ကျွန်တော့်အဖေက ဦးငွေဘာကြောင့် သစ်ပင်စိုက်ခြင်းအလုပ်ကို စွဲစွဲလန်းလန်းနှင့် လုပ်နေပါသလဲဟူသော မေးခွန်းကိုမေးခဲ့ဖူးပါသည်။ ထိုအခါ ဦးငွေက "ကျွန်တော်ငယ်ငယ်က အိမ်ရှေ့မှာ စိုက်ထားတဲ့သစ်ပင်ရိပ်ကို တပါးသူတွေ လာခိုနားတာကို အရမ်းကြည်နူးတယ်ဗျာ။ အသက်ကြီးလို့ ဆိုက်ကားနင်းတော့လည်း ဘယ်လောက်မောမော ကျွန်တော်စိုက်ထားတဲ့ သစ်ပင်လေးတွေမြင်ရင် ရင်ထဲမှာအေးမြသွားတယ်။" "သစ်ပင်အောက်မှာ တစုံတယောက်က နားနားနေနေနဲ့ ထိုင်နေတာတွေ့ရင် ကြည်နူးနေပြီး အရိပ်ခိုသူများ၏ ကျေးဇူးတင်၍ ဆုတောင်းပေးသံကြားပါက မျက်ရည်ကျမတတ် ၀မ်းသာဝမ်းမြောက် ဖြစ်ရပါတယ်"
ဟုဖြေခဲ့ဖူး၏။
ဦးငွေသည် လုပ်သလောက် မပြောသော်လည်း၊ ပြောသည်ထက်ပိုလုပ်သူတစ်ဦး ဖြစ်၏။ သူစိုက်ပျိုးထားသော အပင်များမှာ ကြီးမြန်သစ်ပင်မဟုတ်ပါ။ ရှင်သန်ဖြစ်ထွန်းရန် မလွယ်ကူသော မန်ကျည်းပင်၊က္ကုကိုပင် စသည့် အပင်ကြီးများသာဖြစ်သည်။ ထိုအပင်ကြီးများ ရှင်သန်ရန်အတွက် ဆိုက်ကားနင်းမထွက်မှီ မနက်လင်းအားကြီး (၃)နာရီ၊ (၄)နာရီ ခန့်တွင် မပျင်းမရိ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံကာ ဆိုက်ကားပေါ် ရေစည်ပုံးများတင်ပြီး စိုက်ပျိုးထားသော သစ်ပင်လေးများအား နေ့စဉ်ရေလိုက်လောင်းသော ဦးငွေ၏ ဇွဲလုံလကား အံ့သြစရာ ကောင်းလှ၏။ နေ့တဓူဝ ပင်ပန်းသည့်ကြားက အပင်ပန်း၊ အဆင်းရဲခံကာ သေဆုံးကာနီးထိ စိုက်လိုက်မတ်တတ် ကြိုးစားပမ်းစား စိုက်ပျိုးပေးခဲ့မှုကြောင့် မန္တလေးမြို့၏ အထင်ကရလမ်းမကြီးများ လှပစိမ်းစိုခဲ့ရပါသည်။
မန္တလေးမြို့ ကျက်သရေဆောင် ဈေးချိုတော်ကြီးမှသည် မဟာမြတ်မုနိဘုရားကြီးထိ ၈၄လမ်းမကြီး တလျှောက် က္ကုကိုပင် အရိပ်လွှမ်းခဲ့သည်။ ဧရာဝတီမြစ်ရိုး ဂေါဝိန်မြစ်ဆိပ်မှသည် လေဆိပ်အ၀င် လမ်းမကြီးဖြစ်သော ၇၈ လမ်းမကြီးထိ ၃၅A လမ်းမကြီး အေးမြခဲ့သည်။ စုစုပေါင်း အရှည် (၄)မိုင်ခန့် ဆိုသော်လည်း လမ်းဘေးဝဲယာ နှစ်ဖက်လုံးတွင် စိုက်ပျိုးသောကြောင့် ၈မိုင်အထက်ရှိမည်ဖြစ်၏။ မန်ကျည်းပင်၊က္ကုကိုပင် စုစုပေါင်း ၃,၀၀၀ ခန့် စိုက်ပျိုးရှင်သန်ရန် တနေ့တရက်မဟုတ် ဆယ်စုနှစ်မက သေတပန်သက်တဆုံး ပြုစုစောင့်ရှောက် သစ်ပင်အလှုပြုသွား၏
ရေးသားသူ "Heart museum" (သို့မဟုတ်) "အညတရ"
0 comments:
Post a Comment