ဒုတိယတန်းတွင် သင်ကြားနေသည့် တို့အလံ သင်ခန်းစာအား ပြောင်းလဲမည့်အပြင် ယခုနှစ် ပညာသင်နှစ်၌လည်း မူလသင်ခန်းစာ ထည့်သွင်းမေးမြန်းမည် မဟုတ်ဟု သိရ။ယခုပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာဘာသာရပ်၌ သင်ကြားလျက်ရှိသော တို့အလံသင်ခန်းစာကို လာမည့်ပညာသင်နှစ်မှစ၍ ပြောင်းလဲ၍ ပုံနှိပ်ထုတ်ပြန်သွားမည့် အပြင် ယခု ပညာသင်နှစ်တွင်လည်း မူလသင်ခန်းစာအား ထည့်သွင်း မေးမြန်းသွားမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအလံကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောင်းလဲခဲ့သော်လည်း ဒုတိယတန်း၌ သင်ကြားနေသည့် သင်ရိုးညွှန်းတန်း ဖတ်စာအုပ်တွင် မူလအတိုင်းထားရှိထားပြီး ယခုလာမည့် ပညာသင်နှစ်မှစ၍ အသစ်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီး ဌာနပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်းကြားရေးမှူးဖြစ်သူ ဦးဘိုဝင်း က "အခုပညာသင်နှစ်အနေနဲ့ကတော့ ဖတ်စာအုပ်ကို အသစ်ရိုက်ပြီး သင် ကြားသွားဖို့ အစီအစဉ်မရှိဘူး။ ဒါ ပေမယ့် တို့အလံသင်ခန်းစာကို လာမယ့် ပညာသင်နှစ်မှာတော့ အသစ် ပြောင်းလဲပြီး သင်ကြားသွားမှာပါ။ အထဲမှာပါတဲ့ စာသားတွေအနေနဲ့ ကတော့ ပြောင်းလဲသွားမယ်။ ခေါင်း စဉ်ကတော့ဒီခေါင်းစဉ်ပဲဖြစ်ပါတယ်။ အဓိကပြောင်းမယ့်စာသားတွေက နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်တို့အောက်ခံ အဖြစ်ပါရှိရခြင်းရဲ့အကြောင်းအရင်း၊ နောက်ပြီးတော့ အလံတော်ရဲ့အရောင်များနဲ့ အဖြူကြယ်ရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေကို အဓိကဖော်ပြသွား မှာပါ"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ အားလုံး၌ပညာသင်ကြား လျက်ရှိသော ဒုတိယတန်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ သိန်း နီးပါးရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အလံ၏ အ၀ါ၊ အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်။ အလားတူ အလံ၏ အရောင်များနှင့် ကြယ်အဖြူ တို့၏အဓိပ္ပာယ်မှာ အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာ ယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်ခြင်းဟူသော အဓိပ္ပာယ်ကို ဖော် ညွှန်းသည်။ အနီရောင်သည် ရဲရင့် ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ် မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ နိုင်ငံတော်အလံကို အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ပုဒ်မ ၃အရ ပြဋ္ဌာန်းချက်များပါ အချိုးအစား၊ အရောင်အသွေးတို့နှင့် ကိုက်ညီစေရမည်ဟု သိရသည်။
သတင်းရင်းမြစ်
http://www.news-eleven.com
http://www.news-eleven.com


0 comments:
Post a Comment