+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 10, 2010

မြန်မာအပေါ် တရုတ်စိတ်ပျက်


မြန်မာအပေါ် တရုတ်စိတ်ပျက်ဟု ၀ိကီလိခ်စ်က ထုတ်ဖော်

By ဦးတင်မောင်သန်း
သောကြာ, 10 ဒီဇင်ဘာ 2010

အစိုးရအတွင်း ကန့်သတ်ထုတ်ဝေတဲ့ အမေရိကန်အစိုးရရဲ့ ထောင်နဲ့ချီကို ဖောက်ချနေတဲ့ ၀ီကီလိခ်စ် အင်တာနက် ၀က်ဆိုက်မှာ ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ ခါတိုင်းကြားနေကျမဟုတ်တဲ့ သဘောထားတွေကို တွေ့ရပါတယ်။ တရုတ်အစိုးရဟာ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေအပေါ် တကယ်ပဲ လိုလိုလားလား ထောက်ခံနေပါသလား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ လုပ်နေတာတွေအပေါ် တရုတ်နိုင်ငံက လူအမြင်မှာ ထောက်ခံပေမဲ့ တကယ့်နောက်ကွယ်မှာတော့ စိတ်ပျက်နေတယ် ဆိုတာကို ၀ီကီလိခ်စ် ကနေ ထွက်ပေါ်လာတဲ့ အမေရိကန် သံရုံး ကြေးနန်းစာတွေက ပြသနေတယ်လို့ ဗြိတိန်နိုင်ငံက ဂါးဒီးယန်း သတင်းစာကြီး နဲ့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာကြီးတွေ အပါအ၀င် ကမ္ဘာ့ သတင်းမီဒီယာတွေမှာ တင်ပြနေကြပါတယ်။ တရုတ်က တကယ်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိတ်မရှည်နိုင်တော့ဘူးလို့ ဂါးဒီးယန်း က ပြောပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံကို ဆိုးသထက် ပိုဆိုးအောင် လုပ်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက သံတမန်ချင်း တွေ့ဆုံပွဲတွေမှာ အသိအမှတ်ပြု ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တရုတ်က တိုက်တွန်းခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးတွေက နားမထောင်ခဲ့ကြပါဘူး။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ သုတေသန အမြင်ဖလှယ်ပွဲတွေကို သွားရောက်တက်လေ့ရှိတဲ့ ဗဟု အဖွဲ့က ကိုအောင်သူငြိမ်းက အခုလို ပြောပါတယ်။

“အမြဲတမ်း သူတို့စိုးရိမ်နေတာက သိသာတာက ၂၀၀၇ သံဃာ့လှုပ်ရှားမှု နောက်ပိုင်းပေါ့နော်။ နောက်တခါ ပြန်ဆူနိုင်သလား။ နောက်တခါ အခြေအနေက ဘယ်လိုဖြစ်မလဲပေါ့။ အခုဆိုရင်လည်း ထိုင်းမြန်မာ နယ်စပ်တိုက်ပွဲတွေက ဘယ်လိုရှိသလဲပေါ့။ ဒါတွေနဲ့ပတ်သက်လို့ အမြဲတမ်း စိုးရိမ်နေတဲ့ အနေအထားတော့ ရှိပါတယ်။”

ခေတ်ပြိုင် နိုင်ငံတကာ လေ့လာရေးဌာနလို့ အဓိပ္ပါယ်ရတဲ့ China Institutes for Contemporary International Relations ဟာ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ပတ်သက်ဆက်ဆံမှုရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့က ပညာရှင် Zhai Kun ကတော့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေ ထိန်းချုပ်ထားနိုင်တယ် ဆိုတာက အပေါ်ယံ သဘောသာ ဖြစ်ပြီး တကယ့် တကယ်မှာက ပြဿနာတွေက အများကြီး ရှိနေတယ်လို့ ပြောကြားတာကိုလည်း အမေရိကန် သံရုံး ကြေးနန်းစာတွေမှာ ဖော်ပြထားတယ်လို့ Asia Times က ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးတွေဟာ အာဏာနဲ့ သူတို့ရဲ့ စီးပွားရေးတွေ လက်လွှတ်ရမှာကို ကြောက်ရွံ့နေတယ်လို့ တရုတ် သံအမတ်ကြီးက ဆိုတာကို ၀ီကီလိခ်စ် ကြေးနန်းစာတွေမှာ တွေ့ရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် အာဏာကနေ ဗိုလ်ချုပ်ကြီးတွေ ခွာသွားစေချင်တယ်ဆိုရင် အမေရိကန် အနေနဲ့ ဗိုလ်ချုပ်ကြီးတွေကို ဝေဖန်နေတာက လုံလောက်နေပြီ ဖြစ်တာမို့ သူတို့တွေရဲ့ ပုဂ္ဂိုလ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေး မထိခိုက်စေရဘူး ဆိုတာကို အာမခံပေးသင့်တယ်လို့ အဲဒီအဖွဲ့က တခြား ပညာရှင်တစ်ယောက် ဖြစ်တဲ့ Zhang Xuegang က အမေရိကန်တွေကို ပြောခဲ့ပါတယ်။ ဒါမှသာ ဒီမိုကရေစီ အကူးအပြောင်းက တဖြည်းဖြည်း ဖြစ်လာနိုင်တယ်လို့ သူက ထင်ပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံ တိုက်ရိုက် စကားပြောဖို့ကိုလည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက အမေရိကန်ကို အားပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လူမျိုးတွေရဲ့ အရေးကိစ္စမှာတော့ တရုတ်ရဲ့ ရပ်တည်ချက်က စစ်အစိုးရ ရပ်တည်ချက်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ ပို နီးစပ်နိုင်တာကို ၀ီကီလိခ်စ် ကြေးနန်းစာတွေက ပြသနေပါတယ်လို့ Asia Times အင်တာနက် မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။ တိုင်းရင်းသားကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ တရုတ်က စစ်အစိုးရကို ဖြေရှင်းစေချင်ပါတယ်။ ကိုအောင်သူငြိမ်းကလည်း တရုတ် ပညာရှင်တွေနဲ့ ဆက်ဆံခဲ့တဲ့ သူ့ အတွေ့အကြုံကို ခုလို ဆက်ပြောပြပါတယ်။

“တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ကတော့ သုံးသပ်ချက်က ၂ မျိုး ရှိတယ်ပေါ့နော်။ သူတို့ အာဏာပိုင်တွေနဲ့ စကားပြောကြည့်တဲ့အခါ တမျိုးကတော့ သူက official line လို့လည်း ပြောလို့ရမယ်။ လက်ရှိ စစ်အစိုးရလုပ်နေတဲ့ လမ်းပြမြေပုံအတိုင်း ဆက်သွား။ တိုင်းရင်းသားတွေကပဲ တဖြည်းဖြည်းနဲ့တော့ အခွင့်အရေးတွေ ရလိမ့်မယ် ဆိုတဲ့ ပြောတာမျိုးလည်း ရှိတယ်။ ဒါပေမဲ့လည်း တချို့အုပ်စုတွေကျတော့လည်း တိုင်းရင်းသားတွေရဲ့ အနေအထားက ဥပမာအားဖြင့် ကချင်နဲ့နီးစပ်တဲ့ အုပ်စုတွေဆိုရင် ကချင်ဘက်က စာနာမှုရှိတဲ့အနေအထားမျိုး ရှိတယ်ပေါ့။ တရုတ်နိုင်ငံမှာလည်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွေရှိတယ်။ အုပ်ချုပ်ရေးဇုံတွေရှိတယ်။ အနည်းဆုံး အဲဒီလောက် အခွင့်အရေးတော့ ရသင့်တယ်ဆိုတဲ့ဟာမျိုးတော့ တရုတ်အာဏာပိုင်တွေက အမြင်ရှိတယ်။”

လက်ရှိ အစိုးရ လုပ်နေတာတွေဟာ မြန်မာပြည်မှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ပါ့မလား ဆိုတာ တရုတ် အစိုးရက သံသယရှိတဲ့အကြောင်း တရုတ်သံတမန်တွေက ပြောတာကို သတင်းတွေက ကိုးကားထားတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းစာတွေမှာ တွေ့ရပါတယ်။ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုညိုအုန်းမြင့်ကလည်း တရုတ်တွေနဲ့ ဆက်ဆံခဲ့တဲ့ သူ့အတွေ့အကြုံက သိရှိရတာတွေကို ခုလို ပြန်ပြောပြပါတယ်။

“ပညာရှင်တွေရော၊ အစိုးရထဲမှာ အလယ်အလတ်ကျတဲ့ အရာရှိတွေနဲ့ ပြောကြည့်တဲ့အခါ နအဖ လုပ်နေတဲ့ စီးပွားရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ အရမ်းလိုတယ်၊ နောက်တခါ မြန်မာပြည်မှာ good governance လို့ခေါ်တဲ့ ကောင်းမွန်တဲ့အစိုးရတခုပေါ့နော်။ ဥပဒေနဲ့အညီ အုပ်ချုပ်နိုင်တာ အားနည်းတဲ့အတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုမှာ အနှောက်အယှက် ဖြစ်တယ်ဆိုတာ သူတို့မြင်တယ်။”

ကြေးနန်းစာတွေမှာ တင်ပြထားတဲ့ အမြင်တွေကို အမေရိကန် အစိုးရရဲ့ မူဝါဒ ချမှတ်တဲ့အဆင့်မှာ စဉ်းစားခဲ့သလား ဆိုတာကတော့ သေချာ မသိကြရပါဘူး။



Find this article at:
http://www.voanews.com/burmese/news/Burma-China-relation-WikiLeaks-12-10-10-111675209.html



Source Audio from http://www.dvb.no/burmese


Source Audio from http://www.bbc.co.uk/burmese

0 comments:

Post a Comment