မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုထိန်လင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ သားအမိနှစ်ဦး ယခုတွေ့ဆုံမှုမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကိုထိန်လင်း (ခ) ကင်မ်အဲ ရစ်သည် ဒေါ်အောင်ဆန်းစုကြည် ၏သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
၎င်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် နှစ်ပတ်ရရှိခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင် (ခ) အလက်ဇန်းဒါးအဲရစ် အသက်(၃၈)နှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။
သားငယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အရမ်းဝမ်းသာမိကြောင်း သတင်းထောက်များ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီး ၁၀ ရက်အကြာတွင် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်နှင့် ယခုကဲ့သို့ ပြန်လည်တွေ့ ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
|
|
Tuesday, November 23, 2010
သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို
သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို
2010-11-23
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပါတယ်။
သားအမိ နှစ်ယောက် ပြန်လည်ဆုံတွေ့ကြတဲ့ မြင်ကွင်းကို ပြည်တွင်း/ပြည်ပ သတင်းထောက်တွေကရော တာဝန်ကျ အစိုးရလုံခြုံရေး ၀န်ထမ်းတွေကပါ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်း ရိုက်ယူကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့တဲ့ မြင်ကွင်းကို ကြည့်ရင်း လေဆိပ်ထဲမှာရှိတဲ့ ခရီးသွားလာသူတွေရော၊ သတင်းသမားနဲ့ လုံခြုံရေးတွေပါ ၀မ်းသာ ကြည်နူးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လိုက်ပါ ဆောင်ရွက်နေသူ တဦးက RFA ကို အခုလို ပြောပြပါတယ်။
"သားအမိ နှစ်ယောက်တွေ့ကြတော့ ကျနော်တို့ လည်း အရမ်းခံစားရပါတယ်။ လေဆိပ်လာကြိုတဲ့သူတွေရော အာလုံးဘဲ ၀မ်းသာကြပါတယ်။ သားအမိနှစ်ယောက် တွေ့ တဲ့ အတွေ့ ကိုပေါ့။ အနီးပတ်ဝန်းကျင်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အရမ်းများနေတော့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အားလုံး ၀ိုင်းဝန်း ကူညီပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တွေ့ချင်း သားငယ် ကိုထိန်လင်းက NLD ပါတီရဲ့ အလံပုံကို သူ့ဘယ်ဘက်လက်မောင်းမှာ ရေးထိုးထားတာကို ပြသခဲ့ကြောင်း သိရပါတယ်။
အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုထိန်လင်းဟာ မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်အတော်ကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းနေခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သားကိုထိန်လင်းကို သွားရောက်ကြိုဆိုတဲ့ မြင်ကွင်းနဲ့ ပတ်သက်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားတဲ့ သူမအတွက် လုံခြုံရေး တာဝန်ယူထားသူ တဦးကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
Saturday, November 20, 2010
ဘယ်သူနိုင်ငံရေး သမားလဲ
Written by လူထုစိန်ဝင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)
နိုင်ငံရေး မလုပ်တဲ့ သဘော မဟုတ်ဘူး
ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မ၀င်စားလို့ မဟုတ်ဘူး။ မနှစ်သက် လို့လည်း မဟုတ်ဘူး။နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေ ရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။နိုင်ငံရေး သမား မျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီ တစ်ခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေး လုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေး သမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ သဘော မဟုတ်ပါဘူး။
လှေခါးထမ်း ကော်ပုံးဆွဲ
တကယ်ကတော့ အရွယ် မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့ အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ် ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက် ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ဖဆပလ၊ ပမညတ ဌာနချုပ်တွေ သွားလိုက်နဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမည တထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလ ဖြစ်သူတွေ ဖြစ်သွားခဲ့ကြ ပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောက ထဲမှာပဲ ရှိနေခဲ့တယ်။
နိုင်ငံဝန် ထမ်းတာချင်း အတူတူ
ပါတီ ဆိုင်းဘုတ် တစ်ခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့ လေးခုမြောက် မဏ္ဍိုင်မဟုတ်လား။ အုပ်ချုပ် ရေး၊ တရားစီရင်ရေး ဥပဒေပြုရေး ဆိုတဲ့ တခြား မဏ္ဍိုင်များ နည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင် နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမား ဆိုတာလည်း အစိုးရ အဖွဲ့ထဲက ၀န်ကြီးဝန်ကလေးတွေလို၊ တရား လွှတ်တော်ချုပ် က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြ သူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသ မားတွေ ထောင်ထဲ ရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲ ရောက်ကြရတာပါပဲ။
ကိုယ်ပိုင် ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်
အချိန်အခါ တစ်ခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေး လုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာ မဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။
ဖော်ဂွတ်သွားသူတွေ
အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့ နေထိုင်ဖို့(Far good) သွားရောက်ကြမယ့် သူတွေများတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။အဲဒီလို အပြီးအပိုင် သွားကြမယ့် သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာ ကောင်းတဲ့ အချက်တွေ အသေးစိတ် ပြောပြပြီး "Home Sweet Home"ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှ မရှိဆိုတဲ့ ကဗျာကို တစ်သုတ်ပြီး တစ်သုတ် အဆက်မပြတ် သင်ကြား ပေးခဲ့တယ်။ သူတို့ နိုင်ငံခြား ထွက်တဲ့ အခါမှာလည်း "Home Sweet Home"ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင် ပေးလေ့ရှိတယ်။ တချို့ တပည့်တွေရဲ့ အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲ ထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလား ဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ်။
နိုင်ငံရေးသမား ဆိုတာ
နိုင်ငံရေး လုပ်တယ်ဆိုတာ နိုင်ငံရေး ပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ် လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင် ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီး ကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံ အတွက်တို့၊၊ ပြည်သူ အတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများ အတွက် အလုပ်လုပ်တဲ့ သူမျိုးကိုမှ နိုင်ငံ ရေးသမားကောင်းလို့ ခေါ်နိုင်တာဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင် ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြား လေ့မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုတဲ့ စကား အရှိသား မဟုတ်လား။
ညံ့တဲ့ စာရေးဆရာ
စာတွေပေတွေ ရေးတဲ့ အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ကျွန်တော် ဆိုလို တဲ့အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြ နေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာ ဆိုရင် အချစ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်း ကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီး အဖြစ် သရုပ်ဆောင်ရတဲ့ အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ် ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင် ကယ်ကြီးတွေ ဇာတ်ခုံမှာ တင်ပြီး ပြစရာ မလိုပါဘူး။
စံပြုအပ်တဲ့ ပန်းသာမစာအု
ဆင်းရဲသား ကာက၀လိယ အဖြစ် သရုပ်ဆောင်တဲ့ အခါမှာလည်း တောင်ရှည် ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ၀တ်ပြီး အဆိုအပြောနဲ့ ဆင်းရဲသား သဏ္ဍာန် ထွက်အောင် သရုပ်ဆောင် သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ၀တ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင် စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ “ပန်းသာမစာအု” ၀တ္ထုကြီးဟာ နိုင်ငံခြား ၀တ္ထုကို ဆီလျော်အောင် မြန်မာပြန် ထားတဲ့ ၀တ္ထုဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာ ၀တ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။
ကြယ်နီ၊ အောင်စိုးတို့စာတွေ
အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက် နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင် လွန်းတာကြောင့် ရှုမ၀ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ ဆိုကြရတဲ့ တင့်တယ်တို့ ၀တ္ထုတွေနဲ့ အပြိုင် စာဖတ် ပရိသတ်က စွဲမက်ခဲ့ကြရတယ်။
ဇာတ်ကောင်နဲ့ စရိုက်တခြားစီ
ခုခေတ် ၀တ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီး စိတ်ပျက်ရတာ ပဲများတယ်။ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေး အကြောင်း ရေးတော့ ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်း တွေဖြစ်ပြီး ပြောကြတဲ့ စကားတွေက လည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလို ဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ်အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေ ပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကား အနေနဲ့သာ အချစ်အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံ မရဘူး။
ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲ
စာရေးဆရာက သူတို့ သိပ်ဆင်းရဲ ကြပါတယ်လို့ တစ်ခွန်းမှ ၀င်မပြောဘဲနဲ့ ဆင်းရဲခြင်း အကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင် ဖွဲ့နိုင်မှ စာရေး ကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေး လုပ်တဲ့နေရာမှာလည်း နိုင်ငံရေး စကားတွေ တစ်ခွန်းမှ မပြောဘဲနဲ့ နိုင်ငံရေး လုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမား နာမည်ခံပြီး နိုင်ငံရေး မလုပ်ဘဲ ကိုယ့်အရေးကိုသာ လုပ်တဲ့ သူမျိုးရှိသလို နိုင်ငံရေးသမား နာမည် မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများ အရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူ မျိုးတွေလည်း ရှိပါတယ်။ ဘယ်သူဟာ နိုင်ငံရေးသမား စစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။
လူထုစိန်ဝင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)
ဗုံးပေါက်ကွဲမှုသတင်း နောက်ဆက်တွဲ
လူတွေဖမ်း မဲတွေလိမ် မြေတွေသိမ်း ငွေတွေအတင်းတောင်း ဗုံးတွေဖေါက် ဘုန်းကြီးကျောင်းတွေချိတ်ပိတ်
(xxx)ရုံတွေဖွင့် ဖဲဒိုင်လောင်းကစားဒိုင်တွေထောင် အကောက်ကောက် လဒ်တွေစား အဲဒါက မြို့ပြနဲ့နိုင်ငံအနှံ့က ဗမာစစ်အုပ်စုရဲ့ လမ်းပြမြေပုံ တွေထဲက ဆောင်ရွက်ချက်တွေ။
နယ်စပ်နဲ့တိုင်းရင်းသားဒေသမှာတော့ လူတွေသတ် ရွာကိုမီးတင်ရှို့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်
အဲဒါကတော့ တိုင်းရင်းသားတွေအပေါ် ထားတဲ့စေတနာ။
လာပါပြီ။ အဲဒီလုပ်ရပ်တွေရဲ့အကျိုးပေးတွေ နအဖ အတွက်ခံစားစံစားဘို့။
Source Audio from http://www.dvb.no/burmese
ဗုံးပေါက်ပြန်ပြီ မန္တလေးမှာ
၂၀၁၀ မကုန်သေးပါဘူး။ ဗုံးတွေလည်း နောက်ထပ်ပေါက်ဘို့ ကွဲဘို့ တပြင်ပြင်ဖြစ်နေပါတယ်။
မပြင်လို့လည်းမရ,တော့ပါ။
ကောင်းတဲ့ ကံအကျိုးပေးတွေ ကုန်နေပြီဖြစ်တဲ့ နအဖ အာဏာရူးဗမာ စစ်အုပ်စုဟာ ဒီနေ့ဒီအချိန်မှာ အဆိုးဘက်ကိုသာ လုပ်မိနေဘို့ အကြောင်းတွေကဖန်လာပါပြီ။
ကောင်းမယ်လို့ထင်ပြီး လုပ်တဲ့အရာတွေအားလုံးဟာ ဘာကိုပဲလုပ်လုပ်အဆိုးဘက်ကိုချည်း ရောက်နေပါပြီ။
ကံတူအကျိုးပေးဆိုတဲ့အတိုင်း ထိပ်ပိုင်းက ခေါင်းဆောင်ကြီးတွေ အကျိုးပေးကောင်းတဲ့ကံတွေ တယောက်မျှ မရှိတော့တဲ့အတွက် တချိန်တုန်းကသူတို့အတွက် ရွှေတွေဟာ ဒီနေ့မီးသွေးခဲဖြစ်ကုန်တဲ့ အခြေအနေမျိုး
ရောက်နေပါပြီ။
တချိန်တုန်းက သူတို့အတွက် ကျွန်သားပေါက်လို ခိုင်းစေခံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကနေ့ သူတို့ကိုပြန်ပြီး ခိုင်းစေတော့မှာဖြစ်ပါတယ်။
သူတို့ကို ခံပြောတော့မှာဖြစ်သလို ကြက်ခေါင်းဆိပ်မခံ ပြန်အာခံတော့မှာပါ။
အခုလိုအချိန်မှာ သူတို့အတွက် ပြင်ဆင်ဘို့ဆိုတာ အရမ်းအရမ်းကို သိပ်သိပ်နောက်ကျသွားပါပြီ။
ဗုံးတွေထပ်ပေါက်မှာပါ။
နောက်ဆုံး ပြည်သူကိုခြိမ်းခြောက်ဘို့ သတ်ဖြတ်ဘို့ လုပ်လိုက်တဲ့ ဗုံးလက်နက်တွေမှန်သမျှ ခိုင်းစေသူ စီစဉ်သူအဲဒီလိုလူတွေရဲ့ အိပ်ရာအောက် ထိုင်ခုံအောက် စားပွဲခုံအောက် ရေအိမ်တွေထဲ သူ့အလိုလိုရောက်ပြီး ပေါက်ကွဲတော့မှာပါ။
အချင်းချင်း မယုံသင်္ကာဖြစ်ပြီး ဆော်ပလော်တီးကြပါတော့မယ်။
ဘာကြောင့်လည်းဆိုတော့ အပြစ်မဲ့ပြည်သူတွေရဲ့ မျက်ရည်၊ ငိုရှိုက်သံ၊ သွေးချွေး၊ အသွေးအသား၊ အရိုး၊ ပြာ၊ အဲဒါတွေဟာ ကမ္ဘာမြေကြီးထဲ မြစ်ချောင်းထဲ လေထုထဲ ရောက်နေတာမို့ ကမ္ဘာ့လေထုကို ရှူနေသမျှ၊ ကမ္ဘာမြေကိုနင်းနေသမျှ ကမ္ဘာ့ရေကို သောက်သုံးနေသမျှ မြေပေါ်ကထွက်တဲ့ အသီးအနှံကိုစားသောက်နေသမျှ စစ်အာရူးတွေအတွက် ကြမ္မာငင်နေပါပြီ။
သူတို့ကို လက်တွဲဖြုတ်ပါ။(သူတို့ခိုင်းတာ မလုပ်ဘို့)
ခင်ဗျား ဆက်ပြီးလက်တွဲမယ်ဆိုလျင် သူတို့နဲ့လိုက်ရမှာပါ။
ဒါပေမယ့် ခင်ဗျား ပြန်တွေးကြည့်လိုက်ပါ။ ခင်ဗျားကြောင့် လူတွေဘယ်လောက်ဘဝပျက်ခဲ့ရပြီလဲ။
ခင်ဗျားကြောင့် ဘယ်သူတွေ သန်းကြွယ်သူဌေးဖြစ်နေသလဲ။
ကျုပ်ပြောနိုင်တာတခုတော့ရှိတယ်၊ ခင်ဗျားနဲ့ ခင်ဗျားမိသားစုကတော့ ဒုက္ခသိပ်မရောက်သေးဘူးပေါ့၊ ဒါပေမယ့် သန်းကြွယ်သူဌေးမဖြစ်သေးတဲ့အတွက် ခင်ဗျားပြေးဘို့တော့ မလွယ်ဘူး။
ဟုတ်တယ်မှတ်လား။
ကျုပ်လျှောက်ပြောနေတာ မယုံနဲ့။
ခင်ဗျားကို လန့်အောင်ပြောနေတာမဟုတ်ဘူး အောက်က သတင်းကိုနားထောင်ကြည့်ပါ။
ခင်ဗျားရဲ့ မိတ်ဆွေတွေကိုလည်း လက်ဆင့်ကမ်းအကြောင်းကြားလိုက်ပါဦး။
မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်
မန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ၀န်းကျင်အောက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ကျားအများဆုံး ရှိရာဒေသသည် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းအတွင်းက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး အခြားကျား ထိန်းသိမ်းရေး နေရာများဖြစ်သည့် တမံသီဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားမျိုးစိတ်အချို့ ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "မြန်မာနိုင်ငံမှာ ကျားထိန်းသိမ်းရေးကို WCS အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျားထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို နည်းပညာအသုံးပြုပြီး ကျားထိန်းသိမ်းရေးနယ်မြေတွေမှာ ကျားခြေရာတွေကို GPSS စနစ်နဲ့မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့ ကျားမစင်လို့ယူဆရတဲ့ တိရစ္ဆာန်မစင်တွေကိုလည်း DNA နည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲပြီး မျိုးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ထောင်ခြောက်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပြီး ကျားကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေ နဲ့အစင်းတွေအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်နေပါတယ်။ ဆက်လက်ပြီးလည်း သိပ္ပံနည်းကျ စာရင်းကောက်ယူမှုတွေကို ဆက်လက်ပြုလုပ်သွာဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂မျိုးသာ ကျန်ရှိတော့ပြီး ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား မျိုးစိတ်တို့သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင်လည်း ကျားကောင်ရေ ၅၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း၊ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦး က
ပြောကြားခဲ့သည်။
သတင်းရင်းမြစ်
http://www.news-eleven.com/index.php?option=com_content&view=article&id=5924:2010-11-17-08-55-16&catid=42:2009-11-10-07-36-59&Itemid=112
#7 papaaungko 2010-11-18 07:57
ဝ..အားစီးစိတ်ရစ်လယ်....ဗီမာပြီမှာလည်း ကျားမည်ရှိလော့ဘူး..ဘီလိုလုပ်ရမီလဲ....၀တို့ ပြည်ကီးနဲ့ ပတ်သတ်လို့ ကျန်တာဆိုလို့ဗီမာပြီမှာ ခွေးစိမ်းတွေပဲရှိလော့လယ်နဲ့ တူလယ်...မည်တတ်နိုင်လော့ ၀ူး..စူလို့ပဲဖမ်းပြီးဆေးဖော်လော့မယ်
ှSource Audiofrom http"//www.rfa.org/burmese
သိမှတ်စရာလေးပါ
ဗမာစာ ဗမာစကားကို နှိုက်နှိုက်ချွတ်ချွတ် မဟုတ်တောင်မှ သိမှတ်စရာကောင်းတာလေးတွေ ဗဟုဿုတဖြစ်စရာလေးတွေကို တိကျတဲ့အထောက်အထားလေးတွေနဲ့ လေ့လာသုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။
ကရင်စာ ကရင်စကားကော ဒီအတိုင်းပဲ ထားကြတော့မှာလား?
ဒီအတိုင်းပဲ ပြောဆိုသုံးနှုံးကြတော့မှာလား?
ကရင်အမျိုးသားတွေလွတ်မြောက်မှ ဒါတွေကိုလုပ်ကြမှာလား?
ဘယ်နေရာတွေမှာ မသုံးသင့်မသုံးထိုက်တဲ့ စကားလုံးတွေကို သုံးနေကြတယ်ဆိုတာ သိကြပါရဲ့လား?
ထွင်ပါ မှီငြမ်းပါ ဒါပေမယ့် အရိုးပေါ်အရွက်ဖုံးတာမျိုးတော့ မဖြစ်သင့်တဲ့အတွက် အတတ်နိုင်ဆုံး ရှောင်ရှားပြီးတည်ထွင်သုံးစွဲ မှီငြမ်းကြစေလိုကြောင်းပါခင်ဗျား။
Source Audio from http://www.bbc.co.uk/burmese
ချောင်ပိတ်နေတဲ့ ဗမာစစ်အုပ်စုလုပ်ရပ်
ချောင်ပိတ်မိနေသော ခွေးသည် တွေ့ရာကို ကိုက်စွဲတတ်၏။
ထို့အတူ ရူးနေသောခွေးသည် အမြင်မှုံဝါးမသဲကွဲသဖြင့် သူ့အားထိမိသော အရာဝတ္ထု သို့တည်းမဟုတ် ထိနိုင်မည်ဟုထင်မြင်သည့် အရာမှန်သမျှကို ရမ်းသမ်း၍ ကိုက်စွဲတတ်ပါ၏။
နအဖ အာဏာရူးဗမာစစ်အုပ်စုသည် ချောင်ပိတ်မိနေသော ခွေးတကောင်ဖြစ်ပါ၏။
တနည်းဆိုရသော် ချောင်ပိတ်မိနေသော ခွေးရူးတကောင်ဖြစ်ပါ၏။
ထို့ကြောင့် ချောင်ပိတ်နေသောခွေးတကောင်ပမာ ချောင်ပိတ်မိနေသောခွေးရူးတကောင်ပမာ လုပ်ကိုင်ပြုမူကျင့်ကြံသည်သာဖြစ်ကြောင်း ၎င်းတို့၏လုပ်ရပ်များ စိတ်ဓါတ်များက သိသာထင်ရှားစွာ သက်သေခံနေပါသဖြင့် ခွေးရူးကို ချော့စရာ အကြောင်းမရှိပါ။
အသေရိုက်သတ်ရန်သာ ရှိပါတော့သည်။
Source Audio from http://www.bbc.co.uk/burmese
စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့်
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတာဟာ ကောင်းမွန်တဲ့ ကိစ္စတရပ် ဖြစ်ပေမယ့် အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ အကောင်းတွေကိုသာ ရွေးကြည့်ပြီး မဆွေးနွေးစေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
CNN ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။
“စေ့စပ်ဆွေးနွေးတာကို ကျမ ယုံကြည်ပါတယ်၊ ဒါကို မဆန့်ကျင်ပါဘူး။ မြန်မာတွေ တော်တော်များများက အမေရိကန်ကတော့ သူတို့ကို ကျောခိုင်းသွားပြီးတော့ စစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ အခု ပြောနေပါတယ်။ ကျမကတော့ ဒီလို မထင်ပါဘူး။ စေ့စပ်ဆွေးနွေးနေတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စကားပုံလို နေကာမျက်မှန်တပ်ပြီး သွားမဆွေးနွေးဘဲ ပကတိအတိုင်း မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျ လုပ်စေချင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘာတွေ အမှန်တကယ် ဖြစ်နေသလဲဆိုတာ နိုးနိုးကြားကြားနဲ့ အမြဲ မျက်စိဖွင့်ကြည့်နေသင့်ပြီး စေ့စပ်ဆွေးနွေးတာဟာ ဘယ်ကို ဦးတည်နေပြီး ဘယ်လို အပြောင်းအလဲလုပ်ဖို့ တကယ် လိုအပ်နေတယ်ဆိုတာ ကြည့်နေသင့်တယ်လို့လည်း ပြောပါတယ်။
ပြန်ပြီး အဖမ်းအဆီးခံရမှာကို မစိုးရိမ်ဘူးလားလို့ CNN က မေးမြန်းတဲ့အခါ လူအတော်များများက ဒီမေးခွန်းကို မေးကြပြီး သူကတော့ မသိနိုင်ဘူး ဆိုတာပဲ ဖြေနိုင်တဲ့အကြောင်း၊ အရင်ကလည်း အဖမ်းဆီး ခံရဖူးတဲ့အတွက် ဒါကလည်း ဖြစ်နိုင်ကြောင်း။ သူတို့ ထပ်မဖမ်းဘူးဆိုတာ မပြောနိုင်တဲ့အကြောင်း၊ ဒါပေမယ့် ဒါကိုချည်း စဉ်းစားမနေနိုင်ဘဲ လုပ်စရာရှိတာ ဆက်လုပ်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်ပြီး မြန်မာစစ်အစိုးရနဲ့ လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ရရှိလာတဲ့ ရလာဒ်က စိတ်ပျက်စရာပဲလို့ သူက ပြောကြားခဲ့ပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ ရုပ်မြင်သံကြား သီးသန့်ဆွေးနွေးခန်း
By ဗွီအိုအေမြန်မာ တီဗွီမဂ္ဂဇင်း
သောကြာ, 19 နိုဝင်ဘာ 2010
နိုဝင်ဘာ ၁၃ ရက်။ ၂၀၁၀၊ နေအိမ်အကျယ်ချုပ်လွတ်မြောက်သည့်နေ့ နေအိမ်ရှေ့မှာ ပြည်သူပေးသော ပန်းစည်းကို အပြုံးနှင့်လက်ခံနေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုတ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။
“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီက ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ”
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။
ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ”
လတ်တလော နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။
“အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ၀မ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ၀နဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ…ပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက် သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်း သားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ”
မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီး ဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင် ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။
“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခု မရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံပါတယ်။
“တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ ၂ ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ၀န်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ် ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အ၀ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း VOA ကို အခုလို ပြောပါတယ်။
“လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အဲန်အယ်လ်ဒီလို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ် သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါ တယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ”
နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလု မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံစာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်”
မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ် ပေါင်း ၁၅ နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။
“အဲဒါကတော့ အန်တီ့ကို ၀ိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ၀ိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ် ချင်းတွေ… နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ”
နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ NLD လူမှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ ပြောပြခဲ့တာဖြစ်ပါတယ်။
Find this article at:
http://www.voanews.com/burmese/news/dassk_interview_11-19-10-109273849.html



