+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, November 19, 2009

ကဗျာတပုဒ်၏ စွမ်းအင်

ကဗျာတပုဒ်၏ စွမ်းအင်

(မင်းစိုးစံ)

စာရှုသူအပါင်း ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ လေးစားစွာဂါရဝပြုလိုက်ပါတယ်။
လွန်ခဲ့တဲ့ရက်က,ကျုပ် မူ.ယံင့်ဖါန်(မူယွန့်ဖေါင်) ဆိုဒ်ကိုသွားလည်တော့ ကဗျာတပုဒ်ကို ဖတ်လိုက်မိ တယ်။
ဆရာကျော်ထက်ခိုင်(ဖါးစည်မြေ)ရေးတဲ့ ကွာကျသွားသော အတ္တအကြေးခွံမာများ ဆိုတဲ့ကဗျာလေးပါ။
အဲဒီကဗျာကိုဖတ်ပြီး ကျုပ်ကိုယ်ကို ကျုပ် ပြန်စစ်ဆေးလိုက်တော့ အလိုလေးလေး ကျုပ်အဖြစ်က ဆရာကျော်ထက်ခိုင် ရေးထားသလိုပဲဗျို့။
ဒါကြောင့် တရားခွေတခွေကို ဖွင့်နားထောင်ပြီး မှတ်မိနေအောင် အခုဒီစာကြောင်းလေးတွေကို ရေးတင်လိုက်ပါတယ်၊ကျုပ်အတွက် သင်္ခဏ်းစာတွေမို့ပါ။
ဆရာတော်ဦးဥာဏိသရ ရဲ့ တရားထဲက ကောက်နှုတ်ထားတာပါ။
စကားအရာအင်္ဂါလေးတန်ဆိုတာလေးကို ကျုပ် အမြဲတမ်းမှတ်မိနေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စာရေးတယ်ဆိုတာကလဲ စကားပြောသလို အရမ်းအရေးကြီးပါတယ်။
အထူးသဖြင့် အခုလို Blog ပေါ်တင်တဲ့စာလုံးတွေထဲက စာလုံးလေးတွေတိုင်းဟာ ရိုးရိုးသာမာန် စာအုပ်တအုပ်ထဲက စာလုံးလေးတွေထက် ပိုအရေးကြီးတယ်လို့ ယူဆ,ပါတယ်။
ကိုယ့်စာကြောင်းလေးတကြောင်းကြောင့် အချင်းချင်း စိတ်ဝမ်းကွဲတာတို့၊ အညှိုးအတေးထားတာတို့ ဖြစ်သွားရင် ကိုယ့်စာက လူ့လောက,အတွက် အကျိုးမရှိပဲ အဆိပ်အတောက်ဖြစ်သွားနိုင်လို့ပါ။

(၁) ရန်တိုက်မပြု ပြောဆိုမှု သုံးထုဘာသိတာ။
(၂) အဖျဉ်းကင်းပ, ပြောဆိုရ ဓမ္မဘာသိတာ။
(၃) ချစ်ဘွယ်ချိုမြ ပြောဆိုကြ ပိယဘာသိတာ။
(၄) မှန်ကန်တိကျ ပြောဆိုရ သစ္စဘာသိတာ။

နောက်တခုက မပြောအပ်တဲ့စကားလေးမျိုးဆိုတာကိုလဲ ကျုပ် အမြဲတမ်း သတိရ,နေချင်တယ်။
အဲဒါကလည်း စာပေလောက,လူ့လောက,အတွက် သတိချပ်သင့်တယ်လို့ ယုံကြည်လို့ပါ။

(၁) ဟုတ်မှန်ပေသိ ကျိုးမရှိငြား သူမကြားလို စကားကို ပြောဆိုမပြုရာ။
(၂) မမှန်ပေသိ အကျိုးရှိ၍ သူတည်းကြားလို စကားကို ပြောဆိုမပြုရာ။
(၃) မမှန်လွဲမှား ကျိုးမဲ့ငြားလည်း သူကားနာလို စကားကို ပြောဆိုမပြုရာ။
(၄) အမှန်မဲ့ငြား ကျိုးမများ၍ သူကားမလို စကားကို ပြောဆိုမပြုရာ။

တတိယမြောက်ကတော့ ပြောအပ်တဲ့စကားနှစ်မျိုးဖြစ်ပါတယ်၊ စောစောပိုင်းက ပြောသလိုပေါ့နော် Blog ပေါ်တင်လိုက်တဲ့စာလုံးလေးတွေဟာ အရေးကြီးတယ်ဆိုတာလေးပေါ့။

အဲဒီတော့ လူ့လောက,အတွက်၊ လူမျိုးစုတစုအတွက်၊ အဖွဲ့အစည်းတခုခုအတွက် အကျိုးရှိတဲ့ စာကြောင်း(အကြောင်းအရာ)တွေကို မဖြစ်မနေတင်ပြနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားချင်စိတ်လေး နိုးကြားနေအောင် ကျုပ် ကိုယ့်ကိုယ်ကို အမြဲတမ်းဆုံးမ,နေချင်ပါတယ်။

(၁) ဟုတ်တိုင်းမှန်ရာ ကျိုးရှိပါ၍ သူနာလိုငြား ထိုစကား ပြောကြားအပ်သည်သာ။
(၂) ဟုတ်မှန်ပေငြား အကျိုးများလည်း သူကားမလို စကားကို ပြောဆိုအပ်သည်သာ။

အဲဒီတော့ကာ Blog ပေါ်တင်သင့်တင်ထိုက်တာတွေ တင်လိုက်နိုင်တယ်ဆိုပေမယ့် အချိန်အခါကို တွက်ဆ,ဘို့လဲ လိုတယ်ဆိုတာကို ဆရာတော် ဦးဥာဏိသရက အခုလို သံပေါက်လေးနဲ့ ဆုံးမ, ထားပါသေးတယ်။

ဟုတ်မှန်ကျိုးရ ပြောဆိုကလည်း ကာလ,ဒေသ, နှိုင်းချိန်မှ သုဘာသိတမင်္ဂလာ။

အဲဒီစာကြောင်းလေးကို စာဖတ်ပရိဿတ်အနေနဲ့ ဘယ်လိုနားလည်မလဲဆိုတာတော့ ကျုပ်မသိဘူး ကျုပ်သဘောပေါက်တာကတော့ အနီးဆုံးနဲ့ အလွယ်ဆုံးဥပမာပေးရ,ရင် သင်္ကြန်ကျနေတဲ့အချိန်မှာ ပိတောက်ပန်းတွေအကြောင်း၊ မုန့်လုံးရေပေါ်အကြောင်းတွေကို မရေးပဲ ခိုက်ခိုက်တုန်အောင်ချမ်းနေ တဲ့ တပို့တွဲလ,မျိုးမှာပွင့်တဲ့ ခွါညိုပန်းအကြောင်း၊ ထမနဲအကြောင်းတွေ ရေးမယ်ဆိုရင် ဘယ်လိုနေမ လဲပေါ့ဗျာ။
စကားပြောနည်း(၁၀)နည်းဆိုတာကလည်း လူ့လောက,လူ့ပတ်ဝန်းကျင်မှာ မရှိမဖြစ် လိုအပ်တဲ့ အင်မ တန်အကျိုးများတဲ့ အချက်တခုဖြစ်တယ်လို့ ကျုပ် လေးလေးနက်နက်ယုံကြည်တဲ့အတွက် ရေးမှတ်ထားလိုက်ပါတယ်။

(၁) အချိန်အခါကိုကြည့်ပြီး ပြောပါ။
(၂) ဟုတ်မှန်တဲ့စကားကို ပြောပါ။
(၃) အကျိုးရှိမယ့်စကားကို ပြောပါ။
(၄) ချစ်ခင်ဘွယ်ကောင်းတဲ့စကားကို ပြောပါ။
(၅) ပြုံးရွှင်တဲ့မျက်နှာထားနဲ့ ပြောပါ။
(၆) နှိုင်းနှိုင်းချိန်ချိန်(ချိန်ဆ,) ပြောပါ။
(၇) အလျဉ်စလို မပြောပါနဲ့။ အေးအေးဆေးဆေး မနှေးမမြန်ပြောပါ။
(၈) ခန့်ငြားထည်ဝါတဲ့စကားလုံးတွေကို တည်တည်တံ့တံ့ပြောပါ။ သေးနုတ်တဲ့စကားလုံးတွေ မပြောပါနဲ့။
(၉) အကြောင်းအရာခိုင်လုံတဲ့စကားမျိုး ပြာပါ။
(၁၀) ပီပြင်ပြတ်သားတဲ့အသံမျိုးနဲ့ ပြောပါ။ စကားပြောရင် စိတ်မတိုမိပါစေနဲ့။
အဲဒါတွေက ဆရာတော် ဦးဥာဏိသရ ဆုံးမ,တဲ့စကားတွေပါ။ အဓွန့်တက်စရာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ အထူးသဖြင့် စာရေးတဲ့သူတွေပေါ့ဗျာ။
အသံနဲ့ရုပ်တွဲတာမှမဟုတ်ပဲ၊ မနှေးမမြန်ရေးတယ်မရေးဘူးဆိုတာ၊ စိတ်တိုတိုနဲ့ရေးတယ်ဆိုတာ၊ မျက်နှာထားကြီးနဲ့ရေးတယ်ဆိုတာ၊ ပီပီပြင်ပြင်မရှိဘူးဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ?
အဲဒီလိုမေးလာရင်တော့ ကိုယ်ရေးတဲ့စာလုံးတိုင်းမှာ အတိအကျတော့မပြနိုင်ပေမယ့် စိတ်တိုနေရင် လောကြီးရင် စာလုံးတွေဟာ ပုံမှန်စိတ်နဲ့ရေးတဲ့စာလုံးမျိုးနဲ့ လုံးဝ,မတူတာကို စာရေးသူကိုယ်တိုင် သတိထားကြည့်နိုင်မယ်ဆိုရင် တဖြည်းဖြည်းသတိထားမိလာနိုင်ပါလိမ့်မယ်။

2009, December, 17 တွင် မင်ဏီဆိုးတားပြည်နယ်သို့ တရားဓမ္မများ ဟောကြားရန် ကြွလာမည့် ဆရာတော် ဦးဥာဏိသရ အား ဤစာစုလေးများဖြင့် ရိုသေစွာဂါရဝ,ပြု ကန်တော့လိုက်ပါသည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment