အတင်းတုတ်တာမဟုတ်ပါ
(မင်းစိုးစံ)
(မင်းစိုးစံ)
အတင်းဆိုတာက ဟုတ်တာမဟုတ်တာအဓိကမဟုတ်ပဲ ကိုယ့်အယူအဆကိုမျက်လုံးစုံမှိတ်ပြီး ရေးချင်တာရေး ပြောချင်ရာပြောတာကိုအတင်းလို့ပြောကြတယ်၊ အဲဒီလိုအဖြစ်မျိုးစာဖတ်သူတွေအနေနဲ့ ကိုယ်တိုင်ဖြစ်ဘူးပါသ လား။
တခါတလေများဆို ကိုယ့်ကောင်းကြောင်းတွေ ကိုယ့်ဘာသာကိုယ်ရေးရင်းကနေဖြစ်စေ၊ ပြောရင်းကနေဖြစ်စေ ကိုယ်တင်ပြတာတွေ ပိုမိုတိကျအောင်နှိုင်းယှဉ်တဲ့အခါမျိုးမှာ တခြားလူရဲ့အားနည်းချက်ကို ဝေဘန်ထောက်ပြသ လိုဖြစ်သွားတာ ဒါမှမဟုတ်ဖြစ်သွားတတ်တာကို သတိထားမိပါရဲ့လား။
ကျုပ်ကတော့ အဲဒါမျိုးခဏခဏဖြစ်တယ်၊ တခါတလေသတိထားပြီးပြောဆိုရေးသားပေမယ့် တခြားလူအတွက် စိတ်ခုစရာဖြစ်သွားပြီး အဆင်မပြေတာတွေကြုံရလေ့ရှိပါတယ်၊ များသောအားဖြင့်တော့တမင်သက်သက်ကို သူ တပါးဂုဏ်သိက္ခာထိခိုက်စေချင်တဲ့ဆန္ဒနဲ့ ရေးမိပြောမိတတ်ပါတယ်။
စာဖတ်သူတွေကတော့ ကျုပ်လိုအဖြစ်မျိုး အပြုအမူမျိုးလုပ်ကြမှာမဟုတ်ဘူးဆိုတာကိုတော့ ကျုပ်ယုံပြီးသားပါ တခုတော့ရှိတယ်ဗျ၊ လူဆိုတာပတ်ဝန်းကျင်နဲ့ကင်းကွာလို့မရသလို ပြဿနာနဲ့လည်းကင်းလို့မရဘူးလို့ လူပြော သူပြောတော့ကြားဘူးတာရှိတယ်၊ အဲဒီတော့ဗျာ လူထဲကလူတယောက်ဖြစ်တဲ့ကျုပ်လည်း လူ့ပတ်ဝန်းကျင်နဲ့ထိ တွေ့ဆက်ဆံနေရတာနဲ့အတူ ပြဿနာတွေကလည်း ထုနဲ့ထည်နဲ့ပါပဲ။
အဖြစ်အပျက်တခုကိုပြောမယ်ဆိုရင် ပတ်ဝန်းကျင်ထဲက လူတယောက်ယောက်အကြောင်းမပါပဲ မပတ်သက်ပဲနဲ့ ပြောလို့ရမယ်မထင်ဘူး၊ မပါပဲနဲ့ပြောမယ်ဆိုရင်လည်း ဘာတခုမှလွမ်းလောက်စရာရှိမှာမဟုတ်ဘူး၊ အနည်းဆုံး တော့ ကိုယ့်အကြောင်းကိုယ်ရေးတာပဲဖြစ်ဖြစ် အခြားလူတဦးတယောက်အကြောင်းပြောရင်ပဲဖြစ်ဖြစ် ပတ်သက် ဆက်နွယ်မှုလေးတွေပါမှ ရှိမှ ပြောလို့ဆိုလို့ကောင်းတာကိုး။
အခု ကျုပ်အကြောင်းကျုပ်ပြောပြမယ်၊ စနေနေ့တနေ့ဆိုပါစို့၊ ကျုပ်အိမ်နားကလူတယောက် ကျုပ်ဆီကိုရောက် လာတယ်၊ ခင်ဗျားတို့ သွားစရာရှိသေးလား ဆိုပြီးလာမေးတာ၊ ကြားကနေပြီး ကျုပ်သားက ကျနော့ အစ်မကို မေးကြည့်ပါလား ဆိုပြီးပြန်ပြောတော့ သူက မင်းတို့ကားကို ငှားမလို့ကွလို့ပြောပြီးထွက်သွားတယ်ဗျာ။
အဲဟုတ်ပြီ ကရင်စကားနော် ကျုပ်ရှင်းပြမယ်၊ မအောင်းလိန် ဆိုတာက အခ,ကြေးငွေပေးပြီးငှားတာ မအောင်း လွန် ဆိုတာက ခဏတဖြုတ်ငှားတာ၊ ဒီလူပြောသွားတာက အခ,ကြေးငွေပေးမယ်ဆိုတဲ့အသုံးအနှုံးမျိုး၊ ကျုပ်ဗျာ ဒေါသတွေထွက်လွန်းလို့ ဘာမျှပြန်မပြောနိုင်ဘူး၊ တော်တော်ရိုင်းတဲ့လူပဲဆိုတဲ့ အသိကစိုးမိုးသွားတယ်။
နောက်တခုက သူဟာကျုပ်နဲ့ရပ်ဆွေရပ်မျိုးဆိုလည်းဟုတ်သလို ကျုပ်ရဲ့ကျေးဇူးနဲ့ကင်းတဲ့လူမဟုတ်ဘူး အစစ အရာရာမဟုတ်ရင်တောင်မှ အောက်ခြေသိမ်းကိစ္စမှန်သမျှသူအပါအဝင်သူ့မိသားစုတွေ အားလုံးကို ကျုပ်ကူညီ ခဲ့တာပဲဆိုတဲ့ အတွေးကလည်းဝင်နေတာပေါ့ဗျာ။
ဟုတ်ပြီ၊ ဒါကကျုပ်ဘက်ကအမြင်၊ သူ့ဘက်ကအမြင်ဘယ်လိုရှိမလဲ၊ သူဘာကြောင့်ကျုပ်ကို ဒီလိုအခ,ကြေးငွေ နဲ့ပတ်သက်တဲ့စကားမျိုးပြောထွက်သွားတဲ့အခြေအနေအထိဖြစ်သွားရတာလဲ၊ လူချင်းတူပေမယ့် လာတဲ့ဒေသ မတူနိုင်ဘူး၊ ဒေသတူပေမယ့် အတွေးအခေါ်ချင်းမတူနိုင်ဘူး အတွေးအခေါ်တူပေမယ့် လုပ်ဆောင်ချက်ချင်း မ တူနိုင်ဘူး လုပ်ဆောင်ချက်ချင်းတူတာတောင် အကျိုးပေးခြင်းမတူနိုင်ဘူး။
ဘာကြောင့်လည်းဆိုတော့ စေတနာထားတာချင်းမတူကြလို့ ဒါမှမဟုတ်ရင် ပညာရှိတာချင်းမတူလို့ပဲဆိုရင် မှန် မလားမသိဘူး၊(ကိုယ့်အယူအဆကို မျက်လုံးစုံပိတ်ပြီး ပြောနေတာနော်)
ရေးနေရင်းကနေ ရေးပြီးသားစာကြောင်းတွေကို ပြန်ဖတ်ကြည့်လိုက်တော့ ဟော ကျုပ်ရဲ့အားနည်းချက်တခုကို တွေ့ရပြန်တယ်၊ ဘာလဲဆိုတော့ လူတယောက်ကိုကူညီခဲ့တာလေးနဲ့တင် တသက်လုံးကျေးဇူးအတင်ခံချင်နေတဲ့ ကျုပ်ရဲ့အောက်တန်းကျတဲ့စိတ်ထားပေါ့ဗျာ။
လူဆိုတာတယောက်ယောက်နဲ့တယောက် အပြန်အလှန်ကျေးဇူးပြုကြတာချည်းပဲ၊ ကျုပ်နေထိုင်မကောင်းရင် သူ့မိသားစုက ကျုပ်စားချင်တဲ့အစားအစာတွေ ချက်ပြုတ်ကြော်လှော်ပြီးကျွေးမွေးပြုစုခဲ့ရုံမက မျက်နှာသစ်ဘို့ သွားတိုက်ဘို့ကအစ လုပ်ပေးခဲ့တာတွေ အဲဒါတွေက ကျေးဇူးတရားပဲမဟုတ်လား။
အခုတော့ဗျာ ဘာမဟုတ်တဲ့စကားလေးတခွန်းကြောင့် တသက်လုံးမွေးထားတဲ့ကြက် တမနက်ထဲချက်စားပစ် လိုက်သလို အခုဆိုရင် သူလည်းကျုပ်အိမ်ကိုမလာ ကျုပ်လည်းသူ့အိမ်ကိုမသွား ကဲ ကောင်းကြသေးရဲ့လား။
ဘ၀ဆိုတာ အချိန်တိုတိုလေးလို့ပြောကြတာမှန်ပေမယ့် အဲဒါနဲ့ပတ်သက်လို့ အယူအဆမတူတာတွေတော့ရှိ သား၊ ဘ၀ဆိုတာတဲ့ မွေးဖွါးခြင်းကနေသေဆုံးတဲ့အထိက ဘ၀တဲ့။ ဘ၀ဆိုတာ အငိုနဲ့စပြီး အငိုနဲ့အဆုံးသတ် ကြရတယ်တဲ့။ ဘ၀ဆိုတာတဲ့ သမုဒ္ဒရာပေါ်ကိုတက်လာတဲ့ရေပွက်ကလေးတခုလိုပါပဲတဲ့။ ဘ၀ဆိုတာ အသက် ရှူသွင်းလိုက်တဲ့အချိန်နဲ့ ရှူထုတ်လိုက်တဲ့အချိန်လေးကို ဘ၀လို့ခေါ်တယ်ဆိုလား။
အဲဒါတွေကို သိရဲ့သားနဲ့ဘာကြောင့်တယောက်နဲ့တယောက်နားလည်မှုတွေမပေးနိုင်ကြတာလဲ၊ ခွင့်မလွှတ်နိုင်ရ တာလဲ၊ သည်းမခံနိုင်ကြရတာလဲ၊ လူ့လောကမှာ လူ့ဘ၀ခဏတာလေးမှာ အနေတတ်ဘို့လိုသလို အသေတတ် ဘို့လိုတယ်ဆိုပဲ၊ အနေမတတ်ရင် အသက်ရှင်နေချိန်မှာ ဘယ်ဟာမှဖြောင့်ဖြောင့်ဖြူးဖြူးမဖြစ်နိုင်သလို အသေမ တတ်ပြန်ရင်လည်း အေးအေးချမ်းချမ်းနဲ့သေနိုင်မှာမဟုတ်ဘူး။
ပြောရင်းဆိုရင်း ကျုပ်ကိုယ်ကျုပ်တရားရနေသလိုဘာလိုလိုဖြစ်သွားပြန်ပြီ၊ ဒါဆိုရင် ကျုပ်သူငယ်ချင်းဆီကို ကျုပ် သွားလည်မယ်၊ သူ့ကိုကျုပ်စိတ်မဆိုးတော့ဘူး၊ အရင်တုန်းကလို အခင်အမင်မပျက်နေသွားမယ်၊ ဒီတော့ ကာ တရားခွေလေးတခွေလောက်ယူသွားမယ်၊ နှစ်ယောက်အတူတရားနားထောင်ရင်း တရားအကြောင်းပြောဆို ဆွေးနွေးမယ်။
ဟုတ်ပြီ ဒါဆို တရားခွေကဘယ်မှာများထားမိပါလိမ့်။ တွေ့ပြီဟိုနားက စာအုပ်စင်မှာ အိုးမျက်မှန်ကဘယ်လိုလုပ် အောက်ကိုကျသွားပါလိမ့် နင်းလိုက်မိပြီ ဟာ…..မျက်မှန်ကိုင်းတဘက်ကျိုးသွားပြီ ဒါလောက်တောင် အသုံးမကျ တဲ့ မျက်မှန်အစုတ်အပြတ်….. သွားကွာ။ မှတ်ထား….အဲဒါ ငါကွ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
နားပါဦးမယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment