်တင့်တယ်တယ် အ၀တ်အစား မရှိ။ ထို့ကြောင့် ကတ္တီပါ ခန်းဆီးစကို ဆွဲဖြုတ်ကာ
ဂါဝန်ချုပ် ၀တ်လိုက်သည်။
စကားလက် ဆိုတာက ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်သူ။

အက်တလန်တာမြို့မှာ ပြန်လည် တည်ဆောက်မှု လုပ်ငန်းများဖြင့် အသက် ၀င်နေသည်။
ရက်ဘတ္တလာနှင့် တွေ့ဆုံ စကားပြောရာ၌ အဆင်မပြေ ဖြစ်လာသော အခါ စကားလက်သည် ငယ်ငယ်ကလိုပင် စိတ်မြန်လက်မြန် စိတ်ဖြင့် မြို့ပေါ်တွင် တွေ့ရသော ငွေကြေး တောင့်တင်းသည့်
ကုန်စုံဆိုင်ရှင်ကို ကောက်ကာငင်ကာလက်ထပ်လိုက်ပြန်သည်။
ဒီလူက အရင်ကတည်းက သူ့ကို နှစ်သက် နေခဲ့သူဖြစ်သည်။
အားလုံးကပင် အများ အတွက် စကားလက်က အနစ်နာခံလိုက် ခြင်းဖြစ်ကြောင်း
သဘောပေါက်၏။ အက်ရှလေတို့ လင်မယား သာမက အက်ရှလေ ညီမပါ စကားလက်ဆီမှာ
လာရောက် ခိုလှုံ နေရသည်။ သို့သော် အင်ဒီယာက အရင်တုန်းကလိုပင် စကားလက်ကို
သဘောမကျ။ စကားလက်၏ရင်ထဲမှ အက်ရှလေအပေါ် အချစ်စိတ်ကလည်း မကုန်ဆုံးနိုင်သေး။
သူ၏ ဒုတိယယောက်ျားကွယ်လွန်သွားသောအခါ ပထ ယောက်ျားကွယ်လွန်စဉ်က,ကဲ့သို့ပင်
ထူးထူးခြားခြားဝမ်းနည်းမနေ။

သူသည် အချစ်မပါဘဲ အိမ်ထောင် နှစ်ဆက် ကျခဲ့သည်။
ဒီတော့မှ နှစ်ထပ်ကွမ်းမုဆိုးမ ပူပူနွေးနွေးကို ရက်ဘတ္တလာက, လက်ထပ်ခွင့် တောင်းခဲ့သည်။ ရက်ဘတ္တလာနှင့် လက်ထပ်ပြီးသောအခါ စကားလက် အိမ်ပြောင်းသွား၏။
ကောင်းကောင်း စားသည်။ ကောင်းကောင်း သုံးဖြုန်းသည်။
သမီးလေး တစ်ယောက်ပေါက် ဖွားလာသည်။ ရက်ဘတ္တလာက စကားလက်ထံတွင် အက်ရှလေ၏
ဓါတ်ပုံကိုတွေ့ရသဖြင့် နောက်ကြောင်းသိသူ ပီပီ၊ သင်္ကာမကင်းစိတ် ဖြစ်သည်။ သူတို့၏ လေးနှစ်အရွယ် သမီးလေးမှာ သူ့အဘိုးလိုပင် မြင်းပေါ်က,လိမ့်ကျ၍ကွယ်လွန်ပြန်သည်။
နှစ်ယောက်လုံး ကြေကွဲမဆုံး ဖြစ်ရသည်။ မာရီလင်းလဲ မကြာခင်ကွယ်လွန်သည်။ ပူဆွေးနေသော အက်ရှလေကို စကားလက်က ပွေ့ဖက် နှစ်သိမ့်နေတာ မြင်ပြီး ရက်ဘတ္တလာက အိမ်က ထွက်ခွာသွား လေသည်။
_ _ _
တခြားသူတစ်ယောက်က Gone With the Windကို ဆက်လက် ရေးသားသော ၀တ္ထုထွက်ပေါ်လာ
သော်လည်း အောင်မြင်မှု မရချေ။ ကျွန်တော့် အမြင် ပြောရလျှင် မာဂရက်မစ်ချယ်သည်
တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ၀တ္ထုကို ဖတ်၍ အားကျကာ ဤ၀တ္ထုကို တုပရေး ခဲ့သည်ဟု
ထင်သည်။
တော်စတွိုင်းက ရုရှားပြင်သစ် စစ်ပွဲကို နောက်ခံကား အဖြစ် သုံးခဲ့သလို မားဂရက်မစ်ချယ်က
အမေရိကန် ပြည်တွင်းစစ်ကို နောက်ခံကား အဖြစ် အသုံးပြုခဲ့သည်။ စစ်၏ အနိဋ္ဌာရုံကိုပြဖို့
ကြိုးစားသည်။
အဓိက ဇာတ်ကောင်များမှာလည်း အထက်တန်းစား သူကောင်းမျိုးများ ဖြစ်သည်။
မော်စကိုမြို့ကြီး မီးလောင်ပျက် စီးပုံနှင့် အက်ဂလန်တာမြို့ကြီး မီးလောင်ပျက်စီးပုံပင်တူသည်။ ရက်ဘတ္တလာသည် ပီယာလို ဒဿန သမားဖြစ်သည်။ အက်ရှလေ သည်လည်း မင်းသား
အင်ဒရေလို စစ်ဗိုလ်ဖြစ်သည်။ အတူဆုံလာတော့ နာတာရှာနှင့်စကားလက် ဖြစ်သည်။
ငယ်ရွယ်သည်။ လှပသည်။ ချစ်တမ်းကစားချင်သည်။ စိတ်ကူးယဉ် တတ်သည်။
သွက်လက် ချက်ခြာသည်။ စစ်က သူတို့ဘ၀ကိုပြောင်းလဲပစ်ခဲ့သည်။


သစ္စာနီ

ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, November 3, 2009

အမျိုးသားဒီမိုကရေစီစနစ် ဆိုသည်မှာ

အမျိုးသားဒီမိုကရေစီ ဆိုသည်မှာ
(ဗိုလ်မှူးချစ်ကောင်း)

အမျိုးသားဒီမိုကရေစီတာဝန်များမှာ
နိုင်ငံရေး လွတ်လပ်တည်တံ့ခိုင်မြဲရေး။
တောင်သူလယ်သမားများ၏ အကျိုးစီးပွါးနှင့်ကိုက်ညီသည့်
မြေယာပြုပြင်ရေးလုပ်ငန်းများကို ဆောက်ရွက်ရေး။

ပဒေသရာဇ်စနစ် အကြွင်းအကျန်များကိုသုတ်သင်ရှင်းလင်းရေး။
နယ်ချဲ့စီးပွါးရေးလွှမ်းမိုးမှုကို အရင်းအမြစ်မှပယ်ဖျက်ရေး။
နိုင်ငံခြားလက်ဝါးကြီးအုပ်အရင်းရှင်များကို ကန့်သတ်ချုပ်ချယ်ရေးနှင့်
အမျိုးသားစီးပွါးရေးနယ်ပယ်မှ မောင်းထုတ်ရေး။
တိုင်းရင်းသားစက်မှုလုပ်ငန်း ဖန်တီးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။
တိုင်းသူပြည်သားများ၏ နေထိုင်မှုဘဝအဆင့် မြှင့်တင်ရေး။
လူမှုရေးဘဝတွင် ဒီမိုကရေစီထွန်းကားလာစေရေး။
သီးခြားကင်းလွတ်သော ငြိမ်းချမ်းသည့်နိုင်ငံခြားရေးဝါဒ ခန့်ခွဲရေး။
ဆိုရှယ်လစ်နိုင်ငံများ၊ အခြားမိတ်ဆွေနိုင်ငံများနှင့် စီးပွါးရေးအရ၊
ယဉ်ကျေးမှုအရ ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေး
တို့ ဖြစ်သည်။

ဗိုလ်မှူးချစ်ကောင်း၏ နိုင်ငံရေးအဘိဓာန်စာအုပ်မှ ဖေါ်ပြသည်။

ဒေါနအောင်ပွဲ စာစောင်
1998 May

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၈)
မန်းR,ဘဇန်

သူငယ်ချင်း
မင်း.......
တော်လှန်ရေးသဘာဝလွန်လူသား
ဖြစ်နေတာ
တို့.........
ပြောစရာမရှိ
ဝေဘန်စရာ နတ္ထိ။

တော်လှန်သက်
ဆယ်စုနှစ်
သုံးစုလောက်
မင်း......
ပိုင်ဆိုင်ထားတယ်
အတွေ့အကြုံတွေ
ရ,ထားတယ်
သင်ခန်းစာတွေ
ရ,ထားတယ်။

ဒါပေမယ့်......
မင်း.......
ရှေ့တန်း
တခါမှမထွက်ဘူးဘူး။
မင်း......
ရန်သူတယောက်ကိုမှ
မသတ်ဘူးဘူး။
မင်း......
ရန်သူတယောက်ကိုမှ
အရှင်မဖမ်းဘူးဘူး။
မင်း.......
ရန်သူ့လက်နက်
တလက်မှမရ,ဘူးဘူး။
မင်း.......
သေနတ်မျိုးစုံ
ဘယ်လိုပစ်ရ,တယ်ဆိုတာ
မသိဘူး။
မင်း.......
သေနတ်မျိုးစုံ
မဖြုတ်တတ်ဘူး။

ဒါပေမယ့်......



အိစက်ညက်ညောတဲ့
ဖဲမွှေ့ယာထက်က
တပြည်သူသက်ထားကလျာနဲ့
သားသမီးတွေ
ရ,နေတယ်။

တိုက်တာ၊ အိုး၊ အိမ်
စည်းဇိမ်နဲ့ကား
စိန်၊ရွှေ၊ပတ္တမြားတွေမကျန်
အိုး.....ဟို.......
ဆယ်သက်
စားမကုန်တော့ဘူး။

ဒီနေ့.......
တို့....လျှောက်လှမ်းနေတဲ့
တော်လှန်တဲ့ကမ္ဘာကြီးဟာ
နဝတ ကမ္ဘာနဲ့မတူတဲ့
ဒီမိုကရေစီကမ္ဘာ။

လူမှုအခွင့်အရေးတွေကာကွယ်တဲ့
ကမ္ဘာ။

လွတ်လပ်စွာ......ရေး
လွတ်လပ်စွာ......တွေး
လွတ်လပ်စွာ......ပြော
လွတ်လပ်စွာ.....ရွေးကောက်
လွတ်လပ်စွာ.....ဖြုတ်ချ
အိုး..........
ဒီမိုကရေစီနဲ့ပတ်သက်လို့
လူ့အခွင့်အရေးဆိုကတည်းက
လူ့ဘဝရဲ့လိုအပ်ချက်တွေ
အန,တက္ကမ,
အပြည့်အဝ,အာမ,ခံချက်တွေ
ရှိနေတယ်။

တပါတီအာဏာရှင်တွေ
အချောင်သမားတွေ
အထက်ကိုဖါးသူတွေ
နိုင်ငံရေးအာဏာကိုခုတုံးလုပ်ပြီး
အတ္တရှာနေကြတဲ့
ရေပေါ်ဆီတွေ။

ဒုတိယ မားကို့စ်
ဒုတိယ ချောင်ချင်စကူး
ဒုတိယ နိုတေဝူး
ဒုတိယ ချွန်ဒူးဝှမ်
ဒုတိယ ဆူကာနိုတွေ အဖြစ်
ပြည်သူ့ခုံရုံးမှာ
သစ္စာဖေါက်လို့
ပုဒ်မ,တပ်ပြီး
ကြိုးစင်တက်ခဲ့ကြတဲ့
ပျောက်ကွယ်သွားကြတဲ့
အမျိုးသားသစ္စာဖေါက်တွေကြား
မင်းကို........
လားလားမှ မပါစေချင်ဘူး။

မင်း.......
ဘယ်လိုနည်းနဲ့
တိုက်ဆောက်တယ်။
ဘယ်လိုနည်းနဲ့
ကားဝယ်နိုင်တယ်။
ဘယ်လိုနည်းနဲ့
ရွှေ၊ငွေ၊ပတ္တမြားတွေ
စည်းဇိမ်ဥစ္စာတွေ
ရတနာတွေ
စုနေတယ်ဆိုတာ
မကြာတော့တဲ့
သမိုင်းအကွေ့အလှည့်တခုမှာ
တို့ပြည်သူက
သက်သေထူကြလိမ့်မယ်။

စီးပွါးရေးစစ်တမ်းတွေ
ထုတ်လာလိမ့်မယ်ဆိုတာ
မကြာခင်သိလာမှာပါ။

မန်းR,ဘဇန်
တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၈)ပြီး၏

အပိုင်း(၉)သို့ဆက်လက်ဖတ်ရှုပါရန်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....