ကျုပ်တို့မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာအသေးအဖွဲလေးတွေဟာ တနေ့နေ့တချိန်ချိန်မှာ ကြီးမားတဲ့ အစိုင်အခဲဖြစ်လာပြီး တယောက်နဲ့တယောက် မျက်နှာခြင်းမဆိုင်ချင်လောက်အောင် ဖြစ်သွား တတ်ပါတယ်၊ ပိုဆိုးတာက နှစ်ပေါင်းကြာလာတဲ့အခါမှာ အဲဒီပြဿနာနဲ့တွဲလျှက် တခြားပြဿ နာတွေပါ အဖေါ်အဖြစ်နဲ့ပေါ်ပေါက်လာတတ်ပါသေးတယ်။
ကျုပ်အမြင်ကတော့ ပြဿနာတရပ်ကိုဖြေရှင်းတဲ့အခါမှာ သမိုင်းကြောင်းကို ကွယ်ဝှက်ထိန်ချန် ထားဘို့မလိုသလို စည်းလုံးညီညွတ်ရေးကို အဓိကထားတယ်ဆိုရင် တန်းတူရည်တူ ပွင့်ပွင့် လင်းလင်း ပြောဆိုဆွေးနွေးဘို့ အထူးလိုအပ်ပါတယ်။
ဒီသေတမ်းစာကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တကယ်ရေးခဲ့တာ မှန်တယ်ဆိုရင်၊ ကျုပ် တို့ NLD တခုလုံးအနေနဲ့ ကျုပ်တို့ရုံးမှာချိတ်ဆွဲထားတဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဓါတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံတွေကို ချက်ခြင်းဖြုတ်ပစ်ပြီး၊မြေမြှုတ်ပစ်မယ့်အပြင် တိုင်းရင်းသားတွေကို ကျုပ်တို့တောင်းပန်မယ်၊ အကယ်၍များ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒီသေတမ်းစာနဲ့ ပတ်သက်လို့ ခင်ဗျားတို့တိုင်းရင်းသားတွေက ကျုပ်တို့ကိုတောင်းပန်ရမယ်
ဆိုင်းမဆင့်ဗုံမဆင့် ကျုပ်လ္ဘက်ရည်ဆိုင်ထဲကို NLD/ LA ကလူသုံးယောက်ရောက်လာပြီး ကျုပ် ကိုပြောနေတာဖြစ်ပါတယ်။
ဒုက္ခသည်စခန်း မီးရှို့ခံရအပြီး နာကျည်းဘွယ်ရာမြင်ကွင်း ၁၉၉၈ခုနှစ်
အချိန်ကတော့ ၁၉၉၈ ခုနှစ်၊ နေရာကတော့ ဟွှေးကလုတ် ကရင်ဒုက္ခသည်စခန်း။(ကော်မူးရာ) (ဝမ်းခါစခန်း) နဲ့အင်မတန်နီးတဲ့စခန်းတခုဖြစ်ပါတယ်။ အင်မတန်နီးတဲ့အတွက်ကြောင့်ပဲလား မသိဘူး၊ ၁၉၉၈ ခုကတော့ဖြင့် ဒုတိယအကြိမ်မြောက် SPDC နဲ့ DKBA တို့ပူးပေါင်းပြီး ဒုက္ခ သည်စခန်းကို မီးရှို့ဖျက်ဆီးသွားတာခံလိုက်ရတဲ့ အချိန်ဖြစ်ပါတယ်။
ကျုပ်လ္ဘက်ရည်ဆိုင်နာမည်ကို မင်းစိုးစံလို့ ပေးထားပါတယ်။ ရပ်ကွက် ၇ မှာပါ။
SPDC နဲ့ DKBA တို့ မီးဝင်ရှို့တဲ့ နှစ်ကြိမ်စလုံး ရပ်ကွက် ၇ ဟာ၊လုံးဝမီးမလောင်လိုက်တဲ့ တခု တည်းသောရပ်ကွက်ဖြစ်ပါတယ်။
ဒီဒုက္ခသည်စခန်းမှာ ရပ်ကွက်စုစုပေါင်း ၁၁ ရပ်ကွက်ရှိပါတယ်။ စခန်းရဲ့ တည်နေပုံအနေအ ထားကတော့ ရပ်ကွက် ၁ကနေ ရပ်ကွက် ၅ အထိက တစုစုထားသလိုဖြစ်နေပြီး၊ ရပ်ကွက် ၆ ကတော့၊ ရပ်ကွက် ၅နဲ့ ကြားထဲမှာ ရေနုတ်မြောင်းလေးတခုခြားထားပါတယ်။
ရပ်ကွက် ၈ကနေ ရပ်ကွက် ၁၁ကတော့ အစုလေးတစုလိုဖြစ်နေပြီးတော့ ရပ်ကွက် ၇ကတော့ တသီးတခြားလေးဖြစ်နေပါတယ်။
မီးမလောင်တဲ့ရပ်ကွက်အတွက် မီးလောင်ခံရတဲ့ ရပ်ကွက်က ၀မ်းသာရမယ့်အစား ရပ်ကွက် ၇က၊DKBA ရပ်ကွက်လို့ပြောတဲ့အပြင်၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ကျုပ်ကို DKBA ကအရာရှိ ဆို ပြီးမကြားတကြားပြောတာလည်း ခံလိုက်ရသေး။
၁၉၉၆ ခုနှစ် DKBA မှ ဒုက္ခသည်များအား ပြန်လည်အခြေချ နေထိုင်ရန် ဖိအားပေးမှုအပေါ် သွားရောက်ညှိနှိုင်းစဉ်
ဘာကြောင့်ရပ်ကွက် ၇ မီးမလောင်ရတာလဲဆိုတာ ကျုပ်ပြောပြမယ်။
ပထမအချက်ကတော့ တခြားရပ်ကွက်တွေနဲ့ ရောနှောမနေပဲ သီးသန့်လေးဖြစ်နေတယ်။
ဒုတိယအချက်က မဲဆောက်ကို သွားတဲ့ကားလမ်းမနဲ့ နီးတယ်၊ ထိုင်းနယ်ခြားစောင့်တပ် (အောဆော်) လူဝင်လူထွက်စစ်ဆေးရေးဂိတ်ရှိတယ်။ ထိုင်းကျေးရွာဆေးပေးခန်းနဲ့ နီးတယ်။
တတိယအချက်က SPDC နဲ့ DKBA တို့ မီးလောင်တိုက်သွင်းမယ့် စာရင်းထဲမှာ ရပ်ကွက် ၇ကို တမင်တကာ ချန်ထားတာဖြစ်နိုင်တယ်။ ဘာကြောင့်ဆိုတာ စာရှုသူတို့ ကိုယ့်ဦးဏှောက် ကို နည်းနည်းအလုပ်ပေးကြည့်လိုက်ပါလား။
SPDC နဲ့ DKBAတွေလက်စွမ်းပြလိုက်ပုံက ပထမအကြိမ်တုန်းကတော့ မီးရှို့ရုံပဲ၊ နောက်တော့ လူပါသတ်ပြတယ်။
လက်နက်ထုတ်လုပ်ရောင်းချသော နိုင်ငံများအတွက် အစတေးခံ ကရင်ဒုက္ခသည်အမျိုးသမီးတဦး(ဟွှေးကလုတ် ဒုက္ခသည်စခန်းမှ နန်းမပိန်) ၁၉၉၈
လက်နက်ထုတ်လုပ်ရောင်းချသောနိုင်ငံများ၏စီးပွါးဖွံဖြိုးတိုးတက်ရေးအတွက် အစမ်းသပ်ခံ လူသားများအနက်မှ ကရင်အမျိုးသားတဦး
(ဟွှေးကလုပ်ဒုက္ခသည်စခန်းမှ မန်းဇေယျာ) ၁၉၉၈
သူတည်းတယောက် ကောင်းဘို့ရောက်မူ သူတယောက်မှာ ပျက်လင့်ကစာ ဓမ္မတာတည်း
ဆိုတဲ့ စာချိုးလေးအတိုင်း၊ DKBA တသိုက် ကောင်းစားဘို့အတွက် ကျုပ်တို့ ကရင်ဒုက္ခသည် တွေ မီးအလောင်ခံပြီးသေပေးခဲ့ရတဲ့ မမေ့နိုင်စရာ သမိုင်းမှတ်တိုင်လေးတခုပါ။
ထိုင်ကြပါဗျာ အေးအေးဆေးဆေးပေါ့၊ ဘာသောက်မှာလည်း ကော်ဖီလား၊လ္ဘက်ရည်လား
ကျုပ်က သူတို့ကို ထိုင်စရာတွေပြုပြင်ပေးလိုက်ပါတယ်။ သူတို့ဆိုင်ထဲရောက်လာတဲ့အချိန်က လ္ဘက်ရည်သောက်ချိန်တော့မဟုတ်ဘူး။
ကျုပ်လ္ဘက်ရည်ဆိုင်က စားပွဲခုံ ကုလားထိုင်တွေနဲ့မဟုတ်ဘူး။ ခုံတန်းရှည်တခုသာသာလောက် ကို အိမ်တိုင်နဲ့ဖြစ်ကတတ်စမ်း တွဲရိုက်ထားသလို ထိုင်ခုံကလည်း ခုံတန်းရှည်ရဲ့တဘက်တချက် မှာ မြေစိုက်ခုံတန်းလေးလုပ်ထားတာဖြစ်ပါတယ်။
ကျုပ်ဆိုင်မှာ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အကြော်စုံ၊လ္ဘက်ရည်၊ကော်ဖီ၊ မုန့်မျိုးစုံ၊ ကွမ်းယာ၊ ဆေးလိပ်၊ ရေခဲသုပ်၊ ထိုင်းနိုင်ငံထုတ်အချိုရည်မျိုးစုံ၊လ္ဘက်သုပ်၊ဂျင်းသုပ် အဲဒါတွေရောင်းတာ။
ရိက္ခာထုတ်တဲ့အချိန်ဆိုရင် ကျုပ်ဆိုင်ကလူအရမ်းစည်တယ်။ ရိက္ခာထုတ်တဲ့သူ၊ အကြွေးရစရာ ရှိလို့ ဆန်၊ဆီ၊ပဲ စတာတွေကို သိမ်းဘို့စောင့်နေတဲ့ အတိုးချစားသူတွေ၊ ရိက္ခာကိုနှစ်ခါပြန်သုံးခါ ပြန်ထုတ်နေတဲ့သူတွေ၊ နားနားနေနေ စားသောက်သူတွေနဲ့ ကြက်ပျံမကျ ပေါ့ဗျာ။
သူတို့သုံးယောက်ရောက်လာတဲ့အချိန်က မွန်းလွဲပိုင်းဆိုတော့ လူရှင်းတယ်။
အဲဒီထဲက တယောက်သောသူက
ကျုပ်တို့အတွက် လ္ဘက်ရည်သုံးခွက်ပဲလုပ်ဗျာ၊ ကျန်တာဘာမှလုပ်မနေနဲ့တော့
ကျုပ်လ္ဘက်ရည်ကောင်းကောင်းဖျော်တတ်တယ်၊ မုန့်ဟင်းခါးကောင်းကောင်းချက်တတ်တယ်၊ အကြော်ကောင်းကောင်းကြော်တတ်တယ်၊ အရက်ကောင်းကောင်းချက်တတ်တယ်။ယုံရဲ့လား။ ဒါပေမယ့် ကျုပ်ရဲ့နည်းက ရေပေါ်ဆီတွေမကြိုက်တဲ့နည်းမျိုး။
မီးလောင်ပြင်အတွင်းမှ ပစ်ပယ်ခံခဲ့ရသည့် ပူလောင်လှသော ဒုက္ခသည်များ၏ဆန္ဒ
ကဲ ဆိုပါဦးဗျ ဘာတွေဖြစ်နေလို့လဲ
ကျုပ်က သူတို့ကိုမေးရင်း လ္ဘက်ရည်ခွက်တွေကို ချပေးလိုက်ပါတယ်။ တယောက်သောသူက
နောက်အပါတ် အစည်းအဝေးကျရင် သဘာပတိလုပ်သူကို တင်ပေးပါ၊ ဗမာ့အမျိုးသားခေါင်း ဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာ နဲ့ပတ်သက်လို့ ကျုပ်တို့ ရှင်းချင်တယ်။
မနေ့က အစည်းအဝေးလုပ်နေချိန်မှာ အခုလို စာရွက်တွေဝေတယ်ဆိုတာ ကျုပ်တို့ကို သက် သက်စော်ကားတာပဲ
ရပ်ကွက်မီးလောင်ပြင်ကနေတိုက်လာတဲ့ လေပူတချို့ ကျုပ်ဆိုင်ထဲကိုဝင်လာတယ်။ ကျုပ် တို့အဖွဲ့အစည်းအဝေးကို တပါတ်တခါ ပုံမှန်လုပ်ကြပါတယ်။ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို အုပ်ချုပ်တဲ့သူတွေကြား ကွာဟမှုတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ ညှိနှိုင်းအဖြေရှာတဲ့ အသင်းအဖွဲ့ဖြစ်ပါတယ်။
ဟုတ်ပါတယ် မနေ့က အစည်းအဝေးလုပ်နေတုန်း ကျုပ်တို့အဖွဲ့ဝင်တယောက်က အစည်းဝေး ထဲကလူတိုင်းကို တယောက်တစောင် ဝေသွားတာဖြစ်ပါတယ်။
ဒါနဲ့ ကျုပ်ကလည်း
ရပါတယ်၊ အချိန်မရွေးတင်ပေးပါ့မယ်၊ တခုတော့ရှိတာပေါ့၊ အခုဒီစာရွက်ကို ထုတ်တဲ့အဖွဲ့အ စည်းက ဘယ်အဖွဲ့အစည်းလည်းဆိုတာ စာကြောင်းတွေရဲ့အောက်မှာ ရှိနေတာဆိုတော့ အဲဒီ ကာယကံရှင်အဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးမယ်ဆိုရင် ပိုကောင်းမလားမသိဘူး။ အခုအချိန်က စ ခန်းတခုလုံး ပြာပုံဖြစ်နေတဲ့အပြင် လူတွေလည်းအတော်ကလေး ပူပင်သောကတွေ ရောက်နေ ကြတာဆိုတော့၊ လတ်တလောအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အရင်ဆုံးဆွေးနွေးတာက ပိုလက်တွေ့ကျမယ်ထင်ပါတယ်။
ကျုပ်က အဲဒီလိုပြောလိုက်တော့ သူတို့ထဲက လူတယောက်က
ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ အဲဒီကိစ္စ အစည်းအဝေးမှာ တင်ဖြစ်အောင် ဆက်ဆက်တင်ပေးပါ
လ္ဘက်ရည်ဘိုးကျသင့်ငွေတွေကို ရှင်းပေးပြီးသူတို့အားလုံး ပြန်ထွက်သွားကြပါတယ်။
ကျုပ် တော်တော်ခေါင်းနပန်းကြီးသွားတယ်၊ အဖွဲ့လေးက ကိုယ့်နဲ့အနီးဆုံးမှာ လက်ရှိဖြစ်ပျက် နေတဲ့ပြဿနာတွေကို ဖြေရှင်းမယ်တောင်မကြံရသေးဘူး အဖွဲ့အတွင်းစိတ်ဝမ်းကွဲစေမယ့် အ နှောင့်ယှက်က ဝင်လာနေပြီမဟုတ်လား။
ရွှေ့ပြောင်းပေးရန် ခက်ခဲသဖြင့် ခြံစည်းရိုးခပ်၍ အကာကွယ်ပေးသည့် ထိုင်း ဌာနဆိုင်ရာ အာဏာပိုင်များ ၁၉၉၇
ထိုင်းအဆင့်မြင့်အရာရှိများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးနေကြသည့် ဒုက္ခသည်လူကြီးများ ၁၉၉၇
အစည်းဝေးလုပ်မယ့် တရက်အလိုမှာတော့ သူတို့ထဲကလူတယောက် ရောက်လာပြီး
ကျုပ်တို့ ပြောခဲ့တဲ့စကားကို ကျုပ်တို့ပြန်ရုပ်သိမ်းပါတယ်၊ မနက်ဖြန်အစည်းအဝေးမှာ အဲဒီကိစ္စ ကို မတင်ပါနဲ့တော့
နောက်နေ့အစည်းအဝေးမှာတော့ ဗမာ့အမျိုးသားခေါင်းဆောင်ကြီး ဆရာသခင်ကိုယ်တော်မှိုင်း ရဲ့ သေတမ်းစာကိစ္စဟာ ဘာမှမဖြစ်သလိုဖြစ်ခဲ့ပေမယ့် ဟော ဆယ်နှစ်ကျော်လာတဲ့ ဒီနေ့မှာ တော့ ပြန်ပြီးခေါင်းထောင်လာပြန်ပါပြီ။
ဘာကြောင့်လို့ထင်ပါသလဲ။
ပြဿနာတရပ်ကိုဖြေရှင်းတဲ့အခါမှာ စနစ်ကျရုံတင်မက၊ ပြဿနာရဲ့အရင်းအမြစ်ကို သေသေ ခြာခြာရှာပြီး ဖြေရှင်းဘို့လိုအပ်ပါတယ်။ အဲဒီလိုပဲ ပြဿနာတရပ်ကို အဖြေရှာတဲ့အခါမှာ နည်းလမ်းတခုတည်း ရှိတာမဟုတ်သလို၊ အဖြေဆိုတာကလည်း တခုတည်းနဲ့မလုံလောက်ပါဘူး။
အဓိကဖြေရှင်းရမယ့်ပြဿနာကို မဖြေရှင်းနိုင်သမျှ၊ ဘယ်လိုပြဿနာမျိုးမဆို တနေ့နေ့တချိန် ချိန်မှာပြန်ပေါ်လာတတ်တာပါပဲ။
ဒုတိယပိုင်းတွင်ဆက်လက်ဖေါ်ပြပါဦးမည်။
0 comments:
Post a Comment