+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, January 29, 2010

ငချွတ်အိပ်မက်

ငချွတ်အိပ်မက်
(မင်းစိုးစံ)

(က)
“ကဲဗျာ….ကျုပ်အတွက်မြန်မြန်လုပ်ပေးစမ်းပါ၊ အရေးကြီးနေလို့”

ငချွတ်တယောက် ကရင်လွယ်အိတ်အတွင်းသို့ စာအုပ်များနှင့် စာရွက်စာတန်းများကို ဘိုသီဘတ်သီ ထိုးတည့် ရင်းက ဆိုင်ရှင်ကိုအလောတကြီးပြောလိုက်၏။

“ဘယ်လိုဖြစ်နေတာလဲ ကိုငချွတ်ရယ်….ဘာတွေဒီလောက်တောင်အရေးကြီးနေလို့လဲဗျ၊ ဖြည်းဖြည်းပေါ့ဗျာ”
“ဖြည်းနေလို့မရဘူးကိုယ့်လူ….ဒီနေ့က ပွဲကြီးပွဲကောင်းဗျ၊ ကျွန်တော်တို့တတွေ….တောင့်တ,နေတဲ့ မျှော်လင့် နေတဲ့ တရားမျှတ,မှုအတွက်….အဖြေပေးမယ့်နေ့ဗျ”

ဆိုင်ရှင်က ငချွတ်သောက်နေကျ ကော်ဖီခါးခါးတခွက်နှင့်၊ ပဲပလာတာတပွဲကို ချပေးရင်းမေးလိုက်သောကြောင့် ငချွတ်က ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

“ဘာတွေဘယ်လိုဖြစ်ကုန်လို့လည်း ကိုငချွတ်ရယ်…ကျွန်တော်တော့ ဘာမှကိုမှနားမလည်ဘူး”
ငချွတ်သည် ပဲပလာတာကို ကော်ဖီဖြင့်ကတိုက်ကရိုက်မျှောချလိုက်ရင်း……

“အဲဒါပြောတာပေါ့….ညောင်သီးလည်းစား လေးသံလည်းနားထောင် ဆိုတာ၊ ခင်ဗျားက စီးပွါးရေးပဲ လုပ်နေတာ ကိုး ဘာတွေဘယ်လိုဖြစ်နေတယ်ဆိုတာ နားမှမထောင်ပဲ၊ အချိန်ကျရင် ကော်ဖီဘိုးကို ဆန်နဲ့၊ ဆီနဲ့၊ ပဲနဲ့ မီးသွေး နဲ့ ရှင်းမယ့်ဟာကိုပဲတွက်ပြီး ဘယ်ဈေးနဲ့ ပြန်ထုတ်ရမလဲဆိုတာလောက်ပဲ ခေါင်းထဲထည့်ထားတာဆိုတော့ ဘာ သိမှာလိုက်လို့ဗျာ”

ထိုအခါ ဆိုင်ရှင်သည် နီးစပ်ရာထိုင်ခုံတလုံးကို ဆွဲယူရင်း ငချွတ်နှင့်နီးသည်ထက်နီးအောင် တိုး၍ထိုင်လိုက်ပြီး

“ကိုငချွတ်….. ကျွန်တော့် ကော်ဖီဆိုင်လေးမှာ သူတို့လာသောက်တယ်၊ ရိက္ခာထုတ်ပြီးတာနဲ့ ဆန်တွေဘာတွေ လာပေးတယ်၊ အဲဒါ ဘာဖြစ်လို့လည်း၊ စခန်းအပြင်က ရှမ်းမ,ဆိုင်မှာ အကောင်းစားအရက်၊ ဘီယာ၊ အဆင့်မြင့် မြင့်အစားအသောက်ရောင်းတဲ့ ဆိုင်မျိုးကျတော့ ခင်ဗျားထည့်မပြောတော့ဘူးလားဗျ၊ ကျွန်တော့်ဆိုင်ကို ဆန်တ အိတ်ဝင်လာရင် ရှမ်းမ,ဆိုင်ဆိုရင် ဆန်ဘယ်နှစ်အိတ်၊ ဆီဘယ်နှစ်ဖါ ရောက်သွားပြီလည်းဆိုတာလောက်တော့ ကျွန်တော်တွက်လို့ရ,သလို သိလည်းသိနေပါတယ်လေ”

ငချွတ်ဘာမှမပြောတော့ အဖန်ရည်အိုးထဲမှ လ္ဘက်ရည်ကြမ်းကို ခွက်ငယ်တခုထဲထည့်ပြီး တဖူးဖူးမှုတ်သောက် နေလေတော့၏။ ဆိုင်ရှင်၏စကားကြောင့် အဖန်ရည်အိုးထဲမှ ရေနွေးကြမ်းသည် ခါတိုင်းမနက်တွေထက် ပို၍ပူ လွန်းသည်ဟု ငချွတ်ထင်နေမိသည်။

“အခု ခင်ဗျားသွားမယ်ဆိုတဲ့ကိစ္စက ဘာကိစ္စမို့လို့ အရေးကြီးတယ်လို့ပြောနေရ,တာလဲ၊ ကျွန်တော်တော့ မထင် ပေါင် ကျွန်တော်က ဈေးရောင်းစားနေတယ်ဆိုပေမယ့် ခင်ဗျားထက်ပိုမသိနိုင်ရင်သာရှိချင်ရှိမယ် လျော့တော့မ လျော့ဘူးနော် လူတိုင်းကိုလျှော့မတွက်နဲ့ မှားသွားမယ်ဗျို့”

ဆိုင်ရှင်သည် ပြောပြီးပြီးခြင်း ငချွတ်အနားမှ ထ,သွားလေ၏၊ ဆိုင်ရှင်၏အပြောများသည် သူ့အဘို့အသက်ရှူ ကြတ်မတတ် အနေရ,အထိုင်ရ,ခက်လှသည်။ ဆိုင်ရှင်ထွက်သွားမှ အနည်းငယ်နေသာထိုင်သာရှိသွားသည်ဟု သူ့ကိုယ်သူကောက်ချက်ချမိသည်။

“စာအုပ် ဟေ့”

ဆိုင်မှမထွက်မှီ ထုံးစံအတိုင်းသုံးနေကျ စကားကိုပြောပြီးထွက်လာခဲ့သည်၊ ခြေလှမ်းလေးငါးဆယ်လှမ်းခန့် အ ရောက်တွင်

“ကိုငချွတ် ခင်ဗျားဘောပင်မေ့နေတယ်”

ဆိုင်ရှင်၏ တူဖြစ်သူက အပြေးကလေးလာ၍ ဘောပင်လာပေးသည်၊ စောစောက ငချွတ်ပြောခဲ့သော “စာအုပ်” ဟူသည်မှာ “အကြွေး” ဟုဆိုခြင်းဖြစ်သည်၊ ငချွတ်တယောက်အတော်ကလေး စိတ်လှုပ်ရှားနေသည်၊ လွန်ခဲ့ သောအပတ်ကမှ အသစ်ရွေးကောက်ခြင်းခံရသည့်ကော်မီတီအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာသည့်အတွက် မိမိစွမ်း ဆောင်နိုင်သည့်ဘက်မှ ဒုက္ခသည်များအတွက် အိတ်သွန်ဖါမှောက်ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အသား ကုန်အလုပ်လုပ်ပြရန် စိတ်အားထက်သန်လွန်း၍ ယခုကယ့်သို့ နမော်နမဲ့နိုင်နေခြင်းဖြစ်ကောင်းဖြစ်မည်။

ကော်မီတီရုံးခန်းအတွင်းသို့ ငချွတ်ရောက်သွားသည့်အခါ အဖွဲ့ဝင်အတော်များများ ရောက်ရှိနေနှင့်ပြီးဖြစ်သည်၊ သို့သော် နေရာယူထိုင်နေကြသည့်ပုံစံနှင့်အသွင်အပြင်များသည် အစည်းအဝေးပုံစံမျိုးနှင့်မတူပဲအမဲဖျက်နိုင်ရန် အတွက် လူစုသည်နှင့်တူနေတော့၏။

ငချွတ်ရောက်ပြီးမကြာမှီ ကျန်သူများလည်းရောက်လာကြသည် ခေါင်းဆောင်လုပ်သူက စ,၍ပြောပါတော့သည်။

“မနေ့ညက ဆန်ဂိုထောင်ထဲမှာရှိနေတဲ့ ဆန်အိတ်အလွတ် အလုံး ၆၀ကို ချက်ကြီးခိုးသွားတယ်၊ လွန်ခဲ့တဲ့၂ရက် တုန်းက ဆန်ဝေနေတဲ့အချိန်မှာ ငပြူးက ဆန်နှစ်ပုံးကို လူအများကြီးရှေ့မှာ ခပ်တည်တည်လုယူသွားတယ်၊ အဲ ဒီတော့ ဒီပြဿနာဟာ လူကြားလို့လည်းမကောင်းပါဘူး၊ ချက်ကြီးခိုးသွားတဲ့ ဆန်အိတ်အလွတ်အား လုံးကိုအ မြန်ဆုံးပြန်ဖြည့်ပေးဘို့ရာ လိုအပ်တယ်ဆိုတာအားလုံးအသိပါ၊ ဒီတော့ ရိက္ခာထုတ်တဲ့အချိန်မှာ ကောက်လို့ရ,တဲ့ ပိုက်ဆံထဲက ဆိုက်ဝယ်လိုက်ကြပါ”

“ဟုတ်ပါတယ်….ကောင်းပါတယ်……မှန်ပါတယ်….”

“ငပြူးကတော့ ဆန်နှစ်ပုံးလာလုသွားတဲ့အချိန်မှာ အတော်မူးနေတာဖြစ်တယ်၊ နောက်ပြီးတော့သူဟာ ဘယ် တုန်းကမှ ဆိုးသွမ်းခဲ့တာမဟုတ်သလို ထုတ်ပြန်ထားတဲ့စည်ကမ်းတွေကိုလည်း ဖေါက်ဖျက်ကျူးလွန်ခဲ့တာမ ဟုတ်တဲ့အတွက် နောက်နောင်ဒီလိုမလုပ်တော့ပါဘူးဆိုတာကို ခံဝန်ချက်လက်မှတ်ထိုးခိုင်းမယ်”

“တကယ်ဟုတ်ပါတယ်…..အရမ်းကောင်းပါတယ်…..သိပ်မှန်ပါတယ်…”

(ခ)
ကော်ဖီဆိုင်လေးသည် ခါတိုင်းနှင့်မတူပဲ အထူးတိတ်ဆိတ်နေသည်ဟု ငချွတ်ထင်သည်၊ အဖြစ်အပျက်များကို ငချွတ်ပြန်စဉ်းစားလိုက်တိုင်း သူ့ကိုယ်သူအားမလိုအားမရ,ဖြစ်နေသည်၊ ပြစ်မှုကျူးလွန်သူကို အရေးယူရန်တိကျ ပြည့်စုံသည့် ဥပဒေမရှိ၍လော၊ သို့တည်းမဟုတ် ဥပဒေစိုးမိုးမှုမရှိသည့်ဒေသမျိုးဖြစ်သဖြင့် ဖြစ်ချင်တိုင်းဖြစ်နေ သည်လော။

“ကိုငချွတ်…..ဘာတွေစဉ်းစားနေလဲဗျ၊ မနေ့တနေ့က ခင်ဗျားပြောတဲ့ အရေးကြီးတဲ့ကိစ္စ အခြေအနေဘယ်လို လဲ”

ဆိုင်ရှင်က ခနဲ့သလိုလို ရွဲ့သလိုလိုပြောလှာ၏၊ ငချွတ်စိတ်မဆိုးပါ၊ လုပ်ချင်ကိုင်ချင်စိတ်တခုတည်းဖြင့် အရာ ရာကိုအကောင်းမြင်ဝါဒ,စွဲကိုင်နေမိသောကြောင့် ဆိုင်ရှင်ကိုပြောခဲ့မိသည့်စကားများကို ပြန်တောင်းပန်ရ,ပေ မည်။

“အေးဗျာ…ကျွန်တော်လည်း အခုဖွဲ့တဲ့ကော်မီတီအသစ်ထဲမှာ အဖွဲ့ဝင်တယောက်ဖြစ်တော့ လုပ်ချင်ကိုင်ချင်တာ ကိုပဲသိပြီး ခင်ဗျားကို စော်ကားသလိုပြောခဲ့မိတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်ဗျာ”

ဆိုင်ရှင်သည် ငချွတ်ကို လက်တို့၍ သူ၏ဆိုင်အတွင်းခန်းထဲသို့ခေါ်သဖြင့် ငချွတ်လိုက်သွားသည်။

“ကဲ….. ကိုငချွတ်…..ဒီမှာထိုင်၊ ရော့ ….ဒါက ဒန့်ကျွဲရွက်လက်သုတ်၊ ပုဇွန်ခြောက်နိုင်နိုင်၊ ကြက်သွန်ကြော်နိုင် နိုင်နဲ့ မြေပဲဆံခပ်များများလေးထည့်ပြီးသုတ်ထားတယ်၊ ဒါကတော့ ခင်ဗျားအကြိုက်အဖန်ရည် တောင်ကြီးက ကျွန်တော့်မိတ်ဆွေ ပို့ပေးလိုက်တဲ့လ္ဘက်ခြောက်…”

ဆိုင်၏အတွင်းခန်းထဲတွင် ဆိုင်ရှင်နှင့်ငချွတ်နှစ်ဦးတည်းသာရှိ၏၊ ဆိုင်ရှေ့တွင် စားသောက်သူများ တဖွဲဖွဲလာ ရောက်စားသောက်နေကြ၏။

“ကိုငချွတ်က ကျွန်တော့်ကို ဘာဖြစ်လို့တောင်းပန်ရ,တာလည်း၊ ခင်ဗျား ကျွန်တော့်ကိုပြောတဲ့စကားထဲမှာ စော် ကားတဲ့အသုံးအနှုံးမျိုး ကျွန်တော်မကြားမိပါလား…”

အဖန်ရည်ကို ခွက်အတွင်းဖြည့်ရင်း ဆိုင်ရှင်က ငချွတ်ကိုမေးခွန်းထုတ်နေသည်၊ ငချွတ်ကတော့ ဒန့်ကျွဲရွက် လက်သုတ်ကို ဇွန်းဖြင့်ခပ်ကာ ဝါးနေလိုက်သည်။

“ဒီလိုလေဗျာ ကျွန်တော်က ခင်ဗျားကို ညောင်သီးလည်းစား လေးသံလည်းနားထောင် ဆိုပြီးပြောခဲ့တယ်မဟုတ် လား၊ တကယ်တော့ ကျွန်တော်မသိတာတွေ ကျွန်တော်မထင်ထားတာတွေဟာ တကယ့်ကိုအများကြီးမှတ ကယ့်အများကြီးပဲဗျ၊ ဒါကြောင့်မို့လည်း ခင်ဗျားကို ကျွန်တော်တို့မျှော်လင့်တောင့်တ,နေတဲ့ အမှန်တရား ဆိုပြီး စကားကြီးစကားကျယ်တွေနဲ့ ကိုင်တုတ်မိတာကို ကျုပ်ရှက်တယ်ဗျာ”

ငချွတ်သည် အမှန်တကယ်ပင်ရှက်မရှက်ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင်သိပေမည်၊ သို့သော် လုပ်ချင်ကိုင် ချင်စိတ်များ အရိုက်ချိုးခံလိုက်ရပြီဆိုလျှင် ပို၍မှန်နိုင်ပါသည်။

“ခင်ဗျား စဉ်းစားကြည့်ဗျာ ဆန်အိတ်အလွတ် အလုံး၆၀ အတွက်၊ အပြစ်ရှိတဲ့လူကို အပြစ်မပေးပဲနဲ့ မရှိမဲ့ရှိမဲ့ထဲ က ပေးလိုက်တဲ့ ပိုက်ဆံကို အဲဒီလူအတွက် စခန်းတခုလုံးက စိုက်လျှော်ရ,တယ်ဆိုတာ မဟုတ်သေးဘူးဗျ၊ ဆန် နှစ်ပုံးလုသွားတဲ့ ငပြူးကိုလည်း လက်မှတ်လေးထိုးရုံနဲ့ အပြစ်ကလွှတ်လိုက်တယ်ဆိုတော့ ဒါလည်းမဟုတ်သေး ဘူး”
“အနိမ့်ဆုံးအဆင့်ဗျာ ချက်ကြီးအနေနဲ့ ဆန်အိတ်အလွတ်အတွက် ငွေမလျှော်နိုင်ရင်တောင် ဆန်ဂိုဒေါင်အမိုးမိုး ရင် စာသင်ကျောင်းပြင်ရင် ဘာသာရေးအဆောက်အဦးတွေ ပြင်တာတွေမှာ လုပ်အားပေးခိုင်းပေါ့ဗျ၊ ငပြူးဆို လည်း သူ့ရိက္ခာထဲက တပတ်ကို တပြည်၊ ဒါမှမဟုတ် နို့ဆီဗူးလေးလုံးလောက် ဖြတ်ယူထားပြီး တခြားရိက္ခာမရ, သေးတဲ့လူကို ပေးလိုက်ပေါ့ဗျ ဟုတ်ဘူးလား”

ငချွတ်သည် မိုးကျလ္ဘက်သုတ်ကိုစားရင်း ရေနွေးကြမ်းသောက်ရင်းဖြင့်သူ့အမြင်များကိုပြောနေတော့သည်၊ ဆိုင် ရှင်သည် ငချွတ်ကိုပြုံးကြည့်လိုက်ရင်း

“ကိုငချွတ်ရေ…..ချက်ကြီးတို့ ငပြူးတို့ဆိုတာ ခင်ဗျားလိုပဲ အမှန်တရားကို လိုချင်တဲ့လူတွေ၊ပြီးတော့ ခင်ဗျားလိုပဲ လူငယ်လူရွယ်လေးတွေမဟုတ်လား၊ နောက်တချက်က မတရားတာ မမှန်တာကို ပြင်ချင်တဲ့စိတ်ကလည်း ခင် ဗျားလိုပဲ၊ သူတို့အခုလို ဘာကြောင့်လုပ်ရ,သလဲဆိုတာ ကျွန်တော့်ကို လာပြောပြကြတယ်”

ထိုအခိုက် ဆိုင်ရှင်၏တူဖြစ်သူရောက်လာပြီး
“ဦးလေး… စခန်းလုံခြုံရေးမှူးရောက်နေတယ်…ဦးလေးနဲ့ပြောစရာရှိတယ်တဲ့”

“ကိုငချွတ်ရေ…..ကျုပ်သွားတွေ့လိုက်ဦးမယ်….ခင်ဗျားခဏစောင့်နေ….အေးအေးဆေးဆေးပေါ့….
ဟုတ်လား…”

(ဆက်ရန်)

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment