ပြောခဲ့တဲ့၊ ပေးခဲ့တဲ့ ကတိကို တစ်ခုမှအကောင်အထည်မဖော်နိုင်ရင် နုတ်ထွက်မယ်
ဦးသိန်းတင်အောင် (တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)
မွေးသက္ကရာဇ် - ၁၂-၃-၁၉၆၈
ပညာအရည်အချင်း - B.Sc(Physics)
ကိုယ်စားပြုပါတီ - ပြည်ထောင်စုဒီမိုကရေစီပါတီ
ပါတီတာဝန် - အထွေထွေအတွင်းရေးမှူး
ဦးသိန်းတင်အောင် (တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)
မွေးသက္ကရာဇ် - ၁၂-၃-၁၉၆၈
ပညာအရည်အချင်း - B.Sc(Physics)
ကိုယ်စားပြုပါတီ - ပြည်ထောင်စုဒီမိုကရေစီပါတီ
ပါတီတာဝန် - အထွေထွေအတွင်းရေးမှူး
နိုင်ငံရေးအတွေ့အကြုံ
* ရူပဗေဒ အဓိက ဘာသာဖြင့် စတုတ္ထနှစ် တက်နေစဉ် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်(ပင်မ)ကျောင်းသားများ ဆန္ဒပြ လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့ခြင်းကြောင့် အင်းလျားကန်ပေါင်ပေါ်တွင် ဖမ်းဆီးခံရပြီး အင်းစိန် အကျဉ်းထောင်တွင် လေးလခန့် ထိန်းသိမ်းခံရ။
* ၁၉၈၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသား ၁၄၁ ဦးနှင့်အတူ ပြန်လည်လွတ်မြောက်လာပြီး ၈-၈-၈၈ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့။
* ၁၉၉၀ ပြည့် နှစ်ကုန်ပိုင်းတွင် ကော့သောင်းမြို့မှတစ်ဆင့် ပြန်လည် အလင်းဝင် ရောက်ခဲ့။
* ၁၉၉၂ ခုနှစ် ဘွဲ့လွန်တက်နေစဉ် ကျောင်းသားအရေး ဆောင်ရွက်ရန် ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းရေး ပြင်ဆင်ဆောင်ရွက်နေစဉ် ဖမ်းဆီးစစ်ဆေးခြင်း ခံရပြီး တစ်ပတ်အကြာတွင် ပြန်လွတ်ခဲ့။
* ၂၀၀၉ ခုနှစ် စက်တင်ဘာလမှစ၍ ရှမ်းတိုင်းရင်းသားကြီး ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စုဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင် အဖြစ် ပါဝင်ခဲ့။
* ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ ကရ၀ိက်တွင် ကျင်းပသည့် ''မြန်မာ့အရေးဆွေးနွေးပွဲ'' ကျင်းပရေး ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့။
* လူထုဒီမိုကရေစီပါတီနှင့် ပြည်ထောင်စုဒီမိုကရေစီ မဟာမိတ် အဖွဲ့တို့ကို ပေါင်းစည်းရေး ကြိုးပမ်းရာ ''ပြည်ထောင်စု ဒီမိုကရေစီ ပါတီ''အဖြစ် အောင်မြင်စွာ ထူထောင်နိုင်၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ရွေးချယ် တာဝန်ပေးချက် အရ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လျက်ရှိ။
မေး - ဘယ်မဲဆန္ဒနယ်က ၀င်ရောက် ယှဉ်ပြိုင်သွားမှာပါလဲ။
ဖြေ - တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။
မေး - တာမွေမြို့နယ်ကို ရွေးချယ်ပြီး ၀င်ပြိုင်ရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါဦး။
ဖြေ - တာမွေမြို့နယ်က လက်ရှိနေရပ်နဲ့ သက်ဆိုင်လို့ပါ။ နောက်ပြီး ကျန်းမာရေး အခြေအနေအရ ကျွန်တော် နယ်သွားလို့ မရပါဘူး။ ခရီးဝေး သွားလို့မရတဲ့ အတွက်ကြောင့်ပါ။ ပြည်ထောင်စု ဥပဒေတွေကို ပြုနိုင်တာက လွှတ်တော်နှစ်ရပ် ရှိပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ပါ။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကို ရွေးချယ်ရတာပါ။ အဲဒီ နှစ်ရပ်မှာမှ ပြည်သူ့လွှတ်တော်ကို ရွေးချယ်ရတာက ပြည်သူ့လွှတ်တော်ဟာ ကိုယ်စားလှယ် အရေအတွက် များပြီး မဲဆန္ဒနယ် ကျဉ်းတယ်။ အမျိုးသားလွှတ်တော် ဆိုတာက တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်တစ်ခုမှာ ၁၂ ယောက်ပဲပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးလို နေရာမျိုးဆိုရင် ၄၅ မြို့နယ် ရှိတယ်။ ပေးတာက ၁၂ ယောက်ဆိုရင် ၄၅ ကို ၁၂ နဲ့ စားလိုက် တစ်ယောက်ကို ၄၊ ၅ မြို့နယ် တာဝန်ယူရတယ်။ အဲဒါကြောင့် ဧရိယာကျယ်တယ်။ မဲဆန္ဒ ပြည်သူများတယ်။ ကိုယ့်ကို သိအောင် Awareness လုပ်ရတာ ကျယ်ပြန့်တယ်။
မေး - ရွေးကောက်ပွဲ ၀င်ရောက်ရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါဦး။
ဖြေ - ပြည်သူ့အထက်က မနေဘဲ ပြည်သူရဲ့ အခိုင်းအခံ၊ ပြည်သူရဲ့ ကျွန်လို့ ကိုယ့်ကိုယ်ကို ခံယူပြီးတော့ လူထုရဲ့ ရွေးချယ်မှုကို ခံယူတာပါ။ လူထုကောင်းစားရေးကို အလုပ်အကျွေး ပြုဖို့အတွက် ကျွန်တော် ရွေးကောက် ပွဲဝင်တာ ဖြစ်ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အပြောင်းအလဲတွေမှာ မှတ်တိုင် တစ်ခုအနေနဲ့ ပါကိုပါရပါမယ်။ ရွေးကောက်ပွဲဟာ ဖြတ်သန်းရတဲ့ မှတ်တိုင်တစ်ခုပေမယ့် ပန်းတိုင်တော့ မဟုတ်ပါဘူး။
မေး - ၀င်ရောက်ယှဉ်ပြိုင်သွားမယ့် မဲဆန္ဒနယ်မှာ ဘယ်သူတွေက ယှဉ်ပြိုင်ဘက်တွေပါလဲ။
ဖြေ - ကျွန်တော် အပါအ၀င် ခြောက်ယောက်ရှိပါတယ်။ တစ်သီးပုဂ္ဂလ ဖြစ်တဲ့ ဦးတင်ဆန်း၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များက ဦးကိုကိုနိုင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးအောင်ညွန့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီက ဦးသန်းထွန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေါ်လဲ့လဲ့ဝင်းဆွေ တို့ ဖြစ်ကြပါတယ်။
မေး - အခုလို ခြောက်ယောက်ဆိုတော့ မဲဆွယ်စည်းရုံးရာမှာ ပြင်းထန်မှုများ ရှိနိုင်ပါသလား။
ဖြေ - ကျွန်တော်တို့က ဒီမိုကရေစီ အင်အားစုတွေကို အခုက ပထမ အလံလုပွဲ မဟုတ်ဘူးလို့ ပြောထားတယ်။ ဒုတိယနဲ့တတိယ အလံလုပွဲတွေ မဟုတ်ဘူး။ နှစ်သိမ့်ဆုလုပွဲ ဖြစ်တယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁၀၀ ရာနှုန်း Nominate လုပ်နိုင်တယ်။ တစညက ၉၀ ရာခိုင်နှုန်း ၀င်ရောက် Nominate လုပ်နိုင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ အင်အားစုတွေက ၂၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်တယ်။ အဲဒီထဲက ၂၀ ရာခိုင်နှုန်းလောက်က ထပ်သေးတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ အင် အားစုတွေက ပထမ၊ ဒုတိယ၊ တတိယ အလံလုပွဲ မဟုတ်ဘူး။ ဒီအထဲကမှ အချင်းချင်း သတ်ရမယ်ဆိုရင် အရှုံးထဲက အမုန်းပွားရဦးမယ်။ အရှုံးထဲက အမုန်းမပွားရအောင် ကြံ့ခိုင်ရေး ပါတီနဲ့တော့ ပြိုင်ရမှာပဲ။ ဒါပေမယ့် ဒီမိုကရက်တစ် အချင်းချင်းတော့ အပြုသဘောပြိုင်ပြီး မဟာမိတ် လုပ်သွားကြရမယ်။
မေး - မဲဆန္ဒရှင်တွေကို ဘယ်လို ကတိက၀တ်တွေနဲ့ မဲဆွယ် စည်းရုံးသွားမှာပါလဲ။ ဘာကြောင့် ကိုယ့်ကိုမဲထည့်သင့်သလဲ ဆိုတာကို ဘယ်လိုပြောဆို စည်းရုံးသွားမှာပါလဲ။
ဖြေ - ကျွန်တော်ဟာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ လိုအပ်ချက်တွေကို ပြည်သူတွေအတွက် စဉ်းစားကြည့်တယ်။ အဲဒီလို စဉ်းစားကြည့်တော့ နိုင်ငံရေး စံချိန်၊ စံညွှန်းတွေနဲ့လည်း ကိုက်ညီအောင် ကျွန်တော်လည်း အကောင်အထည် ဖော်လို့ရအောင် အဲဒီလို စဉ်းစားပြီးတော့ ဥပဒေကြမ်းလေးတွေကို ပြုစုတယ်။ ပြုစုပြီးတော့ ဘာကတိက၀တ် ပေးမလဲဆိုတော့ ဒီဥပဒေကြမ်းတွေကို ကျွန်တော်ရွေးချယ်ခံရရင် လွှတ်တော်ထဲမှာ တင်သွင်းပြီး အကောင်အထည် ဖော်သွားမယ်။ အဲဒီလို ဆောင်ရွက်လို့မှ လွှတ်တော် သက်တမ်း တစ်ဝက်အတွင်းမှာ မဲဆွယ်စည်းရုံးတုန်းက ပြောခဲ့တဲ့၊ ပေးခဲ့တဲ့ ကတိကို တစ်ခုမှ အကောင်အထည် မဖော်နိုင်ရင် ကျွန်တော်နုတ်ထွက်မယ်။
တွေ့ဆုံမေးမြန်းခန်းအား http://www.news-eleven.com မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment