Written by သစ္စာနီ
GONE WITH THE WIND (လေရူးသုန်သုန်) ၀တ္ထုရှည်သည် မြန်မာပြည်တွင် အင်မတန် ထင်ရှားကာ လူသိများသည့် ရုပ်ရှင်ကား ဖြစ်သည်။ ဆရာမြသန်းတင့်၏ မြန်မာပြန်လက်ရာ များအနက် “စစ်နှင့် ငြိမ်းချမ်းရေး” ပြီးလျှင် အကောင်းဆုံး စာအုပ်ဟု ယူဆကြသည်။ ကြိုက်နှစ်သက်သူ အများစုမှာ
မိန်းကလေးများဖြစ်သည်။
မူရင်းဝတ္ထုရေးသူ စာရေးဆရာ မားဂရက်မစ်ချယ် (၁၉၀၀-၄၉)သည် ဤစာအုပ် တစ်အုပ်သာ
ရေးကာ ကမ္ဘာ ကျော်ခဲ့သည်။ ဤစာအုပ်ကို ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေ စဉ်က အမေရိကန် တစ်နိုင်ငံတည်းမှာပင် စောင်ရေ ၈ သန်းကျော် ရောင်းချ ခဲ့ရ၏။ လူကြိုက်များသော
ရောင်းစွံသော စာအုပ်ဟု လက်ခံကြသော်လည်း စာပေအရာ မြောက်မမြောက်ကိုမူ
အငြင်းပွားမှု ရှိခဲ့သည်။ ဥပမာ နတ်နွယ်၏ ကမ္ဘာကျော် စာအုပ်တစ်ရာ စာရင်း ဤ၀တ္ထုမပါ။
တက်တိုး၏ ဘ၀နှင့်စာပေ နိုင်ငံတကာ ၀တ္ထုရှည်ကြီးများ စာအုပ်တွင်လည်း မပါ။
ဘရွန်တီ ညီအစ်မ၏ စာအုပ်တွေသာ ပါခဲ့၏။
သို့သော် ကမ္ဘာကျော် ဂန္ထ၀င် ၀တ္ထုကြီးများကို ရိုက်ကူးသည့် ရုပ်ရှင်ကားတိုင်းမှာ ဂန္တ၀င်ရုပ်ရှင်
ဖြစ်ခဲ့ကြသည် မဟုတ်ပေ။ တချို့မှာ မထင်မရှားပင် တိမ်မြှုပ် သွားခဲ့တာတွေ ရှိ၏။
ဤ၀တ္ထုကို ရိုက်သည် Gone With the wind ရုပ်ရှင်သည်ကား ဂန္ထ၀င် ရုပ်ရှင်ကား တစ်ကား
ဖြစ်ခဲ့လေသည်။ မူရင်း ၀တ္ထု၏ အမည်မှာ Story of the old south ဖြစ်၏။ ဤရုပ်ရှင်မှာ
ဇာတ်ကောင်တွေ များပြား၊ ဇာတ်ကား ရှည်လျားသလောက် ဗီစီဒီလေးချပ် ကြည့်ရသည်။
ခမ်းနားကြီးကျယ် လှ၏။ ဆက်တင် အခမ်းအနား ဓာတ်ပုံ အလင်းအမှောင် အယူအဆမှ အစ ကောင်းမွန်ပြောင်မြောက် လှသည်။
အက်တလန်တာမြို့ကြီး မီးလောင်ပုံကို ရိုက်ကူးပြရာ၌ ကြည့်ရသူတိုင်း အံ့သြ ချီးမွန်းရသည်။
ဒါကြောင့် မင်းသမီး ဗီဗီယမ်လေ့ခ်ျ အပါအ၀င် အော်စကာဆုတွေ ဆွတ်ခူးနိုင်ခဲ့သည်။
M.G.M ရုပ်ရှင်က ထုတ်လုပ်၍ ဒါရိုက်တာမှာ ဗစ်တာဖလီးမင်း (Victor Fleming) ဖြစ်သည်။
လွန်ခဲ့သော အနှစ် ၅၀ကျော်က ရုပ်ရှင် ကားဖြစ်သည်။
_ _ _
အမေရိကန်တောင်ပိုင်း ဂျော်ဂျီ ယာပြည်နယ်ဖြစ်သည်။ ၀ါစိုက်ခင်းများတွင် လူမည်း
ကျေးကျွန်များကို စေခိုင်းကာ စီးပွား ဖြစ်ထွန်းနေကြသည်။ လင်ကွန်း ခေါင်းဆောင်သော မြောက်ပိုင်းသားတွေနှင့် ကျွေးကျွန် စံနစ် ပပျောက်ရေး အတွက် ထိပ်တိုက်
ရင်ဆိုင်နေရသည်။ မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဂျရတ်အိုဟာရာတွင် ဇနီး အယ်လင်နှင့်
သမီးသုံးယောက် ရှိသည်။ အငယ်ဆုံး သမီးစကားလက် အိုဟာရာမှာ သွက်လက်
ဖျတ်လတ်ကာ စိတ်ကစား တတ်သော အပျိုဖြန်းမလေး ဖြစ်သည်။
သူသည် အိမ်နီးချင်း လူကုံထံ မိသားစု ဂျွန်ဝိက်ခ်၏သား အက်ရှလေကို တစ်ဖက်သတ်ချစ်သည်။
အက်ရှလေ၏ ညီမ အင်ဒီယာက ပျံတံတံ နန့်တန့်တန့် စကား လက်ကို လုံးဝ ကြည့်မရ။
အက်ရှလေမှာ ချစ်သူ ရှိနေသည်။ သူတို့၏ ၀မ်းကွဲ အမျိုးများထဲမှ မာရီလင်း ဟယ်မီတန်နှင့်
မေတ္တာမျှနေ ခြင်းဖြစ်၏။
မာရီလင်း၏ မောင် ချားလ်ဟယ်ဗီတန်ကလည်း စကားလက်ကို အချစ်ကြီး ချစ်နေသည်။
စကားလက်ကို စိတ်ဝင်စားသည့် ကာလသား တွေက အများသား။ သို့သော် စကားလက်က
အက်ရှလေက လွဲ၍မချစ်။
တစ်ရက် အက်ရှလေတို့ အိမ်က ပါတီပွဲတွင် စာကြည့်ခန်းထဲ၌ နှစ်ယောက်တည်း တွေ့ဆုံကာ
စကားလက်က အက်ရှလေကို ချစ်ကြောင်း ဖွင့်ပြောခဲ့၏။ အက်ရှ လေက ငြင်းဆန်တော့
ငိုယို ပေါက်ကွဲသည်။
ထိုစာကြည့်ခန်းထဲတွင် အနား ယူနေသော ရက်ဘတ္တလာက ဤကိစ္စတွေ အားလုံးကို
ကြားသိသွား၏။
စကားလက်က ရှက်ရမ်းရမ်းသည်။
ရက်ဘတ္တလာက တစ်မူထူးသော ကောင်မလေးကို စိတ်ဝင်စား သွား၏။
ရက်ဘတ္တလာ ဆိုသူက မိန်းမ ကျမ်းကျေ နေသော လူပေါ်ကျော့ သူဌေး လေး။
ထိုပါတီပွဲတွင်ပင် မြောက်ပိုင်းနှင့် တိုက်ပွဲဝင်ရန် ဆွေးနွေးကြသည်။
နောက်ရက်တွင် ယောက်ျားတွေက စစ်ထွက်ကြသည်။ ချားလ်ဟယ်မီတန်က စကားလက်ကို
အူယားဖားယား ချစ်ခွင့်ပန်သည်။ သူ့မျက်စိ ရှေ့တွင် အဖြစ်သည်း နေကြသော အက်ရှလေနှင့်
မာရီလင်းကို ကြည့်ကာ မခံချင်စိတ်ဖြင့် စကားလက်က ခေါင်းညိတ်လိုက်၏။
သို့ဖြင့် မရည်ရွယ်ဘဲ စကားလက်သည် ကောက်ကာငင် ကာ အိမ်ထောင်ကျသွား၏။
သူက ချားလ်ကို မချစ်။ ထို့ကြောင့် စစ်မြေပြင်တွင် ချားလ်ကျဆုံး သွားတော့လဲ ၀မ်းနည်းမနေ။
(မလွှဲသာသဖြင့် မုဆိုးမ ၀တ်စုံ အနက်ကိုတော့ ၀တ်ဆင်ထားရ၏) ပါတီပွဲ တစ်ခုတွင်
စစ်မြေပြင်ရန်ပုံငွေအတွက် ကပွဲတစ်ခုထည့်သွင်းရာ ရက်ဘတ္တလာက စကားလက်နှင့် တွဲကရလျှင်
ရွှေဒင်္ဂါး ၁၅၀ ပေးမည်ဟု ကမ်းလှမ်း၏။ ပွဲစီစဉ်သူက ယောက်ျားဖြစ်သူ ဆုံးပြီးစ ဖြစ်သဖြင့်
မဖြစ်နိုင်ကြောင်း ငြင်းဆန်သော်လည်း ကာယကံရှင်စကားလက်က လက်ခံလိုက်သည်။
မုဆိုးမ ၀တ်စုံနှင့်ပင် တက်တက်ကြွကြွ တွဲကလိုက်ရာ ရှေးဆန်သူ မိန်းမကြီး တချို့ မူးမေ့
လဲကျကုန်သည်။
ရက်ဘတ္တလာကတော့ စတွေ့ကတည်းက စကားလက်ကိုရယ်စရာလို သဘောထား၏။
တစ်မျိုးလည်း သဘောကျနေ၏။ ကရင်း မင်းကို ချစ်နေပြီဟု ပြောလိုက်သည်။
ပြည်တွင်းစစ်က ပြင်းထန်လာသည်။ စနစ်တကျ စစ်တပ် မရှိသော တောင်ပိုင်းသားတို့မှာ
အထိနာ လှသည်။ စကားလက် ကိုယ်တိုင်ပင် ဒဏ်ရာ ရသူတွေကို ကူညီပြုစုနေရရာ
အိမ်သို့ပင် မပြန်နိုင်။ အက်တလန်တာမြို့တွင် စွန့်ခွာ ထွက်ပြေး သူက ပြေးကုန်ကြသည်။
ကျီးနှင့် ဖုတ်ဖုတ်သာ ရှိတော့၏။ ကိုယ်ဝန် အရင့်အမာနှင့် အက်ရှလေမိန်းမ မာရီလင်းကို
စကားလက်က ပြုစု စောင့်ရှောက်နေရ၏။
အသည်းအသန် ဗိုက်နာသော်လည်း ဆရာဝန်ကို ခေါ်မရ။ ကိုယ့်ဘာသာ မီးဖွားရသည်။
စစ်လမ်းကြောင်း ကျရောက်နေသော မီးဟုန်းဟုန်းတောက် လောင်နေသော မြို့ထဲမှ
ထွက်ပြေးနိုင်ဖို့ ရက်ဘတ္တလာကို အကူအညီ တောင်းရသည်။ မြင်းလှည်းပေါ်တွင်
မွေးစကလေး မာရီလင်းနှင့် အစေခံ လူမည်းမလေးကို တင်ကာ ဘတ္တလာက လှည်းကို
မောင်း၍ စကားလက်နှင့် အတူလွတ်လမ်းရှာသည်။
ထိုအခန်းမှာ ဤရုပ်ရှင်၏ အကောင်းဆုံး အခန်းဟု ဆိုနိုင်သည်။
မြို့ပြင် လွတ်ရာ ရောက်သောအခါ ဘတ္တလာက စကားလက်ကို ခြောက်လုံးပြူးတစ် လက်ပေးကာ စွန့်ခွာသွားသည်။ သူက လက်နက် ကုန်သည်ဖြစ်ကား မြောက်ပိုင်း စစ်တပ်နှင့် ပေါင်းသင်းနေ၏။ တစ်ကိုယ်တည်း ဆင်းရဲ ဒုက္ခကို ခါးစီးခံကာ စကားလက် မွေးရပ် မြေပြန် ရောက်လာသည်။ လှည်းကိုမိုးထဲရွှံ့ထဲသူကိုယ်တိုင်ဆွဲခဲ့ရ၏။
အက်ရှလေတို့ အိမ်မှာ တစ်စစီ မီးလောင် ပျက်စီးနေပြီ။ အက်ရှလေ အဖေလည်း ဆုံးပြီ။ ဒုက္ခသည် မာရီလင်းနှင့် ကလေးကို သူတို့အိမ် ခေါ်ထားရ၏။ သူတို့အိမ်လည်း သိပ်မထူး။ အမေ အသုဘနှင့်
ဆုံရ၏။
အိမ်က ပေါင်နှံထားရသည်။
Carpetbagger ခေါ် ခေတ်ပျက် သူဌေးတွေ ကောင်းစားနေ၏။
စားရဖို့ သောက်ရဖို့ ညီအစ်မတတွေ ကိုယ်တိုင်ယာထဲ ဆင်းရသည်။
စကားလက်သည် ရင့်ကျက် လာခဲ့သည်။
အိမ်ထဲကို ၀င်ရောက်ကာ စော်ကားဖို့ ကြံသော မြောက်ပိုင်းစစ်သား တစ်ယောက်ကိုပင်
သတ်လိုက်သေး၏။ အလောင်းကို သူနှင့် မာရီလင်း နှစ်ယောက်ပေါင်းကာ ဖျောက်ဖျက်
လိုက်ကြသည်။ စကားလက်၏ အလှတရားမှာ ယင်းအရိပ်ပင်ဖြစ်သည်။
ဗြုံးခနဲ ကြည့်လျှင် စကားလက်သည် စိတ်လှုပ်ရှား လွယ်၏။ ခံစားမှုနောက် လိုက်တတ်၏။
ဆင်ခြင်ဥာဏ် နည်းပါးသလို ပေါ့ပေါ့တန်တန် နေတတ်သလို ထင်ရ၏။
သို့သော် တကယ့် အရေးနှင့် ကြုံသောအခါ စကားလက်သည် လက်တွေ့ အကျဆုံး
ဆုံးဖြတ် လုပ်ကိုင်တတ်၏။ ဘ၀ကို ဒူးထောက် အရှုံးမပေး ကြံ့ကြံ့ခံနိုင်သော သတ္တိရှိ၏။
ရည်းစား လုဘက်ဟု ဆိုနိုင်သော မာရီလင်းကိုပင် စိတ်ရင်းစေတနာ အမှန်ဖြင့်
စောင့်ရှောက်နိုင်၏။
သူတို့အိမ်မှာပဲ စစ်ပြေး ဒုက္ခသည်တွေ၏ နားနေရာ စခန်းလို ဖြစ်နေသည်။
ငတ်မွတ် နေသူတွေကိုလည်း တတ်အားသရွေ့ ကျွေးမွေး စောင့်ရှောက်၏။
သူ့အဖေမှာ မြင်းပေါ်က လိမ့်ကျကာ ဆုံးပါးသွားသည်။ အက်ရှလေက စစ်ထဲပြန်ရောက်လာကာ
သူတို့နှင့် အတူပင်နေ၏။ ငွေရေးကြေးရေး အခက်အခဲကို အကူအညီတောင်းဖို့ အက်တလန်က
မြို့ထဲတွင် ရှိနေသော ဘတ္တလာကို သွားတွေ့ဆုံ စိတ်ကူးသည်။
သို့သော် တင့်တင့်တယ်တယ် အ၀တ်အစား မရှိ။ ထို့ကြောင့် ကတ္တီပါ ခန်းဆီးစကို ဆွဲဖြုတ်ကာ
ဂါဝန်ချုပ် ၀တ်လိုက်သည်။
စကားလက် ဆိုတာက ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်သူ။
အက်တလန်တာမြို့မှာ ပြန်လည် တည်ဆောက်မှု လုပ်ငန်းများဖြင့် အသက် ၀င်နေသည်။
ရက်ဘတ္တလာနှင့် တွေ့ဆုံ စကားပြောရာ၌ အဆင်မပြေ ဖြစ်လာသော အခါ စကားလက်သည် ငယ်ငယ်ကလိုပင် စိတ်မြန်လက်မြန် စိတ်ဖြင့် မြို့ပေါ်တွင် တွေ့ရသော ငွေကြေး တောင့်တင်းသည့်
ကုန်စုံဆိုင်ရှင်ကို ကောက်ကာငင်ကာလက်ထပ်လိုက်ပြန်သည်။
ဒီလူက အရင်ကတည်းက သူ့ကို နှစ်သက် နေခဲ့သူဖြစ်သည်။
အားလုံးကပင် အများ အတွက် စကားလက်က အနစ်နာခံလိုက် ခြင်းဖြစ်ကြောင်း
သဘောပေါက်၏။ အက်ရှလေတို့ လင်မယား သာမက အက်ရှလေ ညီမပါ စကားလက်ဆီမှာ
လာရောက် ခိုလှုံ နေရသည်။ သို့သော် အင်ဒီယာက အရင်တုန်းကလိုပင် စကားလက်ကို
သဘောမကျ။ စကားလက်၏ရင်ထဲမှ အက်ရှလေအပေါ် အချစ်စိတ်ကလည်း မကုန်ဆုံးနိုင်သေး။
သူ၏ ဒုတိယယောက်ျားကွယ်လွန်သွားသောအခါ ပထ ယောက်ျားကွယ်လွန်စဉ်က,ကဲ့သို့ပင် ထူးထူးခြားခြားဝမ်းနည်းမနေ။
သူသည် အချစ်မပါဘဲ အိမ်ထောင် နှစ်ဆက် ကျခဲ့သည်။
ဒီတော့မှ နှစ်ထပ်ကွမ်းမုဆိုးမ ပူပူနွေးနွေးကို ရက်ဘတ္တလာက, လက်ထပ်ခွင့် တောင်းခဲ့သည်။ ရက်ဘတ္တလာနှင့် လက်ထပ်ပြီးသောအခါ စကားလက် အိမ်ပြောင်းသွား၏။
ကောင်းကောင်း စားသည်။ ကောင်းကောင်း သုံးဖြုန်းသည်။
သမီးလေး တစ်ယောက်ပေါက် ဖွားလာသည်။ ရက်ဘတ္တလာက စကားလက်ထံတွင် အက်ရှလေ၏
ဓါတ်ပုံကိုတွေ့ရသဖြင့် နောက်ကြောင်းသိသူ ပီပီ၊ သင်္ကာမကင်းစိတ် ဖြစ်သည်။ သူတို့၏ လေးနှစ်အရွယ် သမီးလေးမှာ သူ့အဘိုးလိုပင် မြင်းပေါ်က,လိမ့်ကျ၍ကွယ်လွန်ပြန်သည်။
နှစ်ယောက်လုံး ကြေကွဲမဆုံး ဖြစ်ရသည်။ မာရီလင်းလဲ မကြာခင်ကွယ်လွန်သည်။ ပူဆွေးနေသော အက်ရှလေကို စကားလက်က ပွေ့ဖက် နှစ်သိမ့်နေတာ မြင်ပြီး ရက်ဘတ္တလာက အိမ်က ထွက်ခွာသွား လေသည်။
_ _ _
တခြားသူတစ်ယောက်က Gone With the Windကို ဆက်လက် ရေးသားသော ၀တ္ထုထွက်ပေါ်လာ
သော်လည်း အောင်မြင်မှု မရချေ။ ကျွန်တော့် အမြင် ပြောရလျှင် မာဂရက်မစ်ချယ်သည်
တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ၀တ္ထုကို ဖတ်၍ အားကျကာ ဤ၀တ္ထုကို တုပရေး ခဲ့သည်ဟု
ထင်သည်။
တော်စတွိုင်းက ရုရှားပြင်သစ် စစ်ပွဲကို နောက်ခံကား အဖြစ် သုံးခဲ့သလို မားဂရက်မစ်ချယ်က
အမေရိကန် ပြည်တွင်းစစ်ကို နောက်ခံကား အဖြစ် အသုံးပြုခဲ့သည်။ စစ်၏ အနိဋ္ဌာရုံကိုပြဖို့
ကြိုးစားသည်။
အဓိက ဇာတ်ကောင်များမှာလည်း အထက်တန်းစား သူကောင်းမျိုးများ ဖြစ်သည်။
မော်စကိုမြို့ကြီး မီးလောင်ပျက် စီးပုံနှင့် အက်ဂလန်တာမြို့ကြီး မီးလောင်ပျက်စီးပုံပင်တူသည်။ ရက်ဘတ္တလာသည် ပီယာလို ဒဿန သမားဖြစ်သည်။ အက်ရှလေ သည်လည်း မင်းသား
အင်ဒရေလို စစ်ဗိုလ်ဖြစ်သည်။ အတူဆုံလာတော့ နာတာရှာနှင့်စကားလက် ဖြစ်သည်။
ငယ်ရွယ်သည်။ လှပသည်။ ချစ်တမ်းကစားချင်သည်။ စိတ်ကူးယဉ် တတ်သည်။
သွက်လက် ချက်ခြာသည်။ စစ်က သူတို့ဘ၀ကိုပြောင်းလဲပစ်ခဲ့သည်။
သစ္စာနီ
ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
0 comments:
Post a Comment