Source Photo from http://www.bbc.co.uk/burmese
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ရေးပန်းချီကား ကိုကျော်သူလက်ဆောင်ပေး
2010-11-14
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ရေးပန်းချီကား ကိုကျော်သူလက်ဆောင်ပေး
2010-11-14
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူက သူ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတချပ် မနေ့က ညပိုင်းမှာ လက်ဆောင် သွားပေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးခဲ့တဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ကိုကျော်သူက ခုလို ပြောပါတယ်။
“ရုပ်ရှင်မရိုက်ရတဲ့ အချိန်မှာ ကျနော် ပန်းချီဆွဲတော့ ပန်းချီထဲမှာ ကျနော် ဆွဲချင်တဲ့ ပစ်တိုင်းထောင်ပုံလေးနဲ့ ဒေါ်စုရဲ့ မျက်နှာပုံ ထည့်ထားတယ်။ နောက် ပစ်တိုင်းထောင်တခုက ဗိုလ်ချုပ်အောင်ဆန်း မျက်နှာပုံ ထည့်ထားတယ်။ နောက်ဘက်မှာ ဇီးကွက်ရုပ် ပါတယ်။ ဇီးကွက်ရုပ်က ဥာဏ်ပညာထက်မြက်တာကို တင်စားပြီးတော့ ဒီပန်းချီကားကို လက်ဆောင် သွားပေးတာပါ။ ပန်းချီကားနာမည်တော့ ဘာမှ မပေးထားပါဘူး”
ကိုကျော်သူ့ ပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပြီး ပန်းချီကားနဲ့ ပတ်သက်လို့ရော လူမှုရေး အလုပ်တွေနဲ့ ပတ်သက်လို့ပါ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
“ပန်းချီကားရဲ့ အဓိပ္ပါယ်ကို မေးတယ်၊ ပစ်တိုင်းထောင်က ဘာလဲ၊ ဇီးကွက်ရုပ်က ဘာလဲ။ မေးပြီးတော့ ကျနော်တို့ လူမှုရေး အသင်းကိစ္စ နည်းနည်း မေးတယ်။ ကျနော်လည်း ကျနော်တို့ လုပ်ဆောင်တဲ့ကိစ္စကို နည်းနည်းပြောတယ်။ နိုင်ငံရေး ပြောတာမဟုတ်ဘူး။ လူမှုရေးပဲ ပြောတာ။ ပြီးတော့ ကျနော်တို့ မိသားစုကိစ္စ နည်းနည်း မေးတယ်။ ဒါပါပဲ”
ကိုကျော်သူဟာ ရုပ်ရှင် ရိုက်ကူးရေး လုပ်ငန်းတွေ ရပ်နားထားပြီး နောက်ပိုင်း လူမှုရေး လုပ်ငန်းမှာဘဲ အာရုံစိုက် လုပ်ကိုင်နေတာပါ။ ဒါပေမယ့် အားလပ်တဲ့ အချိန်တွေမှာ ပန်းချီကားတွေ ရေးဆွဲနေပြီး မနှစ်က အသက် ၅၀ ပြည့် မွေးနေ့မှာ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို မွေးနေ့ပွဲ လာရောက်သူတွေကို ခင်းကျင်း ပြသခဲ့ပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
0 comments:
Post a Comment