ပုရိသနှင့် သူရာ
ကျုပ်အားတဲ့တရက် ရာသီဥတုကလည်း ခပ်နွေးနွေးဆိုတော့ ကျုပ်သူငယ်ချင်းဉာဏ်အေးစီ သွားလည်တယ်ဗျ။ ကရင်လိုကတော့ သူ့ကို ညောင်အေးလို့ ခေါ်ကြတယ်၊ အံဆိုတဲ့သရသံ ကရင်မှာ သဲသဲကွဲကွဲမရှိဘူး။
သူ့အိမ်ကိုရောက်သွားတော့ အုန်းမှုတ်ခွက်တလုံးနဲ့ အလုပ်ရှုတ်နေတာတွေ့ရတယ်။
(ဗျို့ ကိုညောင်အေး အဲလေ ကိုဉာဏ်အေး ခင်ဗျား ဘာတွေလုပ်နေတာလဲ၊
အုန်းမှုတ်ခွက်ကို ရေမှုတ်လုပ်နေတာထင်တယ်၊ ဘာလဲကျုပ်ရေးတဲ့ကဗျာကိုကြိုက်လို့
ထန်းရည်ချမလို့လား၊ အမေရိကန်မှာထန်းရည် မရှိဘူးလေဗျာ)
(အေး မင်းကတော့ လုပ်ချလိုက်ပြန်ပြီ၊ စောကျော်ခွိတို့ စသောင်းဝင်းတို့ မင်းအကြောင်း
ကောင်းကောင်းမသိသေးလို့သာ
သူတို့ Blog ထဲအချိန်ကုန်ခံပြီး မင်းရဲ့ တောင်တောင်အီစာတွေကို
တင်ပေးတာများ၊ လာမကြွားစမ်းပါနဲ့၊
ငါက ကဗျာသမား စာသမားမဟုတ်ဘူး၊ အရက်လည်းမချဘူး၊
ထန်းရည်လည်းမချဘူး၊ မင်းပဲပေါက်တတ်ကရတွေရေးပြီး ညနေတိုင်းပုလင်းထောင်နေတာ)
ကျုပ်ရင်ထဲကို သူ့စကားလုံးတွေက သံတိုသံစမုန်တိုင်းဆင်သလို ဝင်လာတယ်လို့
ခံစားလိုက်မိတဲ့အတွက် (ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာ ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ဘူး)
ဒီတော့သူက (မင်းကတော့လေ ကဗျာသမား မပီသလိုက်တာကွာ၊ ထစ်ကနဲဆိုဒေါသက ရှေ့ဆုံးကပဲ၊
ဒီအတိုင်းဆို မင်းဘယ်လိုလုပ်ပြီး နာမည်ကျော်ကဗျာဆရာ ဖြစ်နိုင်မှာလဲကွ ဟေ)
(ကျုပ်ဖါသာကျုပ် ကဗျာသမားပဲဖြစ်ဖြစ် အရက်သမားပဲဖြစ်ဖြစ်ဗျာ၊
အခုလာတာ ခင်ဗျားအကြောင်း ဆောင်းပါးလေးတပုဒ် ရေးဘို့လာတာ)
လုပ်လက်စအလုပ်ကို လုပ်နေရင်း သူကကျုပ်ကိုမျက်ခုံးတဘက်ပင့်ပြီး ကြည့်နေရာက
(နားရှိလို့သာ ကြားရတာ၊ မင်းတကယ်ပြောနေတာလား၊ မနေ့ညကအရှိန်နဲ့တော့ မဟုတ်ပါဘူးနော်၊
ဒါဆိုရင်ခဏထိုင်ဦး ငါ ရေနွေးတကရားလောက်သွားတည်လိုက်မယ်)
ဆိုပြီးထွက်သွားပါတယ်။
အဲဒီနောက် သူက အုန်းမှုတ်ခွက်တွေထည့်ထားတဲ့ လင်ပန်းတချပ်နဲ့အတူ
လက်ဘက်စုံတပန်းကန်ပါ ယူလာပါတယ်။
(ကဲဆိုစမ်းပါဦး၊ မင်းက ငါ့အကြောင်းရေးချင်တယ်ဆိုတော့
မဟုတ်မှလွဲရော၊ မင်းအမူးမပြေသေးဘူးထင်တယ်)
အဲဒီတော့ ကျုပ်ကလည်း (ခင်ဗျားဗျာ လူမှုရေးညံ့လိုက်တာ
ကိုယ်အရက်မသောက်တာလေးနဲ့ အရက်သမားတိုင်းကို အထင်သေးရတယ်လို့၊
ကျုပ်က အရက်ကိုရေနဲ့ပဲရောတာ အလုပ်နဲ့မရောဘူး၊ မှတ်ထား)
ထိုအခါ သူက (အလကားနောက်တာပါကွာ၊ မင်းမှာ အလုပ်ကြီးအကိုင်ကြီးတွေရှိမှန်း
ငါသိပါတယ် ခဏလေးဆို ပြန်တွတ်တော့မယ်မဟုတ်လား)
(ထားလိုက်ပါဗျာ၊ ခင်ဗျားနဲ့စကားနိုင်လုနေလို့လည်း ဘာမှမထူးဘူး၊
အခုချထားတဲ့ အုန်းမှုတ်ခွက် တွေက ဘာလုပ်ဘို့လဲဗျ) လို့မေးလိုက်တော့ သူက
(ရေနွေးကြမ်း သောက်ဘို့ပေါ့ကွ၊ ရေနွေးကပူတယ်၊
ပလပ်စတစ်ခွက်ထဲထည့်သောက်ရင်၊ ကင်ဆာရောဂါ ရနိုင်တယ်ကွ၊
ပလပ်စတစ်ခွက်တွေကို အရောင်တွေဆိုးထားတာဆိုတော့
အဲဒီအရောင်ဆိုးဆေးတွေက ဒုက္ခပေးတာလို့ပြောတယ်)
ကျုပ်ကလည်း လက်ဘက်စုံပန်းကန်ကိုကြည့်ပြီး
(ခင်ဗျားလက်ဘက်ကကော ဆိုးဆေးမပါလို့လား)
(အဟဲ အဲဒါကနောက်ဆုံးလက်ကျန် အထုပ်ပါကွာ၊
နောက်ထပ်လည်း မရှိတော့ပါဘူး၊ကဲ မင်းငါ့အကြောင်း ဘာသိချင်လို့လဲ၊
ငါရေနွေးသွားယူလိုက်မယ်)
အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးက လက်ဘက်ခြောက်အနံ့ မရတဲ့အတွက်
ကျုပ်က (ခင်ဗျား ရေနွေးကြမ်းကလည်း၊ လက်ဘက်ခြောက်အနံ့ မရပါလား၊
ဘာအရွက်တွေထည့်ထားတာလဲ) လို့မေးတော့ သူက
(ကရင်လို ဏင်းလုင်းလး (နောင်းလုံးလား)လို့ခေါ်တယ်၊ ဗမာလိုကတော့
လောက်သေရွက်၊ အဲဒါကို ဒုက္ခသည်စခန်းထဲက ငါ့တူမပို့ပေးလိုက်တာ
တို့ရွာမှာ ငါးပိအိုးတွေပေါ် ဒီအရွက်အုပ်ထားရင် ငါးပိကိုလောက်မထိုးဘူး၊
မင်းသောက်ကြည့်စမ်း)
သူကပြောနေတာနဲ့ကျုပ်လည်း သောက်ကြည့်လိုက်ပါတယ်။
(ဟာ ခင်ဗျားဟာက မမိုက်ပါဘူး၊ လက်ဘက်ခြောက်ပဲ ကောင်းပါတယ်၊ အရသာမရှိလိုက်တာ
အာရှဆိုင်မှာ လက်ဘက်ခြောက်တွေပုံလို့ဗျာ၊ ဘာအမျိုးစားလိုချင်လဲ အကုန်ရနိုင်တာပဲ)
ကျုပ်က စိတ်မရှည်သလိုပြောရင်း အုန်းမှုတ်ခွက်ကို စားပွဲပေါ်ချလိုက်ပါတယ်၊
သူက (မင်း လက်ဘက်ခြောက်ကကော စိတ်ချရလို့လား၊ ဆိုးဆေးမပါဘူးလို့
မင်းအာမခံရဲလား၊ အာရှဆိုင်တွေကို မင်းလိုက်ကြည့်လိုက်၊ တရုတ်ပစ္စည်းမတင်တဲ့ဆိုင်ရှိလို့လား
မင်းကိုငါပြောပြမယ်၊ ငါနယ်စပ်မှာနေတုန်းက တရုတ်ကလာတဲ့ရေဒီယိုတလုံး
သွားဝယ်ဘူးတယ်၊
တရုတ်စာတွေပါတဲ့ အသုံးပြုပုံတွေကို ရေးထားတာ၊ ငါကလည်းရေဒီယို
ကောင်းကောင်းမဖွင့်တတ်သေးဘူးကွ၊ လိုင်းစုစုပေါင်း သုံးဆယ့်နှစ်လိုင်းပါတယ်၊
ဒါနဲ့တခြားတရုတ်တယောက်ကို ရေးထားတဲ့စာကိုဖတ်ခိုင်းတော့မှပဲ၊ နားလည်သွားတာ၊
နောက်ဆုံး စာကြောင်းကို သူဘာသာပြန်တာက ကမ္ဘာ့နေရာအနှံ့မှ တရုတ်လူမျိုးများသတိပြုရန်တဲ့၊
တရုတ်ပြည်က ပုံစံတူပစ္စည်း သုံးမျိုးထုတ်ထားတယ်၊ တမျိုးက ဗမာပြည်အတွက်၊
ဒုတိယတမျိုးက နိုင်ငံခြားတိုင်းပြည်အတွက်၊ နောက်ဆုံးတမျိုးက တရုတ်ပြည်အတွက်၊ တရုတ်လူမျိုး
တွေအနေနဲ့ အမျိုးစားကောင်းမွန်တဲ့ပစ္စည်းမျိုးလိုချင်ရင် တရုတ်ပြည်ကို
တိုက်ရိုက်မှာပါ ဆိုပြီးရေးထားတယ်ဆိုပဲ)
သူ့စကားခဏရပ်ထားတုန်း ကျုပ်က
(ရေဒိုယိုနဲ့ လက်ဘက်ခြောက် ဘာဆိုင်လိုက်တာမှတ်လို့ဗျာ)
သူကကျုပ်ကို (မင်းကတော့လေ၊ အခု တရုတ်ရဲ့ လူသုံးကုန်ပစ္စည်း၊
စားကုန်သောက်ကုန်ပစ္စည်းတွေ နေရာအတော်များများ စိုးမိုးနေတာမင်းအသိပဲ
ပြီးတော့ ဈေးပေါတဲ့သူ့ပစ္စည်းတွေက၊ တော်လေးကြာ ဘာဖြစ်ပြန်ပြီ၊
ကြက်ဥထဲ၊ နို့မှုန့်ထဲ၊ ကလေးကစားစရာတွေ၊ ဘိနပ်တွေ၊ ပြောနေရင်ပြီးတော့မှာမဟုတ်ဘူး
ကဲ ရေနွေးကြမ်းမကြိုက်ရင် လက်ဘက်စားကွာ)
ကျုပ်လည်းမနေ့ညက ရေချိန်များပြီး ထမင်းလွတ်သွားတဲ့အတွက် သူချထားတဲ့
လက်ဘက်စုံပန်းကန်ထဲက၊ ကြက်သွန်ဖြူကြော်နဲ့ နှမ်းကို လက်ဘက်ထဲထည့်ထုပ်ပြီး ဝါးနေလိုက်ပါတယ်။
သူက(သူများအကြောင်းပြောနေတာနဲ့ မင်းငါ့အကြောင်း ဆောင်းပါးရေးမလို့ဆို
ကဲ မင်းဘာသိချင်လဲ) လို့မေးရင်း လောက်သေရွက်ထည့်ထားတဲ့ရေနွေးကို
မှုတ်သောက်နေပါတယ်။
ကျုပ်ကတော့ နောက်ထပ်တလုတ်စာအတွက် လက်ဘက်ထဲကို နောက်တပြန် ကြက်သွန်ဖြူကြော်နဲ့ နှမ်းကြော်ကို
ထည့်နေရင်း ( ဟိုဒင်းဗျာ ကျုပ် အရက်ဖြတ်တဲ့နည်း ဆောင်းပါးတခုရေးချင်လို့ တနည်းအားဖြင့်ဗျာ
အရက်မသောက်ချင်တဲ့နည်းလေး ရေးရင်ကောင်းမလားလို့ပါ)
ကျုပ်စကားကြောင့်သူက တအံ့တသြပုံစံနဲ့ (ကျားသားမိုးကြိုး အရက်ချိုး(ဂျိုး)က
အရက်မသောက်ချင်တဲ့နည်း သိချင်တယ်ဆိုပါလား၊
ဘာလဲ မင်းအရက်ဖြတ်တော့မယ်ဆိုပါတော့၊ မလုပ်ပါနဲ့ကွာ အမေရိကန်က
အရက်ကုမ္ပဏီတွေ ပိတ်ပစ်နေရပါဦးမယ်၊ ငါက ငယ်ငယ်လေးထဲကအရက်မသောက်တာ
ဆိုတော့၊ မဖြစ်ပါဘူးကွာ) လို့ ပြောပါတယ်။
ဒါနဲ့ကျုပ်ကပဲ (အဲဒီလိုငယ်ငယ်လေးထဲက အရက်မသောက်ဖြစ်ခဲ့တာ
ဆိုကတည်းကိုက ခင်ဗျားမှာ အကြောင်းအချက်တခုခု မရှိပဲနဲ့တော့မနေဘူး၊ ရှိကိုရှိရမယ်၊
ခင်ဗျားပြောလိုက်ရင် လူငယ်တွေအတွက် အကျိုးအများကြီးရှိနိုင်ပါတယ်ဗျာ)
ကျုပ်အပြောကို ဘဝင်မကျသလိုလိုနဲ့ သူက (မင်းကကော တကယ်ရေးမှာမို့လား၊ မင်းအရေးအသားက
ဘယ်လောက်ကောင်းလို့လည်း၊ ဘယ်သူတွေကကော စိတ်ဝင်စားမှာလဲ၊
ဘယ်လိုပဲဖြစ်ဖြစ် နောက်လူငယ်တွေအတွက်ဆိုတော့ ငါပြောပြမယ်၊
မင်းရေးချင်လဲရေး၊ မရေးချင်လဲနေ၊ တခုတော့ရှိတယ် မင်းလိုကြီးမိုက်တွေအတွက်ကတော့
ငါပြောမယ့်အကြောင်းအရာတွေဟာ ဘုန်းကြီးနဲ့ဘီးလိုပဲ ဘယ်လိုမှအသုံးတည့်မှာမဟုတ်ဘူး)
(အေး ငါငယ်ငယ်က အရက်ကို စမ်းသောက်ခဲ့ဘူးတယ်၊ ဘာဖြစ်လို့လဲဆိုတော့
လူကြီးတွေ အရက်သောက်တာကိုမြင်လို့ စမ်းသောက်တာပဲ၊ ငါသောက်လိုက်တာ အတော်မူးသွားတယ်၊
အူရိုင်းပေမယ့် ငါမူးအောင်ကိုသောက်တာ ခြေလှမ်းတွေက ယိုင်တိယိုင်တိုင်နဲ့၊
ပိုဆိုးတာက ဆိုင်မှာထမင်းဝင်စားတော့ ငါးခေါင်းကိုမျိုချမိတယ်၊ ကိုယ်ကသိနေတယ်၊ ဒီငါးခေါင်းကို
ညက်အောင်ဝါးပြီးမှ မျိုချရမယ်ဆိုတာ၊ ဒါပေမယ့်မထိန်းနိုင်ဘူး၊
မျိုချလိုက်တယ်၊ ကံကောင်းတယ် ဆိုရမှာပဲ ဘာမှတော့မဖြစ်ဘူး၊
အကယ်၍များ အဲဒီငါးခေါင်းဟာ နည်းနည်းလေးပိုကြီးနေရင်တော့ စို့ပြီးသေမှာပဲ၊
အဲဒီကစပြီး ဒီအသက်အရွယ်အထိငါ အရက်မသောက်တော့ဘူး၊
မင်းသိပါတယ် လူဆိုတာ အခြားလူတယောက်ယောက်ကပြောလို့
ရလာတဲ့အသိတရားထက် ကိုယ်ကိုယ်တိုင် နားလည်ခံစားလို့ရလာတဲ့ အသိတရားက ပိုမြဲတယ်ဆိုတာ)
ကျုပ်သူ့စီကအပြန် ကိုယ်ကိုယ်တိုင်နားလည်ခံစားလို့ ရလာတဲ့အသိတရားက ပိုမြဲတယ်ဆိုပေမယ့်
နောက်ကျနေတဲ့ ကျုပ်ကတော့ ယင်းကိုက်လာတဲ့အတွက် အိမ်ကိုတချိုးထဲ ပြေးခဲ့ရပါတော့တယ်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်တုန်းက သူငယ်ချင်းတွေနဲ့ အပျော်ဆိုပြီးအရက်ကို မြည်းစမ်း
မသောက်ခဲ့ဘူးဆိုရင်ဒီနေ့ တန်ဘိုးရှိတဲ့ စာတွေကဗျာတွေ၊ လူငယ်တွေကို အလုပ်အကျွေးပြုမယ့်
စာတွေကဗျာတွေ ကျုပ်ရေးနိုင်မှာသေခြာတယ်၊
အခုတော့ ကျုပ်ရဲ့ စာတွေကဗျာတွေဟာ ဉာဏ်အေးပြောသလို ဖြစ်နေမှာပါလေ။
မင်းစိုးစံ( အဝေးရောက် ကရင်ဒုက္ခသည်တဦး)
|
Tuesday, April 21, 2009
ပုရိသ နှင့် သူရာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment