+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, August 29, 2009

အတွေး

ကျုပ်အိမ်ပြောင်းနေတာဆိုတော့ ပစ္စည်းတွေသိမ်းနေရတယ်
ကျုပ်အဓိကသိမ်းတာက စာအုပ်ဖါတွေ။
ကျန်းမာရေးမကောင်းတော့ အလေးအပင်တွေမသယ်နိုင်ဘူး။
မလိုအပ်တော့တဲ့ သတင်းစာဖြတ်ပိုင်းဟောင်းတွေ၊စာရွက်စာတမ်းဟောင်းတွေကိုအမှိုက်ခြင်းထဲထည့် စာအုပ်တွေကိုစက္ကူဖါဟောင်းတွေထဲ ကထုတ် စက္ကူဖါအသစ်တွေထဲပြောင်းထည့် Tapeနဲ့ကပ်ပိတ်ပြီး စီထား။
အဲဒိအထဲက စာအုပ်တအုပ်ကို ကြည့်လိုက်တော့ ၂၅နှစ်မြောက်ငွေရတုသဘင်မဂ္ဂဇင်း ဒူးပလာယာခရိုင်အထက်တန်းကျောင်း
ကျောင်းသားဟောင်းများ ကထုတ်တဲ့စာအုပ်ငယ်လေးတအုပ်။
ဟိုဟိုဒီဒီဖတ်ကြည့်လိုက်တော့ ကျောင်းသားဟောင်းတွေရေးထားတဲ့ အကြောင်းအရာတွေကိုဖတ်လိုက်ရတယ်။
စကောကရင်ဘာသာနဲ့ ဗမာဘာသာ နှစ်မျိုးနဲ့ရေးတဲ့စာအုပ်ဖြစ်ပါတယ်။
အဲဒီမှာ ကျောင်းသားဟောင်းတွေရဲ့ အမျိုးသားရေး နိုင်ငံရေး လူမျိုးရေးနဲ့ပတ်သက်တဲ့ တွေးခေါ်မျှော်မြင်ချက်၊ခံယူချက်သဘောထားတွေဟာ အင်မတန်ကောင်းတယ်လို့မြင်တဲ့အတွက် အကြောင်းအရာများစွာထဲကအချို့ကိုကျုပ်Blogg ပေါ်တင်လိုက်ပါတယ်။
တခုတော့ရှိတယ်၊ စာရေးသူအချို့က သူတို့ရဲ့အမည်နာမကို ထုတ်ဖေါ်ရေးသားခြင်းမပြုပဲ ကျောင်းသားဟောင်းတဦးလို့ ရေးထားတာမို့ အဲဒီအတွက် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

အတွေး

(က)
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအနက် တခုသောစခန်းအတွင်းရှိတခုသောတဲငယ်လေးထဲတွင် ဖြစ်သည်။
"ဟေ့ ...ဖါ့ဝေါ် မင်းဘာကြောင့်ထမင်းအိုးတည်ရတာလဲ"
အဘိုးဖြစ်သူသည် ကန့်လန့်ကာထားသည့်ဝါးလုံးတန်းကိုအားပြုကာ မြေးဖြစ်သူအား လေသံမာမာဖြင့် အိမ်ရှေ့မှလှမ်းမေးလိုက်ခြင်းဖြစ်သည်။
"ဒီနေ့ဘာနေ့လဲ? အကြိမ်ကြိမ်အခါခါ မင်းကိုဆုံးမထားတာ မင်းမေ့သွားပြီလား"
အသံက နဂိုရ်ကထက် မာဆတ်ဆတ်ဖြစ်နေ၏။
"မမေ့ပါဘူး ဘိုးဘိုး၊ ဒီကနေ့ဟာ ကရင်အမျိုးသားထုတရပ်လုံးရဲ့ အာဇာနည်နေ့ဖြစ်ပါတယ်"
"ဒါဆို မင်းဘာကြောင့်ထမင်းစားနေတာလဲ? ဘာကြောင့်ထမင်းတည်နေရတာလဲ"
မြေးဖြစ်သူ ဖါ့ဝေါ်က တောင်းပန်သောလေသံ၊ ခွင့်ပန်သောလေသံလေးဖြင့်
"ကျနော် ထမင်းဆာလွန်းလို့ပါဘိုးဘိုး"
"တနေ့တရက်ထမင်းမစားရလို့ ဘယ်တော့မှမသေနိုင်ဘူး၊ မှတ်ထား၊ ငါတို့ကရင်လူမျိုးတွေအခုလို ရပ်တည်နေနိုင်တာဟာ ခေတ်အဆက်ဆက်က ကရင့်သူရဲကောင်း အထောင်အသောင်းများစွာက အသက်သွေးချွေးတွေပေးခဲ့လို့ကွ။ အဲဒါကိုမမေ့ထိုက်ဘူး။အခြေအနေဆိုးရွားတဲ့အခါမျိုးမှာ နှစ်ရက်သုံးရက်ထမင်းမစားရပဲ အသက်နဲ့ရင်းပြီးရုန်းကန်တိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ မှတ်ထား"
ဖါ့ဝေါ်သည် တဝက်တပျက်ဖြင့် စားနေသည့်ထမင်းပန်းကန်ကို ခုံအောက်သို့မသိမသာထိုးထားလိုက်ပြီး ကုတ်ကုတ်လေးထကာ လက်ဆေးလိုက်ပါတော့သည်။
(ခ)
ဖါ့ဝေါ်သည် အဘိုး၏အကြောင်းကိုစဉ်းစားတွေးတောနေရင်း အဘိုးပြောသောစကားများကို ကြားယောင်နေ၏။
"မင်းတို့တတွေ ကရင့်အမျိုးသားခေါင်းဆောင် အာဇာနည်စောဘဦးကြီးပြောခဲ့တဲ့စကားကို ဘယ်တော့မှမမေ့နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တည်းရမယ်၊ ကိုယ့်ကရင်ပြည်ကို ကိုယ်ချစ်ရမယ်၊ ကိုယ့်လက်နက်ကိုယ့်လက်ထဲမှာရှိရမယ်၊ လက်နက်ချစကားလုံးဝမပြောနဲ့"
အဘိုးသည်စာတတ်ပေတတ်တယောက်မဟုတ်သည်ကြောင့်လားမသိ။ စကားပြောဆိုရာတွင် လိမ္မာပါးနပ်စွာမပြောတတ်။
ပြောင်ပြောင်တင်းတင်း၊ ပွင့်ပွင့်လင်းလင်း၊တည့်ထိုးကြီး(ဒဲ့ဒိုး)ပြောတတ်၏။
"တချို့လူတွေဟာ နေရာလေးဘာလေးရလာတာနဲ့ ခိုးစား၊ လိမ်စား၊ခေါင်းပုံဖြတ်စားဘို့လုပ်
လာကြတယ်။ မိသားစုရွှေငွေ စည်းစိမ်ဥစ္စာနဲ့ နေနိုင်ဘို့ကြိုးစားကြတယ်။
ပါးစပ်က ဘုရားဘုရား၊လက်က ကားယားကားယားလုပ်လာကြတယ်။
အဲဒါတွေကိုကြည့်ရင် တိုင်းပြည်ကိုချစ်ပါတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။
ကရင်ပြည်ပြိုကွဲအောင်၊ ကရင်ပြည်သူတွေစိတ်ဓါတ်ကျအောင်၊ စိတ်ဝမ်းကွဲအောင်လုပ်နေတာကွ
"
ထိုသို့သောအပြောအဆိုများကြောင့် တကိုယ်ကောင်းသမားများ၊ အခွင့်ထူးခံသမားများနှင့် ရိုက်စားသမားများက အဘိုးကိုမုန်းတီးရွံရှာနေကြသည်လားမပြောတတ်။
အသက်ရှစ်ဆယ်အရွယ်အဘိုးသည် ကရင်လူမျိုးများအတွက်ရတက်မအေးပဲ၊ အလွန်ရင်လေးကြောင်း အလျဉ်းသင့်တိုင်းပြောတတ်၏။
"အချို့လူတွေဟာ ကရင်အမျိုးသမီးငယ်တယောက်ကို ရန်သူစစ်တပ်က ဝိုင်းပြီးအထပ်ထပ်အခါခါ အဓမ္မပြုကျင့်တာသိရဲ့သားနဲ့ ကိုယ့်နဲ့မဆိုင်သလိုနေကြတယ်။ အချို့များဆိုရင် ရယ်(ရီ)စရာဖြစ်အောင် ပြောနေကြသေးတယ်။ ဒီအမူအကျင့်တွေဟာ ကရင်လူမျိုးတွေအတွက် အင်မတန်အန္တရာယ်များ တာကွ"
ဖါ့ဝေါ်တယောက် အဘိုးပြောသောစကားများကိုတွေးတောရင်း အိပ်ရာပေါ်၌ ဘယ်လူးညာလှိမ့်ဖြင့်အိပ်မပျော်နိုင်အောင်ဖြစ်နေ၏။

(ဂ)
"ဒိုင်း...ဝုန်း....ရွှီး.....ဂွမ်း....ဒုန်း"
"ထင်...ထင်....ထင်...... တုတ်..... တုတ်..... တုတ်"
လက်နက်ငယ်ပစ်ခတ်သံလက်နက်ကြီးပေါက်ကွဲသံများနှင့်တဆက်တည်း သံချောင်းခေါက်သံ၊ဝါးလုံး(ကုလားတက်)ခေါက်သံနှင့်အတူ အော်ဟစ်ပြေးလွှားသံများဖြင့် ဆူညံပွက်လောရိုက်နေသောကြောင့် အိပ်ရာပေါ်မှလူးလှိမ့်ထ,ကာအောက်သို့အပြေးကလေး ဆင်းကြည့်လိုက်၏။ စခန်းတခုလုံးမီးလောင်နေသည်ကိုတွေ့ရ၏။
အဖေအမေများကိုအော်ခေါ်ရင်း မီးလောင်နေသောတဲအိမ်များအကြားရှိ လမ်းကျဉ်းလေးအတိုင်း ဖါ့ဝေါ်တယာက်ပြေးလေ၏ တဖက်တချက်မှ မီးအပူရှိန်များကြောင့် သူမောဟိုက်မူးဝေလာ၏။
ကလေးငယ်တဦး၏အော်ဟစ်ငိုယိုသံကိုကြားသဖြင့် လှည့်ကြည့်လိုက်ရာမီးတောက်မီးလျှံများအကြား ယောင်ခြာခြာဖြစ်နေသည့် ငါးနှစ်သားအရွယ် ကလေးငယ်တဦးကိုတွေ့ရ၏။
ထိုကလေးငယ်ကို အမြန်ဆုံးချီပွေ့ပြီးအပြေးတွင် မီးလောင်ထားသောလဲကျနေသည့်အိမ်တိုင်ကို တိုက်မိပြီး နှစ်ယောက်သား ပရမ်းပတာဖြင့် ဂျွမ်းထိုးမှောက်ခုံလွင့်စင်ကျလေ၏။
"အား"
ကျယ်လောင်စူးရှ၍ငယ်သံပါသောအသံဖြင့်ဖါ့ဝေါ်လန့်နိုးတော့၏၊ချွေးစေး(စီး)များပျံနေ၏၊ ဟိုစမ်းဒီစမ်းလုပ်ကြည့်၏။
ဖါ့ဝေါ်အနားသို့ အမေသည်စိုးရိမ်တကြီးဖြင့်ရောက်လာကာ
"သား...သား...မင်း ဘာဖြစ်နေတာလဲ" ဟုမေး၏။
Align Center"သား ဘာမှမဖြစ်ပါဘူးမေမေ၊ ရေသောက်ချင်တယ်၊ ရေတခွက်လောက်ခပ်ပေးပါ"
ရေအေးအေးလေးကိုသောက်ချလိုက်သောအခါ ရင်ထဲအနည်းငယ်အေးသွားသည်ဟု ဖါ့ဝေါ်ထင်၏။

(ဃ)
အိပ်ရာပေါ်ပြန်လှဲချရင်း ဖါ့ဝေါ်တွေးနေမိသည်မှာ
"အော်.....ငါတို့ကရင်လူမျိုးတွေ အဖိနှပ်ခံဘဝကလွတ်မြောက်ဘို့၊ လူ့အခွင့်အရေးရဘို့အတွက် ငါ့လို ကရင်ကျောင်းသားလူငယ်တွေ အများကြီးကိုကြိုးစားအားထုတ်ဘို့လိုနေပါလား?"
ဟူသည့်အတွေးပင်ဖြစ်ပါတော့သည်။

အမည်မပါ
ကျောင်းသားဟောင်းတဦး
ဒူးပလာယာအထက်တန်းကျောင်း
၂၅နှစ်မြောက်ငွေရတုသဘင် ဂုဏ်ပြုပွဲ
၂၀၀၁ခု၊

ဒီအကြောင်းအရာလေးကတော့ စာမျက်နှာ ၆၀မှာရေးသားဖေါ်ပြထားတာပါ၊ ဇာတ်ကောင်ရဲ့ နာမည်ကိုပြောင်းထားပါတယ်။
အချို့နေရာတွေမှာ အရေးအသားကို အနည်းငယ်ပြင်ဆင်လိုက်ပေမယ့် ဆိုလိုချက်မူရင်းစိုးစဉ်းမျှ လျှော့နည်းသွားခြင်းမရှိကြောင်းပါခင်ဗျား။
မင်းစိုးစံ
အဝေးရောက်ကရင်ဒုက္ခသည်တဦး
August 15, 2009

0 comments:

Post a Comment