ကဗျာခေါင်းစဉ်က နာန်.ခြာ.ကျိန်စာတဲ့ ကဗျာလေးရဲ့ စကားပြေကို ရေးပြပါရစေ။
ကရင်လို နာန်.ခြာ. (ဗမာလိုက ကုလားမတောင်)
ဟိုးတချိန်တခါတုန်းက အမျိုးသားတွေအပေါ်ကို စိတ်နာနာနဲ့ ကျိန်စာတိုက်ခဲ့တဲ့ နာန်.ခြာ.လို့ ခေါ်တဲ့ အမျိုးသမီးတဦးရဲ့ ကျိန်စာကတော့ အမျိုးသားတွေအပေါ် အမှန်တကယ် စူးရှခဲ့တယ် လို့ဆိုရမှာပါ။
သူမ သိပ်ချစ်ရတဲ့ချစ်သူကို လိုက်ရှာရင်း ရင်ခွင်ပိုက်သားငယ်လေးနဲ့ တောကြီးမျက်မဲထဲမှာ အသက်ဆုံးခဲ့ရတဲ့ အမျိုးသမီးငယ်လေးလို့ဆိုပါတယ်။
သူ့ချစ်သူကိုတမ်းတရင်း မျက်ရည်လည်ရွှဲနဲ့ ကွယ်လွန်ခါနီး ကျိန်စာတိုက်ခဲ့တာကတော့ တ လောကလုံးမှာရှိတဲ့ ယောင်္ကျားတွေ သူ့ခြေရင်းမှာလာပြီး ခုနစ်လီ ခုနစ်ဘ၀အသက်ဆုံးရှုံးကြ ပါစေတဲ့။
အဲဒီရာဇဝင်ကို ကျောရိုးထားပြီး ဒီကနေ့ဖြစ်ပျက်နေသမျှကို ကဗျာရှင်တင်ပြထားတာက
ညနေခင်းနေဝင်ရီတရောအချိန်မှာသက်တန့်တစင်းဟာ ကောင်းကင်ပေါ်မှာ အထင်းသားပေါ် နေခိုက် အမိမြေကိုမပြန်နိုင်သေးတဲ့သူ့အနေနဲ့ ရင်ထဲမှာစို့နင့်နေပါတယ်။
လဆန်းရက်ရဲ့ လမင်းလေးကဖြင့် ပျံလွှားငှက်တောင်ပံလိုပေါ်ထွက်လာချိန်မှာ သူ့စိတ်က သောင်ရင်းချောင်းဘက်ကို ရောက်သွားတော့ မိုးမခရွက်တွေလို ရမ်းခါနေပါတယ်။
သစ်ပင်တွေဟာ ရွက်သစ်တွေနဲ့စိမ်းညို့နေတယ်။အတွေးတွေက ဟိုးမမြင်ရတဲ့အဝေးတနေရာ ကို လွင့်မျောနေပါတယ်။
မျက်လုံးတွေကန်းနေရတဲ့ကြား ချေထောက်ပါအချိုးခံလိုက်ရသလို ပြည်သူတွေဟာ ဆင်းရဲဒုက္ခကြီးမားစွာနဲ့ ပြေးလွှားပုန်းရှောင်နေကြရပါတယ်။
စစ်သားတွေကောက် ပေါ်တာတွေဖမ်းနဲ့ ညီအစ်ကိုတွေ တယောက်နဲ့တယောက် တိုက်ခိုက်သတ်ဖြတ်နေကြပါတယ်။
သောင်ရင်းချောင်းတလျှောက် သေကြေပျက်ဆီးကြပြီး ဒေါနတောင်တကြောမှာ အရိုးတွေပုံ နေပါပြီ။
အရင့်အရင်ဘဝတုန်းက အမျိုးသားတွေအပေါ် စိတ်နာနာနဲ့ ကျိန်စာတိုက်ခဲ့တဲ့ သင့်ရဲ့ကျိန်စာ ဟာ တကယ်ကိုပြည့်ဝစူးရှပါပေတယ်။
ဒါကြောင့် အရှင်သခင်မနာန်.ခြာ.ခင်ဗျား အမျိုးသားတွေဒီလောက်သေကြေရတဲ့အတွက် ကြေအေးလိုက်ပါတော့။
တိတ်တိတ်ကလေးရှိုက်ငိုနေတဲ့ ဇွဲကပင်တောင်ရဲ့အဖြစ်ကို မြစ်သံလွင်က ရင်နင့်စွာနားလည် နေပါတယ်။
ကဗျာရှင်နောက်ဆုံးရေးထားတာကတော့ အရှင်မကို အကျွန်ုပ် ဒူးထောက်တောင်းပန်ပါတယ်။ ကျိန်စာကိုပြန်ရုပ်သိမ်းပေးပါ တဲ့။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:
Post a Comment