ဗမာနဲ့မြန်မာ
(မင်းစိုးစံ)
(မင်းစိုးစံ)
“အားလုံးနဲ့အကြုံးဝင်အောင် ဗားမားလို့ထည့်ရေးဗျာ၊ ဗားမိလို့မရေးနဲ့”
“ဟုတ်တယ် ဗားမားဆိုတာ နိုင်ငံ ဗားမိဆိုတာလူမျိုး အခုဟာက တိုင်းရင်းသားတွေအားလုံး ပူးပေါင်း ပါဝင်တာဆိုတော့ ဗားမားပဲရေးပါ”
“မဟုတ်သေးပါဘူး ဗားမိလို့ရေးတော့ကော ဘာဖြစ်သွားမှာလဲဗျ၊ ကျုပ်တို့အားလုံးက မြန်မာနိုင်ငံက လာကြတဲ့ မြန်မာတိုင်းရင်းသားတွေပဲမဟုတ်လား”
“နေစမ်းပါဦး မြန်မာတိုင်းရင်းသားတွေဆိုတော့ ဗမာက တိုင်းရင်းသားမဟုတ်ဘူးလား”
“ဟုတ်ပါတယ် ရှမ်း၊ချင်း၊ ကချင်၊ ကရင်၊ကယား၊မွန်၊ရခိုင်၊ပအိုဝ့်၊ ဗမာ အဲဒါတွေအားလုံးကို စုပေါင်းမှ တိုင်းရင်းသားဖြစ်တာပေါ့ ဒါမှလည်း ပြည်ထောင်စုဆိုတာအဓိပ္ပါယ်ရှိမှာပေါ့”
“ဒါဆိုလျင် ကရင်ပြည်နယ်ရှိတယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေရှိ ပြီး ဗမာကျတော့ ပြည်နယ်မရှိတာ ဘာကြောင့်လဲဗျ”
ရှုတ်ကုန်ပြီ၊ အားလုံးရှုတ်ကုန်ပြီ။
“ဟေ့ စကားတွေသိပ်မများကြနဲ့ မြန်မာနိုင်ငံက လာတဲ့လူတွေမှန်သမျှအားလုံး မြန်မာပဲ”
“အဲဒါ ခင်ဗျားကို ဘယ်သူပြောတုန်း”
“တော်ကြပါတော့ဗျာ အချင်းချင်းတွေပဲ အဖြူတွေကြားမှာ ရှက်စရာကြီး ကဲကဲ ဗားမားပဲရေးကြမယ်”
အလုပ်တော့ဖြစ်သွားပါရဲ့၊ အစာမကြေကြတာအမှန်။
မြန်မာနဲ့ဗမာဆိုတဲ့ အသုံးအနှုံးကတအုံနွေးနွေး ဖြစ်နေတာက အခုမှမဟုတ်။
ဟိုးတချိန်တုန်းက ဗမာစာသည် တို့စာ။ ဗမာစကားသည် တို့စကား။ တို့ပြည်ကို ချစ်ပါ။ တို့လူမျိုးကို လေးစားပါ။ အဲဒီလိုဟစ်ကြွေးလာရာကနေ အခုတော့ မြန်မာဖြစ်လာတယ်။
ဟုတ်ပြီ မြန်မာဆိုတာ တိုင်းရင်းသားတွေအားလုံး ပါဝင်အောင်ခေါ်ဆိုတာဖြစ်လျင် မြန်မာစာ ဆိုတော့ဗျာ၊ တိုင်းရင်းသားစာ ပေတွေလည်း တလုံးမျှမပါပါလား။ ဗမာဖတ်စာ မြန်မာဖတ်စာ ကဲ ဘယ်ဒင်းကို အတည်ပြုမှာလဲ။
ဗမာလူမျိုးကိုခေါ်တွင်တာက ဗြဟ္မာအမျိုးအနွယ်က ဆင်းသက်လာတာကို အစွဲပြုပြီးခေါ်လာရာကနေ ဗမာဆိုတာဖြစ်လာတာ နောက်တော့ မြန်မာဆိုတာဖြစ်သွားတာလို့ ပါးစပ်ရာဇဝင်အရ သိရတယ်ဗျ။ အဲ ဒါမဟုတ်ပါဘူးတဲ့ ဗြဟ္မပုတ္ထရမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာနေထိုင်ကြသူတွေကို ခေါ်ဆိုရာကနေ မြန်မာ ဖြစ်လာတာပါတဲ့။
အင်းပေါ့လေ သမိုင်းကိုဖျက်ဆီးဖျောက်ဖျက်ပစ်တဲ့ အကျိုးကျေးဇူးပေါ့။ နောင်လာနောက်သားတွေ နောက်ဂျိန်ချအောင် တမင်လုပ်သွားတဲ့ မြန်မာမင်းအဆက်ဆက်ကိုတော့ မေတ္တာပွါးမိတာအမှန်ပါ။
ကျုပ်တို့မှီလိုက်တာကတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်ခင်ညွန့်ပေါ့ဗျာ၊ အော် ကိုးကွယ်စရာကောင်းလိုက်တဲ့ လူပုဂ္ဂိုလ်ထူးတွေပါပဲ။
ကျုပ်ကတော့ သိပ်နားမလည်ဘူး ဘာကိုနားမလည်တာလဲဆိုတော့ ဗမာကနေဘာကြောင့်မြန်မာလို့ ပြောင်းလွဲရတာလဲ ဆိုတာကိုပါ။ ဒါကြောင့် ကျုပ်စာအုပ်တအုပ်ထဲက အကြောင်းအရာလေးတချို့ကို ကူးယူရေးပြမယ်ဗျာ။ အားလုံးစဉ်းစားကြည့်ကြပေါ့ အကျယ်အကျယ်မငြိမ်းဘွယ် ဖြစ်စရာတွေဖြစ် အောင် ရည်ရွယ်တာမဟုတ်ပါဘူး။
မ,အက္ခရာ မှာပါတဲ့ စာလုံးပေါင်းသတ်ပုံကျမ်းတခုထဲက ကူးယူရေးပြမှာပါ။ စာအုပ်က အတော်လေး ကြာနေပါပြီ။
(မံ-မန်-မာန်-မန်း-မံ့၊ မြံ- မြန်- မြန်း-မြမ်)
မ,ဗျည်း သေးသေးတင်၊ န,သတ်၊ မ,သတ်၊ ဝိသဇနီအမြစ်တို့၌ ဝေါဟာရကိုပြခြင်း
မ,အက္ခရာသေးသေးတင်ကား
ဆင့်လျောင်းချောမံ ရွှေတိကျံသို့ နတ်တံလေးကုန်။
ရောင်ဖြူချောမံ ပြင်နံရံဝယ် မလျှံမပျစ်။
တထောင်သည်ရံ ရွှေတိမံလျက် မိဿံမောင်းမ။
နှစ်ဖက်တောင်ပံ ရွှေရည်မံ၍ လက်တံညွှတ်မျှ။
မျက်နစ်စီမံ ဖိတ်ဖိတ်လျှံမျှ သာစံလွတ်နိုင်။
ရစ်ထပ်ရွှင်စံ ယမံဆံစည်း။
ရွှင်ဝမ်းသာစံ ကုင်္ကုမံသား။ စသည်ဖြင့် မွမ်းမံ, စီမံ, ဆံယမံ, ခါသာကမံ, ကုင်္ကုမံ ဆိုသောအရာတို့၌ ထင်၏။ ထိုတွင် ကုင်္ကုမံ ဟူသည်၌ ကုင်္ကုမံဟူသောပါဌ် မှီထင်သောကြောင့် မာဂထဘာသာ မူလဖြစ်၏။
ထိုနှင့်အသံတူ န-သတ်ကား
ယမန်ယမန် နေ့တိုင်းလွန်၍ နက်ဖြန်နက်ဖြန်။
စေခြင်းတမန် အဖန်ဖန်လျှင် တသန္ဒေဓေ။
ဝမ်း၏တမန် ပုန္နားကျွန်တို့ တိရိစ္ဆာန်ပိုးမွှား။
မင်းစေတမန် သူ့သဏ္ဌန်ဖြင့် ရံဘန်ငါ့တွင်။
ရတနာတံခွန် လက်ရုံးအန်ဖြင့် ရံမာန်တျင်းတျင်း။
မြတ်နိုးအကျွန် ပန်းနှယ်ပန်သည် မင်းမာန်ညံ့ညံ့ ပျောင်းပျောင်းတည်း။
ကျောင်းကြီးဗိမာန် ဇေတဝန်၌ မြတ်မွန်နေတော်။
မျကမှောက်ဝတ္ထမာန် ပစ္စုပ္ပန်နှင့် တမလွန်ချမ်းသာ။
ကာလယမန်, တမန်, ရန်မာန်, စောင်းမာန်, ဗိမာန်, ဝတ္ထမာန် အရာတို့၌ ထင်၏။
ထိုတွင် ယမန် ဟူသည်ကား လွန်ပြီး တိတ်ပြီး၊ အတိတ်ကာလကို ဆိုသောဝေါဟာရဖြစ်၏။
ရန်မာန်၊ စောင်းမာန် ဟူသည်ကား မာန ဟူသောပါဌ်၊ ဗိမာန်ဟူသည်ကား ဝိမာနဟူသောပါဌ်၊ ဝတ္ထမာန် ဟူသည်ကား ဝတ္ထမာန ဟူသောပါဌ်တို့ကို စွဲမှီသော ဝေါဟာရဖြစ်၍ မာဂဓဘာသာမူလဖြစ်၏။
ထို၌ ဝိသဇနီကား
မော်မိမော်မန်း နှလုံးဆန်းဖြင့် သူကာန်းအလား။
ကြံကြံရွတ်မန်း ကျမ်းဂန်မှန်း၍ ဂဏန်းဟူးရား။
စသည်ဖြင့် မော်မိမော်မန်း, မန်းမှုတ်သည်, မန်းအနာ, မန်းစွဲသည်, စကောမန်း, ဆိုသောအရာတို့၌ ထင်၏။
သေးသေးတင်အမြစ်ကား
ကြာတင်ဖွယ်စံ့ ရောက်တုံမံ့ဟု ဆွတ်ပျံ့မယိမ်း။
စသည်ဖြင့် ကြာတုံမံ့၊ ရောက်တုံမံ့၊ သိတုံမံ့ ဆိုမိန့်သောအရာတို့၌ ထင်၏။
ရစ်လျက်သေးသေးတင်ကား
အမြဲအမြံ အကြံအစည်။ မြဲမြဲမြံမြံ ဤအကြံကို ကုံထံငါ့ကို လွှဲလေကုန်။
စသည်ဖြင့်မြဲမြံသောအရာတို့၌ ထင်၏။
ထိုနှင့်အသံတူ န, သတ်ကား
ပညာထက်မြန် တတ်ပွန်စကား။ နွားလားတတွန် လျင်သန်မြန်လျက် တိုင်မှန်သံတောင်။
စသည်ဖြင့် လျင်မြန်သည် ဆိုသောအရာ၌ ထင်၏။
မြမ္မာဟူသောဝေါဟာရသည်လည်း မြန်သည် မာသည်ဟူသောအကြောင်းကိုစွဲ၍ မြန်မာ ဟူသော ဆိုမိန့်ခြင်းဖြစ်၏ဟူသော စကားကိုထောက်လျှင် န,သတ်ရေးသင့်သည်ဖြစ်၏။
အချို့ကား မြမ္မာမနုဿာ ဝေါဟာရ န္တိ၊ မြမ္မာဝိသယေဌာနေ စသည်ဖြင့် ကလျာဏီကျောက်စာတွင် မ, ဆင့်လျက် ရေးသည်ကိုလိုက်၍ “မြမ္မာ”ဟု မ,အက္ခရာဆင့်လျှက် ရေးကုန်၏။
သဘောကိုထောက်သော် စွဲရင်းမူလအတိုင်း န,သတ်သည်မှာ သင့်ဘိမည်။ ကျောက်စာမှာဆင့်၍ ရေးသည်ကား မာဂဓရေးရိုးမှာ တံခွန်ပြလိုသည့် အတွက်ကို နောက်ဗျည်း၌ သံယုတ်ဖြစ်စေသည် များသည်။
“ကုသန်နာမဿ” ဟူ၍ န,သတ်မရေးမူ၍ တံခွန်ကျေစေလျက် “ကုသန္နာမဿ” ဟူ၍နဗျည်းသံယုတ် ပြုလေသည်။ ဤနည်းတူစွာ န,ဗျည်း၌တံခွန် အရေးကျေပျောက်စေ၍ နောက်မ,အက္ခရာဝယ်ဆင့်သင့် လျက် န,နှင့်မ,ဝဂ်ကွဲ၍ န-ကို မ-ပြု၍ကပ်လေဆင့်လေ၍ “မြမ္မ” ရှိလေသည်။
ဤသို့ရုပ်ပြီးသင့်သည့်နှင့် မာဂဓရေးရိုးမှန်အောင် ကြံဆောင်သောအရာဖြစ်လေသည်။ ထိုကိုလိုက်ခင်းမရှိ ပကတိမူလ နသတ်သဘောရင်းကို နင်းမိအောင်ရေးသည်မှာ သင့်မြတ်သည်။
ထို၌ ဝိသဇနီသံကား
ကြောင်းလျားမေးမြန်း ဂါထာညွှန်းသည် သာခန်းရောက်လလျင်ပြီးတည်း။
လွမ်းရိညှိုးဖြန်း စစ်ကဲခန်းဝယ် လွမ်းမြန်းတယူ။
ဘိသိက်မြောက်သွန်း ဖရာမြန်းမှ။
စားတော်ကွမ်းပန်း မခေါ်လွန်းတည့် နီမြန်းသန္တာ။ စသည်ဖြင့် မေးမြန်းသည်၊ ညှိုးမြန်းသည်၊ သိမ်းမြန်း, နီမြန်းသည် သူစိမ်းဖြန်း ဆိုသောအရာတို့၌ ထင်၏။
စာဖတ်ကြတဲ့ လူကြီးမင်းတို့အနေနဲ့ ဘယ်လိုနားလည်သလဲဆိုတာတော့ ကျုပ်မသိဘူး ကျုပ်သဘော ပေါက်တာကတော့ မြန်မာဆိုတာ တိုင်းရင်းသားတွေအားလုံးပါအောင် ခေါ်ဆိုသမုတ်တဲ့နာမည် မဖြစ် နိုင်သလို လုံးဝ,လည်းမဟုတ်ဘူးဆိုတာပါ။
အခုဖေါ်ပြတဲ့ စာကြောင်းအရဆိုလျင်တော့ မြန်တယ် မာတယ်ပေါ့ဗျာ။ အင်းပေါ့ ဘယ်လောက်မာနိုင်မ လဲ။ ဘယ်အထိမြန်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့။
မှတ်ချက်။ ။ စာလုံးအနီတွေက ဇကွဲ နှစ်လုံးဆင့်ဖြစ်ပြီး၊ အစိမ်းရောင် စာလုံးလေးကတော့ “ဓ” ဓဦး ဆိုက် အောက်ဆင့်ပါ။
ဘီဘီစီက လွှင့်သွားတဲ့အသံဖိုင်လေး နားသောတ,ဆင်ပြီး သံသယကင်းရှင်းစွာ ဆက်လက် စဉ်းစား တွေးတောနိုင်ကြပါစေ။
Source Audio from http://www.bbcburmese.com
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
Source Audio from http://www.bbcburmese.com
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment