+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 31, 2011

ရွှေလိုချင်လျင် ရွှေနဲ့လိုက်


မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ အသေးစား ရွှေလုပ်ကွက်များတွင် လုပ်ကိုင်လိုသူများ အနေဖြင့် စာချုပ် မချုပ်ဆိုမီ လုပ်ကွက်တစ်ကွက်လျှင် တစ်နှစ်စာ ရွှေ ၂၄ ကျပ်သား ကြိုတင် ပေးသွင်းရန် စတင် သတ်မှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

အသေးစား ရွှေလုပ်ငန်းများ လုပ်ကိုင်ရာတွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် ရွှေနှင့်သတ္တု တူးဖော်ရေး ကုမ္ပဏီများ အကြား အကျိုးတူ ပူးပေါင်းမှု စာချုပ်များဖြင့် လုပ်ကိုင်ကြခြင်း ဖြစ်ပြီး စာချုပ်မချုပ်ဆိုမီ ယခင်က ရွှေလုပ်ကွက် တစ်ကွက်လျှင် Security Deposit ကျပ်လေးသိန်း ပေးသွင်းခဲ့ရကြောင်း၊ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းလုပ်ကိုင်မှသာ တစ်လလျှင် ပျမ်းမျ ရွှေနှစ်ကျပ်သားနှုန်းဖြင့် ပေးသွင်းသွားရကာ ယခုအခါတွင်မူ ပထမတစ်နှစ်စာကို ကြိုတင် ပေးသွင်းရန် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

''လုပ်ကွက်လျှောက်ဖို့ သက်ဆိုင်ရာမြို့နယ်က ဌာနဆိုင်ရာ ထောက်ခံစာတွေ၊ သက်ဆိုင်ရာ နယ်မြေဒေသ တာဝန်ရှိသူတွေရဲ့ ထောက်ခံစာတွေနဲ့ သတ္တုတွင်း ၀န်ကြီးဌာနကို လျှောက်ခဲ့တယ်။ လုပ်ကွက်တစ်ကွက်ကို Security Deposit ကျပ်လေးသိန်း သွင်းခဲ့တယ်။ ငါးကွက်ဆိုရင် ကျပ်သိန်းနှစ်ဆယ်ပေါ့။ မတ်လ နောက်ဆုံး ပတ်လောက်မှာ လျှောက်တယ်။ အဲဒီအချိန်အထိ ပေါ်လစီပြောင်းသွားတာ မသိသေးဘူး''ဟု အသေးစား ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

''အရင်လုပ်တဲ့ပုံစံက လျှောက်ပြီးရင် သတ္တုတွင်းက တာဝန်ရှိသူတွေက တကယ်လုပ်မယ့် မြေနေရာမှာ တိုင်းတာ စစ်ဆေးတာတွေ လုပ်တယ်။ ပြီးရင် အစည်းအဝေး ပြန်ထိုင်ပြီး စာချုပ်ချုပ်ရတယ်။ စာချုပ်ချုပ်ရင်တော့ Deposit တင်ထားတာကို ပြန်ရတယ်။ လုပ်ရင်းနဲ့မှ တစ်လကို ရွှေနှစ်ကျပ်သား သွင်းသွားရတယ်။ မေလ ၂၆ ရက်နေ့ကတော့ လုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ပြီး ပေါ်လစီ ပြောင်းသွားကြောင်း ရှင်းပြပါတယ်''ဟု ၎င်းက ပြောပြသည်။

ရွှေလုပ်ကွက် အတွက် စာချုပ် ချုပ်ဆိုရာတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ/စည်းမျဉ်း စည်းကမ်းများနှင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ထားသော ပထမနှစ်အတွက် တစ်နှစ်စာ ၁၄ ပဲရည် အထက် ရွှေအဆင့်အတန်း အလိုက် (၂၀/၂၅/ ၃၀ ကျပ်သား)တို့ကို စာချုပ် မချုပ်ဆိုမီ ကြိုတင် ပေးသွင်းသွားမည် ဖြစ်ကြောင်း၊ အကယ်၍ ပေးသွင်းနိုင်ခြင်း မရှိပါက ဌာနသို့ ပေးသွင်းထားသော လုံခြုံရေး အာမခံငွေ (Security Depoist) များကို ပြန်လည် သိမ်းယူမည်ကို သိရှိပါ ကြောင်း ခံဝန်ကတိ လက်မှတ် ရေးထိုးခြင်း၌ ပါဝင်သည်ဟု သိရသည်။

အသေးစား ရွှေလုပ်ကွက်များကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့၌ လုပ်ကိုင်လျက် ရှိသည်။

© Eleven Media Group. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အဖွဲ့စုံ စုပေါင်း စစ်ဆေးရေးဂိတ် ပြန်လည် ဖွင့်လှစ်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင် ကျေးရွာတွင် အဖွဲ့စုံ ပါဝင်သော စုပေါင်း စစ်ဆေးရေးဂိတ်ကို မေ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

မုပ္ပလင်လမ်းဆုံ စုပေါင်းဂိတ်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ယာဉ်များအား စစ်ဆေးခဲ့ရာမှ တာဝန်ရှိသူများ၏ ညွှန်ကြားချက် အရ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ပြန်လည် ပိတ်ပစ်ခဲ့သည်။ ယခုအခါ မွန်ပြည်နယ် အတွင်းမှ လိုင်စင်မဲ့ကားများ ပဲခူးတိုင်းဒေသကြီးဘက်သို့ သယ်ယူနေကြသဖြင့် စစ်တောင်း တံတားသစ်နှင့် တံတားဟောင်း(သိမ်ဇရပ်) သွားသည့် လမ်းဆုံ၌ စုပေါင်းဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဂိတ်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် လိုင်စင် မဲ့ကားများ သာမက အကောက်ခွန်မဲ့နှင့် ကန့်သတ် ကုန်ပစ္စည်းများကိုပါ စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

''ဂိတ်စဖွင့်ဖို့ ညွှန်ကြားတုန်းကတော့ လိုင်စင်မဲ့ကားတွေ စစ်ဆေး အရေးယူ ဖမ်းဆီးဖို့ပါပဲ။ အကောက်ခွန်မဲ့နဲ့ ကန့်သတ် ကုန်ပစ္စည်းတွေ ဖမ်းဆီးဖို့က နောက်မှ ဆက်ပြီး ညွှန်ကြားတာပါ။ တစ်ဆက်တည်းလိုပါပဲ။ ဂိတ်က ဘယ်လောက်ကြာကြာ ဖွင့်ရမလဲ ဆိုတာတော့ မပြောတတ်ပါဘူး''ဟု တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

ကျိုက်ထိုမြို့နယ် အတွင်း စစ်ဆေးရေးဂိတ်များမှာ မရမ်းချောင်းတွင် ဂိတ်တစ်ခုရှိပြီး ယခု စစ်ဆေးရေးဂိတ်နှင့် လေးမိုင်ခန့် ဝေးကြောင်း၊ စစ်တောင်းတံတားသစ် တစ်ဖက်ကမ်း ဝေါမြို့နယ် ကမ်းကြီးဆိပ် ကျေးရွာတွင်လည်း စစ်ဆေးရေးဂိတ် တစ်ခု ရှိကြောင်း သိရသည်။

Comments

+1 #2 botaw 2011-05-31 17:32
အခုတော့ အစိမ်းကားတွေပေါ့ ဗျာ....
အရင်ကတော့ ဒီကေဘီအေက ကားတွေ ဒင်းကြမ်းပဲဗျ...
အဲဒီဂိတ်တွေက အရပ်သားကားတွေသာ နည်းမျိုးစုံရစ် တာ...
ပျောက်ကျားအင်္ကျီ နဲ့ကောင်တွေက မှောင်ခိုကုန်ကားတွေရှေ့ကနေ
မတ်ခ်တူးတို့ ဖိုးဝှီးတို့နဲ့ ကြိုလာပြီး အဲဒီဂိတ်တွေမှာ...လမ်းကြောင်းအရင် လာရှင်းတာဗျ..ခုတော့ဒီကောင်တွေလဲ လုပ်ချင်တိုင်း လုပ်မရတော့ဘူးပေါ့...


+6 #1 kmoebk 2011-05-30 15:57
ခရီးသွားတွေပဲသွားလာရေးနှောင်.နှေးကြမှာပါ...တကယ်တင်ဆောင်လြာ ကတဲ.ကားစိမ်းတွေကိုတ ခါမှစစ်ဆေးတာမတွေ.ကြပါဘူး.....အဲဒီကားစိမ်းထဲက လိုင်စင်မဲ.ဆိုင်ကယ်၊နယ်စပ် ကသွင်းတဲ.ဆီပုံး၊အကောက်ခွ န်မဲ.ပစ္စည်းမျိုးစုံကိုပဲခူးမြို.ပေါ်ထိလွတ်လပ်စွာ သယ်ယူနေကြတာကို
ဘယ်သူကများစစ်ဆေး ကြမှာလဲနော်........

Source News from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တိုင်းရင်းသား ဒုက္ခသည်အရေး ဂျွန်မက်ကိန်း စိုးရိမ်

Source Photo from http://google.com/images

တိုင်းရင်းသား ဒုက္ခသည်အရေး ဂျွန်မက်ကိန်း စိုးရိမ်

By မအေးအေးမာ
အင်္ဂါ, 31 မေ 2011

ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ့် အရီဇိုးနား (Arizona) ပြည်နယ် ၀ါရင့် ရီပတ်ဘလီကန်အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တင်ပြ ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောသွားပါတယ်။ မစ္စတာ မက်ကိန်းဟာ မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၃၁ ရက်နေ့မှာ ထိုင်း၊ မြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကို သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီးနောက် မယ်တော်ဆေးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန် စတင်မယ့် သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောသွားပါတယ်။

“အချိန်ဇယား အတိအကျတော့ ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိနေပါတယ်။ လွှတ်တော်က ခေါင်းဆောင်ပိုင်းတွေကိုလည်း တွေ့ဆုံဖို့ ရှိပါတယ်။ နိုင်ငံတကာရဲ့ ရပ်တည်မှုအတိုင်း ဖြစ်တဲ့ မြန်မာနိုင်ငံထဲ အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ အခွင့်အလမ်း ကိစ္စတွေကို ဆွေးနွေးသွားမှာပါ။

“ဆိုလိုတာက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ဖို့၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့ပါ။”

မယ်လ ဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းကို လေ့လာခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံကို သွားရင် ဒုက္ခသည်တွေရဲ့ အရေးကိစ္စတွေကိုလည်း ပြောဆိုသွားမယ်လို့ ပြောသွားပါတယ်။

“မနက်ဖြန်ဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားပါမယ်။ အဲဒီမှာ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဒုက္ခသည်တွေကိစ္စ၊ လူနည်းစု လူမျိုးတွေအပေါ် ဆက်ဆံနေတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ မငြိမ်သက်မှုတွေနဲ့ လူနည်းစုတွေအပေါ် စစ်ဆင် တိုက်ခိုက်မှုတွေကြောင့် သူတို့တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြရတယ်၊ ဒီလူတွေဟာ သူတို့ရဲ့ အိုးအိမ်နဲ့ မိသားစု နေရာတွေကို ပြန်လိုကြတယ် ဆိုတာကို ထောက်ပြ ပြောဆိုပါမယ်။”

မယ်တော်ဆေးခန်း ရောက်ချိန်မှာတော့ လူထုကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ချီးကျူး ပြောဆိုသွားပြီးတဲ့နောက် ငွေကြေးအကူအညီတွေ ထပ်ပြီး ရသင့်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အခုလို ပြောသွားပါတယ်။

“ဒုက္ခသည်စခန်းနဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းတွေကို သွားရောက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ဒေါက်တာ စင်သီယာမောင် ဆေးခန်းမှာ လူနာ ထောင်နဲ့ချီပြီး ကျန်းမာရေး စောင့်ရှောက်မှု ယူနေကြရတာ တွေ့ရပါတယ်။ ဒီလူတွေဟာ မဟုတ်ရင်တော့ ဘယ်လိုမှ ဆေးဝါးကုသခွင့် ရကြမှာ မဟုတ်ပါဘူး။ ကြုံတွေ့ဖူးသမျှတော့ ဒါဟာ အင်မတန် လေးစား ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုက အစိုးရ အနေနဲ့ရော၊ ပရဟိတ အဖွဲ့အစည်းတွေ အနေနဲ့ပါ ဒေါက်တာ စင်သီယာမောင်ရဲ့ လုပ်ငန်းကို ပိုပြီး ငွေကြေး အထောက်အကူတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။”

မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်ကတော့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက နယ်စပ် အခြေအနေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံက အခြေအနေတွေကို ပိုမို သိရှိသွားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“သူတို့က ဒီကိုမလာခင်မှာ မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားခဲ့တယ်။ သူတို့ နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းလူထုတွေ၊ ပြည်သူတွေထဲကနေ နယ်စပ်မှာလာပြီး ဆေးကုကြတဲ့လူတွေရဲ့ အခြေအနေတွေကို မြင်တွေ့သွားခြင်းအားဖြင့် လက်ရှိ ဒုက္ခသည်တွေနဲ့ မြန်မာပြည်က နယ်စပ်ဒေသမှာရှိတဲ့ ရွှေ့ပြောင်း လူထုတွေရဲ့ အခြေအနေတွေက ပုံမှန် အခြေအနေ ပြန်ရောက်လာအောင် စီးပွားရေး အရရော၊ နိုင်ငံရေး အရရော ပြန်လည် ပြုပြင်ပြောင်းလဲမှုတွေ၊ တည်ထောင်မှုတွေနဲ့၊ ဒီကြားထဲမှာ လူမှုရေး ပံ့ပိုးမှုတွေ အများကြီး ဆက်လက် ဆောင်ရွက်နေရမယ်။

“အထူးသဖြင့်တော့ သူ့အနေနဲ့ကလည်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆက်လက် ကြိုးစားသွားဖို့ အတွက်ပေါ့၊ သူ မြန်မာပြည်ထဲရောက်ရင် ဆက်လက် ကြိုးစားသွားဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို ဆက်လက် ကြိုးစားသွားမယ်လို့ ပြောသွားတယ်။”

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလေးထား ပြောဆိုလေ့ ရှိသူလည်း ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းလိုပဲ အမေရိကန် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်ကလည်း သမ္မတကတော် လော်ရာဘုရှ် မယ်လ ဒုက္ခသည်စခန်းနဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။ မကြာသေးခင်လကပဲ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ်စ် ကန်နီ (Kristie Kenney) ဟာလည်း ထိုင်း၊ မြန်မာ နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းကို လာရောက်ခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်က အခြေအနေတွေကို လေ့လာသွားခဲ့ပါတယ်။





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/john-mccain-burma-122863394.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, May 30, 2011

စောမန်းမန်းနှင့် ဘီဘီစီတို့ ဆက်သွယ်မေးမြန်းချက်

Source Photo from KIC Karen Information Center

Statement_of_8th_KUS__May-2011_Final


Source Document from http://thawthikho.blogspot.com



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား

Source Photo from http://www.bbcburmese.com/images

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား

By ဒေါ်ခင်မျိုးသက်
တနင်္လာ, 30 မေ 2011

ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်ကတဆင့် ဖြေကြားသွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေး (Ian Holliday) ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဖိတ်ကြားခဲ့သလို လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ နှလုံးသား ဖြူစင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရေပေါ် ပေါ်နေတဲ့ ကြာပန်းအသွင် တင်စားထားတဲ့ စာတမ်းကိုပါ ပေးအပ်ခဲ့ပါတယ်။ ဒီစာတမ်းကို နာမည်ကျော် ခေတ်ပေါ် လက်ရေးပန်းချီ ပညာရှင် ပါမောက္ခ ဂျောင်ဆန်း (Jao Tsung-I) က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို တက်ရောက်ဖို့အတွက် စာရင်းပေးသွင်းသူ ၁,၈၀၀ ကျော် ရှိပါတယ်။ ဟောင်ကောင်တက္ကသိုလ်ရဲ့ တိုကျိုခန်းမကြီး အပြင် အနားက အခန်းတွေထဲမှာပါ ဗွီဒီယိုနဲ့ ပြသခဲ့သလို ကွန်ပြူတာ အင်တာနက်ပေါ်ကနေ ၀က်ဘ်ကတ်စ်နဲ့ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး ဟောင်ကောင်ကေဘယ်လ် တီဗွီကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဗွီဒီယို ရုပ်သံကတဆင့် တိုက်ရိုက်ပြောကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းထဲမှာ ပညာရေးဆိုတာ လူ့ဂုဏ်သိက္ခာနဲ့ လူ့ဘ၀ တိုးတက်ရေးအတွက် လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးတာမျိုး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအနှစ်သာရကို ဟောင်ကောင်တက္ကသိုလ်က လက်တွေ့ ကျင့်သုံးနေတာမို့ ၀မ်းမြောက်သလို ဒီလိုပညာရေးမျိုး မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းနဲ့ အခြေခံ အဆောက်အအုံတွေကို အာရှတိုက် နိုင်ငံတွေသာမက ကမ္ဘာကပါ အားကျ စံတင်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဟောင်ကောင်တက္ကသိုလ်ထက် ၁၀ နှစ်လောက်ငယ်တဲ့ ရန်ကုန်တက္ကသိုလ်ကနေ ထက်မြက်တဲ့ ပညာတတ်တွေ မွေးထုတ်ပေးရုံတင်မက မြန်မာနိုင်ငံကို ကိုလိုနီ နယ်ချဲ့လက်အောက်ကနေ လွတ်အောင် လုပ်ဆောင်သူတွေကိုပါ မွေးထုတ်ပေးခဲ့တာပါ။ စစ်အစိုးရလက်အောက် နှစ်ပေါင်း ၂၀ ကြာတဲ့နောက် ဆုတ်ယုတ်မှုတွေ တွေ့လာရပြီး ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုတွေနဲ့ တောင်းဆိုခဲ့ပေမဲ့ ကျောင်းသားခေါင်းဆောင် အများအပြား အခုထိ အကျဉ်းထောင်ထဲ ရှိနေခဲ့ပြီး အခု နောက်ထပ် နှစ် ၂၀ နောက်ပိုင်းမှာတော့ ပညာရေးကအစ အစစ သိပ်ကို နောက်ကျနေပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ပညာရေးဟာ လူတိုင်း လက်လှမ်းမီခွင့် ရှိသင့်ပြီး လက်တဆုပ်စာ လူနည်းစု အတွက်ပဲ အခွင့်ထူးခံ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“ပညာရေးဟာ လူ့သိက္ခာနဲ့ တိုးတက်ရေးအတွက် အတွေးအခေါ်ကို မြှင့်တင် သင်ကြားပေးနိုင်တဲ့ ဖြစ်စဉ်တခုပါ။ ဒါကြောင့် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတရပ် ဆိုတာကို သဘောမပေါက်နိုင်ဘဲ သူများပြောတာကို အမှားအမှန် မဝေခွဲနိုင်၊ ခိုင်းတာကိုပဲလုပ်ဖို့ မွေးထုတ်ပေးတဲ့ စက်မျိုး မဖြစ်သင့်ပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် အခုလို ပညာရေးမျိုးနဲ့ ထိတွေ့ခွင့် မရသေးပေမဲ့ တချိန်မှာတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဟောပြောမှုတွေ အပြီးမှာတော့ ကျောင်းသားတွေ၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ တိုက်ရိုက် ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ ဒီအထဲမှာ ဒီမိုကရေစီနဲ့ ပညာရေးဆိုင်ရာတွေကို အများဆုံး ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဟောင်ကောင်တက္ကသိုလ် ဥပဒေကျောင်းသား ဆမ်ဝေါင်းက ပြောပါတယ်။

“သူက ဒီမိုကရေစီအကြောင်းနဲ့ ဒီမိုကရေစီနဲ့ ပညာရေး ဘယ်လို ဆက်နွယ်နေတယ် ဆိုတာတွေကို ပြောသွားပါတယ်။ ဒီမိုကရေစီကို ရနိုင်အောင် လူထုကို ပညာပေးဖို့၊ လူထုမှာ ပညာတွေ ပြည့်နေဖို့ အရင်ဆုံး လုပ်ရမယ်လို့ ပြောသွားပါတယ်။ ဒါဟာ အများကိုသိအောင် သူ အဓိကပြောချင်တဲ့ အချက်လို့ ကျနော် ထင်ပါတယ်။”

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နယ်လှည့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇွန်လမှာစလို့ ပထမဆုံး နယ်လှည့်ခရီး ထွက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လုံခြုံရေးပေးမယ်ဆိုတဲ့ ပြောကြားချက်မျိုး အခုထိ မရသေးဘူးလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောင်ကောင်တက္ကသိုလ် ရာစုနှစ် အထိမ်းအမှတ် ပြောကြားတဲ့နေ့ဟာ မေလ ၃၀ ရက်နေ့ ဖြစ်တာမို့ ဒီပဲယင်း အရေးအခင်း ၈ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြား သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြားရာမှာတော့ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုနဲ့ပဲ အဆုံးသတ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ပရိသတ် သဘောအကျဆုံး သူ့အဖြေကတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အမေးပဲ ဖြစ်ပါတယ်။

“တရုတ် ခေါင်းဆောင်တွေကို ကျမ ပါးလိုတဲ့ အမှာစကားက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ အောင်မြင် တိုးတက်နေတဲ့ နိုင်ငံပါ။ ဒါကြောင့် သဘောထား ကြီးနိုင်သလို ခြေလှမ်းသစ်တွေကိုလည်း ယူမယ်ဆိုရင် ယူနိုင်ပါတယ်။ လူတွေဆီက တင်ပြမှု အမျိုးမျိုးကိုလည်း ခွင့်ပြုသင့်ပါတယ်။ တရုတ်နိုင်ငံဟာ တိုးတက်တဲ့နိုင်ငံ ဖြစ်သလို ကိုယ်တိုင် အောင်မြင်မှုကိုလည်း တခြားသူတွေကို မျှဝေပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/hongkong-university-dassk-122827194.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့ DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်

DKBA Colonel Kway Thet listens to radio reports from the frontline
Source Photo from http://www.demotix.com

ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့

DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်

2011-05-30

ဗိုလ်ချုပ်စောလားဘွယ်ရဲ့ DKBA အဖွဲ့နဲ့ တခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးက DKBA ဌာနချုပ် နေရာကို လွန်ခဲ့တဲ့ ၂၄ ရက်နေ့ကစလို့ ပြန်ပြီး သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။

အဲဒီနေရာဟာ သူတို့အဖွဲ့အတွက် အရေးပါတဲ့ ဒေသတခု ဖြစ်တဲ့အတွက် ပြန်သိမ်းပိုက်တာလို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိ ဦးသိန်းစိန်အစိုးရကို အရပ်သားအစိုးရ စစ်စစ်လို့ သတ်မှတ်နိုင်မယ့်အကြောင်းလည်း DKBA ဗိုလ်မှူးဆန်းအောင်က RFA ကို ပြောပါတယ်။

“အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီးတော့ ထောင်သားတွေကို တနှစ်လား လျှော့ပေးတာတို့၊ တချို့က လပိုင်းလေးကျန်တယ်၊ တချို့က ရက်ပိုင်းလေး ကျန်တယ်၊ အဲဒါပဲ လွှတ်ပေးတယ်နော်။ လွတ်ငြိမ်းချမ်းသာခွင့်လို့ ကျနော်တို့ မမြင်ဘူး။ တကယ်တော့ ဒီအစိုးရဟာ ဒီပုပ်ထဲက ဒီပဲပဲ။ တကယ်လို့ အစိုးရသစ် ဆိုလို့ရှိရင် ပြီးခဲ့တာ ကန့်လန့်ကာချပြီး ဘဝသစ် တည်ဆောက်ရမယ်။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့လည်း ဘာမှ အထူးအထွေ ကမ်းလှမ်းတာ မရှိသေးဘူး။ ဒီအစိုးရကို လက်ရှိအနေအထားအရ လုံးဝ ယုံကြည်မှု မရှိဘူး။ ဒါကြောင့် ကျနော်တို့ ရောက်တဲ့နေရာမှာ ပြည်သူလူထုနဲ့ ပူးပေါင်းတယ်၊ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုက်နေတယ်”

DKBA ရဲ့ အဆိုအရ အခုသိမ်းပိုက်မှုမှာ နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းမိခဲ့ပေမယ့် ပြန်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီး ဘားအံကို ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲမှာ KNU တပ်မဟာ (၇) နဲ့ ABSDF ကျောင်းသားတပ်မတော်က ရဲဘော်တွေလည်း ပူးပေါင်းဆင်နွှဲခဲ့တယ်လို့ DKBA တပ်မှူးတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, May 29, 2011

မြွေသတ္တ၀ါကို ခုတုံးလုပ်သည့်အစိုးရ


Source Picture from http://www.google.com/images

မြွေသတ္တ၀ါကို ခုတုံးလုပ်သည့်အစိုးရ
(မင်းစိုးစံ)

ခပ်ကြောင်ကြောင်နိုင်လွန်းလှသည့်ခေါင်းစည်းကို အပြန်ပြန်အလှန်လှန်ဘတ်ကြည့်ရင်း စာရေးသူသည်မိမိ ကိုယ်ကို အလွန်တရာအံ့သြသွားမိသည်။

မြန်မာပြည်အစိုးရသည် နည်းလမ်းပေါင်းမြောက်များစွာဖြင့် မြန်မာ ပြည်သူလူထုအပေါ် ယုတ်မာပက်စက်စွာဖြင့် လိန်လည်လှည့်ဖျားကာ ဂုတ်သွေးစုတ်အနိုင့်ကျင့်အုပ်ချုပ်လာ ရာတွင် ကိုလိုနီအုပ်ချုပ်ရေးနည်းစနစ်၊ ဖက်ဆစ်အုပ်အုပ်ချုပ်ရေးနည်းစနစ်များအပြင် မြန်မာ့နည်းမြန်မာ့ဟန် အုပ်ချုပ်ရေးနည်းများကိုပေါင်းစုလျှက် အယုတ်မာဆုံးအရက်စက်ဆုံးနည်းလမ်းများကို ဆန်ကာတင်ရရှိလာပြီး နောက် အဆိုးရွားဆုံးနည်းလမ်းများကိုသုံးကာ တိုင်းပြည်ကိုမတရားဖိနှိပ်အုပ်ချုပ်လာခဲ့သည်မှာ ၁၉၆၂ခုနှစ် မှ စ ယနေ့တိုင်ပင်ဖြစ်ပါသည်။

ထို့ကြောင့်ပင် ယနေ့ထက်တိုင် ဗမာစစ်အစိုးရသည် အသိပညာအတတ်ပညာများ အလျင်အမြန်တိုးတက်လာ သည့် ခေတ်ကာလနှင့် လိုက်လျောညီထွေ အနိုင်အထက်ဆိုးသွမ်းမိုက်ရိုင်းသောနည်းနာများကို လေ့လာရယူ ပြီးသည့်ကာလ နောက်ဆုံးနည်းတနည်းသည်ကား မြန်မာပြည်တွင်းရှိမြွေများကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ ပြည်သူလူထုမှ အမုန်းပွါးစေရန် ဓါးစာခံလုပ်ခြင်းပင်ဖြစ်သည်။



Source Audio from http://www.rfe.org/burmese

ခေတ်နှင့်အညီ အစားအစာနှင့်လူသုံးကုန်ပစ္စည်းများရှားပါးကာ အလုပ်လက်မဲ့ တိုးပွါးလာသည့် ပြည်ထောင် စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုတို့သည် မြွေများကိုဖမ်းဆီးသတ်ဖြတ်ပြီး ၀မ်းရေး အတွက် ဖြေရှင်းခဲ့ကြ ရသောကြောင့် မြွေသတ္တ၀ါ များ လျော့နည်းရှားပါးလာသည့်အတွက် ဖေါ်ပြပါအာမခံစနစ်ဖြင့် ထည့်သွင်းကောက် ခံခြင်းသည် တိုင်းပြည်ချစ်သည့်စိတ်၊ မျိုးချစ်သည့်စိတ်ရှိကြောင်းကိုဖေါ်ပြရုံမျှမက တိုင်းပြည်တိုးတက်ရာ တိုး တက်ကြောင်းအတွက် အလွန်လိမ္မာကြွင်းကျင်သောပညာရှင်များ၏ မြန်မာပြည်သူလူထုအပေါ် ထားရှိသည့် သဘောထားစေတနာမှန်များကို ထင်ရှားပြောင်မြောက်စွာ ဆင့်ကဲဖေါ်ပြလိုက်ဖြင်းပင်ဖြစ်ပါသတည်း။

သို့သော်စာရေးသူတို့ခေတ်က အသုံးပြုခဲ့ဘူးသည့် မြွေဝင်တယ်၊ မြွေကိုက်တယ်၊ မြွေဖမ်းတယ်၊ မြွေပဲ၊ ဆိုသည့် ဗမ်းစကားများအရ ဆိုပါလျင် ထိုစကားရပ်များအားလုံးသည် စစ်အစိုးရအဖွဲ့ဝင်များ မှ ငွေညှစ်တောင်း ခံခြင်းပင် ဖြစ်သည်။

အထူးသဖြင့် ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မှောင်ခိုအထုပ်များကိုလိုက်လံရှာဖွေဖမ်းဆီးပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်တပ်မှစခန်းမှူးများနှင့် ခွဲဝေစားသောက်ကြသည်။ ထိုသို့အဖမ်းအဆီးခံရပါက မြွေကိုက်သည်ဟုပြောပါသည်။

မိမိအိမ်ကို ၀င်ရောက်ရှာဖွေကာ ငွေအညှစ်ခံရလျင် မြွေဝင်တယ်ဟုပြောပါသည်။ လူတယောက်ယောက်ကြောင့် စစ်တပ်မှ လာရောက်စစ်ဆေးမေးမြန်းခံရပြီး ငွေအညှစ်ခံရပါက မြွေဖမ်းသည်ဟုပြောပါသည်။

သူငယ်ချင်းအချင်းချင်း စားသောက်ဆိုင်အတွင်းသို့ ဆွဲခေါ်သွားပြီး စားသောက်ပြီးသည့်အခါ ကုန်ကျငွေများကို ရှင်းခိုင်းပါလျင် ငွေရှင်းခံရသူက မင်းတို့ကတော့ မြွေပဲ ဟုပြောတတ်ကြပါသည်။

သို့ဖြစ်ပါသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အစိုးရအသစ်သည် လဒ်ပေးလဒ်ယူမှုပပျောက် ကင်း စင်ရေးအတွက် မော်တော်ဆိုင်ကယ်များအခွန်ဆောင်ရာတွင် မော်တော်ဆိုင်ကယ်စီးရင်း မြွေကိုက်ခံရပါက အ လျော်ပေးမည်ဆိုသည့်အတွက် သန့်ရှင်းသောအစိုးရတရပ် ပေါ်ပေါက်လာရန် အစပျိုးလိုက်သည့် လုပ်ရပ်ပင် ဖြစ်ကြောင်း ထောက်ခံကြိုဆိုလိုက်ရပါပေသည်။(လှံဖြင့်)

မကြာမတင်ကာလတခုသို့ရောက်ရှိလာပါက ကောင်းမွန်သောအစိုးရ၏ ကြန်အင်လက္ခဏာ များ ပေါ်ပေါက်လာ တော့မည် မှာမြေကြီးလက်ခတ်မ လွဲ ဧကန်မုချမသွေ ဖြစ်ပေတော့မည်တည်း။

ကျန်းမာချမ်းသာကြပါစေ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နယ်ခြားစောင့်လက်ခံတဲ့ DKBAဌာနချုပ် သိမ်းပိုက်ခံရ


နယ်ခြားစောင့် လက်ခံတဲ့ DKBA ဌာနချုပ် သိမ်းပိုက်ခံရ

By မအေးအေးမာ
တနင်္ဂနွေ, 29 မေ 2011

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ၊ ကရင်အမျိုးသား လွတ်မြောက်ရေး ပူးပေါင်းတပ်တွေ အင်အား ၆၀၀ ကျော်လောက်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူမှာရှိတဲ့ DKBA ဌာနချုပ်ဟောင်း နေရာတခုလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိန်းချုပ်ထားလိုက်ပြီးနောက် ကရင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို မကျေနပ်တာကစပြီး ကရင်ပြည်နယ် တခုလုံးမှာ တိုက်ပွဲသံတွေ ကြားနေရတာ ၇ လခန့်ရှိပြီလို့ ဆိုရမှာပါ။ အခုအခါမှာတော့ အရင်တုန်းက ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU နယ်ခြားစောင့်တပ်တွဟာ အတူတကွ
မြိုင်ကြီးငူဒေသမှာ ပူးပေါင်း တပ်စွဲလိုက်ပြီလို့ ဆိုပါတယ်။ DKBA ၉၀၂ တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာကတော့…

“ကျနော်တို့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးက တပ်ရင်းတရင်း၊ လက်ရှိ တပ်မဟာ ၇ ဗိုလ်ချုပ် ဂျော်နီက တပ်ရင်းတရင်း၊ နောက် ဗိုလ်ဘိရဲ့ အင်အား ၄၀၀ ကျော်ရှိတယ်၊ စုစုပေါင်းဆိုရင် ၆၀၀ ကျော်မှာရှိတယ်။ မြိုင်ကြီးငူမှာ လက်ရှိ ကျနော်တို့ ဗိုလ်ဘိနဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးတပ်နဲ့ ဗိုလ်ချုပ် ဂျော်နီရဲ့ ရဲဘော်ရဲတွေ ပူးပေါင်းပြီးတော့ မြိုင်ကြီးငူဒေသကို ခြေကုတ်ထိုင်ထားတယ်။ မြိုင်ကြီးငူရဲ့ အရှေ့ဘက်ခြမ်း ဘားအံနားမှာ တပ်တွေ အမြောက်အမြား ဖြန့်ထားတယ်။”

ကရင်အမျိုးသား လွတ်မြောက်ရေးတပ် အောက်ခြေတပ်တွေဘက်ကတော့ DKBA နဲ့ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတာ အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို နယ်ခြားစောင့်တပ်တွေကပဲ ဖမ်းဆီးခဲ့တယ်လို့ ဗွီအိုအေက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာ ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ဘားအံမှာရှိတဲ့ မြန်မာစစ်တပ်ကို အကူအညီ သွားတောင်းတာတွေ လုပ်နေကြောင်း DKBA ဘက်က ပြောပါတယ်။

“ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားပြီး ဘားအံမှာ စစ်ကူသွားတောင်းတယ်။ အဲဒီ မြိုင်ကြီးငူ ဒေသကို ၀င်ရောက် ထိုးဖောက် တိုက်ခိုက်ဖို့အတွက် နအဖ တပ်မတော်ကို စစ်ကူသွားတောင်းတယ်။ ဗိုလ်ချုပ် ထွန်းနိုင်ကို ပြန်ဖမ်းမိတယ်၊ နယ်စပ်တနေရာမှာ ထိန်းသိမ်းထားတယ်။”

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူပြီး ၁၅ နှစ်အကြာ ပြီးခဲ့တဲ့နှစ်ကုန်မှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ မြန်မာအစိုးရကြား တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ၇ လကြာတဲ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ဒုက္ခသည် သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲကို ခိုလှုံလာရတာတွေလည်း ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်၊ ကနဲလေး၊ ၀ါလေ၊ သေဘောဘိုး၊ ခီးသဲလယ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ၄ ပွဲထက်မနည်း မနေ့ညနေနဲ့ ဒီနေ့မနက်မှာ ဖြစ်ခဲ့ပါတယ်။ ကော့ကရိတ်က အစိုးရစစ်တပ် တပ်စွဲရာ ကော့ကရိတ် ချက်ပွိုင့်ကို ၀င်ရောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး DKBA က ပြောပါတယ်။

“ဒီနေ့ညနေ ၄ နာရီ ၃၅ မိနစ်မှာ ကော့ကရိတ်ချက်ပွိုင့်၊ ကော့ကရိတ်နဲ့ အောက်ဘိုတဲအကြား စခန်းကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်တယ်။ သူ့တပ်ရင်းကတော့ ခလရ ၅၄၈ တပ်ရင်း။”

ဝါလေနဲ့ သေဘောဘိုး စတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦး ပြောပြတာကတော့…

“မနေ့ညနေက ၅ နာရီခွဲလောက်ပေါ့၊ သူတို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတယ်။ DKBA နဲ့ ခလရ ၃၂၁ ပေါ့၊ နအဖဘက်က အရာခံဗိုလ်တယောက် ဆုံးသွားတယ်၊ ၄ ယောက်တော့ ဒဏ်ရာရတယ်။”

အခုအခါမှာတော့ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ တပ်တွေက သူတို့တပ်မှူးတွေကို ပြန်လည်ပုန်ကန်တဲ့ အနေနဲ့ ဖမ်းဆီးမှုတွေ လုပ်လာခဲ့ပါတယ်။ ဒီလို ဘာကြောင့် လုပ်လာရသလဲ ဆိုတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အောက်ခြေဆန္ဒ မပါဘဲ ခေါင်းဆောင်ပိုင်းက သဘောတူ လက်ခံလာကြတာတွေကနေ တင်းမာမှုတွေ စခဲ့ကြတာပါ။

အရင်က ကရင်တော်လှန်ရေးမှာ ပါခဲ့ကြတဲ့ DKBA ခေါင်းဆောင်တချို့ကို အသက် ၅၀ ကျော်တယ်ဆိုပြီး အနားယူခိုင်းလိုက်တာတွေ၊ အာဏာရ နယ်ခြားစောင့် အဖွဲ့တွေက အနားယူခိုင်းလိုက်တဲ့ ကရင်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ အိမ်တွေ ပစ္စည်းတွေကို သွားရောက် သိမ်းယူတဲ့ အဖြစ်တွေ၊ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိပြီး အထက်နဲ့ အောက်ခြေ ကွာဟမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ အောက်ခြေတပ်တွေကတော့ နယ်ခြားစောင့် တပ်စခန်းတွေကို ဆောက်လုပ်ပြီး မြန်မာစစ်တပ်နဲ့ တွဲပြီးထားမယ့် အခြေအနေတွေကို လက်မခံလိုသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

DKBA တပ်သားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပြီး အခုအခါမှာတော့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေဖြစ်တဲ့ KNU နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အပြင် နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ DKBA တွေဟာ အချင်းချင်း ပူပေါင်းသွားကြပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူလာခဲ့ကြတာလည်း ဖြစ်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/dkba-knu-attacked-122797599.html



Source Audio from http://www.fra.org/burmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆေးလိပ်နဲ့ အရေးပေါ်ရောဂါများ

Source Photo from http://www.google.com/images

ဆေးလိပ်နဲ့ အရေးပေါ်ရောဂါများ

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 25 မေ 2011

အိုင်ယာလန်နိုင်ငံ (Ireland) တဝှမ်းက အများသူငါနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်မသောက်ရ ဥပဒေထုတ်ခဲ့အပြီးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် အရေးပေါ်လူနာဌာနကို တင်ရသူတွေ နည်းကျသွားပါတယ်။
တခြားဘယ်လို အရေးပေါ်ရောဂါတွေလည်း ကျဆင်းခဲ့တာကို တွေ့ရှိခဲ့ပြီးပါပြီလဲ။

ဘာကြောင့် ဒီအရေးပေါ်ရောဂါတွေ အခုလို နည်းကျသွားရတာပါလဲ။ ဆေးလိပ်သောက်သူ နည်းသွားလို့လား၊ ဆေးလိပ်မသောက်ပဲ ဆေးလိပ်မီးခိုးငွေ့ ဒါဏ်ခံရတာ နည်းသွားလို့ပါလား။

အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း မကြာသေးခင်က ဒီလိုမျိုးဥပဒေ ပြဌာန်းခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ဘယ်လောက် သက်ရောက်မှု့ ရှိနိုင်ပါသလဲ။

နောက်တွေ့ရှိချက် အသစ်တခုမှာတော့ ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတဲ့ရောဂါတွေထဲမှာ နှလုံးသွေးကြောနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင်၊ အချိန်လွန်မှသိရပြီး သေစေနိုင်တဲ့ ကျောက်ကပ်ကင်ဆာလဲ ပါလာပြီလို့ ဆိုပါတယ်။

ဒီအကြောင်းတွေကို VOA သတင်းထောက် အာ့တ် ချိုင်းမ်းစ် (Art Chimes)၊ မယ်လင်ဒါ စမစ်သ် (Melinda Smith) နဲ့ စတက်ဖနီ ဟို (Stephanie Ho) တို့ သတင်းပို့ထားတာနဲ့ နှစ်ပေါင်း (၁၃) နှစ်ကြာ မြန်မာနိုင်ငံထဲမှာ ဆေးခန်းဖွင့်ခဲ့ပြီး လက်ရှိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Memorial Medical Center မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာဌေးသိန်း ကို ဆက်သွယ်မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက ဒီတပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/health/health_05-25-2011-122627609.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နိုင်ငံရေးသိပ္ပံ


နိုင်ငံရေးသိပ္ပံ

By Thet Su Naing
တနင်္ဂနွေ, 15 မေ 2011

နိုင်ငံရေးနဲ့ စီးပွားရေးပညာလေ့လာတာ တော်တော်လေးအကျိုးရှိတယ်လို့ ကျွန်တော်ယူဆတယ်၊”
(Blogger ဘိုဘိုလန်းစင်)

နိင်ငံတကာက နိင်ငံရေးစနစ်တွေကို မြန်မာလိုလေ့လာနိုင်မဲ့ဘလော့တခုနဲ့ နိုင်ငံရေးသိပ္ပံကို ဘာကြောင့် လူငယ်တွေ လေ့လာသင့်တာလဲဆိုတာကို ဒီတပတ် ဘလော့ဂါတွေပြောသမျှမှာ မစုမြတ်မွန်က ပြောပြပါလိမ့်မယ်၊





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/blogger/blogger_Burma_Technology_VAO_sumyatmon-122387399.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အချစ်ဆိုသည့်ထိုရောဂါ ကုရာနတ္ထိဆေးမရှိ




ဆရာဝန်လိုနေတယ်တဲ့။
အဲဒါကြည့်ကျက်ပြီး လုပ်ပေးလိုက်ကြပါဦး။
သြော် အချစ် အချစ် အချစ်။
ဆပ်ပြာပူဖေါင်းလေးတလုံးကို ကမ္ဘာကြီးလို့ ထင်ပြီး စိတ်ကူးယဉ်နေတတ်ကြတဲ့ အရွယ်ဆိုတော့လည်း။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, May 28, 2011

နယ်ခြားစောင့်(DKBA)တပ်တွင်း ပစ်ခတ်ဖမ်းဆီးမှုများ ဖြစ်ပွား

DKBA ဗိုလ်ကျော်သက်နှင့်တပ်သားအချို့
နယ်ခြားစောင့် DKBA တပ်တွင်း

ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား

By မအေးအေးမာ
စနေ, 28 မေ 2011

မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အရင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို မြိုင်ကြီးငူ ဌာနချုပ်မှာပဲ အခုရက်ပိုင်းတွေအတွင်း ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ရာမှာ DKBA ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ နယ်ခြားစောင့်တပ် ၁၀၁၂ ဟာ အရင် DKBA တပ်ဖွဲ့ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရက DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ DKBA တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့ရတာပါ။ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်မှူးတွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကစပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဘောဗျူဟာ ဌာနချုပ်က ဗိုလ်မှူး ရွှေဝကတော့ နယ်ခြားစောင့်တပ်က တပ်ရင်းမှူး ဗိုလ်ဘိ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။

“ကလိုထူးဘော တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ဘိက ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းလိုက်ပြီ။”

ဗိုလ်ဘိဟာ အရင်က DKBA ၃၃၃ တပ်က တပ်ရင်းမှူးဖြစ်ပြီး အခုအခါမှာလည်း နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူးအဖြစ် တာဝန်ယူနေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖောဒိုကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးထားလိုက်ပြီဆိုတဲ့ သတင်းကို DKBA ဘက်ကနေ ရရှိကြောင်း အတည်ပြု ပြောကြားပါတယ်။

“ဗိုလ်ချုပ် ကျော်သန်းတို့ပေါ့၊ ဘယ်သူဖမ်းလဲဆိုတော့ DKBA တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဗိုလ်ဘိက ဖမ်းထားတာ။ အာဏာသိမ်းတဲ့ သဘောမျိုးပေါ့နော်။ မြိုင်ကြီးငူ ဌာနချုပ်မှာ သူတို့က စုနေကြတာပေါ့၊ ခေါင်းဆောင်ကြီးတွေက။”

ဗိုလ်ချုပ် ကျော်သန်းဟာ နယ်ခြားစောင့်တပ်ကို လုပ်ဖို့အတွက် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူး ရွှေဝ တို့ကိုလည်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့အတွက် လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။

ဒီလို အောက်ခြေထု သဘောထား မပါဘဲ ဆောင်ရွက်နေခဲ့မှုတွေကြောင့် DKBA အောက်ခြေတပ်မှူးတွေနဲ့ အဆင်မပြေ တင်းမာမှုတွေ ဖြစ်ခဲ့ရတာလို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အချင်းချင်းကတော့ အရင်တုန်းက သဘောထား ကွဲလွဲခဲ့မှုတွေ ရှိခဲ့ပေမဲ့ နယ်ခြားစောင့်တပ်ကို အစိုးရက အတင်းအကျပ် လုပ်ခိုင်းရာကစလို့ DKBA နဲ့ KNU ကြားမှာတော့ အချင်းချင်း နားလည်မှု ပိုမိုရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တွေဟာ စစ်ရေးအရ ပူပေါင်းဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ လုပ်လာသလို သူတို့ရဲ့ နယ်မြေတွေမှာလည်း တဘက်နဲ့တဘက် နားလည်မှုတွေနဲ့ ၀င်ထွက်သွားလာခွင့်တွေ ခွင့်ပြုပေးခဲ့ကြတာလည်း ရှိလာခဲ့ကြပါတယ်။

အခုအခါမှာတော့ နယ်ခြားစောင့်တပ်လုပ်ဖို့ ကျန်ခဲ့ကြတဲ့ DKBA တပ်ဖွဲ့ တချို့ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်တွေဆီကို ကူးပြောင်းလာခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဆီကိုလည်း တဖြည်းဖြည်း ကူးပြောင်းလာမှုတွေ လုပ်လာခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဟာ အင်အားနည်းလာခဲ့ပြီး အတင်းအကျပ် လူသစ်စုဆောင်းမှုတွေ လုပ်လာခဲ့တာတွေလည်း ရှိပါတယ်။

၂၀၁၀ နှစ်ကုန်ပိုင်းကစပြီး ကရင်အမျိုးသား အချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ နည်းပါးလာခဲ့တာပါ။ အခုအခါမှာတော့ နယ်ခြားစောင့် တပ်တွင်းပြဿနာတွေ ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က ၀င်ရောက် စွက်လာတာမျိုးတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်လာမယ်ဆိုရင် ကရင်ဒေသတွင်း ပစ်ခတ်မှုတွေ ထပ်ဖြစ်လာဦးမှာ ဖြစ်တယ်လို့ DKBA တွေကတော့ ပြောဆိုနေပါတယ်။







သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/dkba-122771604.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဓါတ်ပုံမှ ပြောသော စကားများ

Source Photo from http://www.bbcburmese.com/images
မေး။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဘာကြောင့်ပြုံးနေတာလဲ ဗျ။ လေယာဉ်ပေါ်ကနေ အောက်ကိုတောင်မရောက်သေးဘူး။
ဖြေ။ ။ အနောက်က လူကပြောလိုက်တယ် သမ္မကြီးနော် ခင်ဗျား အာဆီယံ အစည်းအဝေးပွဲတုန်းကလို ယောင်နန လုပ်မနေနဲ့ လို့ပြောလိုက်လို့ အဲဒါ ရှက်ပြုံးလေးပြုံးနေတာ။

မေး။ ။ အာဆီယံအစည်းအဝေးတုန်းက ကျုပ်တို့ရဲ့ နိုင်ငံတော်အကြီးအကဲက ဘာများ အူကြောင်ကြာင်လုပ်မိလို့တုန်း။
ဖြေ။ ။ အာဆီယံအဖွဲ့ ခေါင်းဆောင်တွေလက်ဆွဲနှုတ်ဆက်ကြတော့ သူကလက်ဆွဲနှုတ်ဆက်ဘို့ မရဲတရဲဖြစ်နေတာနဲ့ သူ့ငယ်ဆရာဆီ ခွင့်တောင်းပြီးမှ နှုတ်ဆက်တယ်လေ။

မေး။ ။ ဟုတ်ရဲ့လားဗျာ။ မလိုသူတွေက တမင်သက်သက်ပြောတာဖြစ်မှာပေါ့။ ဘာကြောင့် အဲလိုခွင့်တောင်းရတာတုန်းဗျ။
ဖြေ။ ။ ဟုတ်တာပေါ့ဗျာ။ ဓါတ်ပုံတောင်ရှိသေး။ ခွင့်တောင်းရတာက သူမိန့်ခွန်းပြောတော့ အင်္ဂလိပ်လို ညှပ်ပြောလိုက်တယ် လေဗျာ။ ကလင်းဂဲဗားမင့် ကွတ်ဂဲဗားမင့် ဆိုတာလေ။ အဲဒါ သူ့ဆရာသောင်္ကြာသား က ဒေါသတွေငယ်ထိပ်ရောက်ပြီး သူ့ခေါင်းကဆံပင်တွေကို ပြာလူးပြီးနှုတ်ပစ်လိုက်တယ်ဆိုပဲ။

မေး။ ။ ခင်ဗျားကတော့ဗျာ ကျုပ်တို့မြန်မာအစိုးရသစ်ခေါင်းဆောင်ကို အဲလိုအထောက်အထားမခိုင်လုံပဲနဲ့ မပြောစမ်းပါနဲ့။
ဖြေ။ ။ ဒီပုံတွေကို ပြီးအောင်ကြည့် နောက်ဆုံးကျ အာဆီယံအစည်းအဝေးပွဲက ပုံကိုကြည့်ကြတာပေါ့။

Source Photo from http://www.bbcburmese.com/images
မေး။ ။ အလို ဒါက ဘာတွေဖြစ်ကုန်ကြပြီလဲဗျ အဲလေ ဘာတွေလုပ်နေကြတာလဲ။ အားလုံးခေါင်းတွေ ညွတ်နေကြပါလား။ ဘယ်သူ့ကိုအလေးပြုနေတာတုန်း။
ဖြေ။ ။ လေယာဉ်ပေါ်ကနေ တရုတ်မြေပေါ်ကို ခြေမရောက်ခင် အားလုံးမြေကြီးပေါ်ကိုကြည့်ပြီး စိန္တာမဏိဂါထာကိုရွတ်ဘို့ အမိန့်အတိုင်းလုပ်နေကြတာ။

မေး။ ။ ခင်ဗျားကတော့လေ ကိုယ့်နိုင်ငံ့ခေါင်းဆောင်တယောက်ကို မဟုတ်တရုတ်တော်တော်ပြောတဲ့သူပဲ။ တရုတ်ပြည်ကို နှစ်နိုင်ငံအရေးကိစ္စဆွေးနွေးဘို့သွားတာ စိန္တာမဏိဂါထာနဲ့ ဘာဆိုင်လို့တုန်း။
ဖြေ။ ။ဆိုင်ပြီတဲ့လားဗျာ။ အခုကိစ္စက ငွေချေးတာလည်းပါမှာဆိုတော့ ချေးငွေရဘို့အရေးက အရေးအကြီးဆုံးလေဗျာ။ တရုတ်က သူတို့တောင်းတဲ့ငွေပမာဏအတိုင်းပေးချင်အောင် အဲဒီဂါထာကိုမြေကြီးပေါ်ကြည့်ပြီး သုံးကြိမ်ရွတ်ရမယ်လို့ အခါတော်ပေးဆရာတွေက ပြောထားတာဗျ။ ကဲ နောက်တပုံကိုကြည့်ဗျာ။

Source Photo from http://www.bbcburmese.com/images
မေး။ ။အံမယ် ကျုပ်တို့သမ္မတကြီးကို တရုတ်သမ္မတက ရွှမ်းရွှမ်းစားစားကြီး ကြည့်နေပါလားဗျ။ ကျုပ်တို့သမ္မတကြီးက ပြုံးရင်း ခွက်ပဲကြည့်နေတယ်။ ဘာကြောင့်များပါလိမ့်နော်။
ဖြေ။ ။ ခွက်ကိုကြည့်နေတာက ဘာကြောင့်မျှမဟုတ်ဘူး။ ဟိုလေဗျာ စင်္ကာပူ ၀န်ကြီးက ဂုဏ်ပြုတဲ့နေနဲ့ သစ်ခွပန်းတမျိုးကို သူ့နာမည်ပေးလိုက်တယ်မဟုတ်လား။ အဲဒါကို သတိရပြီးပြုံးနေတာ။

မေး။ ။ခင်ဗျားကတော့ဗျာ ကျုပ်တို့နိုင်ငံတော် ဥသျှောင်ကို ချိုးဖဲ့ပြောလိုက်တာများ ရစရာတောင်မရှိဘူး။ ကဲ ဘယ်မှာတုန်း အာဆီယံအစည်းအဝေးမှာ လက်ဆွဲနှုတ်ဆက်ဘို့ ကြောက်နေတဲ့ပုံ။
ဖြေ။ ။နောက်အပတ်ကျတော့ ပြမယ်။ သည်းခံလိုက်ဦး။

မေး။ ။ ခင်ဗျားကတော့လေ စကားကိုပြောချင်သလိုလျှောက်ပြောနေတယ်။ လုံးဝကိုလူကြီးလူကောင်း မပီသဘူး။ တကယ်လည်း မဟုတ်ပဲနဲ့များ သူတပါးကိုမှိုချိုးမျှစ်ချိုးပြောရဲတယ်။ ဓါတ်ပုံမရှိဘူးမဟုတ်လား။
ဖြေ။ ။ခင်ဗျားဒီလောက်တောင်ကြည့်ချင်လျင် အောက်က ပုံပေါ်ကို ကလစ်လိုက်။ ကဲကျုပ်တော့ တခြား ဆိုက်က ဓါတ်ပုံတွေ ကြည့်ရှုပြီး လိုတာကူးထားလိုက်ဦးမယ်။

Source Photo from http://www.nicknayman_nicknayman.com.cc

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

KIAနှင့် Myanmarတပ်ကြား ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား

Source Photo from http://www.google.com/images

ရာဇသံကုန်ဆုံးပြီးနောက်

KIAနှင့် မြန်မာတပ်ကြား ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား

by KNG
Friday, 27 May 2011

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ ပေးသော နောက်ဆုံးရက် ရာဇသံ ကုန်ဆုံးသွားပြီးနောက် ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် KIA ကြား ပထမဆုံးကြိမ်ပစ်ခတ်မှု စစ်ပွဲငယ် ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်းတို့တပ်စခန်းများအနီးပို့ထားသည့် မြန်မာစစ်သားများ မေ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ခွာရန် ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာတွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် မိနစ်အတော်ကြာသည်ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးရောက်ရှိနေသည့် ကချင်သတင်းဌာနသတင်းထောက်က ပြောသည်။ နေရာမှာ ဗန်းမော်ခရိုင် အရှေ့တောင်ဘက် မံဂျေ (မံစီ)မြို့နယ်၊ ရှဒန်ဂါးဂေါ့ ဒေသ၊ ၀မိကောင် တွင် ဖြစ်သည်ဟု ဆိုသည်။

မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်းပိုင်း ကိုင်ထိတ်စခန်း၌ တပ်ချနေသည့် ဆားမှော်အခြေစိုက် မြန်မာစစ်တပ် ခလရ ၁၀၅ နှင့် KIA တပ်ရင်း ၂၇ ကြား တိုက်ပွဲငယ်ဖြစ်ပွားခြင်း မှန်ကန်ကြောင်း ကချင်ပြည်နယ် KIA လိုင်ဇာဌာနချုပ်မှ အရာရှိများ ထိုင်းအခြေစိုက် ကချင်သတင်းဌာနကို အတည်ပြုပြောသည်။

ယခုနောက်ဆုံးပစ်ခတ်မှုသည် မြန်မာ သမ္မတဦးသိန်းစိန်၏ ယမန်နေ့ မေ ၂၆ ရက်မှစတင်သည့် တရုတ်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

ယနေ့နံနက် ၃ နာရီခွဲတွင် နမ့်ခမ်းမြို့မှ မြန်မာစစ်သားများတင်ဆောင်ထားသည့် စစ်ကား အစီး ၂၀ သည် မံဝိန်းသို့ ထွက်ခွာသွားသည်ဟု ဆိုသည်။ မံဝိန်းမှ ကိုင်ထိတ်၊ မံဂျေ (မံစီ)ကို ဖြတ်ပြီး မန်မော် (ဗန်းမော်)သို့လည်းကောင်း၊ KIA တပ်ရင်း ၂၇ တည်ရှိရာ ဗလောင်ဒိန်ဆာသို့လည်းကောင်း၊ အင်မောင်ခ (ရွှေလီမြစ်)ရှိ ရွှေလီ အမှတ် ၁ နှင့် ၂ ရေအားလျှပ်စစ်စက်ရုံသို့လည်းကောင်း၊ တရုတ်နယ်စပ်သို့လည်းကောင်း ၄ နေရာသို့သွားရောက်နိုင်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်များက KIA ထိန်းချုပ်နယ်မြေထဲ ချဉ်းကပ်လာလျှင် စစ်ရေးပဋိပက္ခ ပိုမို ပြင်းထန်လာမည်ဟု လိုင်ဇာမှ KIA အရာရှိများပြောသည်။

တချိန်ထဲတွင် KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၂ ခု မှာလည်း မြန်မာစစ်တပ်နှင့် အပြန်အလှန်ဝန်းရံပိတ်ဆို့နေကြ သော်လည်း ပစ်ခတ်မှုမရှိသေးဟု ဆိုသည်။ ၎င်းတို့မှာ မုန်ညန် (မိုးညှင်း) မြို့နယ်၊ ဆင်ဘိုအနီး ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ နှင့် နမ္မတီးအနီး ကဆုန်ပါရှိ KIA တပ်ရင်း ၁၁ တွင်ဖြစ်သည်။

ပြီးခဲ့သည့်အပတ်မှ စတင်လာသည့် နှစ်ဖက်စစ်ရေးတင်းမာမှုတွင် ယခုချိန်အထိ မြန်မာစစ်သား အနည်းဆုံး ၁၁ ဦးနှင့် KIA စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း KIA က ပြောသည်။

KIA အခြေစိုက်စခန်းအနီးမှ မြန်မာစစ်တပ်များ ဆုတ်ခွာခြင်း မ ရှိခြင်းကြောင့် “ရှေ့ဖြစ်ပေါ်လာမည့် ပြဿာများ အားလုံးသည်” ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရ၌သာ တာဝန်ရှိမည်ဟု KIA က သတိပေးထားသည်။
Last Updated ( Saturday, 28 May 2011 12:40 )

Source from http://kachinnews.com/burmese








Source Audio from http://www.dvb.no

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, May 27, 2011

နန့်ဇိုယာဖန်းနှင့် ဆက်သွယ် မေးမြန်းချက်များ


၂၀၁၀ နှစ်ဖဒို မန်းရှာ အထိမ်းအမှတ်ဆု

အမျိုးသမီး ကျန်းမာရေးမှူး ရရှိ
2011-05-27

ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ အထိမ်းအမှတ် ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ထိုင်း-မြန်မာနယ်စပ် KNU ထိန်းချုပ်ရာ နယ်မြေမှာကျန်းမာရေးမှူးတဦး ဖြစ်တဲ့ နော်ဒီဇင်ဘာဖောကို ဒီကနေ့ အခမ်းအနားနဲ့ ချီးမြှင့်လိုက်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်က KNU ထိန်းချုပ်ရာ နယ်မြေရှိ တောတွင်းဆေးခန်း တာဝန်ခံ နော်ဒီဇင်ဘာဖောဟာ မိဘတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုကို လိုက်ပါမသွားပဲ ကရင်လူထု့ကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့အတွက် ဒေါ်လာ ၂,၀၀၀ ဆု ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

သူ့ဟာ စစ်အစိုးရတပ်တွေ လှုပ်ရှားနေတဲ့ နယ်မြေအတွင်းက ကရင်ကျေးရွာတွေကို လှည့်လည်ကာ အန္တရာယ်ကြားကနေ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေတယ်လို့ အဲဒီဆုကို ချီးမြှင့်တဲ့ ဖန်းဖောင်ဒေးရှင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီဆုကို လူမူ့ရေးလုပ်ငန်း လုပ်ဆောင်နေရာမှာ အောင်မြင်မှုတွေ ရှိနေတဲ့ ကရင်လူငယ် ခေါင်းဆောင်တွေကို ရွေးချယ်တာ ဖြစ်တယ်လို့ ဖန်းဖောင်ဒေးရှင်းကို တည်ထောင်သူလည်းဖြစ် ၊ ဖဒိုမန်းရှာရဲ့ သမီးလည်းဖြစ်တဲ့ မဇိုရာဖန်းက ပြောပါတယ်။

“အဓိက ကျွန်မတို့ အကြမ်းဖျဉ်း သတ်မှတ်ထားတာကတော့ သူတို့ရဲ့ လူမှုရေး လုပ်ဆောင်ချက်တွေပေါ့နော်၊ အဲဒါ သူတို့ ခေါင်းဆောင်တယောက် အနေနဲ့ သူတို့ လုပ်ဆောင်နေတဲ့ အချိန်မှာ သူတို့က အောင်မြင်မှုတွေ ရှိတယ်၊ ပြီးတော့ သူတို့က ကိုယ်ကျိုးစွန့်ပြီးတော့ ပြည်သူလူထုတွေအတွက် သူတို့က ကြိုးစားပြီး လုပ်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကျွန်မတို့ ကြည့်နေတယ်။ ပြီးတော့ တဆက်တည်းမှာပဲ အခက်အခဲတွေရော၊ ဒီ ဆင်းရဲမှုတွေ ကြားမှာပေါ့နော်၊ သူတို့ ပြည်သူလူထုတွေ ကောင်းကျိုးအတွက် အင်မတန်ကို တက်ကြွစွာ လုပ်နေတဲ့ လူငယ်တွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ကျွန်မတို့က အဲဒါ အခြားလူငယ်တွေ စံနမူနာ ကောင်းအောင် ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်တွေကို ကျွန်မတို့ ရွေးတာ ဖြစ်ပါတယ်။”

အဲဒီ ဖဒိုမန်းရှာ လူငယ်ဆုကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နောက်တနှစ် ၂၀၀၉ ခုနှစ်ကစလို့ နှစ်စဉ် ချီးမြှင့်လာရာ ဒီနှစ်ဟာ ၃ နှစ်မြောက်ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကွယ်လွန်သူ ဖဒိုမန်းရှာရဲ့ သမီး မဇိုရာဖန်းကို RFA မှ ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.


Source Audio from http://www.dvb.no

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စင်္ကာပူပန်းနာမည်နဲ့ တရုတ်သမ္မတ ဟူကျင်တောင်း တွေ့ဆုံ

ဓာတ်ပုံ http://www.bbcburmese.com/images
နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် တွေ့ရသည့်
မြန်မာသမ္မတ ဦးသိန်းစိန်(၀ဲ) နှင့် တရုတ်သမ္မတ ဟူကျင်တောင်း။
မေ ၂၇၊ ၂၀၁၁။

သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ဟူကျင်တောင်း

တွေ့ဆုံ

By ဗွီအိုအေ (မြန်မာဌာန)
သောကြာ, 27 မေ 2011

တရုတ်နိုင်ငံဟာ ယုံကြည် စိတ်ချရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အားထားရတဲ့ အိမ်နီးချင်းကောင်း ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) နဲ့ တွေ့ဆုံရာမှာ မြန်မာသမ္မတသစ် ဦးသိန်းစိန်က ပြောဆိုလိုက်တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနတွေက သတင်းထုတ်ပြန်ကြပါတယ်။

သောကြာနေ့က မြန်မာနဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံကြရာမှာ အမေရိကန်ဒေါ်လာ ၇၆၅ သန်း တန်ဖိုးရှိတဲ့ ချေးငွေဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ကြပြီး မြန်မာသမ္မတက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ စွမ်းအင် လုံခြုံရေးအတွက် အရေးပါတဲ့ မြန်မာနိုင်ငံဘက်ကနေ တရုတ်ပြည် အနောက်တောင်ပိုင်းကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်တဲ့ လုပ်ငန်းကို သေချာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ကူညီဖို့ တရုတ်နိုင်ငံက တတ်အားသမျှ ကူညီချင်ကြောင်း ၀န်ကြီးချုပ် မစ္စတာဝမ်က ပြောဆိုပါတယ်။

တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ်ဘက်က မြန်မာ ဘဏ္ဍာနဲ့အခွန် ၀န်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၇၆၅ သန်းနဲ့ ညီမျှတဲ့ ယူရို သန်း ၅၄၀ ချေးငှားမှု အပါအ၀င် သဘောတူစာချုပ် ၉ ခုကို တရုတ်နဲ့ မြန်မာသမ္မတ ၂ ဦးတို့ လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေအားလျှပ်စစ် စီမံကိန်း အပါအ၀င် နှစ်နိုင်ငံ ၀န်ကြီးဌာနတွေအကြား ငွေချေးငှားမှုဆိုင်ရာ သဘောတူညီမှုတွေလည်း ရခဲ့တယ်လို့ သိရပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်းကလည်း မြန်မာသမ္မတသစ် ဦးသိန်းစိန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ပြီး ရွေးကောက်ပွဲအပြီး သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံရမှုကို ချီးကျူး ဂုဏ်ပြုပါတယ်။

ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား နားလည်မှု တိုးမြှင့်ရေးနဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ၂၁ ရာစုနှစ်အတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့လည်း တရုတ်သမ္မတက ပြောဆိုပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ မနှစ်ကထက် ၅၀% လောက် တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၀ ခုနှစ်အတွက် မြန်မာနိုင်ငံဘက်မှာ ၁၂.၃ ဘီလီယံ ရှိခဲ့ပြီး သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်၊ မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်ကြားမှာ တည်ငြိမ်မှု ရရှိရေးကို ထိန်းသိမ်းထားဖို့အတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း တရုတ်သမ္မတ ဟူကျင်တောင်းက ပြောဆိုလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/china-burma-122723974.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘာတွေလိုနေလဲ

ဘာတွေလိုနေလဲ
(မင်းစိုးစံ)

အစပ်ကြိုက်ကြပါသလား ဘယ်လောက်အထိ အစပ်စားနိုင်ကြပါသလဲ စပ်တဲ့ဒါဏ်ကို ဘယ်လောက်အထိခံနိုင် ပါသလဲ ငရုပ်သီးခပ်များများနဲ့ထောင်းထားတဲ့ ဆားထောင်းတခွက် အဲဒီအပြင် ထမင်းအိုးထဲက မကျက်တကျက်ဖြစ်နေတဲ့ ထမင်းတပန်းကန်၊ ဘေးမှာက အရှိန်မသေသေးတဲ့ ဖိုခနောက်၊ နေရာက ဘာအရိပ်မျှမရှိတဲ့ လွင်တီးခေါင်၊ အချိန်က အင်မတန်ပူပြင်းတဲ့နွေရာသီရဲ့ မွန်းတည့်ချိန်၊ ခေါင်းပေါ်မှာ အင်မတန်လေးတဲ့ အထုပ် တထုပ်ကို ရွက်၊ ညာဘက်ပုခုံးမှာက ဘာမျှမသိရှာသေးတဲ့ လူမမယ်ကလေးငယ်လေးနဲ့ ဘယ်ဘက်ပုခုံးမှာကျ နောက်နေ့တွေအတွက် စားစရာရိက္ခာ အဲဒါတွေကို စလွယ်သိုင်းလွယ်ပြီး ခင်ဗျားတို့ရဲ့ဘ၀သက်တမ်းတလျှောက် ပဒပ်ရပ်ရင်း(မတ်တတ်ရပ်ရင်း)နဲ့ဖြစ်ဖြစ် ပြေးရင်းလွှား
ရင်းဖြစ်ဖြစ် ထမင်းဘယ်နှစ်နပ် စားခဲ့ဘူးပါသလဲ။ ပြေးရင်းလွှားရင်းနဲ့ ချွေးသီးချွေးပေါက်တွေ မျက်လုံးထဲဝင်တာ ဘယ်နှစ်
ခါခံစားဘူးပါသလဲ။

အဲဒါမျိုး ကျုပ်ဘ၀က မဆန်းဘူး၊ မဆန်းတော့ ဘာဖြစ်လဲ။ မဆန်းတော့ သမားရိုးကျဖြစ်လာတယ်၊ နောက် တော့ ထုံးစံတခုလိုဖြစ်သွားပြီး နောက်ဆုံးတော့ဗျာ ယဉ်ကျေးမှုတခုလို့တောင် ခံယူလိုက်တယ်။

အဲဒီလိုပဲဗျ ဗမာစစ်အစိုးရတပ်တွေ ရွာထဲဝင်လာတော့ အနိုင်ကျင့်ဗိုလ်ကျ မိုက်ရိုင်းတာတွေကို ခံရတာများလာတော့ ပြေး နေရတာကိုပဲ ကျုပ်တို့အတွက်လုပ်ရိုးလုပ်စဉ် ၀တ္တရားတခုလို သဘောထားပြီးထွက်ပြေးလိုက် ပြန်လာလိုက်နဲ့ သူ့ဟာနဲ့သူဟုတ်နေလိုက်တာ ဒီနေ့အထိပဲ။

အိမ်မွေးတိရိစ္ဆာန်တွေ ရွှေတွေငွေတွေ သတ္တုအိုးတွေကို ဗမာ့တပ်မတော်က လူယူစားသောက်ဖျက်ဆီးပစ်တာ တွေကလည်း ကြာလာတော့ ဘာမျှမဖြစ်သလိုနဲ့ ကျန်ခဲ့တာလေးတွေကို လိုက်ကောက်စုပုံပြီး နေရာပြောင်းနေ လိုက်တယ်၊နေရာမကောင်းနေရာပြောင်းပေါ့ဆိုပြီး ကိုယ့်ကိုယ်ကိုအားပေးရင်းတနှစ်ကို ၁၂ ခါလောက်ပြောင်း တယ်။

ရွာထဲရောက်တာနဲ့ ဗမာ့တပ်မတော်စစ်တပ်အရာရှိကြီးတွေက ကရင်မလေးတွေကိုခေါ် သူတို့ကိုအနှိပ်ခိုင်းပြီး အဓမ္မကျင့်တာတို့ ရွာသူကြီးမကို မဟားဒယားလုပ်တာတို့ ဒါကိုလည်းတွေ့ရဖန်များလာတော့ ပြေးကြဟေ့ ပြေး ကြ ပြေးနိုင်မျှလွတ်မယ်။
ဒီတော့ ဗမာစကားပုံထဲမှာ ကရင်ကိုအမွှမ်းတင်ထားတာတခုပြောပြမယ် သစ်ငုတ်လည်းဆွေး ကရင်လည်းပြေး တဲ့။

ဒီထက်ဆိုးတာက မုဒိန်းလူသတ်ကိစ္စ။ စုပြုံပြီးမုဒိန်းကျင့်ပြီးတာနဲ့ မိန်းမကိုယ်ထဲ အရက်ပုလင်းကို ခြေထောက် နဲ့ဆောင့်ကန်သွင်းအသတ်ခံလိုက်ရတဲ့ ကရင်အမျိုးသမီးတွေ။ သေနတ်ဒင်နဲ့ မသေမချင်းရိုက်သတ်ထားတာ တွေ၊ လူသွားလမ်းဘေးမှာ ဖြစ်သလိုမြေမြှုပ်ထားလို့ ပုတ်ပွနံဆော်ပြီး ဆံပင်တွေဖွါလံကြဲနေတဲ့ အမျိုးသမီးအ လောင်းတွေ။

ဗီယက်နမ်စစ်ပွဲအကြောင်း သတိရမိတယ်၊ ကျုပ်ကိုယ်တိုင် ဗီယက်နမ်စစ်ပွဲမှာပါခဲ့လို့ သတိရတာ မဟုတ်ဘူးနော်၊ အမေရိကန်က သင်တန်းဆရာပြောပြတဲ့သူကိုယ်တိုင် မြင်ခဲ့ရတဲ့ မြို့တွင်းမြင်ကွင်းအကြောင်းကို သတိရမိတာပါ ဗီယက်နမ်မြို့တခုလုံးဟာ မီးလောင်နေတဲ့အဆောက်အဦးနဲ့ လမ်းဘေးမှာ ပိုးဆိုးပက်စက် သေနေတဲ့ အလောင်းတွေကို ဗီယက်နမ်ပြည်သူပြည်သားတွေက နေ့တိုင်းမြင်နေရတော့ ဘာမျှမဖြစ်သလို သွားလာလှုပ်ရှားနေကြတယ်တဲ့။ အမျိုးသမီးတယောက်ဆိုလျင် ဟိုဘက်က မသင်္ကာလို့ ဖမ်းပြီးမုဒိန်း ကျင့် ဒီဘက်ကလည်း သူလျှိုဆိုပြီး မုဒိန်းကျင့်နဲ့ လှိမ့်နေတာပဲတဲ့။

အချင်းချင်းသတ်တဲ့ဖြတ်တဲ့ကိစ္စကိုလည်းကြည့်လိုက်ပါဦး။ ဒီဗွီဘီ ထဲမှာပါလာတဲ့သတင်း။ ဆန်းတာမှတ်လို့ ကရင်အချင်းချင်း သတ်လာလိုက်ကြတာ အခုမျှမဟုတ်ပဲ။ ကရင့်တော်လှန်ရေး စလုပ်ကတည်းက ဒီနေ့အထိ အချင်းချင်းဆော်နေကြတုန်း။

ကရင်အဆိုကျော် ဗိုလ် ထိုးလွီအွာကို သူ့တပ်သားကပြန်သတ်တယ်၊ ပဒိုမန်းရှာ ကို ကရင်သတ်တယ်၊ အခုတခါ ဗိုလ်ဘသိန်း လုပ်ကြံတာခံရတယ်။ မသေလို့တော်သေးတာပေါ့။ သေသွားလျင် ဗမာစစ်အာဏာရှင်အတွက် အင်မတန်ကြီးမားတဲ့အောင်ပွဲဖြစ်သွားမှာပေါ့။ ကရင့်မျိုးချစ်တော်လှန်ရေးသမားတွေကို မဆိုထားနဲ့ သာမာန်ကရင်လူမျိုး တယောက်သေလျင်ဘယ်လိုအ ကြောင်းကြောင့်နဲ့ပဲသေသေ အဲဒီလိုသေသွားတာဟာ ဗမာစစ်အာဏာရူးတွေအတွက် အလွန်တရာကြီးမားတဲ့ အောင်မြင်ခြင်းပဲဆိုတာ မမေ့ကြပါနဲ့။





စာပုံနဲ့အသံ မူရင်း ပိုင်ဆိုင်သည့် ဌာန http://www.dvb.no

ကရင်လူထုကို အကာအကွယ်ယူပြီး ကရင့်အခိုင်အမာ ခံတပ်စခန်းတွေကိုတိုက်တာတို့၊ မိုင်းနင်းခိုင်းတာတို့၊ မု ဒိန်းကျင့်ပြီးသတ်ပစ်တာတို့ အခုမျှသတင်းထဲမှာကြားရတာ ကျုပ်ကတော့ စောစောတုန်းကပြောခဲ့သလို ထုံးစံ တခု ဒါမျှမဟုတ် ဖြစ်ရိုးဖြစ်စဉ်တခု သမားရိုးကျအဖြစ်လို့တောင် သတ်မှတ်နေခဲ့တာကြာပြီဆိုတော့ တခါတလေ ဘလော့ထဲက သတင်းတွေ၊ ရေဒီယိုထဲက အသံတွေကို ဖတ်ဘို့နားထောင်ဘို့တောင် စိတ်မရှိတော့ဘူး။ ကရင့်တော်လှန်ရေးတပ်မတော် အနေနဲ့ကလည်း ကိုယ့်ကရင်လူထုကိုငဲ့ပြီး လုပ်ရကိုင်ရတာများလာတော့ စစ် ဆင်ရေးအချို့မှာ အောင်မြင်သင့်သလောက်မအောင်မြင်တာတွေရှိခဲ့တယ်။ မထိခိုက်မဆုံးရှုံးသင့်တာတွေ နစ်နာ ဆုံးရှုံး ထိခိုက်တာတွေ အမြောက်အများရှိခဲ့ပါတယ်။




အသံများ၏ မူရင်း ပိုင်ဆိုင်သည့် ဌာန http://www.bbcburmese.com

ဒါတွေကိုတော့ ကရင့်တော်လှန်ရေးကာလတလျှောက် မိမိ ပိုင်နယ်မြေကို ကျားကုတ်ကျားခဲ သက်စွန့်ဆံဖျား ကာကွယ်နေကြတဲ့ ကရင့်တပ်မတော်က စစ်သည်တော်တွေ အသိဆုံးပါ။

ဗမာစစ်အစိုးရဆိုတဲ့ ဗမာ့တပ်မတော်သားဆိုသူတွေ (အညင်သာဆုံးနဲ့ အသက်ညှာဆုံး အယဉ်ကျေးဆုံးစကား လုံးသုံးရလျင်) လူ့တိရိစ္ဆာန်တွေကတော့ ကရင်လူမျိုးကို မျိုးတုံးအောင်လုပ်တာဆိုတော့ ဘာကိုယ်ချင်းစာစိတ်မျှ မရှိတဲ့အတွက် ကရင်ဒေသတွေကိုရောက်တိုင်း အပြစ်မရှိတဲ့လက်နက်မဲ့ ကရင်အရပ်သူအရပ်သားတွေအပေါ် ဆိုးယုတ်သောင်းကျန်း လုယက်သတ်ဖြတ်ရမှ နေသာထိုင်သာရှိတာ။ အဲဒါမှ ဗမာ့တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ထားကြတာ။

ကျုပ်ကြားချင်တဲ့သတင်း ဖတ်ချင်တဲ့သတင်းကဘာလဲ ကွဲနေတဲ့အဖွဲ့တွေ ပြန်ပေါင်းတာ၊ အဲဒါကို ကြားချင်တယ် မြင်ချင်တယ်၊ ပြန်ပေါင်းတယ်ဆိုတဲ့နေရာမှာ မောင်အေးခြေထောက်ပေမှာစိုးလို့ဆိုပြီး ကရင်အမျိုးသားတရပ်လုံး ရဲ့အလံတော်ကိုမြေပေါ်ချခင်းပေးခဲ့တဲ့ သူမူဟဲအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ ဒီကေဘီအေ၊ ဒီကေဘီအေဘီဂျီအက်ဖ် ၊ကေအင်န်ယူကေအင်န်အယ်လ်အေပီစီ ကေအင်န်ယူ ပြန်ပေါင်းသွားကြပြီဆိုတဲ့သတင်းမျိုးကို ကြားချင်နေတာ။ မကြားချင်ပဲနေမလားဗျာ ကျုပ်သက်တန်းတလျှောက်လုံး အဲဒီသတင်းမျိုး မကြားခဲ့ရတာ ကြာနေပြီ။

ရှမ်းတွေပြန်ပေါင်းကြတယ်၊ ဘယ်လောက်အားရှိလိုက်သလဲ။ ၀မ်းသာလိုက်တာ၊ ယုံကြည်ချက်တွေ အရောင် တောက်လာတယ်။ ကျွန်ဘ၀ကလွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေခိုင်မာလာတယ်။ အခုတော့ အကွဲအပြဲတွေကိုထုံးစံတခုလို လက်ခံလာအောင်၊ ကွဲပြနေလိုက်ကြတာ မမြင်ချင်အဆုံး၊ မကြားချင် အဆုံး။ ဒီလိုထုံးစံတခုလို့ယုံကြည်လာအောင် ဖြစ်ရိုးဖြစ်စဉ်တခုလို့ လက်ခံလာအောင် စစ်အာဏာရှင်တွေက တော့ နည်းလမ်းပေါင်းစုံ ထောင့်ပေါင်းစုံကနေ လုပ်နေမှာအသေအခြာပဲ။ မယုံမရှိနဲ့။

အခုလက်ရှိ အမျိုးသားရေး ကို ထမ်းဆောင်နေကြတဲ့ လူငယ်လူရွယ်မျိုးဆက်သစ်တွေလည်း နောင်လာနောက်သားတွေက ထုံးစံတခုအ ဖြစ် မိရိုးဖလာအဖြစ် ယုံကြည်လက်ခံလာဘို့အတွက် မှန်ကန်တဲ့လုပ်ရပ်လေးတွေကို နည်းလမ်းတကျဦးဆောင် လမ်းပြပေးကြပါ၊ မမှန်မကန်နဲ့ ယောင်ယာင်မှားမှား ဇဝေဇ၀ါဖြစ်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမျှ လုပ်မပြကြပါ နဲ့၊ မမှားဘူးဆိုတာမရှိနိုင်ပါဘူး၊ အမှားနည်းနိုင်သမျှနည်းစေချင်ပါတယ်။ အလျင်ဦးဆုံး တယောက်ချင်းအနေနဲ့ ကိုယ့်ကိုယ်ကို အမှားပြင်လိုစိတ်ရှိဘို့လိုအပ်ပါတယ်။

အနာဂတ်ကို ပိုင်စိုးရမယ့် နောင်လာနောက်သားတွေအတွက် ကောင်းမွန်ရှင်းလင်းတဲ့ အမွေအနှစ်တွေကို ထားရစ်ခဲ့ကြပါ။ လူငယ်တွေကြား အငြင်းပွါးစေမယ့်၊ ကွဲပြားစေမယ့်အပြုအမူ လုပ်ရပ်တွေကိုရှောင်ရှားကြပါ အဲဒီလိုဆောင်ရွက်နိုင်ဘို့ဆိုတာကတော့ ကျုပ်တို့လုပ်ခဲ့တဲ့ ပြောခဲ့တဲ့ ကြံစည်ခဲ့တဲ့ အရာတွေကိုပြန်ပြီးသုံးသပ် ဝေဘန်တဲ့အခါ ရဲရဲတောက်အညှာအတာကင်းကင်းနဲ့ ရိုးသားပွင့်လင်းကြရပါလိမ့်မယ်။

အဲဒီလိုမျှမဟုတ်လျင်တော့ နောင်လာနောက်သားတွေက ကျုပ်တို့ကို အဆိုးမြင်သွားကြလိမ့်မယ်နော။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, May 26, 2011

ကံဆိုးမသား သွားလေရာမိုးလိုက်လို့ရွာ

Source Photo from http://www.bbcburmese.com/images

တရုတ်နိုင်ငံရောက် သမ္မတဦးသိန်းစိန်

စီးပွားရေးနဲ့လုံခြုံရေး ဆွေးနွေး


By ဗွီအိုအေ (မြန်မာဌာန)
ကြာသပတေး, 26 မေ 2011

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်တာ တရုတ်ပြည် ခရီးစဉ်ကို စတင်ပါပြီ။ ဒီခရီးစဉ် အတွင်းမှာ သိမ်မွေ့နက်နဲတဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အရာရှိတွေလည်း ဒီခရီးမှာ ပါလာကြတယ်လို့ တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao)၊ တရုတ်ဝန်ကြီးချုပ် ၀မ်ဂျားဘောင် (Wen Jiabao) တို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ဆင်ဟွာက ဖော်ပြပါတယ်။

နှစ်ဘက်ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြမယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်းယု (Jiang Yu) က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး လာလုပ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မနှစ်က တရုတ်ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သန်း ၁၅,၀၀၀ ကျော်ပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ မြန်မာနိုင်ငံကနေ တရုတ်ပြည် တောင်ပိုင်းကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူဖို့ ပိုက်လိုင်း ၂ လိုင်း ဖောက်လုပ်တဲ့ နေရာမှာ အသုံးပြုတာပါ။

လက်နက်ကိုင်အဖွဲ့တွေ ပြဿနာ မသေးတဲ့ ရှမ်းပြည်နယ်ကို ဒီပိုက်လိုင်းတွေ ဖြတ်သန်းတဲ့အခါ ပိုက်လိုင်းတွေအတွက် လုံခြုံရေး ဘယ်လိုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေက မြန်မာကိုယ်စားလှယ်တွေကို မေးခွန်းထုတ်ကြလိမ့်မယ်လို့ ယူဆရပါတယ်။





သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/china-burma-122653474.html

Source Photo from http://www.bbcburmese.com/images
မိုးထဲလေထဲက မြန်မာသမ္မတ ဦးသိန်းစိန်ကို လာရောက်ကြိုဆိုကြတဲ့ တရုတ်အစိုးရ၀န်ထမ်းတွေ




Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, May 25, 2011

ဇလွန်လေပြင်းသတင်း

Source Photo from http://www.google.com/images

ဇလွန်မြို့နယ်မှာ လေပြင်းတိုက်၍ သေဆုံးပျက်စီးမှုရှိ
2011-05-25

ဧရာဝတီတိုင်း ဇလွန်မြို့နယ်အတွင်း မနေ့က ညနေပိုင်းက မိုးရွာပြီး လေပြင်း တိုက်ခတ်ခဲ့လို့ လူသေဆုံး ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပြီး လူနေအိမ် ၄၀ လောက်နဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို RFA သတင်းထောက် ကိုမိုးကျော်က သတင်းပေးပို့ထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သမ္မတအိုဘားမား၏ လန်ဒန်ခရီး



အားလုံးကိုကျေးဇူးတင်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရခိုင်မှ လူများ ဒေသကို စွန့်ခွာနေကြရ

Source Photo from http://www.google.com/images

စီးပွားရေး အကျပ်အတည်းကြောင့် ရခိုင်မှ လူများ ဒေသကို စွန့်ခွာပြီး တခြား ဒေသများသို့ ထွက်ခွာနေကြသဖြင့် ယခုနှစ် စိုက်ပျိုးရာသီတွင် လယ်ယာ လုပ်ငန်းများ အတွက် လယ်လုပ်သား (သူရင်ဌား)များ အထူး ရှားပါးနေကြောင်း သိရသည်။

" စီးပွားရေး ကျပ်တော့ လူငယ်တွေရော လူလတ်တွေရော ထိုင်း၊ မလေးရှားနဲ့ ကချင် ရွှေမော် ဘက်ကို ထွက်ခွာသွားကြတဲ့ အတွက် အခုအခါ လယ်ယာ လုပ်ငန်းတွေမှာ လုပ်ကိုင်မယ့် လယ်လုပ်သားက မရှိသလောက်ကို ရှားပါးနေတယ်။ ရွာကျော်၊ မြို့နယ်ကို ကျော်ပီး ရှာတာတောင် သူရင်းဌား မရဘဲ ဖြစ်နေတဲ့ အတွက် လယ်သမားတွေ တော်တော့ကို အခက်ကြုံနေကြရပါတယ်" ဟု ကျောက်တော်မြို့နယ် ကျနင်းကန်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။

ယခုအခါ စပါးစိုက်ပျိုးရာ စတင်တော့မည် ဖြစ်သဖြင့် လယ်ယာ လုပ်ငန်း အတွက် ရခိုင်ပြည်နယ် အ၀န်းတွင် လယ်သမားများက ထွန်ယက် စိုက်ပျိုးရန် ပြင်ဆင်နေရာ သူရင်းဌား ရှားပါးမူကြောင့် မည်သို့ လုပ်ဆောင်ရမည်ကို ကြံဆ၍ မရ ဖြစ်နေကြောင်း သူက ပြောသည်။

" စပါးတကျ (ရက်ပေါင်း ၂၀ ခန့်) လယ်ထွန် စိုက်ပျိုးမယ့် သူရင်းဌား တစ်ယောက်ကို ကျပ် ၈၀၀၀၀ ကနေ တစ်သိန်းထိ ပေးတာတောင် ရှာမရဘူး။ စပါးတောင်း တစ်ရာ တစ်သိန်းနှစ်သောင်းဘဲရှိတဲ့ ကျွန်တော်တို့ ဒေသမှာ သူရင်းဌား တစ်ယောက်ကို ကျပ်တစ်သိန်းပေးတာတောင် ရှာမရတဲ့ အတွက် ဒီထက် ပိုပေးရရင် လယ်လုပ်လို့ ဘာမှ မြတ်စရာ မရှိတော့ပါဘူး။ လယ်လုပ်သားတွေ ရှာမရတော့ လက်တွန်း လယ်ထွန်စက်တွေ ၀ယ်မယ်ဆိုရင်လည်း ပိုက်ဆံ မရှိတဲ့ လယ်သမားက ပိုများနေတယ်။ ခု ပြဿနာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ စဉ်းစားလို့တောင် မရ ဖြစ်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ သူရင်းဌား ရှာမရ ဖြစ်နေသည့် ပြဿာနာကို ကျောက်တော်မြို့နယ် တစ်ခုတည်းတွင် ရင်ဆိုင်နေရသည် မဟုတ်ဘဲ မြောက်ဦး၊ပုဏ္ဍားကျွန်း၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင် အရှေ့ဘက်ခြမ်း ဒေသများတွင် ရင်ဆိုင်နေကြရသည်။

ယခင်နှစ်များက ယခုသို့ မဆိုးကြောင်းနှင့် ယခုနှစ်တွင် လယ်လုပ်သား ရှားပါးမူမှာ ဆိုးဆိုးရွားရွား ဖြစ်လာကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ရသေ့တောင် မြို့နယ်က အမျိုးသမီး တစ်ဦးကလည်း " ကျွန်မတို့ ဒေသမှာ တချို့ကျေးရွာတွေမှာ ယောင်္ကျားတွေ မရှိတဲ့ ရွာတွေတောင် ရှိနေတယ်။ အကုန်လုံး မလေးရှားကို ထွက်ခွာသွားကြတော့ အမျိုးသမီးတွေ ချည်းဘဲ ကျန်နေခဲ့တဲ့ ရွာတွေလည်း ရှိပါတယ်။ အသုဘကို မိန်းမတွေ ထမ်းပြီး သဂြိင်္ုလ်ရတဲ့ ရွာတွေလည်း ရှိပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး အလွန်ကျပ်တည်းသည့် ကြားထဲ တပ်စွဲထားသော စစ်တပ်များမှ အခွန်အကောက် မတရားကောက်ခံခြင်း၊ လူထုအား အနိုင်ကျင့်ခြင်း၊ စီးပွားရေး လုပ်ငန်းများကို စစ်တပ်မှ ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရင်းများကြောင့် ဒေသခံ ပြည်သူများ ရခိုင်တွင် နေချင်စိတ် မရှိတော့ဘဲ နေရပ်ရင်းကို စွန့်ခွာပြီး တခြား ဒေသများသို့ ထွက်ခွာနေကြခြင်း ဖြစ်သည်။

ယခု နောက်ဆုံး ရရှိသော သတင်းအရ မင်းပြားမြို့နယ်မှ ကျေးရွာတစ်ချို့မှာ တနင်္သာရီတိုင်း ဆီးအုန်းခင်းများတွင် လုပ်ကိုင်ရန် အတွက် ရွာလုံးကျွတ် ပြောင်းရွှေ့နေကြကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ရခိုင်လူထု စီးပွားပျက်ပြီး နေရပ်ရင်းကို စွန့်ခွာရသည့် အခြေအနေမျိုးထိ ဆိုက်ရောက်အာင် ယခင် စစ်အစိုးရနှင့် လက်ရှိ ဦးသိန်းစိန် အစိုးမှ နောက်ကွယ်မှ စီစဉ် ဆောင်ရွက်နေကြောင်း ဝေဖန် စွပ်စွဲ ပြောဆိုမူများလည်း ထွက်ပေါ်နေဟု သိရသည်။

Credit http://www.narinjara.com




Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

SSA နှစ်ဖွဲ့ပေါင်းသည့်အပေါ် ကချင်ပြည်နယ်က အဖွဲ့အစည်းတချို့ ထောက်ခံ

SSA နှစ်ဖွဲ့ပေါင်းလိုက်သည့်အပေါ် ကချင်ပြည်နယ်က

အဖွဲ့အစည်းတချို့က ထောက်ခံ

Tuesday, 24 May 2011
by KNG

သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့နှင့် မြောက်ပိုင်းအဖွဲ့တို့ တဖွဲ့တည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းအပေါ် ကချင်ပြည်နယ်မှ အဖွဲ့အစည်းတချို့ ကလည်း ထောက်ခံကြိုဆိုလိုက်သည်။

မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် သျှမ်းတပ်မတော် နှစ်ဖွဲ့ ပူးပေါင်းလိုက်ကြပြီဖြစ်ကြောင်း SSA တောင်ပိုင်းအဖွဲ့ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရောဆပ်က ကြေညာခဲ့ခြင်းအပေါ် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာကြခြင်း ဖြစ်သည်။

ကချင်အမျိုးသားအစည်းအရုံး KNO ဗဟိုကော်မတီ ဒုအထွေထွေ အတွင်းရေးမှူး ဒူကဘာလနန်က ယခုလို သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းအပေါ် နိုင်ငံရေးအရ အကျိုးအမြတ် တခုအဖြစ် သုံးသပ်သည်။

သူက ဆက်လက်ပြီး “SSA တို့ ကျနော်တို့ လုပ်နေတဲ့ တော်လှန်ရေးက စစ်ရေးသက်သက်ကို ဦးတည်နေတာ မဟုတ်ဘူး။ ခုလို သူတို့နှစ်ဖွဲ့ တဖွဲ့ထဲ အဖြစ် ပေါင်းလိုက်တော့ ဘုံရန်သူကို ရင်ဆိုင်ရာမှာ အင်အားကြီး လာမှာ ဖြစ်တယ်။ နိုင်ငံရေးမှာ ပြောဖို့ဆိုဖို့ ပိုပြီး အခွင့်အလမ်း ရှိလာမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းကြောင့် သျှမ်းတိုင်းရင်းသားများသည် သျှမ်းပြည်တပ်မတော်အပေါ် ပိုမိုယုံကြည် အားကိုးလာမည်ဟုလည်း မျှော်လင့်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) အဖွဲ့မှ ဦးစိုင်းမောင်အေးကလည်း “ခုလို ပေါင်းလိုက်တော့ ကောင်းတာပေါ့ဗျာ။ သူတို့ပေါင်းသွားတာက အားအင် တစ်ခုပေါ့။ အနာခံ လုပ်ကြမယ် ဆိုရင်တော့ တချိန်ချိန်တော့ အကောင်းဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

သို့သော် ယခုလို နှစ်ဖွဲ့ ပူးပေါင်းလိုက်သည့်အတွက် သျှမ်းပြည်တပ်မတော် အင်အားကြီးလာမည့်အချက်အပေါ် မြန်မာအစိုးရက စိုးရိမ်ပူပန်ပြီး ဒေသခံ သျှမ်းတိုင်းရင်းသားများ နယ်မြေတွင် ထိမ်းချုပ်မှု၊ ဖိအားပေးမှုများ ပြုလုပ်လာလျှင် ဒေသခံများအတွက် စိုးရိမ်စရာ ရှိလာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။

တိုင်းရင်းသားအဖွဲ့အစည်းအများအပြား မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ကြချိန်တွင် SSA မြောက်ပိုင်းတပ်ဖွဲ့ ပါဝင်သွားခဲ့သော်လည်း SSA တောင်ပိုင်းကမူ ငြိမ်းချမ်းရေး မယူပဲ မြန်မာအစိုးရကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကို တော်လှန်ရေးတပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲရန် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ဖိအားပေးလာခဲ့သည်။ ယင်းအချက်ကို SSA မြောက်ပိုင်း တပ်မဟာ ၁ က လက်မခံခဲ့သည့်အတွက် အစိုးရက ၂၀၁၀ခုနှစ် မတ်လတွင် တပ်မဟာ ၁ ကို စတင် တိုက်ခိုက်လာရာမှ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တပ်မဟာ ၁ က SSPP / SSA မြောက်ပိုင်းအဖွဲ့အမည်ကို ဆက်လက် ခံယူခဲ့သည်။

ယင်းနောက်ပိုင်းမှာ ယခုကဲ့သို့ SSA တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းလာခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးစိန်ကြည်က ပြောသည်။
Source News from http://kachinnews.com/burmese



Source Audio from http://www.rfa.org/burmese

တိုင်းရင်းသားများ၏ အမြင်သဘောထား



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရှေးဟောင်းအဆောက်အဦးက ၁၄၀ကျော် ပြင်မှာက ၅လုံး


ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံ ငါးလုံးကို

အဆင့်သုံးဆင့်ခွဲ၍ ပြင်ဆင်လျက်ရှိ

Sunday, 22 May 2011

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ငါးလုံးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ရာ အဆင့်သုံးဆင့်ခွဲ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဗိသုကာနှင့် အင်ဂျင်နီယာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

''ရှေးမူမပျက် ပြင်ဆင်ရာမှာ အဆင့်သုံးဆင့်ခွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ အဆောက်အအုံတွေကို ခေါင်မိုးမိုးတာပေါ့။ လက်ရှိမှာတော့ ခေါင်မိုးမိုးခြင်း စလုပ်နေတာမှာ ၀န်ကြီးများရုံးမှာ စလုပ်နေပါပြီ''ဟုလည်း ဗိသုကာပညာ ရှင် တစ်ဦးက ပြောကြားခဲ့သည်။

''ပထမအဆင့်အနေနဲ့ ခေါင်မိုးတွေ မိုးပြီးရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို ဒုတိယအဆင့် အနေနဲ့ ဆက်လုပ်မယ်ပေါ့။ တတိယအဆင့် အနေနဲ့ မျက်နှာကြက်တွေကို ပြင်မယ်။ အဲဒါတွေ ပြီးတော့မှ တခြား လိုအပ်ချက်တွေကို ပြင်ဆင်သွားမှာ ဖြစ်ပါတယ်''ဟု အဆိုပါ စီမံကိန်းတွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံများသည် ရှေးခေတ် အဆောက်အအုံများ ဖြစ်သောကြောင့် ယင်းတို့၏ ပျက်စီးမှုအပိုင်းကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းက ပဏာမ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာနိုင်ငံ ဗိသုကာပညာရှင် အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''လောလောဆယ်တော့ ဒီအဆင့်တွေ ဆောင်ရွက်ဖို့ကို ခြောက်လ အချိန်ပေးထားပါတယ်။ ၂၀၁၁ ခုနှစ် မတ်လက စခဲ့တာပေါ့။ အဲဒါတွေ ပြင်ဆင်နေရင်းမှ တခြား လိုအပ်ချက်တွေကို မှတ်တမ်းတင်ပြီး ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟုလည်း ဗိသုကာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ အများစုမှာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့သည့် အဆောက်အအုံများ ပါဝင်သကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆောက်လုပ်ထားသော အဆောက်အအုံများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုပြင်ထိန်းသိမ်းရန် ပဏာမ လေ့လာနေသော ရှေးဟောင်း အဆောက်အအုံ အချို့ စဉ် အဆောက်အအုံ တည်နေရာ
၁။ ၀န်ကြီးများရုံး ဗိုလ်အောင်ကျော်လမ်း
၂။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ကုန်သည်လမ်း
၃။ အမှတ်-၇၇/၉၁ ဆူးလေဘုရားလမ်း
၎။ အမှတ်-၄/၆ မဟာဗန္ဓုလလမ်း
၅။ အမှတ်-၁၉/၄၃ ဗိုလ်ဆွန်ပက်လမ်း

Source News from http://www.news-eleven.com




Source Audio from http://www.rfanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, May 24, 2011

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဆုံးသတ်ရေးကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

Source Photo from http://www.google.com/images

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

အဆုံးသတ်ရေးကြိုးပမ်းကြဖို့

ဒေါ်စု တိုက်တွန်း

By ဦးသားညွန့်ဦး
အင်္ဂါ, 24 မေ 2011

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းတရပ်ကို ခွဲခြားပစ်လိုက်တာပဲလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီ နိုင်ငံတကာ ညီလာခံကို ကမ္ဘာအ၀ှမ်းက ပညာရှင်တွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ တက်ရောက်နေပြီး ဖွင့်ပွဲ အစနေ့မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယိုမိန့်ခွန်းကို ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုဖြစ်ရပ် တခုချင်းဟာ လူ့အဖွဲ့အစည်းကို ခွဲခြားပစ်လိုက်တာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ နေထိုင်လိုသူတွေ၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လိုလားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒါကို စစ်လက်နက်သဖွယ် အသုံးပြုပါတယ်။

“ကျမ ယူဆတာကတော့ အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတိုင်းဟာ ကျမတို့ တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ခွဲခြားပစ်လိုက်ပါတယ်။ ဒါကြောင့် ဒါတွေကို လုံးဝ အဆုံးသတ်ပစ်ဖို့ ကျမတို့ လုပ်နိုင်သလောက် လုပ်ကြရပါလိမ့်မယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အဆိုးဆုံး ဖြစ်ပေမဲ့ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုဟာလည်း အကြမ်းဖက်မှု မြောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နေတာပါ။ ဒီလို အကြမ်းဖက်တဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်တာမျိုး သက်သက် မဟုတ်ပါဘူး၊ အမျိုးသမီးတွေ စိတ်ဓာတ် ဖိစီးလာအောင် လုပ်တာမျိုး၊ အမျိုးသမီးတွေရဲ့ အသိဉာဏ်ကို ချိုးနှိမ် စော်ကားတာမျိုး၊ အမျိုးသမီးတွေကို ခွဲခြားတတ်တဲ့ လူမှုအသိုင်းအ၀ိုင်း တခုလုံးရဲ့ အကြမ်းဖက်မှုမျိုးတွေ ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ ယုံကြည်ချက် စိတ်ဓာတ်ကို ချိုးနှိမ်တယ်ဆိုတဲ့ နေရာမှာတော့ မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကိုပါ ထည့်သွင်း ပြောသွားပါတယ်။ ရာနဲ့ချီတဲ့ ဒီအမျိုးသမီးတွေဟာ မိမိတို့ ယုံကြည်ချက်ကို ဆုပ်ကိုင်မိလို့ အခုလို အကျဉ်းချခံနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“သူတို့အားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုအတိုင်း ဆောင်ရွက်နေကြသူတွေပါ။ ဒီအမျိုးသမီးတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ အားလုံး တတ်စွမ်းသမျှ လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျမတို့ဟာ မြန်မာပြည်ကြီး ငြိမ်းချမ်းစေချင်ပါတယ်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းစေချင်ပါတယ်။”

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို စဉ်းစားတဲ့ အခါမှာ ကျူးလွန်တဲ့လူရော နစ်နာခံစားရသူ အမျိုးသမီးများပါ တကယ်တော့ သားကောင်တွေ ဖြစ်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအတွက်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေကိုတင် မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာပေးရေး လုပ်ရမယ်လို့ ပြောပါတယ်။

“အမျိုးသားတွေကို မှန်မှန်ကန်ကန် ပညာပေးမယ်၊ အမျိုးသမီးတွေကိုလည်း မှန်မှန်ကန်ကန် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်လာအောင် အရည်အသွေး မြှင့်တင်ပေးမယ်ဆိုရင် လူ့အဖွဲ့အစည်း တရပ်မှာ တကယ့်ကို လက်တွဲဘက်တွေ ဖြစ်လာပြီး ကမ္ဘာကြီးဟာလည်း မှန်ကန်တဲ့ဘက်ကို ရောက်လာပါလိမ့်မယ်။”

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို Nobel Women Initiative အဖွဲ့ကြီးက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဒါဟာ တတိယအကြိမ်မြောက်လို့ သိရပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွင်း အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ အခြေအနေကို အဓိက မီးမောင်းထိုး ဆွေးနွေးကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/political-prisoners-strike-insein-prison-122500194.html



Source Audio from http://www.rfanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တိုင်းရင်းသား အခွင့်အရေး အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
Source Photo from http://www.bbcburmese.com/images

တိုင်းရင်းသား အခွင့်အရေး

အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်

By Daniel Schearf's Report in Burmese
တနင်္လာ, 23 မေ 2011

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ပြဿနာတွေကို အစိုးရသစ်က ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ်ဟာ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် ပေးဖို့အတွက် ဘာမှ လုပ်ဆောင်ပေးနေတာ မရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က တိုင်းပြည်ရဲ့အာဏာ အများအပြားကို ထိန်းချုပ်ထားဖို့ လိုအပ်နေတာဟာ တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အဲဒီ ပဋိပက္ခတွေကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြလေ့ ရှိပါတယ်။

မြန်မာစစ်အစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဒါဟာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းဖို့အတွက် နောက်ဆုံးအဆင့် ဖြစ်တယ်လို့ ပြောပါတယ်။ အများကတော့ မြန်မာစစ်အစိုးရက ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်တပ်က အာဏာကို ဆက်ထိန်းထားနိုင်ဖို့အတွက် သက်သက် ရည်ရွယ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ဖြစ်ပေါ်လာပေမဲ့လည်း နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ လုပ်ဆောင်ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“စစ်တပ်ကြီးစိုးရေးကို စနစ်တကျ လုပ်ဆောင်ခဲ့တာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်အောင် ပံ့ပိုးပေးခဲ့တာပါ။ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ မြေသိမ်းတာတွေ၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေတာတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် လုပ်ဆောင်တာတွေ၊ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။ အဲဒါတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး အခုချိန်ထိလည်း ဖြစ်နေတုန်းပါပဲ။ ဒါ့အပြင် အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေဘက်က လုံးဝ ကိုင်တွယ် ဖြေရှင်းတာတွေ မလုပ်သေးပါဘူး။”

အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာလိုမျိုး တချို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အစိုးရကနေ လုပ်နေတယ်ဆိုတာ သိသာတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာတနိုင်ငံတည်း ဒါမှမဟုတ် တကမ္ဘာလုံးမှာ မြန်မာတနိုင်ငံတည်းကပဲ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို ပုဂ္ဂလိပိုင်းက မဟုတ်ဘဲ အစိုးရကနေ လုပ်နေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တိုင်းရင်းသား အုပ်စုတွေ အပေါ်မှာ ဆက်ဆံနေတာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်လာတာတွေက အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အဲဒီလို မေးခွန်းထုတ်တဲ့ အထဲမှာ ကရင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရေး ဖြစ်လာနိုင်ခြေတွေ ပါဝင်သလို ရိုဟင်ဂျာတွေဟာ နိုင်ငံသား ဟုတ်မဟုတ်ဆိုတဲ့ ပြဿနာနဲ့ တိုင်းရင်းသား ရှမ်း နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမပေး ဆိုတာတွေ ပါဝင်ပါတယ်။”

မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံကို တပတ်ကြာ သွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။ မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့တာကြောင့် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သွားရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီအပေါ်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီး (Martin Nesirky) က အခုလို ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky
Source Photo from http://www.google.com/images

“မစ္စတာ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ အထူးတာဝန်ပေးထားခြင်း ခံရတဲ့ ကိုယ်စားလှယ်တဦး ဖြစ်တဲ့အတွက် သူတာဝန်ကျတဲ့ နိုင်ငံကို ၀င်ခွင့်ရသင့်ပါတယ်။ ဒီကိစ္စဟာ မေးခွန်းထုတ်နေစရာ မလိုတဲ့ ကိစ္စပါ။ တဆက်တည်းမှာပဲ မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခွင့် ရခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ကျနော်တို့ ထုတ်ပြန်ချက်တွေထဲက အချက်တခုကို ကျနော် ပြန်လည် ပြောပြချင်ပါတယ်။

“အဲဒါကတော့ မြန်မာအစိုးရဟာ သူတို့ပေးထားတဲ့ ကတိက၀တ်တွေကို လိုက်နာ အကောင်အထည်ဖော်ဖို့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးက မျှော်မှန်းချက်တွေနဲ့ အညီ ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်ဖို့ အလေးအနက်ထားပြီး ပြောဆိုခဲ့ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့် မရခဲ့ပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကနေတဆင့် ဆက်သွယ် ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အရေးကိစ္စ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့အတွက်ဆိုရင် သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံး ပါဝင်ဖို့ လိုအပ်ပြီး ဖမ်းဆီး ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးတာကနေ စတင်ပြီး လုပ်ဖို့ လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/un-burma-human-rights-122478189.html



Copyright © 1998-2011 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....