+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, June 30, 2011

ငရဲခန်းထဲက ဆုတောင်း


ငရဲခန်းထဲက ဆုတောင်း
(မင်းစိုးစံ)

အဘိုးအဘွားတွေက
ငါတို့တတွေကို
အသေအခြာမှာထားခဲ့တာပါ
အလှမမက်နဲ့ ညစာခက်မယ်ဆိုပဲ။


ခေတ်ကပြောင်းလာတော့
အလှမမက်ပေမယ့် ညစာသာမက
နေ့စာပါခက်ကြလေတော့
ဘ၀တွေပျက်
ညဥ့်ငှက်ဖြစ်သွား
အသွေးအသားကိုရောင်းချမှ
ထမင်းစားရတဲ့အဖြစ်
မြေးတို့ကိုအပြစ်မတင်ပါနဲ့ အဘိုးရယ်။


အခုလေးတင်
အပျိုဖေါ်ဝင်စ,အဘိုးရဲ့မြေးမ,လေး
ပါကင်ဖွင့်တဲ့ငရဲခန်းကိုသွားဘို့
ဖေါ်မပြရဲတဲ့အကြိုဝေဒနာများနဲ့
တ၀မ်းစာစားရ,မယ့်အရေး
မျက်နှာကိုဆေးချယ်သ,
အလှမမက်ပေမယ့်
အလှကို ဖက်တွယ်နေရပြီ။

အဘိုးမတော်လှန်ရဲခဲ့လို့
မြေးတို့တတွေရဲ့အခြေအနေ
ကလေက၀,အတန်းအစားထဲရောက်
အနာဂတ်တွေပျောက်ကြရသလို
အဘိုးမြေးရဲ့ နောက်ပေါက်မြေးတွေ
အနာဂတ်ထွန်းတောက်ရေးအတွက်
အဘိုးရဲ့နေရာကိုရောက်လာမယ့်
ဟောဒီကအဘိုးရဲ့မြေးခမျာ
သွေးဆာနေတဲ့ငရဲခန်းထဲ
အံကြိတ်ကြေကွဲနေရပါတယ်။

ဘာမျှမတတ်နိုင်တဲ့အဖြစ်မို့
ဆို့နစ်နာကျည်းခြင်းကြီးစွာနဲ့
ဆုတောင်းမိတာက
ဗမာစစ်အစိုးရ
အမြစ်ပါမကျန်
မြန်မြန်ကျဆုံးပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ဓါတ်ပုံများကို http://www.google.com/images ကနေရ,ယူထားပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဖျက်ပိုး

Source Photo from http://www.bbcburmese.com/images

ဖျက်ပိုး

ဝေ့ဝိုက်မနေချင်တော့ဘူး
ဓလေ့စရိုက်ချင်း မတူလျှင်တော့ ခွင့်လွတ်..
ဇွတ်တရွတ်ပဲ ကိုင်လိုက်တယ်..

ယဉ်ကျေးတဲ့ စာမျက်နှာတွေပေါ်
မိုက်ရိုင်းပက်စက်ခြင်းတွေနဲ့
စာတွေကိုဖျက်..
ကဗျာတွေကိုဖျက်..
ဘလော့ဂ်ဂါတွေကိုဖျက်..

နောက်ဆုံး......
ဘလောဂ့်ရွာကိုပါဖျက်မည့်သူ

A SHIN THU
ကေ၀်လိက်ဆာ sawdi အခါ့ 5:28 PM
Labels: ကဗျာ
Source from http://etawtaw.blogspot.com/2011/05/blog-post.html

ကဗျာကို ကြိုက်တယ် ဒါကြောင့် ကဗျာနဲ့နှီးနွယ်တယ်လို့ ယူဆမိတဲ့ သတင်းတိုလေးတခု ဖြည့်စွက်ပေးလိုက်ချင်ပါတယ်။
အောက်က အသံဖိုင်လေးကို စိတ်ဝင်စားလျင် နားဆင်ကြည့်နိုင်ပါတယ်။


Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, June 29, 2011

သောင်ရင်းမြစ်ရေ မြင့်တက် အိမ်အချို့ ရေနစ်မြုပ်

သောင်ရင်းမြစ်ကမ်းစပ်နား၊ မြေအနိမ့်ပိုင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်မှုအား မြင်တွေ့ရစဉ်

သောင်ရင်းမြစ်ရေ ရုတ်တရက် မြင့်တက်လာခြင်းကြောင့်

မြစ်ကမ်းစပ် မြေအနိမ့်ပိုင်း နေအိမ်အချို့

ခေါင်မိုးထိ ရေနစ်မြုပ်

Thursday, 30 June 2011



ဇွန်လ ဒုတိယပတ်မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် သောင်ရင်းမြစ်ရေ သိသိသာ သာ မြင့်တက်လာခဲ့ကာ မြ၀တီမြို့ မြစ်ကမ်းစပ် မြေနိမ့်ပိုင်း နေအိမ်အချို့ ခေါင်မိုးအထိ ရေနစ်မြုပ်မှု
ရှိကြောင်းသိရသည်။

မြ၀တီမြို့ အနားသတ်စည်း ကမ်းထိန်း နံရံအား ရေကျော်လာခြင်း မရှိသော်လည်း မြေနိမ့်ပိုင်း ရေထွက်ပေါက်များ မှ ရေ၀င်ရောက်ကာ ရပ်ကွက်အချို့၌လည်း ရေလွှမ်းမိုးလျက်ရှိကြောင်းသိရသည်။

''မနေ့ကထက် ချောင်းရေ တက်လာပါတယ်၊ ရေစွယ်တွေဟာ မြန်မာဘက်ကို အရမ်းထိုးတာ၊ ဒီကမ်းထိန်း နံရံသာ မရှိရင် ကျွန်မတို့ဘက်ကမ်းက အိမ်တွေ ပါသွားမလား မှတ်ရတယ်။ ခုသောင်ရင်းမြစ်ရေဟာ မြစ်ကမ်းစပ်ထိ မရောက်သေးပေမယ့် မြ၀တီမြို့လယ် အချို့နေရာတွေမှာ ရေကြီးနေပါပြီ။ မီးသတ်ရုံးရှေ့ လမ်းဆို ဆိုင်ကယ်တွေ ကားတွေ သွားလာလို့ မရတော့ဘူး၊ မီးသတ်ကားတွေလည်း နေရာရွှေ့ထားရတယ်လို့ သိရတယ်။ မြ၀တီမှာ လှေနဲ့သွားလာခဲ့ရတဲ့ နှစ်တွေ ရှိခဲ့ဖူးပါတယ်''ဟု မြ၀တီမြို့၊ ကျောက်ဖျာဂိတ်အနီး နေသူ တစ်ဦးက ဇွန် ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

မြေနိမ့်ပိုင်း ရေစပ်နားရှိ အိမ်များ အိမ်ခေါင်မိုးထိ ရေနစ်မြုပ်သွားခဲ့ရသော်လည်း သောင်ရင်းမြစ် အနားသပ်စည်း ကမ်းထိန်းနံရံများ နစ်မြုပ်ခြင်း မရှိသေးကြောင်းသိရသည်။

© Eleven Media Group. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဦးရွှေမန်းလည်း မစားသာပါ

တံခါး ဖွင့်ထားတဲ့

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း


Sunday, 26 June 2011

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က အလျဉ်းသင့်၍ ရက်ပိုင်းအတွင်း ကဖြစ်ပျက်ခဲ့သည့် ကချင်ပြည်နယ် အတွင်းအခြေအနေကို တင်ပြလိုကြောင်း၊ တပ်မတော်နှင့် KIA တို့အကြား ပစ်ခတ်မှုများရှိခဲ့၍ နယ်မြေအတွင်း ပြည်သူလူထုသည် ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ခဲ့သကဲ့သို့ နိုင်ငံအတွင်းတွင်လည်း စိုးရိမ်ကြောင့်ကြစရာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးသိန်းဇော်သည် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေ၍ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီး ပစ်ခတ်မှုများ ဆက်လက် မဖြစ်ပွားရေးအတွက် ဆောင်ရွက်နိုင်ခဲ့သဖြင့် မူလအခြေအနေ နီးပါးတည်ငြိမ်အေးချမ်းမှု အနေအထားများသို့ ရောက်ရှိခဲ့ကြောင်း၊ တာဝန်သိသော ပြည်သူတို့အနေဖြင့် လည်းကောင်း၊ တာဝန်ရှိ၍ တာဝန်ကျေသော ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့်လည်းကောင်း မိမိနယ်မြေအတွင်း ထိုသို့လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းများ ပေါ်ပေါက်ရန် အလားအလာများရှိပါက ကြိုတင်ဖြေရှင်းခြင်း၊ ပေါ်ပေါက်လာပါက မဖြစ်မနေပါဝင် ဖြေရှင်းခြင်းများကို ပြည်သူ့ကိုယ်စား လှယ်များက မှန်ကန်စွာဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သူရဦးရွှေမန်းက လွှတ်တော်များက ပြုစုရေးဆွဲပြဋ္ဌာန်းသည့် ဥပဒေများကို အစိုးရအဖွဲ့အကြီးအကဲ သမ္မတက အတည်ပြုပေးရ သကဲ့သို့ ပြဋ္ဌာန်းထုတ်ပြန်ထားသော ဥပဒေများကို ပြည်သူများ၊ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သောလွှတ်တော်များနှင့် ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နှင့်ဒေသ ဦးစီးအဖွဲ့နှင့် အဖွဲ့ဝင်များ အားလုံး၊ ဌာနဆိုင်ရာအားလုံး၊ အသင်းအဖွဲ့များအားလုံး လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မူဖြင့် အုပ်ချုပ်ရသောစနစ်ဖြစ်၍ ဥပဒေပြုပြီးမှသာ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ (No one is above the Law) မည်သူမျှ ဥပဒေအထက်တွင် မရှိရ၊ (No one can stay beyond the Law) ဥပဒေပြင်ပတွင် မည်သူမှ မနေရ ဟူသည့်အတိုင်း ဥပဒေ၏ အောက်တွင်သာ နေကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=9109:2011-06-26-09-01-35&catid=42:2009-11-10-07-36-59&Itemid=112



ဦးရွှေမန်း မိန့်ခွန်းကို ပြန်ကြားရေးက ဆင်ဆာဖြတ်

ဧရာဝတီ
Monday, 27 June 2011

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန်ပြည်သူ့ လွှတ်တော် အဆောက်အအုံ၌ ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းမီဒီယာအားလုံးက ဆင်ဆာ ဖြတ်တောက်ထားကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံးတွင် ကျင်းပသော အစည်းအဝေး၌ သူရ ဦးရွှေမန်းက မိန့်ခွန်းပြောကြားပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခွင့်ရခဲ့သည်။

သူရ ဦးရွှေမန်းက မြန်မာနိုင်ငံသည် အလွန်နိမ့်ကျလျက်ရှိပြီး အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်သော ဆူပူအုံကြွမှုမျိုး မဖြစ်ပေါ်စေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်လျှင် ပြည်သူများပင် နစ်နာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အဆိုပါ ပြောဆိုချက်များကို အစိုးရပိုင် သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်းမပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တဦးက “ဦးရွှေမန်းက တိုင်းပြည် အင်မတန် နိမ့်ကျနေတယ်ဆိုပြီးတော့ ၀န်ခံတယ်။ သူပြောသွားတဲ့အထဲမှာ ဆူပူအုံကြွမှုဖြစ်ရင် ပြည်သူတွေပဲ နစ်နာမယ်လို့လည်းပြောတယ်။ သူဆိုလိုတာက တိုင်းပြည်ဆူပူရင် တပ်က အာဏာပြန်သိမ်းမယ်။ အဲလိုဆိုရင် ပြည်သူပဲ နစ်နာမယ်ပေါ့။ ဒါပေမယ့် အဲဒါတွေက အစိုးရ ရုပ်မြင်သံကြား သတင်းစာထဲမှာ မထည့်တာက အတော်ထူးခြားတယ်” ဟု ပြောသည်။

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းက ပြောသွားသလိုပဲ အရှေ့အလယ်ပိုင်း ဒေသတွေမှာလို လူထုအုံကြွမှုတွေ မဖြစ်အောင် အားလုံး ဝိုင်းဝန်းကြိုးပန်းရမယ်” ဟု သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်များ ဆင်ဆာဖြတ်တောက်ခံရသည်။

သူရ ဦးရွှေမန်း၏ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရပိုင် ရုပ်သံ၊ သတင်းစာ၊ ရေဒီယိုများအားလုံးတွင် သတင်းအဖြစ် ဖော်ပြကြသော်လည်း မိန့်ခွန်းကိုမှု အပြည့်အစုံဖော်ပြခြင်း မပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့သည်မှာ ထူးခြားကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းစာဆရာများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက “သူရ ဦးရွှေမန်း ပြောတာတွေ အကုန်လုံးလည်း သတင်းစာမှာ မပါလာတဲ့အပြင် ဦးရွှေမန်းကလည်း အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမည်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်” ဟု ပြောသည်။


ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက “ပုဂ္ဂလိက သတင်းမီဒီ ယာတွေတင် မဟုတ်ဘူး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလည်း ပြောချင်ရာပြောလို့ မရဘူး၊ စိစစ်ရေးရဲ့ ဆင်ဆာဖြတ်တောက်မှု ခံနေရတယ်ဆိုတာ ထင်ရှားတယ်” ဟု ပြောသည်။

သူရ ဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအထိ တာဝန်ယူခဲ့သည်။

Source News from http://www.irrawaddy.org/bur/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, June 28, 2011

ကချင်ပြည်နယ်မှ ဒေသခံအချို့နှင့် တွေ့ဆုံခြင်း

မြစ်ကြီးနားမြို့တွင်း တစ်နေရာအား ယခုနှစ် နှစ်ဆန်းပိုင်းကတွေ့ရစဉ်

ကချင်ပြည်နယ်မှ ဒေသခံအချို့နှင့် တွေ့ဆုံခြင်း
Monday, 27 June 2011

မငြိမ်းချမ်းတဲ့ အချိန်ကာလ တစ်ခုကိုလည်း ဖြတ်ကျော်ခဲ့ကြဖူးတဲ့ ဒေသခံတွေဟာ အခုတော့ နယ်မြေအခြေအနေ မငြိမ်သက်မှုကို ကြုံလာရပါပြီ။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ တပ်မတော်နဲ့ KIA အဖွဲ့တို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ပါတယ်။ ဇွန်လကုန်ပိုင်း ရောက်တဲ့အထိ ကာလတစ်ခုကို ဖြတ်သန်းလာခဲ့ကြတဲ့ အနေအထား၊ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒေသခံတချို့နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။

အစိုးရ၀န်ထမ်းတစ်ဦး (အသက် ၃၇ နှစ်) ၊ ဗန်းမော်မြို့နယ်

မေး - စဖြစ်တုန်းက အခြေအနေကို အရင်ဆုံးပြောပြပေးပါလား။

ဖြေ - စဖြစ်တာတော့ ၉ ရက်နေ့ ညပိုင်းထင်တယ်။ အသံတွေတော့ ကြားရလို့မဟုတ်ဘူး။ လူနာတွေမြို့ ပေါ်ရောက်လာလို့သိတာ။ သွေးလိုလို့တောင် သွေးရှာတယ်လို့ကြားတယ်။ နောက်ပိုင်းတော့ ဖြစ်နေတာ ကိုသိနေရတာပေါ့။ မိုင်းကွဲတာ၊ တံတားပျက်တာကြားရတယ်။ လွယ်ဂျယ်၊ လိုင်ဇာဘက်တော့ သုံး၊ လေးရက်နေလောက်မှာ သွားလို့မရတော့ဘူး။

မေး - လွယ်ဂျယ်၊ လိုင်ဇာဘက်က သွားဖို့ခက်သွားတော့ အဲဒီလမ်းကြောင်းနဲ့ဆက်စပ်ပြီး လုပ်ငန်းလုပ်ရတဲ့သူတွေ အခက်အခဲရှိလာမှာပေါ့။

ဖြေ - ဒီဘက်က လူတွေက နယ်စပ်နဲ့ဆက်စပ်ပြီး အလုပ်လုပ်ကြတာ များတယ်။ အရင်းအနှီးနည်းနည်း ပဲတတ်နိုင်တဲ့သူက နည်းနည်းနဲ့လုပ်ပြီး အရင်းအနှီးများတဲ့သူက ကား တွေဘာတွေနဲ့ များများလုပ်တာပဲ ကွာတယ်။ အားလုံးနီးပါးကတော့ အရောင်းအ၀ယ်ပဲ လုပ်ကြတာပဲ။ အခုတော့ ထိုင်နေရတာပေါ့။ လွယ်ဂျယ်ဘက်က ပိတ်ထားဦးမယ်လို့ ကြားတယ်။ ကယ်ရီတွေတော့ လိုင်ဇာဘက်မှာ သွားကြတာရှိတယ် ကြားတယ်။ ထိုင်နေရမယ့်အတူတူ အရဲစွန့်ပြီးသွားကြတာ။

မေး - မြို့ပေါ်မှာရော ညမထွက်ရ သတ်မှတ်ထားတာမျိုးရှိလား။

ဖြေ - အဲဒီလိုမျိုး ကန့်သတ်တာတော့ မရှိပါဘူး။ ညနေဘက်ဆို ၆ နာရီ၊ ၇ နာရီကျော်တာနဲ့ မြို့စွန်ဘက်က နေ မြို့ထဲဘက်လာတာမျိုးကိုတော့ ကန့်သတ်ထားတယ်။ စားသောက် ဆိုင်တွေကတော့ ည ၉ နာရီလောက်ဆို ပိတ်ရတယ်။ ညဈေးလည်း မရှိသလောက်ပဲ။ ဆိုင်တွေလည်း ညဥ့်နက်ပိုင်းဆို မဖွင့်ရဲတော့ဘူး။ လူတွေလည်း ညဆိုမထွက်ရဲကြဘူး။

မေး - အခု လူမှုစီးပွားရေးပိုင်းဘယ်လို ရှိပါသလဲ။

ဖြေ - အရောင်းအ၀ယ်ကတော့ တော်တော်ကျသွားတာပေါ့။ အရင်ကဆို မြို့ပေါ်ကို ရွာတွေက ကားတွေနဲ့ ဆင်းလာပြီး ပစ္စည်းဝယ်တာတွေ ကားကြီး၊ ကားငယ်နဲ့ပဲ။ အခုတော့ မလာကြဘူး။ ဈေးကြီးမှာရော ဈေးလေးတွေမှာရော အရောင်းအ၀ယ်တွေ ခြောက်သွားတာပေါ့။ ဈေးသည် တွေဆိုတာ မျက်နှာတွေကို ညှိုးနေတာ။ အားလုံးထိတယ်။ နည်းတာ နဲ့များတာပဲကွာတယ်။ လူတွေကလည်း တထိတ်ထိတ်ဖြစ်နေကြတာ။ လူစုစု စုစုမသွားရဲကြဘူး။ ဒီမှာက အလုပ်အကိုင်အနေနဲ့ ၀န်ထမ်းရယ်၊ တောင်သူရယ်၊ အရောင်းအ၀ယ် လုပ်တာရယ် ဒါလောက်ပဲရှိတာ။ တရုတ် နဲ့ဆက်စပ်ပြီး အရောင်းအ၀ယ် လုပ်တာကတော့ အဓိကပေါ့။ အခုမန္တလေး ဘက်ကလည်း ကုန်ကသိပ်မ၀င်၊ တရုတ်ဘက်ကလည်း မ၀င်သလောက်ဆိုတော့ ကုန်ဈေးနှုန်းတွေ တက်လာတာလည်း ရှိတယ်။
ဒီမှာက အလုပ်အကိုင်အနေနဲ့ ၀န်ထမ်းရယ်၊ တောင်သူရယ်၊ အရောင်းအ၀ယ်လုပ်တာရယ် ဒါလောက်ပဲရှိတာ။ တရုတ်နဲ့ဆက်စပ်ပြီး အရောင်းအ၀ယ်လုပ်တာကတော့ အဓိကပေါ့။ အခု မန္တလေးဘက် ကလည်း ကုန်ကသိပ်မ၀င်၊ တရုတ်ဘက်ကလည်း မ၀င်သလောက် ဆိုတော့ ကုန်ဈေးနှုန်းတွေ တက်လာတာလည်းရှိတယ် . . .


ပုဂ္ဂလိက ၀န်ထမ်းတစ်ဦး (အသက် ၃၉ နှစ်)၊ မိုးမောက်မြို့နယ်

မေး - မိုးမောက်ဘက်က အခြေအနေ လောလောဆယ် ဘယ်လိုရှိပါသလဲ။

ဖြေ - အခုအလုပ်နဲ့ ဗန်းမော်မှာနေဖြစ်တော့ မိုးမောက်က သတင်းကိုတော့ အဆက်အသွယ်တွေကတစ်ဆင့်ပဲ ကြားရတာပေါ့။ မနေ့ည(ဇွန် ၂၂ ရက်)ကတော့ မိုးမောက်မြို့နယ်ထဲ က ကုန်းနှောနားမှာ ဗုံးပေါက်သေး တယ် ကြားတယ်။ လူတွေထိခိုက်တာမျိုးတော့မရှိဘူး။

မေး - အခု ကုန်ဈေးနှုန်းက တစ်နယ်လုံးလို အပြောင်းအလဲဖြစ်နေတယ်လို့ သိရပါတယ်။

ဖြေ - ကုန်ဈေးနှုန်းတွေကတော့ တက်တယ်။ လွယ်ဂျယ်က သွားလို့မရ သေးဘူး။ ကားတွေလုံးဝသွားလို့ မရသေးဘူး။ လိုင်ဇာဘက်လည်း ကားသွားလို့မရသေးဘူး။ အကုန်လုံးလိုလို အလုပ်မရှိဘူးဖြစ်နေတာ။ အလုပ်ပါးနေတယ်။

မေး - ဗန်းမော်မြို့ပေါ်မှာရော အပြောင်းအလဲ ဘာတွေရှိသလဲ။

ဖြေ - ညဈေးတွေဆို အရင်က သိပ်စည်တာ။ အခုညဥ့်နက်ပိုင်း မရောင်းရဲကြဘူး။ လူတွေကတော့ ကြောက်နေတာပေါ့။ ဟိုနေရာဖြစ်တယ် ကြားလိုက်၊ ဒီနေရာဖြစ်တယ်ကြားလိုက်ဆိုတော့ ကိုယ့်ဆီလည်း ဘယ်နေ့ ဘာဖြစ်မလဲဆိုပြီး စိတ်ပူနေကြတာ။ အခုအထိတော့ ပုံမှန်ပြန်မဖြစ် သေးဘူး။ ဌာနဆိုင်ရာရုံးတွေမှာတော့ လုံခြုံရေးတွေ ပိုတင်းကျပ်နေတယ် ကြားတယ်။ ပြီးတော့ မြို့အ၀င်ဂိတ်တွေမှာလည်း လုံခြုံရေးတွေ ပိုချထားတယ်။ ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း အလှည့်နဲ့သွားရတယ်။


စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး အသက်(၃၅)နှစ်၊ မြစ်ကြီးနားမြို့

မေး - မိုးမောက်ဘက်မှာ စဖြစ်နေတုန်းက မြစ်ကြီးနားမှာ အခြေအနေ ဘယ်လိုရှိသလဲ။

ဖြေ - မြစ်ကြီးနား နားက ၀ိုင်းမော်က တံတားမှာ ဗုံးကွဲတာတော့ ဇွန်လ ၁၄ ရက်နေ့ညဘက်မှာပဲ။ ဒီအရှေ့ ပိုင်းကတော့ တနိုင်းမှာဖြစ်လိုက်၊ ဖားကန့်မှာ ဖြစ်လိုက်နဲ့တော့ရှိတယ်။ ဖားကန့်ဆို နန်ယန်းတံတားက မနေ့(ဇွန် ၂၂ ရက်နေ့)က လုံးဝပျက်သွားပြီ။ ဖားကန့်သွားတဲ့ လမ်းအဆက်အသွယ် ပြတ်နေတယ်။ မြစ်ကြီးနားမှာ အခုလက်ရှိကားတွေ ပိတ်မိနေတာ။ တိုက်ပွဲကတော့ မိုးမောက်မြို့နယ်ထဲမှာ စတာပေါ့လေ။ စဖြစ်တုန်းက မြစ်ကြီးနားဘက် မပါသေးဘူး။ နောက် မှ ၀ိုင်းမော်ပါလာတာပေါ့။ နောက်ပြီး ဇွန်လ ၂၁ ရက်နေ့ညမှာ မြစ်ကြီး နားမြို့ပေါ်က အမှတ် (၁) ရဲစခန်း နဲ့ လ၀ကရုံးမှာ ဗုံးကွဲတယ်။ ရဲစခန်းကတော့ ဆိုင်ခန်းဟောင်း တွေပဲ။ လ၀ကရုံးကတော့ နည်းနည်းထိသွားတယ်။ လူအထိအခိုက်တော့ မရှိပါဘူး။

မေး - မြစ်ကြီးနားမှာ အခုအခြေ အနေ ဘယ်လိုရှိပါသလဲ။

ဖြေ - အခုတော့ ငြိမ်နေပါတယ်။ အခုအချိန်အထိပေါ့လေ။ လူတွေရဲ့ စိတ်မှာတော့ ပြီးစေချင်ကြပြီ။ အားလုံးအေးအေးချမ်းချမ်း ဖြစ်စေချင်ပါပြီ။ အခုကလုပ်ငန်းတွေလည်း မကောင်းဘူး။ ဈေးတွေတက်တယ်။ ဥပမာ ဂေါ်ဖီတစ်ထုပ်ကအစ ကျပ် ၁၅၀၀၊ ၂၀၀၀ ဖြစ်ကုန်တယ်။ ဆီ ဈေး၊ ဆန်ဈေး၊ ဂက်စ်ဈေးအကုန် တက်တယ်။ လူတွေအကုန်လုံး စားဝတ်နေရေး ထိခိုက်လာတယ်။ မြစ်ကြီးနားက ရထားလမ်းရယ်၊ တရုတ်ဘက်က ကုန်ရယ် နှစ်ခုအားကိုးရတဲ့ နေရာမှာရထားကလည်း သိပ်ပါတာမဟုတ်ဘူး။ တရုတ်ဘက်ကလည်း လိုင်ဇာက အခုကယ်ရီအဆင့်ဆင့်နဲ့သယ်ရတော့ စရိတ်တွေပို တက်တယ်။ ကန်ပိုက်တီးရှိပေမယ့် သိပ်မသွားကြဘူး။ လိုင်ဇာလမ်းကို ပဲ အားကိုးကြတာ။

မေး - ရွာတွေဘက်က လူတွေပြောင်းရွှေ့တာတွေ ရှိပါသလား။

ဖြေ - မြစ်ကြီးနားမြို့ပေါ်ကို ပြောင်းလာတယ်တော့ မကြားမိဘူး။ တခြားဘက်တော့ရှိတယ်။ ၀ိုင်းမော် ဘက်ဆို ရွာတွေက ပြောင်းလာကြတယ်။ မြစ်ကြီးနားမှာတော့ ညဘက်ဆို အရင်ကနဲ့မတူအောင် ခြောက်နေတာပေါ့။

မေး - မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ရော ဘာများကြားမိပါသလဲ။

ဖြေ - စီမံကိန်းက တရုတ်နိုင်ငံသား ၀န်ထမ်းတွေ တစ်ဝက်လောက် ပြန်သွားတယ်ကြားပါတယ်။





Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဦးအောင်ဒင်နှင့် အာရ်အက်ဖ်အေတို့ ဆက်သွယ်မေးမြန်းချက်

Source Photo from http://www.google.com/images

ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှု

အမည်စာရင်း တိုးဖို့ တောင်းဆို
2011-06-28

မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပူးတွဲ စီးပွားရေး လုပ်ကိုင်နေကြတဲ့ သန်းကြွယ် သူဌေး လုပ်ငန်းရှင်တွေ အပြင်၊ အစိုးရကို မီဒီယာ လုပ်ငန်းနဲ့  ကျောထောက် နောက်ခံ ပြုနေသူ စုစုပေါင်း (၄၂) ဦးကျော် ကို ဘဏ္ဍာရေး ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်း အရေးယူဖို့  မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ USCB က အမေရိကန် အစိုးရထံ မနေ့ က စာရေးပြီး တင်ပြ တောင်းဆို လိုက်ပါတယ်။

အခုလို နောက်ထပ် စီးပွားရေး လုပ်ငန်းရှင်တွေ၊ မီဒီယာ ထုတ်ဝေသူတွေကိုပါ ဘာကြောင့် အရေးယူပေးဖို့  တင်ပြခဲ့ရသလဲ ဆိုတာကိုတော့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB ဒါရိုက်တာ ဦးအောင်ဒင်က အာအက်ဖ်အေ ကိုပြောပြတာက -

"ကျနော်တို့ ပြည်တွင်းကို ပြန်ကြည့်တဲ့ အခါကျတော့ အလိုတော်ရိ စီးပွါးရေးသမားတွေက ပိုတောင် ဆိုးလာကြတယ်။ သူတို့က အစိုးရအဖွဲ့ရဲ့ အောက်မှာ ရှိနေတယ်။ ဒေသခံ အာဏာပိုင်တွေ ထက်တောင် သူတို့က အာဏာရှိနေတယ်။ လူထုရဲ့ မြေတွေ၊ ငါးဖမ်းကွက်တွေ ဒါတွေကို အဓမ္မသိမ်းပြီးတော့ အစိုးရနဲ့ ပေါင်းပြီးတော့ development project ကြီးတွေ တည်ဆောက်၊ ဟိုတယ်ကြီးတွေ၊ စက်ရုံတွေ၊ သတ္တုတွင်းတွေ တည်ဆောက်နဲ့။ လူထုက စစ်အုပ်စုနဲ့ စီးပွါးရေးသမားတွေ ပူးပေါင်းပြီး အကြမ်းဖက် နှိပ်စက်မှုကို တွေ့ရတယ်။ ဒီအချိန်မှာ အမေရိကန် အစိုးရအနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေကို သေသေချာချာ တိတိကျကျ အရေးယူ အကောင်အထည်ဖော်ဖို့၊ အဲလို အကောင်အထည် ဖော်တဲ့နေရာမှာ အခု ကျန်ရှိနေသေးတဲ့ စီးပွါးရေးသမားတချို့ကို targeted sanction နဲ့ အရေးယူဖို့ ဒီစာရင်းကို ကျနော်တင်တာပါ။"

အရင်ကတည်းက အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူမှု စာရင်းမှာ ပါသူတွေကတော့ စုစုပေါင်း ၃၀ ကျော် ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဦးတေဇ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့် စတဲ့ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တွေ ပါခဲ့ပါတယ်။

အခုစာရင်းထဲမှာ ပါတဲ့ အများသိတဲ့ ပုဂ္ဂိုလ်တွေ တချို့  အမည်တွေကတော့ ကမ္ဘောဇဘဏ် နဲ့  ဘောလုံးအသင်း ပိုင်ရှင် ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း၊ အိုလံပစ် ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးအိုက်ထွန်း၊ Alpine သောက်ရေသန့် လုပ်ငန်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သားဖြစ်သူ United Amaya ဘဏ်ပိုင်ရှင် ဦးနေအောင်၊ လက်ရှိ လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမန်းသား ဦးတိုးနိုင်မန်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မြေးဖြစ်သူ ဖိုးလပြည့် ခေါ် နေရွှေသွေး တို့ ဖြစ် ပါတယ်။

ဒါ့အပြင် ရုပ်ရှင်လုပ်ငန်းတွေဖက်ကဆိုရင် မိုင်းတွင်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နာမည်ကျော် ရုပ်ရှင် မင်းသား ဦးလွင်မိုး နဲ့ ရုပ်ရှင် ဒါရိုက်တာ ဦးဇင်ယော် မောင်မောင်တို့ ကိုလည်း ပိတ်ဆို့  အရေးယူမှု စာရင်းမှာ ထည့်သွင်းပေးဖို့  တင်ပြထားပါတယ်။

မီဒီယာ လုပ်ငန်းပိုင်ရှင်တွေထဲမှာတော့ The Voice Journal က ဒေါက်တာ နေ၀င်းမောင်၊ မြန်မာတိုင်းမ်စ် ဂျာနယ် ထုတ်ဝေသူ ဒေါက်တာ တင်ထွန်းဦး၊ Snapshot Journal က ဦးမြတ်ခိုင်၊ ပေါ်ပြူလာဂျာနယ်က ဒေါ်နန်းကလျာဝင်း အပါအ၀င် Yangon Media Group က ဦးကိုကို (စက်မှုတက္ကသိုလ်) တို့ကိုလည်း ဘဏ္ဍာရေး ပိတ်ဆို့ မှု စာရင်းမှာ ထည့်ပြီး အရေးယူဖို့ တင်ပြထားပါတယ်။





Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗမာစစ်အစိုးရအတွက် အမာခံထောက်တိုင်များ


ဒဏ်ခတ်သင့်တဲ့ မြန်မာလုပ်ငန်းရှင်စာရင်း တိုးသင့်

By ဦးဇော်ဝင်းလှိုင်
တနင်္လာ, 27 ဇွန် 2011

မြန်မာအစိုးရ သက်ဆိုးရှည်ရေးအတွက် စီးပွားရေး၊ နိုင်ငံရေး နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေကြသူတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အမည်စာရင်း ခံသူတွေထဲမှာ စာနယ်ဇင်းသမား တချို့လည်း ပါဝင်နေပါတယ်။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးကို လိပ်မူ ရေးသားထားတဲ့ အဲဒီ တောင်းဆိုစာထဲမှာ အရင် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့ခံရသူတွေအပြင် နောက်ထပ် ၄၂ ဦးကိုပါ ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်ရှိ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက တခုဖြစ်တဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့မိသားစုဝင်တွေနဲ့ နီးစပ်သူ အသိုင်းအ၀ိုင်းအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုမှာ ပါဝင်သူတွေအပြင် နောက်ထပ် ၄၂ ဦးကိုပါ အဲဒီ ပိတ်ဆို့အရေးယူမယ့် စာရင်းထဲ ထည့်ပေးဖို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့အဖွဲ့ USCB က တနင်္လာနေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ ဒီလူတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကစပြီး လက်ရှိ အရပ်သား အစိုးရအထိ စီးပွားရေး၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါသလို သတင်းနဲ့ စာနယ်ဇင်းလောကက သူတချို့ပါ ပါဝင်နေတာနဲ့ ပတ်သက်လို့တော့ USCB မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို ရှင်းပြပါတယ်။

“ပထမအချက်က ကျနော်တို့က သူတို့ကို မီဒီယာသမားရယ်လို့ အသိအမှတ် မပြုပါဘူး။ သူတို့က မီဒီယာကို ခုတုံးလုပ်ပြီးတော့ ကိုယ့်အကျိုးစီးပွား ကိုယ်ရှာနေတဲ့သူတွေ၊ အဲဒီလိုပဲ ကျနော်တို့ သတ်မှတ်ပါတယ်။ သူတို့က အစိုးရ မျက်နှာသာပေးမှုနဲ့ မဂ္ဂဇင်းတိုက်တွေ၊ ဂျာနယ်တိုက်တွေ ထောင်ကြတယ်။ အစိုးရ အလိုကျ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေကို သူတို့ရဲ့ သတင်းဂျာနယ်တွေက တွင်တွင်ကျယ်ကျယ် လုပ်ပြီးတော့ သူတို့ကိုသူတို့ ချမ်းသာအောင် တည်ဆောက်ကြတာ။

“နောက် သူတို့အားလုံးက ကျနော်နားလည်သလောက် ဗိုလ်မှူးချုပ် ကျော်ဆန်းရဲ့ အပေါင်းအပါတွေပေါ့၊ ဗိုလ်မှူးချုပ် ကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ကြွေးကြော်ပြီး ဖွဲ့စည်းထားတဲ့ ပြည်ပမီဒီယာတွေကို တန်ပြန်ဖို့ လှုပ်ရှား ဆောင်ရွက်နေတဲ့ နေရာမှာ အဓိက တာဝန်ခံကြတဲ့ ပုဂ္ဂိုလ်တွေ။ နောက်တခါ သူတို့ရဲ့ ပြည်တွင်းမှာ ရပ်တည်ချက်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေ အားလုံးလည်း ကျနော်တို့ ပြည်တွင်းက တခြား မိတ်ဆွေတွေနဲ့ လေ့လာ သုံးသပ်ပါတယ်။ ကျနော်တို့ တွေ့ရတာ သူတို့ရဲ့ ရပ်တည်ချက်၊ လှုပ်ရှားမှုနဲ့ ဆောင်ရွက်ချက်တွေ အားလုံးက စစ်အစိုးရကို နိုင်ငံရေးအရ အားပေး ထောက်ခံတယ်၊ နောက် စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေကို လက်ဝေခံ ဆောင်ရွက် လှုပ်ရှားနေတဲ့သူတွေ ဖြစ်တယ်။”

သတင်း စာနယ်ဇင်းသမားတွေဟာ ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ အစိုးရရဲ့ အသုံးချခံ အဖြစ်မခံဘဲ မီဒီယာသမားပီပီ ရပ်တည်နေရင်တော့ အခုလို ပိတ်ဆို့ အရေးယူခံရမယ့် စာရင်းထဲ ပါမှာမဟုတ်ဘူးလို့ မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“ယေဘုယျ ပြောမယ်ဆိုရင်တော့ ကျနော်ထင်တယ်၊ မီဒီယာသမား ဖြစ်ရုံသက်သက်နဲ့ သို့မဟုတ် စစ်အစိုးရဘက်ကို ဘက်လိုက်တဲ့ မီဒီယာသမား ဖြစ်ရုံသက်သက်နဲ့တော့ အဲဒီ List ထဲ မပါသင့်ဘူးလို့ ယေဘုယျ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘက်လိုက်တယ် ဆိုတဲ့ ကိစ္စမျိုးကတော့ ကိုယ့်ရဲ့ ခံယူချက်နဲ့ ပတ်သက်တာပေါ့။ သူ့ခံယူချက်က စစ်အစိုးရဘက်က မှန်တယ်ထင်လို့ သူလိုက်ပေးတယ် ဆိုတဲ့ သဘောမျိုး ဆိုရင်တော့ ကျနော်တို့ ဘာမှ ပြောလို့မရဘူး။ လူတိုင်းက လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကိုယ်ယုံကြည်တဲ့အတိုင်း လုပ်ခွင့် ရှိတာကိုး။

“ဒါပေမဲ့ တကယ်တမ်း စိတ်ဓာတ်ရေးရာ အရပါ ချို့ယွင်းလို့၊ သဘောကတော့ တကယ်ကို Crony ဖြစ်ချင်လို့ Crony ဖြစ်နေတဲ့ လူစားမျိုး ဆိုရင်တော့ တမျိုးပေါ့။ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်တယ် ဆိုရင်ပေါ့။”

မီဒီယာသမားတွေအပြင် ထိပ်မှာ ပါနေတာကတော့ စစ်အစိုးရ လက်ထက်ကတည်းက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အထူးအခွင့်အရေး ရလာခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။

အခု အသစ် အဆိုပြုလာတဲ့ တိုးချဲ့စာရင်းထဲက အများစုဟာ ဥရောပသမဂ္ဂနဲ့ သြစတြေးလျ နိုင်ငံတို့ရဲ့ ပိတ်ဆို့ အရေးယူ ခံထားရသူတွေ အများအပြား ပါဝင်သလို လုံးဝ ပိတ်ဆို့ အရေးယူခြင်း မခံရသေးတဲ့ သူတွေလည်း ပါဝင်တဲ့အကြောင်း USCB အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဆက်ပြောပါတယ်။

အခု အမည်စာရင်း တင်သွားတာဟာ ပထမအဆင့်သာ ရှိသေးပြီး တကယ် အရေးယူမယူ ဆိုတာကတော့ အမေရိကန် အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။

“တခုရှိတာက ကျနော်တို့က ဒီနာမည်စာရင်းကို ပို့တယ်။ နာမည်စာရင်းထဲမှာ ကျနော်တို့ ဖြစ်သင့် ဖြစ်ထိုက်တယ်လို့ ကျနော်တို့ မြင်တဲ့သူတွေကို ဒီစာရင်းထဲမှာ ထည့်တယ်။ ပြီးတော့ ဘာကြောင့်ဆိုတဲ့ အကြမ်းဖျင်း ကျနော်တို့ ရရှိနိုင်တဲ့ သုံးသပ်ချက်ကို ထည့်ပြီးတော့ တင်ပြထားတယ်။ အသေးစိတ်ကတော့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှာ သူတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရှိပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ဆက်ပြီးတော့ အသေးစိတ် စုံစမ်း ဖော်ထုတ်ရမှာပါ။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလဲခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်လာပေမဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖော်ခြင်း မရှိသေးသလို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကိုလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ USCB အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ သိသာထင်ရှားပြီး လူထုအတွက် အမှန်တကယ် အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာအောင် အားပေးတဲ့ နည်းလမ်းဟာ သူတို့ကို ကျောထောက်နောက်ခံ ပေးနေတဲ့ စီးပွားရေး သမားတွေကို ပစ်မှတ်ထား အရေးယူခြင်းက အထိရောက်ဆုံးနည်းလမ်း ဖြစ်တာကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) ကို အခုလို စာရေးသား တောင်းဆိုခြင်း ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။



Source News and Audio from
http://www.voanews.com/burmese/news/cronies-sanction-uscb-124625859.html


ဦးသန်းရွှေမြေး နေရွှေသွေးအောင်

ရုပ်ရှင်သရုပ်ဆောင် လွင်မိုး


ဒေါက်တာတင်ထွန်းဦး


ဒေါက်တာနေ၀င်းမောင်

ဦးကိုကို စက်မှုတက္ကသိုလ်


ဒီပုံတွေက ကျော်ငြာတော့ကျော်ငြာပါပဲ။ ဒီလူကြီးမင်းတွေအကြောင်းကို သိလိုလျင်တော့ အောက်က သတင်းတိုလေးကို နားသောတဆင်ကြည့်ကြပါခင်ဗျား။



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, June 27, 2011

ကောင်းလိုက်တာ စိတ်ညစ်ဘို့

Source Photo from http://saffronburma.wordpress.com
မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ ဖမ်းဆီးခံနေရပုံ

လူကုန်ကူးမှု မြန်မာနိုင်ငံမှာ ဆိုးဝါးဆဲ

By ဗွီအိုအေ (မြန်မာဌာန)
တနင်္လာ, 27 ဇွန် 2011


လူကုန်ကူးမှု ပြဿနာဟာ မြန်မာနိုင်ငံမှာ သိသိသာသာ ဆိုးဝါးနေဆဲ ဖြစ်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။

အမေရိကန် အစိုးရက နှစ်စဉ် ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ တခြားနိုင်ငံတွေက လိင်မှုဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ရောင်းစားခံနေရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် မြန်မာနိုင်ငံထဲက အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေဟာ အာရှနိုင်ငံတွေတင်မက အရှေ့အလယ်ပိုင်း နိုင်ငံတွေအထိ တရားဝင်ရော၊ တရားမဝင်ပါ ရွှေ့ပြောင်း အလုပ်လုပ်နေကြရပြီး အဲဒီနိုင်ငံတွေမှာလည်း အဓမ္မ အလုပ်ခိုင်းခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ ရောင်းချ အမြတ်ထုတ်ခံရတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာလည်း အဓမ္မ အလုပ်ခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေကို စစ်ဘက်ရော အရပ်ဘက်က အာဏာရှိသူတွေက လုပ်နေကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဆင်းရဲသား ရပ်ကွက်တွေက ယောက်ျားလေးတွေဆိုရင် ကလေးစစ်သား စုဆောင်းခံရဖို့ အန္တရာယ်နဲ့ အများဆုံး ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

အာရှက လူကုန်ကူးမှု တိုက်ဖျက်ရေး အညံ့ဖျင်းဆုံး နိုင်ငံတွေ စာရင်းထဲမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။

လူကုန်ကူးမှု ပြဿနာ ပပျောက်ရေးအတွက် အနိမ့်ဆုံး လိုအပ်ချက်ကိုတောင် မြန်မာအစိုးရက ဆောင်ရွက်ခြင်း မရှိသလို သိသာတဲ့ အားထုတ်မှုတွေကိုလည်း ဆောင်ရွက်ခြင်း မရှိဘူးလို့ စွပ်စွဲထားပါတယ်။

လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေအတွက် အမျိုးသမီးနဲ့ မိန်းကလေးတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းချနေတဲ့ ပြဿနာတွေကိုတော့ သက်ဆိုင်ရာက ဖြေရှင်းဖို့ ကြိုးစားပေမဲ့ အစိုးရ တာဝန်ရှိသူတွေက အဓမ္မ အလုပ်ခိုင်းနေတာတွေ၊ စစ်တပ် တာဝန်ရှိသူတွေက ကလေးစစ်သား စုဆောင်းနေတာတွေဟာ စိုးရိမ်စရာ ပြဿနာ ဖြစ်နေဆဲပဲလို့ အမေရိကန် အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။



Source Audio and News from
http://www.voanews.com/burmese/news/human-trafficking-report-us-myanmar-124625674.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မီ့ဏင်ထါင်ၟဖိုင့်္ဘ်ါကါင်
စ၀်ထေါဟ်တွါ်

ဆ်ုအုင်းခႜုက်္ဘါ် မေါဝ်ၟလ်ုအါ်
ယ်ုအ္ဘဲးဏု ယ်ုဏင်းဍါ်၊
မင်ခေါဟ်ထါ် ဆ်ုအုင်းလင်ယါ်
ဏ်ုဟှင်းသူးသွါ် ယ်ုဟှင်ထါ်။

ဆ်ုအုင်းကႜီးဍီ လ်ုမင်ခေါဟ်
္ဘေ့ထီ့ဃှူးလး သာယှိင်ယှောတ်၊
ဆ်ုအုင်းကွေဝ် ဆ်ုဟှင်ဖႜဟ်ဍေါဟ်
္ဘေ့ယးထဲုးဖေႜ၀် သာလင်ဖေႜါဟ်။

လ်ုမင်ထါ် ဆ်ုအုင်းဖိုဟ်လင်
ယ်ုဝိလထါ် ဏ်ုမီ့ဏင်၊
လ်ုမင်ခေါဟ် ကေႜါဟ်လူၟလင်ဝင်
လဲါမေံသာမဲ မေံထီ့လင်။

ဆ်ုအုင်းတင်း ဆ်ုဆိုင်ဆံင်းစုဂ်
ဖိုင့်္ဘ်ါလုတင်း ပ်ုမီ့လုဂ်၊
ဆ်ုအုင်းယာၟ ဆ်ုဆိုင်ထုက်ယုဂ်
ဏ်ုစါင်းဟှာ ခႜိုဝ်ထ၀်ၟထုဂ်္ဘႜုဂ်။

ဆ်ုအုင်းက်ုလါင့် ခေါဟ်လံင်ဏါင်
ဖိုင့်္ဘ်ါကါင် ဏ်ုလုဏင်းထါင်
လေ၀်အှ်ခါန်ၟယါင် မူးအီးအါင်
ယ်ုမီ့ဏင်ထါင်ၟ ဖိုင့်္ဘ်ါကါင်။

စ၀်ထေါဟ်တွါ်
ကႜဳံပိုင္ၟ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဓါးပြအုပ်ချုပ်တဲ့ နိုင်ငံ

ဓာတ်ပုံ foreignpolicy.com
၂၀၁၁ ခုနှစ် နိုင်ငံတော် ကျဆုံးမှု အညွှန်းကိန်း။

ဘက်စုံယိုယွင်းနေတဲ့ တိုင်းပြည်စာရင်းထဲက မြန်မာ

By ဦးတင်မောင်သန်း
တနင်္ဂနွေ, 26 ဇွန် 2011


၂၀၁၁ ခုနှစ်အတွက် ကမ္ဘာတ၀န်း ဘက်စုံယိုယွင်းနေတဲ့ နိုင်ငံများ အညွှန်းကိန်း အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ဘက်စုံ ယိုယွင်းမှုတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာတ၀န်း ဆက်နွယ် ပတ်သက်လာမှုကြောင့် ဖြစ်သလား ဆိုတဲ့ အချေအတင် ဆွေးနွေးပွဲ တရပ်ကိုတော့ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ မြို့တော်မှာ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) လည်း တက်ရောက် စကားပြောမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကရော ဒီအညွှန်းကိန်း အစီရင်ခံစာမှာ နိုင်ငံတော် အနေနဲ့ ဘယ်လောက်အထိ ယိုယွင်းကျဆင်းနေပါသလဲ။ အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတော် ဘက်စုံယိုယွင်းမှု အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အာရှနဲ့ ကမ္ဘာမှာ ထိပ်ဆုံးပိုင်းမှာ ရှိနေပါတယ်။ အာရှမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ ပြီးရင် တတိယနေရာမှာ ရှိနေပြီး ကမ္ဘာမှာတော့ နံပါတ်အဆင့် ၁၈ မှာ ရှိနေပါတယ်။

ဒီအညွှန်းကိန်းတွေကို Foreign Policy မဂ္ဂဇင်းနဲ့ Fund for Peace အဖွဲ့တို့က ပူးတွဲ အကဲဖြတ် သတ်မှတ်တာ ဖြစ်ပါတယ်။ ဒီအညွှန်းကိန်းတွေက အချုပ်အချာ အာဏာပိုင် အစိုးရတရပ်ဟာ သူ့မှာရှိတဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်တာ၊ တိုင်းပြည်တပြည်မှာ လိုအပ်တဲ့ အခြေခံ အခြေအနေတွေကို မဖြည့်ဆည်းနိုင်တာတွေကို ပြသနေတယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက နားလည်ကြပါတယ်။

ကိုရီးယား တိုင်းမ် အပါအ၀င် နိုင်ငံတကာ သတင်းစာတွေမှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဝေဖန်သုံးသပ်သူ ကွတ်ကီး အမျိုးသား ငယ်ဂျင်ပေါင် ကစ်ပ်ဂန် (Nehginpao Kipgan) ကတော့ အညွှန်းကိန်းနဲ့ ပတ်သက်ပြီး အခုလို မြင်ပါတယ်။

“နိုဝင်ဘာလ၊ ၂၀၁၀ တုန်းက သူတို့ ရွေးကောက်ပွဲ လုပ်ပေမဲ့ အပြောင်းအလဲ သိပ်မရှိဘူးဆိုတာ ပေါ်တာပေါ့လေ။”

နိုင်ငံတော်ကို ဦးထိပ်ထားပြီး ဦးဆောင်နေကြတဲ့ နိုင်ငံတော်ကြီးအပေါ် ပြည်သူလူထုက အယုံအကြည် ကင်းမဲ့နေတာကို တွေ့ရတယ်လို့ အညွှန်းကိန်းက ဆိုပါတယ်။ အကျယ်အပြန့် အကျင့်ပျက် ခြစားနေတာ၊ အုပ်ချုပ်သူ အခွင့်ထူးခံ လူတစုက သူတို့ အကျိုးအမြတ်အတွက်ချည်း လုပ်နေတာ၊ သူတို့လုပ်နေတာတွေကို လူအများ ထင်သာ မြင်သာ မခံနိုင်တာ၊ တာဝန်ခံမှု မရှိတာ၊ နိုင်ငံရေးအရ ပြည်သူတွေ ကိုယ်စားပြုသူတွေ နိုင်ငံတော်မှာ ပါရှိတယ်လို့ လူတွေက မထင်တဲ့ အချက်တွေနဲ့ နိုင်ငံတော်တရပ်ရဲ့ တရားဝင်မှုကို ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံဟာ ယိုယွင်းကျဆင်းမှု ၁၀၀% အပြည့်နီးနီး ရရှိနေတာကို တွေ့ရပါတယ်။

နိုင်ငံတော်အနေနဲ့ ၉၀% အထက် ယိုယွင်းကျဆင်းနေတဲ့ အခြားနယ်ပယ် ၂ ရပ်ကတော့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရာမှာ မညီမျှမှုပါပဲ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းကတော့ ၁၉၈၈ ကစပြီး နှစ်စဉ် ကမ္ဘာမှာ အဆိုးဆုံးနေရာမှာ ထိပ်က နေခဲ့တာပါ။ ဒါ့အပြင် လူတချို့က စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် စသဖြင့် အခွင့်အရေး ရရှိရာမှာ အုပ်စုအလိုက် မညီမမျှ ဖြစ်နေတယ်လို့ ဒီအညွှန်းကိန်းတွေက ပြသပါတယ်။

၈၀% အထက် ကျဆင်းနေတဲ့ နယ်ပယ် ၂ ရပ် ရှိရာမှာ တခုကတော့ ဘာသာရေးအရ ဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ ကျားမ ခွဲခြားမှုအရ ဖြစ်စေ၊ အသက်မွေး ၀မ်းကျောင်းမှုအရ ဖြစ်စေ၊ လူအုပ်စုအလိုက် နစ်နာနေကြတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း ရှိနေပါတယ်။ နိုင်ငံရေး ဆောင်ရွက်ရာမှာ မပါဝင်နိုင်အောင် ပထုတ်ထားတာတွေကိုလည်း ဒီ အုပ်စုလိုက် နစ်နာမှု အညွှန်းကိန်း တွက်တဲ့အခါ ထည့်သွင်း စဉ်းစားခဲ့ပါတယ်။

လုံခြုံရေးနယ်ပယ်မှာ အညွှန်းကိန်းကို စဉ်းစားတဲ့အခါ နိုင်ငံတော်အတွင်း နိုင်ငံတော်ငယ်လေးတရပ် ဖြစ်ပေါ်လာနေတဲ့ အချက်ကိုလည်း အကဲဖြတ်ခဲ့ကြပါတယ်။ ဒီ လုံခြုံရေးဆိုင်ရာ နယ်ပယ်မှာလည်း နိုင်ငံတော်ရဲ့ ကျဆင်းမှုက ၈၅% ရှိနေတယ်လို့ အညွှန်းကိန်းက ပြနေပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ၀န်ဆောင်မှုကလည်း ၈၀% ကျော် ကျဆင်းနေပြီး အုပ်ချုပ်သူ လူတန်းစား အတွင်းမှာ ဂိုဏ်းဂဏ ဖွဲ့နေတာတွေကလည်း မြင့်မားနေတယ်လို့ အညွှန်းကိန်းက ဆိုပါတယ်။ ဒုက္ခသည်အရေးကို ကိုင်တွယ် ဆောင်ရွက်ရာမှာလည်း ကျဆင်းနေပြီး အလုပ်သမားတွေက အစ ပညာတတ်တွေအဆုံး တိုင်းပြည်က ထွက်ခွာနေကြတာကလည်း များပြားနေတာမို့ ဒီနယ်ပယ်မှာလည်း နိုင်ငံတော်အစိုးရ အနေနဲ့ ၈၀% ကျော် ကျဆင်းနေတယ်လို့ အညွှန်းကိန်းက အကဲဖြတ်ထားပါတယ်။ ဒါကလည်း မဆန်းဘူးလို့ ဆိုရမှာပါ။

နယူးယောက် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ အလတ်စ်တာ စမစ်သ် (Alsastair Smith) ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သုံးသပ်ပြီး ရှေ့အလားအလာနဲ့ ပတ်သက်လို့ သာမန်ပြည်သူ တယောက်အတွက် အခုလို အကြံပေးပါတယ်။

“လူတွေ သူတို့ရဲ့ တဦးချင်းဘ၀ တိုးတက်လာအောင် လုပ်ရမယ့် အလုပ်အနေနဲ့ ကျနော် အကြံပေးချင်တာကတော့ ဒီစနစ်ကနေ ထွက်သွားနိုင်အောင် ကြိုးစားကြဖို့ပါပဲ။ လူတော်တော်များများကတော့ ဒါကို ကြားချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာမယ်လို့ ကျနော်တော့ မမြင်ပါဘူး။”

ကွတ်ကီးလူမျိုး နိုင်ငံရေး သုံးသပ်သူ ဆရာ ငယ်ဂျင်ပေါင် ကစ်ပ်ဂန်ကတော့ အခုလို ထင်ပါတယ်။

“သူတို့ ပါဝင်ခွင့်ကို အခြေအနေ ပေးတဲ့အခါ တော်တော်များများ တိုင်းရင်းသားတွေရော၊ တခြား ဗမာပြည် ဒီမိုကရေစီ အင်အားစုတွေရော စိတ်ကြိုက်ပေါ့လေ၊ ကြိုက်သလောက် ပါဝင်ချင်တဲ့၊ လုပ်ချင်တဲ့ဟာတွေ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ တနှစ်ပြီးတနှစ် ပိုကောင်းလာမယ်လို့ ကျနော် အမြဲတမ်း မျှော်လင့်ချက် ရှိပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ပထမမိန့်ခွန်းမှာ အခု အညွှန်းကိန်းမှာပါတဲ့ နယ်ပယ် တော်တော်များများရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြု ပြောသွားတာမို့ ၂၀၁၂ ခုနှစ် နိုင်ငံတော် ဘက်စုံယိုယွင်းမှု အညွှန်းကိန်း ထွက်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရှိလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သုံးသပ်သူတွေက မြင်ကြပါတယ်။



Source News and Audio from
http://www.voanews.com/burmese/news/failed-state-myanmar-124574334.html



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်

Source Photo from http://www.bbcburmese.com/images

တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေကြား

ရုန်းရင်းဆန်ခတ်ဖြစ်


By ဦးမိုးဇော်


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဟိုင်းဈေး အနီးက ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်နဲ့ မြန်မာပွဲစားအကြား ကျောက်အရောင်းအ၀ယ် ကိစ္စကနေ စတင် အချင်းများရာက တရုတ်ကျောက်ကုန်သည်နဲ့ မြန်မာတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်နဲ့ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး ကျောက်ဝိုင်းကို ပိတ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ တရုတ်ကုန်သည်တွေဘက်က ကိုယ်ထိလက်ရောက် စတင်ကျူးလွန်ခဲ့တာ ဖြစ်ပေမဲ့ အာဏာပိုင်တွေက နိုင်ငံခြားသားတွေဘက်ကနေ ဘက်လိုက် ဖြေရှင်းတယ်လို့ ယူဆနေတာကြောင့် ကျောက်ဝိုင်းက လူအများစုက မကျေမနပ် ဖြစ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်က မန္တလေး ကျောက်ဝိုင်းမှာ တရုတ်နဲ့ မြန်မာကုန်သည် ပွဲစားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။ ဒီလိုဖြစ်ခဲ့တဲ့ အခြေအနေကို မျက်မြင်တွေ့ရှိတဲ့ ကျောက်အရောင်းအ၀ယ် လုပ်နေသူ တယောက်က အခုလို ပြောပါတယ်။

“ပွဲစားလေးက PTT Path Travels & Tours ထဲမှာ သူက ကျောက် သွားပြတာ။ အဲဒါကို ဈေးဖြတ်တာ သိန်း ၄၀ နဲ့ ဖြတ်တာနဲ့ သူက ချိတ်ထားခဲ့တာ။ ချိတ်ပြီး နောက်ထပ် တရုတ်တဖွဲ့ကို သွားပြလိုက်တာ နောက်တဖွဲ့က ၄၂ သိန်းပေးလို့ အဲဒီတရုတ်တွေကို ရောင်းလိုက်တာ။ အဲဒါကို သိန်း ၄၀ ပေးတဲ့ တရုတ်တွေက ရောင်းရကောင်းလား ဆိုပြီးတော့ ပွဲစားလေးကို ၃ ယောက် ၀ိုင်းထိုးကြတာ။ ၀ိုင်းထိုးတော့ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့ဗျာ၊ လူတွေကတော့ အများကြီးပဲ။ နောက်ပိုင်းကျတော့ လုံထိန်းတွေ ရောက်လာပြီး တံခါးပိတ်လိုက်တာကို မနိုင်သေးဘူးဗျ။ တံခါးကို ကျောက်တွေနဲ့ ၀ိုင်းကိုင်ကြတာ။”

မြန်မာကုန်သည်ပွဲစားတွေက တရုတ်လူမျိုးတွေရဲ့ ဆိုင်ခန်းနေရာကို လာရောက် စုဝေးလာချိန်မှာ ရဲတွေ ရောက်ရှိလာတယ်၊ ရဲတွေက မြန်မာကုန်သည် ပွဲစားတွေကြား ဆက်ဆံရေး မပြေလည်တာကြောင့် အခြေအနေက ပိုတင်းမာလာတယ်လို့ အခြား ကျောက်ပွဲစား တယောက်က ပြောပါတယ်။

“ရဲက လာတဲ့အခါ အခန်းပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေကို နံပါတ်တုတ်နဲ့ ရိုက်တယ်။ ရိုက်တော့ ကျောက်သမားတွေက မကျေနပ်ကြဘူးပေါ့။ ဒီကိစ္စမှာ ဒီမှာရှိတဲ့ မြန်မာတွေကို ပါးရိုက်တော့ မကျေနပ်ဘဲနဲ့ ရဲတွေကိုပါ ပြန်ပြီးတော့ ဒီမှာရှိတဲ့သူတွေက ၀ိုင်းရိုက်တော့ ရဲတွေ အကုန် ပြန်ထွက်ပြေးသွားတယ်။”

ရဲတွေ အများအပြားရောက်လာပြီး ဆိုင်အတွင်းက တရုတ်လူမျိုးတွေကို အပြင်ခေါ်ထုတ်သွားတဲ့နောက် မြန်မာတွေက ဆိုင်တွေကို ဖျက်ဆီးလိုက်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။ သူပြောဆိုတဲ့ ရဲတွေက အနီးကလူတွေကို ရိုက်နှက်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုချက် မရပါဘူး။

အဲဒီနောက် ထောင်နဲ့ချီတဲ့ မြန်မာကုန်သည် ပွဲစားတွေဟာ လူစုကွဲမသွားဘဲ ဇာတိမာန် သီချင်းတွေကို စုဝေး သီဆိုနေတာကြောင့် နေ့ခင်း တနာရီလောက်မှာ ရဲတွေ ထပ်မံရောက်လာပြီး လူစုခွဲခိုင်းခဲ့တယ်လို့ ပြောပါတယ်။

ဒီအမှုကိစ္စကို အစိုးရဘက်က မှန်မှန်ကန်ကန် ဖြေရှင်းမပေးနိုင်ရင် အခြေအနေဟာ ပိုမိုဆိုးလာနိုင်တယ်လို့ အဲဒီ ကျောက်ပွဲစားက ပြောပါတယ်။

“အစိုးရ အနေနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းမပေးဘဲ တရုတ်ဘက်ကို ဘက်လိုက်တဲ့ အနေအထားမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ဒါ့ထက် ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်လာရနိုင်တယ်လို့ ကျနော်တို့တော့ မြင်နေတယ်ခင်ဗျ။”

မန္တလေးမြို့ ကျောက်ဝိုင်းတည်ရှိရာ မဟာအောင်မြေမြို့နယ်ရဲ့ ရဲတပ်ဖွဲ့မှူးရုံးက နေ့ခင်း ၂ နာရီလောက်မှာ အခြေအနေတွေဟာ အေးအေးဆေးဆေး ဖြစ်သွားပြီလို့ အခုလို ပြောပါတယ်။

“ပြီးသွားပါပြီ။ အစောကြီးကတည်းက ပြီးသွားတာ။ ခဏလေးပါ ရန်ဖြစ်တာ။ ဒါကတော့ သူတို့ဟာသူတို့ အရောင်းအ၀ယ် ကိစ္စပါ။”

တချို့ ဒေသခံတွေကတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ တရုတ်အမျိုးသားတွေကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ပြောပေမဲ့ ရဲတပ်ဖွဲ့က သီးခြား အတည်ပြုချက်တော့ မပေးပါဘူး။

မန္တလေးက ကျောက်ဝိုင်းအတွင်းမှာ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတဲ့ နောက်မှာတော့ ကျောက်ဝိုင်းကို ပုံမှန်အချိန်ထက် စောပြီး ညနေ ၃ နာရီ ၀န်းကျင်လောက်မှာ ပိတ်သိမ်းခဲ့ပါတယ်။ မန္တလေးမြို့က ဒီကျောက်ဝိုင်းဟာ ထောင်ဂဏန်းလောက် တန်ဖိုးရှိတဲ့ ကျောက်ကနေ သိန်းထောင်ချီတဲ့ ကျောက်တွေအထိ အရောင်းအ၀ယ်လုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။




Source Audio and News from
http://www.voanews.com/burmese/news/mandalay-jade-market-fighting-124593174.html



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, June 25, 2011

ငွေပေး ရန်မလို ငွေမပေး ရန်လို

Source Photo from http://www.google.com/images

ငွေပေး ရန်မလို

ငွေမပေး ရန်လို

ကျုပ်တို့ ကရင်စကားပုံတခုရှိတယ်ဗျ ဟ်ုစူးဟ်ုခင်းစှ် ဟ်ုနိုဝ်စှ် ဟ်ုစူးဟ်ုခင်းအေလ်ုစှ် ဟ်ုနိုဝ်မွဲါလ်ုစှ် တိုက်ရိုက်အဓိပ္ပါယ်ပြန်ရလျင် ခြေတွေ လက်တွေစိုမှ ပါးစပ်စိုမယ် ခြေတွေ လက်တွေမစိုလျင် ပါးစပ်မစိုဘူး တဲ့။
ဆိုလိုတာကတော့ အလုပ်လုပ်မှ စားရမယ် အလုပ်မလုပ်လျင် မစားရဘူး ပေါ့။
သမာအာဇီဝကျကျ လုပ်စားဘို့ပြောတာ။

ဗမာစစ်အစိုးရလက်ထက်မှာတော့ အလုပ်မလုပ်ပဲ(သမာအာဇီဝ အသက်မွေးမှု) ချမ်းသာနေလိုက်ကြတာများ
တော်တော်ထူးတဲ့ အတိတ်ကံပဲ။

ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်လေတော့ သူများသမီးပျိုတွေ ဟိုသင်းစိုနေမှ ပါးစပ်စိုရတဲ့ ဗမာစစ်အစိုးရသစ်ရဲ့ လုပ်စားတဲ့အကြောင်းလေး နားဆင်ကြည့်ကြပါဦး။



Source Audio from http://www.bbcburmese.com

ဒါလောက်တင်ပဲလား ဆိုတော့ မက,သေးဘူး။
ကဏ္ဍအလိုက် အစီအစဉ်တကျ လုပ်စားနေကြတာ။

လူ့ဘ၀ဆိုတာ ရ,ခဲတယ်။ အဲလိုရ,ခဲတဲ့ လူ့သက်တန်းမှာ အသက်ရှည်ချင်တယ်။ ကျန်းမာချင်တယ်။ ချမ်းသာချင်တယ်။
ဒီတော့ ဗမာစစ်အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် အကောင်အထည်ဖေါ်ပုံနည်းကတော့ အောက်မှာ နားဆင်ကြည့်ကြပါ။






Source Audio from http://www.bbcburmese.com


ဒါပေမယ့် ရိုးသားတဲ့တပ်မတော်သား စစ်သည်တော် အတော်များများရဲ့အဖြစ်ကတော့ အင်မတန်ကို ရင်နာစရာကောင်းလှပါတယ်။
ကျုပ်တို့ ငယ်ငယ်တုန်းက တေးသံရှင် ဟင်္သာတထွန်းရင်ရဲ့ ဓါတ်ပြားရတေးတွေထဲက တေးတပုဒ်ဖြစ်တဲ့ အကောင်းဆုံးအရှုံးသမား ဆိုတဲ့တေးထဲက အတိုင်းပါပဲ။
စစ်ပြန်စစ်မှုထမ်းဟောင်းအချို့ရဲ့အဖြစ်ကို နားဆင်ကြည့်ကြပါဗျာ။

ကျန်းမာချမ်းသာကြပါစေ။



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Google စစ်ဆေးခံရမည်

Source Photo from http://www.google.com/images
အွန်လိုင်း လက်ဝါးကြီးအုပ်မှု အရေးအတွက်

Google တို့ စစ်ဆေးခံရမည်

25 Jun, 2011

အမေရိကန် ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်(FTC)မှာ အင်တာနက်လုပ်ငန်းကြီး ဖြစ်သည့် Google ကုမ္ပဏီအား အွန်လိုင်း ရှာဖွေရေးနှင့် ကြော်ငြာလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် ဝါးမြိုစေမည့် လုပ်ရပ်များအတွက် စစ်ဆေးသည့် အနေဖြင့် ဆင့်ခေါ်စာ ပေးပို့ရေးအတွက် နောက်ဆုံး သဘောတူညီချက်ကို အပြီးသတ်နေပြီ ဖြစ်သည်ဟု အစီရင်ခံစာ တစ်ခုတွင် ဖော်ပြသည်။

ယခုကိစ္စအား သိရှိသူနှစ်ဦး၏ အပြောအရ နယူးရောက် တိုင်းသတင်းစာတွင် ကြာသပတေးနေ့က ဖော်ပြရာ၌ (FTC ) အနေဖြင့် စစ်ဆေးမိန့် ချမှတ်ရန် ပြင်ဆင်နေပြီဖြစ်ပြီး Google ၏ အင်တာနက် ရှာဖွေရေး လုပ်ငန်းများ အပေါ် မြို့ပြ လက်ဝါးကြီးအုပ်မှု စုံစမ်းရေး၏ အစိတ်အပိုင်း တစ်ခုအဖြစ် ယခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

Googel ကုမ္ပဏီ၏ အဓိက ဝင်ငွေများမှာ အွန်လိုင်းရှာဖွေမှုနှင့် ကြော်ငြာ လုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉.၃ ဘီလီယံ အထိရရှိခဲ့သည်။ ယခုလို ကြော်ငြာ လုပ်ငန်းများနှင့်ပတ်သက်ပြီး Google အနေဖြင့် တရားမဝင် ယှဉ်ပြိုင်သည့် လုပ်ရပ်များ ကျူးလွန်ခြင်းရှိ မရှိဆိုသည်ကို အဆိုပါ ကော်မရှင်မှ ဥပဒေပညာရှင်များမှာ လပေါင်းများစွာ ကြာအောင် အချက်အလက်များ စုစည်းရှာဖွေခဲ့ကြကြောင်း ပြောကြားလိုက်ပြီး ယခုကိစ္စအတွက် သေချာအောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

source : appleinsider.com




Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လူ့တိရိစ္ဆာန်

Source Photo from http://www.bbcburmese.com/images

လူ့တိရိစ္ဆာန်

စစ်ဆေးရေးဂိတ်တွေအထပ်ထပ်
လုံခြုံရေးတွေအမြဲမပြတ်
ဖမ်းဆီးတာလဲ တလစပ်
ဗုံးခွဲရဲတာ အံ့စရာဗျ။

ရေထဲက ငါးက ရေကိုမမြင်
လေထဲက လူက လေကိုမမြင်
ဒါပေမယ့်
မြွေမြွေချင်း ခြေမြင်တယ်။

မပိုင်လျင်
ခြင်ကိုတောင်မရိုက်မိလေနဲ့
သူတို့ကမြွေ။

တောဝင်တဲ့လူသား
မမှောင့်မှားကြနဲ့ဟေ့
တရားကိုနတ်စောင့်ပေမယ့်
မှောင့်မှားတဲ့လူမှန်သမျှ
ကျားစားခံရလိမ့်မယ်။

တရားကျစရာ
ကျားသတ္တ၀ါတွေကြ
အထင်ကရမိတ်လိုက်
ဘယ်သူမျှ မစားထိုက်ဘူးလား။

အော် ဒါဆို
သူတို့က ကျားဆိုပါတော့။

Source Photo from http://www.bbcburmese.com/images
RFA နဲ့ ရဲစခန်းတခုမှ တာဝန်ကျ ရဲတို့ ဆက်သွယ်မေးမြန်းချက်


Source Audio from http://www.rfa.org/burmese

RFA နဲ့ ရဲစခန်းတခုမှ တာဝန်ကျ ရဲမေတို့ ဆက်သွယ်မေးမြန်းချက်


Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, June 24, 2011

ဘာတွေဖြစ်ကုန်ကြပြီလဲ?

Source Photo from http://www.bbcburmese.com/images

မန္တလေးမှာကွဲ
ပြင်ဦးလွင်မှာကွဲ
တချိန်ထဲနီးပါးကွဲ။

ဘယ်သူခွဲခွဲတို့မကွဲ
ကိုယ့်ဘာသာခွဲ
ဗုံးခွဲပွဲ
စိစိညက်ညက်ကွဲ။

တရားခံ မမိတဲ့
အဖြစ်ပျက်
စစ်အစိုးရ လက်ထက်
စွမ်းဆောင်ချက်
အံ့လောက်ပါရဲ့ အံ့ပါရဲ့။

ရပ်လိုက်ပါတော့ဟဲ့။



Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကွဲမှာပေါ့ ခွဲတာကိုး မခွဲပဲ ကွဲမလား

Source Photo from http://www.bbcburmese.com/images

မန္တလေး ဒေသခံတဦးနှင့်ဘီဘီစီတို့ ဆက်သွယ်မေးမြန်းချက်




ဘီဘီစီဌာန ဘန်ကောက်ရုံးခွဲမှ သတင်းပေးပို့ချက်




Source Photo from http://www.bbcburmese.com/images

ကချင်ပြောရေးဆိုခွင့်ရှိသူ လာနန်းနှင့် ဘီဘီစီတို့ တွေ့ဆုံမေးမြန်းချက်




ဗုံးတွေကတော့ ကွဲပစ်လိုက်တဲ့ဖြစ်ခြင်း။ လက်သည်တရားခံ အစစ်ကိုတော့ ဘယ်တော့မျှ မမိခဲ့ပါဘူးတဲ့။
တော်တော်တော်တဲ့ မြန်မာထောက်လှမ်းရေး။

ဖမ်းလိုက်ပြီဆိုလျင်လည်း သောက်မြင်ကပ် ပုဒ်မ, နဲ့ဖမ်းတာချည်းပဲ။
မြန်မာဆိုတဲ့ အသုံးအနှုံးကို အငမ်းမရ ကြိုက်ပြီး အခေါ်ခံချင်တဲ့ ဗမာစစ်အစိုးရ ကတော့ မြန်မာဆိုတဲ့အတိုင်း
မြန်ပါပေတယ်။

မြန်တာကတော့
မငြိမ်မသက်မှု တခုခုဖြစ်ပြီဆိုတာနဲ့ တိုင်းရင်းသားတွေကို မဟုတ်မတရား စွပ်ဆွဲ တဲ့နေရာမျိုးမှာ မြန်ပါပေတယ်။
နိုင်ငံတကာက လူမှုရေးစာနာမှု အလှူပစ္စည်းတွေကို ခိုးတဲ့နေရာ ၀ှက်တဲ့နေရာတွေမှာ မြန်ဆန်လှပါတယ်။

မာတာကတော့
တိုင်းရင်းသားနယ်မြေကို ရောက်ပြီဟေ့ဆိုတာနဲ့ မုဒိန်းကျင့်မယ်။ လူသတ်မယ်။ ပစ္စည်းလုမယ်။ အဲဒီလိုယုတ်မာ သလို ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်တဲ့ အရပ်ဘက်အဖြစ်ပြောင်းလာတဲ့ အရာရှိဟောင်းအချို့ဆိုလျင်လည်း
လယ်သိမ်းမယ်။ မြေသိမ်းမယ်။ ငွေယူမယ် နည်းမျိုးစုံ မသမာမှုတွေနဲ့ မာကြပါပေတယ်။

ဒါကြောင့် သူတို့ကို မြန်မာလို့ ပြောင်းပြီးခေါ်ပေးပါ။
မခေါ်လျင် မကောင်းတဲ့နေရာတွေမှာ ဆက်ပြီး မြန်မာ ဆိုတာကို ကမ္ဘာသိအောင် လုပ်သွားမလားမသိပါဘူး။



Source Photo from http://www.bbcburmese.com/images

ဦးတင်ဦးနှင့် ဘီဘီစီတို့ ဆက်သွယ်မေးမြန်းခန်း




Source Photo from http://www.google.com/images
ဦးအောင်လင်းထွတ်နှင့် ဘီဘီစီတို့ ဆက်သွယ်မေးမြန်းခန်း



All Audio Source from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လက်တွေ့သင်တန်း စ ပြီ

Source Photo from http://www.bbcburmese.com/images
ဗမာစစ်အစိုးရတပ်ထံမှ ကချင်လွတ်မြောက်ရေးတပ်က သိမ်းဆည်းရမိသည့် စစ်အသုံးအဆောင်များ စစ်ဆေးစဉ်

မြို့ပြတိုက်ပွဲ ချေမှုန်းရေးအတွက်

မြန်မာအစိုးရတပ် စစ်သင်တန်းပေးမည်

ဇွန်လ ၂၀ရက်။
စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ပြည်ချာစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မြို့ပြတိုက်ပွဲ
အနီးကပ်ချေ မှုန်းရေးအတွက် မြန်မာစစ်တပ်က အရာခံနှင့် ဒု-အရာခံဗိုလ် ၈၅ဦးကို ယခုဇွန်လ ၂၅ရက်နေ့မှ သြဂုတ်လ ၃၀ရက်နေ့အထိ စစ် သင်တန်းတစ်ခု ပို့ချပေးသွားရန်ရှိသည်ဟု နီးစပ်သူများထံမှ သတင်းရရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈)၊ (၁၃)၊ (၂၀)တို့၏ လက်အောက်ခံ တပ်ရင်းများနှင့်
စစ်ဗျူဟာ-စဗဟ(၁)၊ (၂)၊ (၃)တို့၏ လက်အောက်ခံတပ်ရင်းများမှာ စစ်သင်တန်းတက်ရန်အတွက် ၎င်းတို့၏ တပ်ရင်းတစ်ရင်းလျှင် ၂ဦး နှုန်းဖြင့် ပို့ဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“စစ်တပ်ကတော့ အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ။ တပ်ရင်းတစ်ရင်းကို ၂ယောက်ပဲ။ သင် တန်းကတော့ ၂လကျော်ပေါ့နော်။ သင်တန်းပြီးရင်တော့ မြို့ပြတိုက်ပွဲချေမှုန်းရေးကို ဘယ်လို အကောင်အထည်ဖော်မလဲဆို တာတော့ စောင့်ကြည့်ရအုံးမှာပေါ့။”ဟု ပြောသည်။

ပြည်ချာစစ်လေ့ကျင့်ရေးကျောင်းသည် ကဒဲနှင့် ပုလောရွာ(ပုလောမြို့နယ်ခွဲ)အနီးမှ အိမ်ခြေ ၃၀၀ခန့်ရှိ ပြည်ချာရွာတွင် တည်ရှိ ပြီး မြန်မာစစ်တပ်၏ သင်တန်းမှူး ဒုဗိုလ်မှူးကြီးတင်မြင့်က ဦးစီးကွပ်ကဲလျှက်ရှိသည်ဟု သိရသည်။
သတင်းကို နည်းနည်းလေး ပြင်ဆင်ဖြတ်တောက်လိုက်ပါတယ်။ ဒီအတွက် ကေအိုင်စီက စောခါးဆူးညား ကို အထူးတောင်းပန်အပ်ပါတယ်။

ဗမာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံလေးတွေက ကလေးတောင်သိပါတယ်။
တနင်္သာရီ တိုင်းဘက်မှာ သင်တန်းပို့ချတယ်။ မန္တလေးတိုင်းဘက်မှာ လက်တွေ့စမ်းသပ်တယ်။
ပြီးတော့ သူခိုးက လူကိုဟစ်တယ်။

သင်တန်းက ဇွန်လ ၂၅ရက်နေ့မှာ စ တယ်ဆိုတော့ ဇူလိုင် ၂၃ မှာ တလပြည့်တယ်။
အဲဒီတော့ သင်တန်းသားတွေရဲ့ လေ့လာမှတ်သားမှုနဲ့ စွမ်းဆောင်နိုင်မှု စမ်းသပ်ဘို့အတွက် ဗမာပြည်ရဲ့ တောင်ပိုင်းမှာ
မလုပ်ပဲ တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းကို ရွေးလိုက်ခြင်းအားဖြင့် သူခိုးလူဟစ်တာ ဘယ်သူမျှ မထင်နိုင်ဘူး။

အဲဒီတော့ တနေ့ထဲ ဗုံးတွေ အဆက်မပြတ်ကွဲကုန်တော့ တာပေါ့။

စစ်တပ်က သူတို့အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ ဆိုတဲ့ အပြောအရ ပြည်ခြာဆိုတဲ့ရွာမှာ
သင်တန်းစခန်းဖွင့် နေပြည်တော်မှာ လက်တွေ့စမ်းသပ် အဲဒါ ဗမာစစ်အစိုးရရဲ့ မြို့ပြတိုက်ပွဲ ချေမှုန်းရေး ပါတဲ့ ဗျာတို့။

တခုတော့ရှိတယ် သူတို့ကို (ဗမာစစ်အစိုးရကို) အာခံတဲ့လူ ဆန့်ကျင်တဲ့ လူ ဆန့်ကျင်တဲ့အဖွဲ့နဲ့
ပေါင်းတဲ့လူဆိုလျင်တော့ ဘာမဆိုင် ညာမဆိုင် ဆွဲကုပ်ခံရမှာအသေအခြာပဲ။

ခရီးထွက်မယ် ဆိုတဲ့ ဒေါ်စုရဲ့ခရီးစဉ်ကိုလည်း တစုံတရာ အကျိုးသက်ရောက်နိုင်သယောင်ယောင်
ဖန်တည်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါတွေကတော့ ကျုပ်ရဲ့ လူပြိန်းအတွေးပါ။
ကျန်းမာချမ်းသာကြပါစေ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တရုတ်နှင့် တင်းမာမှု မြင့်တက်လာသည့် ဖိလစ်ပိုင်အား အမေရိကန်တို့ စစ်လက်နက် တပ်ဆင်ပေးရန် အသင့်ရှိကြောင်း ပြော


တရုတ်နှင့် တင်းမာမှု မြင့်တက်လာသည့် ဖိလစ်ပိုင်အား

အမေရိကန်တို့ ၏စစ်လက်နက် တပ်ဆင်ပေးရန်

အသင့်ရှိကြောင်း ပြော


ဝါရှင်တန် ။ ။ အမေရိကန်တို့ အနေဖြင့် ဖိလစ်ပိုင်တို့၏စစ်ရေး စစ်ရာနှင့် ပတ်သက်ပြီး ခေတ်မီ တပ်မတော် တစ်ခု ဖြစ်လာစေရန် လက်နက် ကိရိယာများ ထောက်ပံ့ရန် အသင့် ရှိကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်သည်။ ဖိလစ်ပိုင်တို့ အနေဖြင့် လက်ရှိ အချိန်တွင် ရေပိုင်နက် အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် တင်းအားများ ဖြစ်ပေါ်နေပြီး ပြန်လည် တုန့်ပြန်မှု အရေးနှင့် ပတ်သက်ပြီး ပြောနေချိန်တွင် ယခုလို ကိစ္စ ဖြစ်ပေါ် လာခြင်းပင် ဖြစ်သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည့် Albert del Rosario မှာ လက်ရှိတွင် ဝါရှင်တန်သို့ ရောက်နေပြီး ဖိလစ်ပိုင်တို့ အနေဖြင့် လက်ရှိ ရှိနေသည့် လက်နက်များ နေရာတွင် အစားထိုးပြီး အခြားတစ်ဖက်တွင်လည်း မဟာမိတ်များကို ခေါ်ယူကာ တရုတ်နိုင်ငံနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချလိုကြောင်း ပြောကြားလိုက်သည်။

မိမိတို့ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်းကို အမေရိကန် အတွင်းဝန် ဖြစ်သူ ဟီလာရီ ကလင်တန်မှ ပြောကြား လိုက်ကာ မိမိတို့ နှစ်နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံတွင် လိုအပ်မည့် အရာများနှင့် ပတ်သက်ပြီး အကောင်းဆုံး မည်သို့ ထောက်ပံ့နိုင်မည်ကို ဆွေးနွေး နေကြောင်း နှစ်ဖက် ခေါင်းဆောင် များ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အရေးမှာ လွန်ခဲ့သည့် ရက်သတ္တပတ်များက တင်းမာ လာခဲ့ပြီးနာက် ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံများမှာ တရုတ်တို့နှင့် မကြေလည်မှုများ ဖြစ်ပွား နေရကာ ယခုလို အခြေအနေ အထိ ရောက်ရှိ လာရခြင်းပင် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ လွန်ခဲ့သော ကာလများကလည်း ၎င်းတို့၏ စစ်တပ်ကို တစ်ပတ်ရစ် လက်နက်များနှင့် အဆင့် မြှင့်တင်ခဲ့သည့် သာဓကများ ရှိခဲ့ပြီး လက်ရှိအချိန်တွင်မူ သမ္မတ အကွီနို၏ ထောက်ခံချက်ဖြင့် ရေတပ် စစ်လက်နက် များအား အဆင့်မြှင့်ရန် ဒေါ်လာ ၂၅၂ သန်းဖိုး ပမာဏရှိ လက်နက်များ ဝယ်ရေးအတွက် သဘောတူ လို က်ပြီဖြစ်သည်ဟု Albert del Rosario မှ ပြောသည်။


source : channelnewsasia

Source http://www.mrtv4.net.mm/ မှကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒုက္ခသည်ပါဆိုမှ ဒုက္ခတွေထပ်ပေးချင်နေတာလား?


ဒုက္ခသည်ပါဆိုမှ ဒုက္ခတွေထပ်ပေးချင်နေတာလား?

Source Photos from http://www.google.com/images



Source Audio from http://www.dvb.no/burmese



Source Photos from http://www.google.com/images

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, June 23, 2011

တရုတ်နိုင်ငံ တောင်ပိုင်းတွင် အလုပ်သမား ၄ ထောင်ကျော် ဆန္ဒပြ

တရုတ်နိုင်ငံ တောင်ပိုင်းတွင်

အလုပ်သမား ၄ ထောင်ကျော်ဆန္ဒပြ

Updated : 23 Jun, 2011

ဟောင်ကောင်။ ။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရာ အချက်အချာ ဒေသတစ်ခု တွင်တောင်ကိုရီးယားပိုင် စက်ရုံတစ်ခု၌ လုပ်ခလစာ နည်းပါးမှုနှင့် လုပ်ငန်းခွင် အခြေအနေများ နိမ့်ကျ နေမှုများကြောင့် အလုပ်သမားပေါင်း ၄ထောင်ကျော်မှာ ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း ကြာသပတေးနေ့က သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကွမ်ကျိုးပြည်နယ်ရှိ Simone လက်ကိုင်အိတ် စက်ရုံမှ အလုပ်သမား လေးထောင်ကျော်မှာ ဆန္ဒပြလျက် ရှိပြီး ယခင်ကလည်း ယင်းဒေသအနီးတွင် ရွေ့ပြောင်း လုပ်သားများ အရေးနှင့် ပတ်သက်ပြီး ပြသနာများ ဖြစ်ပွားခဲ့ ရသေးသည်။ ယခုလို ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး အလုပ်သမားများမှ ပြောရာ၌ ခက်ခဲလှသည့် အလုပ်ခွင် အခြေအနေ တစ်ရပ်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Simone စက်ရုံမှာ နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်သည့် DKNY, Burberry, Kate Spade နှင့် Coach အစရှိသည့် တံဆိပ်များကို ထုတ်လုပ်ခြင်း ဖြစ်ပြီး ယခုဖြစ်ရပ်ကြောင့် လွန်ခဲ့သည့် တနင်္လာနေ့က ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။ ဆန္ဒပြရာ နေရာတွင် ရဲတပ်ဖွဲ့ဝင် အမြောက်အများ အစောင့်ချထားပြီး အချို့လူများ အပြောအရ အမျိုးသမီး တစ်ယောက်နှင့် အမျိုးသား တစ်ယောက်မှာ အင်္ဂါနေ့က လုံခြုံရေးများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

သို့ရာတွင် စက်ရုံ၏ အပြောအရ အချို့သော အလုပ်သမားများမှာ ကြာသပတေးနေ့ မှစတင်ပြီး မိမိတို့၏ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် လာနေပြီ ဖြစ်ကြောင်း သိရသည်။ ယခုလို ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ပြောရာ၌ အချို့အလုပ်သမားများမှာ တစ်ရက်လျှင် ၁၂နာရီ အထိ အတင်းအကြပ် စေခိုင်းခြင်း ခံရပြီး လေးနာရီလျှင် တစ်ကြိမ်မျှသာ အိမ်သာသို့ သွားခွင့်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အချို့ အလုပ်သမားများမှ ပြောရာတွင် ၎င်းတို့ အနေဖြင့် နားချိန် မဟုတ်ပါက ရေသောက်ခွင့်နှင့် အိမ်သာသွားခွင့်ပင် မပြုကြောင်း ပြောကြားခဲ့သည်။


source : channel news asia

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကြိုတင် ကာကွယ်ဆေးထိုးခြင်းများကို ရှောင်ရှားသင့်သည့် ၀က်နားရွက်ပြာရောဂါ

Source Photo from http://www.google.com/images

ကြိုတင် ကာကွယ်ဆေးထိုးခြင်းများကို

ရှောင်ရှားသင့်သည့်

ဝက်နားရွက်ပြာရောဂါ

23 Jun, 2011

နိုင်ငံတွင်းရှိဒေသအချို့မှာ ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားလျက်ရှိကာ ၀က်နားရွက်ပြာရောဂါကို မကြုံတွေ့ရသေးတဲ့ မွေးမြူရေးဝက်ပိုင်ရှင်တွေ အနေနဲ့ မိမိဝက်များကို စိုးရိမ်စိတ်နဲ့ ၀က်နားရွက်ပြာရောဂါ ကြိုတင်ကာကွယ်ဆေးထိုးခြင်း ပြုလုပ်မှုတွေကို ရှောင်ရှားသင့်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ သားငါးကဏ္ဍလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဝက်နားရွက်ပြာရောဂါ ကြိုတင်ကာကွယ် ဆေးထိုးထားတဲ့ ၀က်များဟာ ၀က်နားရွက်ပြာရောဂါ ကူးစက်လာပါက ၀က်နားရွက်ပြာရောဂါပိုးဟာ မြူတေးရှင်းဖြစ်စဉ်ဖြစ်တဲ့ ၀က်များရှိ “အမိုင်နို အက်ဆစ်” ပြောင်းလဲမှုကြောင့် ရောဂါပိုးကို မျိုးရိုးဗီဇ အသစ်တစ်ခုအဖြစ် ပြောင်းလဲစေပြီး ရောဂါကို ပိုမိုပြင်းထန်စေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀က်နားရွက်ပြာမဟုတ်ပဲ အချို့ဝက်တွေဟာ စနစ်တကျကုသပါက အသက်ရှင်နိုင်ပြီး ကာကွယ်ဆေး ကြိုတင်ထိုးထားတဲ့ ၀က်တွေကတော့ သေဆုံးမှု ပိုမိုများပြားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ၀က်နားရွက်ပြာရောဂါပိုး ဟာ နိုင်ငံတကာမှ ပညာရှင်တွေရဲ့ လက်ခံချက်တွေအရ ကြိုတင်ကာကွယ် ဆေးထိုးခြင်းကို ရှောင်ရှားသင့်တယ်လို့ သိရပါတယ်။

ဝက်နားရွက်ပြာရောဂါဟာ မြန်မာနိုင်ငံမှာ စတင်ဝင်ရောက်မှု အနေနဲ့ မန်္တလေးမြို့မှ စတင်ကာ ယခုနှစ် ဖေဖော်ဝါရီလ ၀န်းကျင်လောက်က စတင်တွေ့ရှိခြင်းဖြစ်ပြီး ရောဂါဆက်လက်မဖြစ်ပွားအောင် ဆေးဝါးကုသနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ၀က်နားရွက်ပြာရောဂါကို ကာကွယ်ဖို့အတွက် မွေးမြူသူများအနေနဲ့ ဇီဝလုံခြုံမှုအရ ကာကွယ်ခြင်းဟာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဇီဝလုံခြုံမှုအရ ကာကွယ်ခြင်းနည်းဟာ မိမိရဲ့ဝက်ခြံများကို အခြားပြင်ပလူများ မ၀င်စေခြင်း၊ ၀က်ခြံကို သန့်ရှင်သပ်ရပ်စွာထားခြင်း၊ ရောဂါဖြစ်ပွားနေချိန်မှာ အခြားပြင်ပမှ အစာများ လှည့်လည်စုဆောင်းကျွေးမွေးခြင်းနဲ့ ၀က်ခြံသန့်ရှင်းရေးစနစ် ကောင်းမွန်စွာထားရှိခြင်း စတဲ့ လုံခြုံမှုစနစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀က်နားရွက်ပြာရောဂါပိုးဟာ ၀က်ရဲ့အသက်ရှုလမ်းကြောင်း မှတစ်ဆင့် ကူးဆက်ခြင်းနဲ့ ၀က်သားများမှ ၀က်များကို အဓိကကူးစက်တဲ့ ရောဂါဖြစ်တဲ့အတွက် တောရွာဓလေ့တွေမှာ မွေးမြူတဲ့ဝက်များကို လွှတ်၍ မွေးမြူတဲ့စနစ်တွေကို ပြုပြင်သင့်တယ်လို့ သိရပါတယ်။
Source News from
http://www.mrtv4.net.mm/news/view/others
Broadcasted : 24 Jun, 2011




Source Audio from http://www.dvb.no/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာ ဘယ်သူလဲ?



တိုင်းရင်းသားများ၏ ဒေသဆိုင်ရာ သတင်းများ




Source Audio from http://www.voanews.com/burmese

Source Photos from http://www.google.com/images

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငြိမ်းချမ်းရေးကို ဘယ်သူဖျက်ဆီးနေလဲ?

ဗမာ့တပ်မတော်မှ ပြန်လွှတ်ပေးလိုက်သည့်ကချင်စစ်သည်တော်တဦး
Source Photo from http://www.bbcburmese.com/images

နှစ်ရက်ကြာငြိမ်နေပြီး တိုက်ပွဲတွေ ပြန်စ
2011-06-23

ကချင်ပြည်နယ်မှာ KIA တပ်တွေနဲ့  ဦးသိန်းစိန် အစိုးရတပ်တွေကြား တိုက်ပွဲတွေ ခေတ္တ ရပ်နားနေရာက မနေ့ကနဲ့ ဒီကနေ့ တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဒီနေ့  မနက်ပိုင်းက ဝိုင်းမော်မြို့နယ် ပါဂျို အောက်ဖက်နားမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့သလို ဆွန်ပရာဘွန်မြို့ အထက်နားမှာလည်း နေ့ လည်ပိုင်းက တိုက်ပွဲတပွဲ ဖြစ်ခဲ့တာပါ။

ပါဂျိုနားမှာ အစိုးရတပ်ဖက်က ခမရ (၃၁၈) နဲ့  KIA တပ်က တပ်ရင်း (၂၅၃) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်က မော်တာကျည် အလုံး (၂၀) ကျော်ပစ်ခတ် ခဲ့သလို လက်နက်ငယ် ကျည် (၁၀၀၀) ကျော်သုံးတယ်လို့  KIA ဖက်က ပြောပါတယ်။

ဆွမ်ပရာဘွန်နားမှာတော့ KIA တပ်မဟာ (၁) ဒေသမှာ အစိုးတပ်ဖက်က ခလရ (၁၃၈) နဲ့  KIA ဖက်က တပ်ရင်း (၂၂) တို့ တိုက်ပွဲ ဖြစ်ကြတာပါ။

မနေ့ ညနေကလည်း ပူတာအို ခရိုင်နားမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့တယ်လို့  KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။

ဒါ့အပြင် ၂၁ ရက်နေ့ ညက မြစ်ကြီးနားမြို့ပေါ်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံး (၂) လုံးရဲ့ လက်သည်ကိုလည်း အခုချိန်အထိ အစိုးရဖက်က ရှင်းရှင်းလင်းလင်း မဖေါ်ထုတ်နိုင်သလို၊ KIA ဘက်ကလည်း ဒီဖေါက်ခွဲမှုနဲ့ ပတ်သက်လို့  အတိအကျ မသိသေးဘူးလို့ ပြောပါတယ်။







ကချင်လွတ်မြောက်ရေးတပ်မတော်မှ ပြန်လွှတ်ပေးလိုက်သည့် ဗမာ စစ်သည်တော် ၆ဦး

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....