ဖမ်းထားသော ဂျပန်သတင်းထောက်ကို မြန်မာစစ်အစိုးရ ပြည်နှင်ဒဏ်ပေး
2010-11-09
2010-11-09
လွန်ခဲ့တဲ့ နှစ်ရက်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံထားရတဲ့ တိုကျိုအခြေစိုက် ဂျပန် APF သတင်းထောက်ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ပြည်နှင်ဒဏ် ပေးလိုက်ပြီလို့ မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ APF သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်၊
မြန်မာနိုင်ငံ ရွှေဝါရောင် သံဃာနှင့် လူထုလှုပ်ရှားမှု သတင်းယူနေစဉ် စစ်တပ်၏ ပစ်ခတ် သတ်ဖြတ်မှု ခံလိုက်ရသော ဂျပန် ဗီဒီယိုသတင်းထောက် ကင်းဂျိ နာဂါအိ (အပေါ်ဓာတ်ပုံ) အတွက် တိုကျိုမြို့တွင် ၂၀၀၇ အောက်တိုဘာ ၈ ရက်က ကျင်းပသော ဈာပန အခမ်းအနား၌် သူအလုပ်လုပ်သည့် APF သတင်းအေဂျင်စီ ဥက္ကဋ္ဌ တိုရု ယာမဂျိ ဝမ်းနည်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဂျပန် APF သတင်းထောက် Toru Yamaji ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ တနင်္ဂနွေနေ့က မြဝတီမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ သောင်ရင်းမြစ်ကို ကျော်ဖြတ်ပြီး မြဝတီမြို့ ကို တရားမဝင် ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ သူ့ကို အခု ပြန်လွှတ်ပြီး ပြည်နှင်ဒဏ် ပေးလိုက်ပြီဖြစ်ကြောင်း၊ အခြေအနေတွေ ရှုပ်ထွေးနိုင်တဲ့အတွက် တစုံတရာ အရေးမယူခဲ့ကြောင်း မြန်မာအရာရှိတဦးက ပြောပါတယ်။
တိုကျိုမြို့ ဂျပန် APF သတင်းဌာနက တာဝန်ရှိသူ Hari Gaya ကလည်း သူ လွတ်မြောက်ကြောင်း RFA ကို အတည်ပြု ပြောပါတယ်၊ သူလွတ်မြောက်သွားပြီ ဖြစ်ပြီး အခုပဲ မဲဆောက်မြို့မှာ ရောက်နေပါပြီလို့ သူက ပြောပါတယ်။
သတင်းထောက် Toru Yamaji ဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း APF သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအကြောင်း RFA မှ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
0 comments:
Post a Comment