အညှော်မိနေတဲ့စက်
ကျုပ်မှာ ဘယ်သူမှ မထွင်ရသေးတဲ့ စက်တလုံးရှိတယ်။ အင်မတန်ကောင်းတာဗျို့။ ဘယ်လိုအရာကို မေးမေး ဘယ်မေးခွန်းမဆို သူဖြေနိုင်တာချည်းပဲ။ ဈေးကတော့ အကြီးသား။
သူဖြေတဲ့ မေးခွန်းအပေါ် ပြန်မေးရင် အဲဒီအမေးကိုပါပြန်ဖြေတာဗျို့။
ထူးခြားတာက စာလုံးတွေ ဘာတွေရေးနေစရာမလိုဘူး။ သူ့ရှေ့မှာခဏလေးရပ်ပြီး ဘယ်နေရာကပဲနေနေ ကိုယ်မေးချင်တာကို စိတ်ထဲကမေးရုံလေးနဲ့တင် သူ့အဖြေကို ကိုယ့်အာရုဏ်ထဲအထိ အရောက်ပို့ပေးတာ။
ရေခဲသေတ္တာရှေ့မှာရပ်ရင်း ငါဘာယူဘို့ ရေခဲသေတ္တာကို ဖွင့်နေပါလိမ့်လို့
စိတ်ထဲကမေးလိုက်ရင် သူက အရက်ပုလင်း ယူဘို့ရပ်နေတာ။ အဲဒီလိုကိုဖြေတာ။
တခါ ဘာကြောင့်လဲလို့မေးလိုက်ရင် စက်က အဲဒါခင်ဗျားရဲ့ အခွင့်အရေးပဲတဲ့။
အဲဒီလိုကောင်းတဲ့စက်ကို ကျုပ် မနက်ဖြန်ဆိုရင်လွှင့်ပစ်လိုက်တော့မယ်။
ဘာကြောင့်လဲသိလား။

တညမှာပေါ့ဗျာမုန်တိုင်းသင့်ဒုက္ခသည်တွေရဲ့ပုံတွေကို ကြည့်နေရင်းက မခံစားနိုင်တော့တာနဲ့ ရေခဲသေတ္တာထဲက အရက်ပုလင်းကိုစားပွဲပေါ်တင်လိုက်တယ်။
အရက်နဲ့မြည်းဘို့ ကျုပ် ကြက်ဥကို ငရုပ်သီးပွနဲ့ကြော်ဘို့လုပ်ရင်း စက်ရှေ့မှာခဏ ရပ်လိုက်တယ်။
ပြီးတော့ ဒယ်အိုးလေးကိုဆီသင့်ရုံထည့်ပြီး မီးဖိုပေါ်တင်ထားရင်း ကြက်ဥနဲ့ ငရုပ်ပွသီးကို ဝက်သားမှုန့် ထည့်ပြီး ပန်းကန်လုံးတခုထဲမှာ ရောမွှေနေရင်း စိတ်ထဲကနေ ကျုပ် နအဖကို ဆဲချင်လိုက်တာ လို့တွေး မိလိုက်တာ စက်က ဆဲသာဆဲ တဲ့။ ဟ တယ်ဟုတ်ပါလားဆိုပြီး ဘာကြောင့်ဆဲရမှာလဲ လို့ပြန်မေးလိုက်တော့ စက်က အဲဒါ ခင်ဗျားရဲ့ အခွင့်အရေးပဲ တဲ့။
ဒါနဲ့ကျုပ် ပုလင်းထဲက အရက်ကိုဖန်ခွက်ထဲ ငှဲ့လိုက်တယ်၊ ရေတွေဘာတွေမရောပဲ ကြွက်တွင်းထဲ အဲအဲမဟုတ်ဘူး အစာအိမ်ထဲကိုလောင်းချလိုက်တယ်။
ကျုပ်စိတ်ထဲကနေ ဒီကေဘီအေကို ဆဲချင်လိုက်တာ လို့တွေးလိုက်တာ စက်က အပေါ်က အတိုင်းပဲပြန်ဖြေတယ်။
တခါဆက်ပြီး နောက်တခွက်လောင်းချရင်း ကရင်အမျိုးသားအလံတော်ကို အနင်း ခံပြီး မောင်အေးရှေ့မှာ ဒူးထောက် သွားတဲ့ သူးမူဟဲကို ဆဲချင်တယ်ဆိုတော့ ကျုပ်ရဲ့စက်က အပေါ်ကအတိုင်းပဲ ဖြေပြန်တယ်။
နောက်တခွက်ပဒိုအောင်ဆန်းအဖွဲ့၊ နောက်ထပ်တခွက်တပ်မဟာမှူးထင်မောင်အဖွဲ့၊ တခွက်ပြီးတခွက်နဲ့ တခြား ကျုပ်ဆဲချင်တဲ့အဖွဲ့ တွေကိုဆဲချင်တယ်လို့ပြောလိုက်တာ စက်က အားလုံးကို စောစောက အတိုင်းပဲပြန်ဖြေတယ်။
ဒါနဲ့ကျုပ်လည်း ဒီစက်ကမဆိုးပါဘူးလေ၊ဆိုပြီး ကျုပ်ကိုယ်ကို ကျုပ်ပြန်ဆဲတာ သူက အပေါ်ကအဖြေတွေအတိုင်းပြန်ဖြေတယ်ဗျို့။ ဟ တော်တော်ကောင်းတဲ့စက်ပဲ မျက်နှာမလိုက်ဘူး၊သမာသမကျတယ်ဆိုပြီး စက်ကိုဂုဏ်ပြုတဲ့အနေနဲ့ နောက်တခွက်ကို ဝမ်းသာအားရနဲ့ မော့ဘို့လုပ်တုန်း ဖြုဉ်းဆိုဗျာ မီးလောင်ရင်အချက်ပေးတဲ့ ခေါင်းလောင်းသံက ဆူညံပြီးထွက်လာပါရော။ ကျုပ် ဒယ်အိုးက မီးခိုးတွေအူလှိုက်တက်လာပြီး ဆီတူးနံ့ကတအိမ်လုံးကို မီးခိုးတွေနဲ့ရောပြီး မွှန်သွားတာပဲဗျို့။
ဒယ်အိုးတင်လိုက်တုန်းက မီး(Gas)ဖွင့်ထားတာမေ့နေတယ်။
ကျုပ်လည်း မီးခိုးစုပ်တဲ့စက်ကိုဖွင့်၊ ပြူတင်းပေါက်မှန်၊ တံခါးမကြီး စတာတွေကို ဖွင့်လိုက်တဲ့အပြင် လက်နှီးစုတ်၊ (လက်ခု၊ ပူကယ်) နဲ့ မီးဖိုဆောင်ထဲက အချက်ပေး ခေါင်းလောင်းကို ယပ်ခပ်သလို ခတ်ပစ်လိုက်တယ်။
ဒါပေမယ့် Fear,Fear ဆိုတဲ့ အသံက အပေါ်ထပ်မှာကော၊ အောက်ထပ်မှာကော ဆူညံနေအောင်ကိုအော်နေတော့တာပဲ။(မြေအောက်ခန်း မပါ)
ကျုပ်အိမ်ရဲ့ဖွဲ့စည်းပုံကို နည်းနည်းပြောပြမယ်၊ မြေညီထပ်အပါအဝင် လေးထပ်ရှိတယ်၊
မြေညီထပ်မှာက ဧည့်ခန်း၊ ဒုတိယထပ်မှာက အခုကျုပ်ကြက်ဥကြော်နေတဲ့မီးဖိုခန်းနဲ့ ထမင်းစားခန်း၊ တတိယအထပ်မှာက အိပ်ခန်းနှစ်ခန်းနဲ့ ရေချိုးခန်း၊ အပေါ်ဆုံး စတုတ္ထအထပ်မှာတော့ အိပ်ခန်းနဲ့ ဘုရားခန်း။
မြေအောက်ခန်းအထပ်မှာတော့ အဝတ်လျှော်စက်ထားထားတယ်၊ လေဆင်နှာ မောင်း လေပြင်းမုန် တိုင်းတွေ တိုက်ခတ်လာရင် ဝင်ခိုလို့ရတယ်။
အခန်းနှစ်ခန်းကလွဲရင် ကျန်တဲ့အခန်းတွေက Fear, Fear လို့အော်နေတာ၊ ကျုပ်လည်း မီးသတ်ကား တွေ ရောက်လာမှာစိုးပြီး အလောတကြီး နဲ့ မီးခိုးတွေကို ယပ်ခပ်သလိုခတ်လိုက်တာ ဟာ ကုန်ပါပြီဗျာ ကျုပ်အရက်ပုလင်းနဲ့ ဖန်ခွက်တွေ စားပွဲပေါ်ကနေ ကြမ်းပေါ်ကို ခုန်ဆင်းကုန်တယ်။ ကျုပ်လည်းအရက် နည်းနည်း ဝင်ထားတော့ဒေါသထွက်ထွက်နဲ့ အသုံးမကျတဲ့စက်ဆိုပြီး စက်ကို ဆဲမလို့အလုပ် ငါ့ကိုဆဲရအောင် မင်းကဘာကောင်မို့လဲ ဆိုတဲ့အသံကိုကြားလိုက်ရတော့ ဘယ်ကအသံလဲ ဆိုပြီး ကြည့်လိုက်တာ လားလား ကျုပ်စက်က ကျုပ်ကို ပြန်ပြောနေတာဗျို့
ကျုပ်က ဘာကြောင့်မင်းကိုမဆဲပဲနေရမှာလဲ ဆိုတော့ ဘာမှပြန်မဖြေဘူး။ စိတ်ထဲကမေးလိုက်တာဆိုတော့ မသေခြာမှာစိုးတာနဲ့ သူ့ရှေ့တည့်တည့်မှာရပ်ပြီး ဘာကြောင့်မင်းကို မဆဲပဲနေရမှာလဲ ဆိုတဲ့အမေးကို ခါးထောက်ရင်းအသံထွက်အောင်မေးလဲ၊ မဖြေပြန်ဘူး။
ဒါနဲ့ ကျုပ်အိပ်ခန်းထဲက ကျုပ်အဘိုးအမွေပေးထားတဲ့ ငှက်ကြီးတောင်ဓါးကို ဆွဲလာပြီး စက်ကိုအသံခပ် မာမာနဲ့ ထပ်မေးလိုက်တယ်၊ မဖြေဘူးဗျို့။
ငှက်ကြီးတောင်ဓါးကို ဓါးအိမ်ထဲက ဆွဲထုတ်ပြီး ဘာကြောင့်မင်းကိုမဆဲပဲနေရမှာလဲ လို့ခပ်ထန်ထန် မေးရင်း ဓါးကိုင်ထားတဲ့လက် နှစ်ဘက်ကိုအမြှောက်မှာ စက် ဖြေလိုက်တာက ငါအညှော်မိနေတယ်တဲ့။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)


0 comments:
Post a Comment