ယုံတမ်းစကားမဟုတ်ပါ
ကျေးဇူးတင်စရာမရှိ ကြံဖန်ကျေးဇူးတင်တတ်တဲ့ လူတွေထဲကလူတချို့ကို တကယ့်
အဖြစ်အပျက်လေးတခုရေးပြချင်ပါတယ်။
အချိန်ကာလ,ကတော့ DKBA(Democratic Karen Buddhist Association) ဆိုတာ
မရှိသေးဘူး။
မ,ဆ,လ,(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ခေတ်။
တနည်းအားဖြင့်မ,ဆ,လ,စစ်တပ်ကြီးစိုးတဲ့ကာလ,ပေါ့ဗျာ။
အဲဒီစစ်အစိုးရ,တပ်နဲ့ KNU(Karen National Union)က
KNLA(Karen National Liberation Army)တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့
အချိန်ဆိုတော့ သိကြတဲ့အတိုင်း၊ ဗမာကြေးစားစစ်တပ်ဟာ ကရင်လူထုကို ပေါ်တာအဖြစ် အတင်းအကြပ်ခိုင်းတော့တာပေါ့။
မိုင်းနင်းခိုင်းတယ်၊ သူတို့က,နောက်မှာနေပြီး ကရင်အရပ်သားတွေကို ဒိုင်းလွှားတွေအဖြစ် သုံးကြတယ်။
ပထမခရီးစ,ထွက်ချိန်မှာ ဝန်နဲ့အားကမျှမျှတ,တ,ရှိသလိုလိုပါပဲ။
ကြာလာလေ ထွက်ပြေးတဲ့လူကများလာလေဆိုတော့ ဝန်နဲ့အားက,မမျှမတ,ဖြစ်လာတယ်။
သတင်းထူးရင်ထူးသလို စစ်အစိုးရကြေးစားတပ်တွေဟာ ကရင့်တော်လှန်ရေးတပ်ကို
ကွေ့ပတ်ရှောင်ကွင်းသွားနေကြရတော့ တောင်တွေတတောင်ပြီးတတောင်တက်၊
တတောင်ပြီးတတောင်ဆင်းနဲ့ တော်တော်လေးကို ပမ်းနေကြတယ်။
အပင်ပမ်းဆုံးကတော့ ပေါ်တာသမားတွေပေါ့ဗျာ။
နဂိုလ်ကမှ စစ်လက်နက်ပစ္စည်းတွေက လေးနေရ,တဲ့အထဲ၊ လူလျော့သွားလို့
ပိုပိုထမ်းရတာကတမျိုး၊ ကရင့်တော်လှန်ရေးတပ်ရဲ့ ပျောက်ကျားစစ်ကိုကြောက်ပြီး
တောင်တက်တောင်ဆင်းလုပ်ရတာတွေကြောင့် အထမ်းသမားခမျာ
“လေးလိုက်တာ” လို့ ကိုယ့်ကိုယ်ကို ပြန်ပြောသလိုလို၊ ဘေးက လိုင်စင်ရ, မုဒိန်းလူသတ်
ဓါးပြ အဲလေယောင်လို့ ဗမာ့တပ်မတော်သားကြီးကိုပြောသလိုလိုနဲ့ ညည်းလိုက်တဲ့အခါ၊
ဗမာ့တပ်မတော်သားကြီးက“ဘာလဲမောင်ကျော်....သိပ်လေးနေလား?” လို့မေးလိုက်တော့
အထမ်းသမားခမျာ “အင်း”ချလိုက်တယ်။
အဲဒီတော့ကျေးဇူးရှင်က သူ့ကျောပိုးအိပ်ကို ပေါ်တာသမားရဲ့အထမ်းပေါ်ပစ်တင်လိုက်ပြီး “ကျုပ်လည်းလေးတယ်” လို့ပြောလိုက်တယ်။
ဒီလိုနဲ့ရှေ့ဆက်သွားလိုက်ကြတာ မြေပြန့်တနေရာကိုရောက်တော့ ပေါ်တာသမားက “သိပ်လေးတာပဲဗျာ”လို့ညည်းပြန်တယ်။
အဲဒီဗမာ့တပ်မတော်သားကြီးကပဲ သူ့ခါးမှာပတ်ထားတဲ့ ကျည်ကဒ်ထည့်တဲ့အိပ်ကို ပေါ်တာသမားရဲ့
အထမ်းပေါ် နောက်ထပ်ထပ်တင်ရင်း “ဘယ်လိုလဲမောင်ကျော်.....လေးသေးလား?” လို့မေးတော့ အထမ်းသမားခမျာဘာမှပြန်မပြောတော့ပဲ ငြိမ်နေလိုက်တယ်။
ရှေ့ဆက်သွားကြလို့ တနေရာကိုအရောက်မှာ “ရန်သူ့နယ်မြေ” ဆိုတဲ့အသံထွက်လာတာနဲ့ ဗမာ့တပ်မတော်သားကြီးကကျည်ကဒ်ထည့်ထားတဲ့ ပေါ်တာသမားရဲ့အထမ်းပေါ်က သူ့ခါးပတ်ကို ကမန်းကတန်းပြန်ယူလိုက်တော့ပေါ်တာသမားပြောလိုက်တာက “ပေါ့သွားတာပဲ” တဲ့။
၂၀၀၈ခုနှစ်တွင် အကျဉ်းသား ၉၀၀၂ဦးလွှတ်ပေးရာ နိုင်ငံရေးအကျဉ်းသား ၉ဦးပါဝင်သည်။
၂၀၀၉ခုနှစ် February လတွင် အကျဉ်းသားစုစုပေါင်း ၆၃၁၃ဦးလွှတ်ပေးရာ
နိုင်ငံရေးအကျဉ်းသား ၃၁ဦးပါဝင်သည်။
၂၀၀၉ခုနှစ် September လ18 ရက်နေ့တွင် အကျဉ်းသားစုစုပေါင်း ၇၁၁၄ဦးလွှတ်ပေးရာ နိုင်ငံရေးအကျဉ်းသား၂၅၀ဦးပါဝင်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက, ကျေငြာတဲ့ စာရင်းဇယားကို ကြည့်ပြီး န,အ,ဖ,ကို နည်းနည်းလေးကျေးဇူးတင်မိလိုက်တယ်ဆိုရင်ပဲ ကျုပ်တို့တတွေရဲ့အဖြစ်က..............။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အကျဉ်းသားလွှတ်ပေးမှုနှင့်ပတ်သက်သော ဖေါ်ပြထားချက်များသည် ခေတ်ပြိုင်မှကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။
|
Friday, October 2, 2009
ယုံတမ်းစကား မဟုတ်ပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment