နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်
(ခိုင်မာကျော်ဇော)
ဖေဖော်ဝါရီ ၄၊ ၂၀၁၀
(ခိုင်မာကျော်ဇော)
ဖေဖော်ဝါရီ ၄၊ ၂၀၁၀
မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်း၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး အတွက် ကျိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ နော်လွီဇာဘင်ဆင်(၆၉)နှစ်ဟာ ဖေဖော်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ပြီဖြစ်ပါတယ်။
ကရင်လူမျိုးတော်တော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာ ထက် မြန်မာ့ပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာလှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။
နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝ ချမ်းကြပါတယ်။ ပေါ်တူဂီနိုင်ငံ သားဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမော လှပမောသူပါ။
၁၉၅၆ ခုနှစ်မှာ မယ်ဗမာဖြစ်လာပြီး အဲ့ဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နံမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာခေတ်ကို မှီခဲ့သူတွေ ပြောကြပါတယ်။
နော်လွီဇာကိုယ်တိုင်ကတော့ နံမည်ကျော် လူသိများတဲ့ ဘဝထက် ရိုးစင်းတဲ့ ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကျိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လီဇာဟာ သူမ စိတ်ကူးအတွက် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပညာသင် ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက် လာတော့ ရုပ်ရှင်လောကထဲကို ခြေဦးမလှည့်တော့ပဲ တက္ကသိုလ်မှာ နည်းပြဆရာမ အလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ ဘဝမှာ မထင် မှတ်တဲ့ အလှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါ ခဲ့ရာက စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်ပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။
“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရ တာတွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ်ထဲ မကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့ စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”
လို့ နော်လွီဇာ ဘင်ဆင်က သူ့ဘဝ အချိုးအကွေ့ တခုက ရလာတဲ့ အမျိုးသားရေး ချစ်စိတ်ကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။
ရေစက်မကုန်တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင် ထူထောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။
အိမ်ထောင်ဖက်ဖြစ်သူကလည်း နော်လီဇာရဲ့ ခံစားချက်နဲ့ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝပေးခဲ့ တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။
မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိ လာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါ တယ်။
၂၀၀၈ အယ်လ်အေစာပေဟောပြောပွဲ - မောင်စွမ်းရည်၊ အောင်ဝေးတို့နှင့်အတူ တွေ့ရစဉ်။
(ပေးပို့သူ - ခိုင်မာကျော်ဇော၊ မိုးမခ)
(ပေးပို့သူ - ခိုင်မာကျော်ဇော၊ မိုးမခ)
ကေအဲန်ယူရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက်ကြွစွာ ဆွေးနွေးအကြံပေးသူပါ။ အနေအထိုင် ကျစ်လစ်ပြီး၊ စိတ်နေစိတ်ထား နှိမ့်ချတတ်တဲ့ နော်လွီဇာဘင်ဆင်ဟာ တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။
နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို ခရေစီဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသား အရေးသာမက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကြိုးပမ်း ဆောင်ရွက်သွားခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာယုံကြည်ပြီးတော့ အမြဲသတိတရ ရှိနေဦးတော့မှာပါ။
ဖေဖော်ဝါရီ(၃)ရက်၊ ၂ဝ၁ဝ။
မိုးမခမှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။
0 comments:
Post a Comment