+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, March 28, 2011

ပြည်တွင်းထုတ်စာစောင် အများအပြား ဆင်ဆာတင်စရာ မလို

Source Photo from http://www.yangonmedia.com

ပြည်တွင်းထုတ်စာစောင် အများအပြား

ဆင်ဆာတင်စရာ မလို


By ဦးကျော်ထင်
တနင်္လာ, 28 မတ် 2011

ဖြစ်ပေါ်လာမယ့် နိုင်ငံရေး စနစ်သစ်အရ စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ လုံးချင်းစာအုပ်တချို့ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ပေးသွားဖို့ မြန်မာအာဏာပိုင်တွေက စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း သတင်းအခြေခံ ထုတ်ဝေမှု မပါဝင်သလို ကန့်သတ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် နောက်ဆုံး မူဝါဒ အပြောင်းအလဲ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေသူတွေက သံသယ အမြင်တွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

အနုပညာ၊ သုတ၊ ရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေးကဏ္ဍ၊ ဂမ္ဘီရနဲ့ နည်းပညာဆိုင်ရာ မဂ္ဂဇင်းတွေဟာ ပြောင်းလဲတော့မယ့် မူဝါဒသစ်အရ စိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို အကြောင်းကြားလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုက အစိုးရသစ် ဖွဲ့ပြီးချိန်မှာ ဒီမူဝါဒ အသက်ဝင်လာမယ်လို့ ဆိုပါတယ်။

“လောလောဆယ်ကတော့ ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ မူအားဖြင့် သဘောတူထားတယ်။ သို့သော် အစိုးရ အပြောင်းအလဲ ရှိနေတယ်။ အစိုးရသစ်နဲ့ အဟောင်းကြားထဲ ဖြစ်နေတဲ့အတွက် အစိုးရသစ်က တာဝန်ယူပြီးချိန်မှာ အစိုးရသစ်မှာ တာဝန်ယူမယ့် ပြန်ကြားရေး ၀န်ကြီးအသစ် ထပ်လာရင် ဒီဟာတွေ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါက သူတို့ပြောတဲ့အတိုင်း၊ ကျနော့်စိတ်ထဲ ထင်တာကတော့ ဧပြီလအတွင်း သို့မဟုတ် မေလလောက်မှာ ဒီစနစ်သစ်က ဖြစ်လာမယ်ထင်တယ်။”

အခုလို ပြောင်းလဲလိုက်တာကြောင့် လက်ရှိ ထုတ်ဝေနေတဲ့ ဂျာနယ် ၈၄ စောင်နဲ့ မဂ္ဂဇင်း ၁၁၃ စောင်ဟာ စိစစ်ရေးမတင်ဘဲ ထုတ်ဝေခွင့် ရလာမှာ ဖြစ်ပါတယ်။ သတင်းနဲ့ နိုင်ငံရေး အမျိုးအစား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကတော့ အရင်အတိုင်း စာပေစိစစ်ရေးက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမှာ ဖြစ်ပါတယ်။ အကန့်အသတ်တချို့ ရှိတယ် ဆိုပေမဲ့ မူဝါဒ ပြောင်းလဲလိုက်တာဟာ စာပေလွတ်လပ်ခွင့် ရလာနိုင်မယ့် အလားအလာကောင်းလို့ ဦးကိုကိုက သုံးသပ်ပါတယ်။

“ဒါကတော့ သေချာတာပေါ့ဗျာ။ စာပေစိစစ်ရေးကို မဖြတ်ချင်ဘူး၊ စိစစ်ရေးကို ကျော်လွှားချင်တယ်လို့ ကျနော်တို့ စာပေလောကသားတွေက ခဏခဏ ပြောနေတယ်။ အခုက အကုန်လုံး မဟုတ်တောင်မှ ကျနော်တို့ သိပ်ပြီးတော့ ဘယ်လိုခေါ်မလဲ too sensitive သိပ်မဖြစ်တဲ့ဟာပေါ့ဗျာ။ အဓိကဟာတွေကို စပြီးတော့ လေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ ပေးလိုက်တာ ကောင်းတဲ့လက္ခဏာပါပဲ။ ကျနော်တို့ ဘယ်အရာမှာမဆို လွတ်လပ်လာရင် တာဝန်ယူမှုတွေတော့ တွဲပါလာမှာပေါ့ဗျာ။”

အခုလို စာစောင်တွေဟာ ဆင်ဆာအဖွဲ့ကတဆင့် သွားစရာမလိုဘူး ဆိုပေမဲ့ ထုတ်ဝေမှုတွေအပေါ် တာဝန်ယူရမှာ ဖြစ်သလို ကျင့်ဝတ်ချိုးဖောက်တယ်လို့ သိရှိရင်လည်း အရေးယူတာတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေဆဲ ဖြစ်တာမို့ အခုပြောင်းလဲလိုက်တဲ့ အပြောင်းအလဲတွေဟာ အပြည့်အ၀ လွတ်လပ်ခွင့် ရတယ်လို့ မဆိုနိုင်ကြောင်း ပြည်ပအခြေစိုက် BMA မြန်မာ့သတင်းသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောပါတယ်။

“အရေးကြီးတာ သတင်းစာ လွတ်လပ်ခွင့်ဆိုတာ သတင်းဂျာနယ်တွေ၊ သတင်းစာတွေကို လွတ်လပ်ခွင့် ပေးရမှာ။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပေးရမှာ။ အခုကတော့ တဆင့်ချင်းသွားမယ်လို့ တချို့ကတော့ ယူဆတာပေါ့လေ။ သို့သော် ကျနော်တို့က ဒီနေ့ လွှတ်တော်အခင်းအကျင်းကို ကြည့်တဲ့အခါကျတော့လည်း ဒီဟာတွေက လူမြင်ကောင်းအောင် အဖာအထေးတွေ လုပ်ပြနေတယ်လို့ အဲဒီလိုပဲ မြင်တယ်။ ဒီလောက်ကလေး ပေးရုံနဲ့တော့ စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဟာ ဘယ်လောက်မှ ထူးခြားသွားမယ်လို့ မထင်ဘူး။”

နယ်စည်းမခြား သတင်းထောက်များအဖွဲ့နဲ့ သတင်းသမား ကာကွယ်ရေး ကော်မတီတို့ကတော့ မြန်မာနိုင်ငံကို စာနယ်ဇင်း လွတ်လပ်ခွင့် နိမ့်ကျတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေစိစစ်ရေးဟာ သတင်းဂျာနယ်၊ မဂ္ဂဇင်းတွေကိုသာမက နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ စာနယ်ဇင်းသမားတွေရဲ့ စာတွေကိုပါ ပိတ်ပင်တတ်ပါတယ်။



Find this article at:
http://www.voanews.com/burmese/news/burma-censorship-118767534.html

အမျိုးအစား(၆)မျိုးတွင် အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်းနှင့် လုံးချင်းစာအုပ်များ စိစစ်ရေး တင်စရာမလိုဘဲ တိုက်ရိုက် တည်းဖြတ် ထုတ်ဝေနိုင်တော့မည်

ကျော်ဇေယျ

ရန်ကုန်၊ မတ်-၂၆

ဖြစ်ပေါ်လာမည့် နိုင်ငံရေးစနစ်သစ်ကိုမျှော်မှန်း၍ စာပေစိစစ်ရေးမူဝါဒအချို့ကိုလျှော့ပေါ့ကာ ဂျာနယ်နှင့် မဂ္ဂဇင်း အမျိုးအစားအများစုအား စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ မူကြမ်း ကြိုတင် စိစစ်ခံရန်မလိုဘဲ လွတ်လပ်စွာတည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဂျာနယ်နှင့်မဂ္ဂဇင်းများတွင် အနုပညာ၊ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာအမျိုး အစားများကို ယင်းကဲ့သို့ ကင်းလွတ်ခွင့်များပေးလိုက်ခြင်း ဖြစ်ရာ လက်ရှိထုတ်ဝေ နေသော ဂျာနယ် ၁၇၂စောင်အနက် ၈၄စောင်၊ မဂ္ဂဇင်း ၁၈၄စောင်တွင် ၁၁၃စောင်တို့ အကျိုးခံစား ခွင့်ရရှိကြတော့မည်ဖြစ်သည်။

အထွေထွေထုတ်ဝေခွင့်ဟုခေါ်သော လုံးချင်းစာအုပ်များထုတ်ဝေရာတွင်လည်း အထက်ပါ အမျိုးအစားခြောက်မျိုးနှင့်သက်ဆိုင်သော စာမူများ၊ ၀တ္ထုလုံးချင်းများ၊ ပုံပြင်နှင့် ရုပ်ပြစာအုပ်များကို လည်း ကြိုတင်စိစစ်ခံရန်မလိုဘဲ ထုတ်ဝေနိုင်မည်ဟု စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ သိရသည်။

ကြိုတင်စိစစ်ခံရန်မလိုတော့သော်လည်း ပုံနှိပ်ပြီး အချောစာစောင်၊ စာအုပ်များကိုမူ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရမည်ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အညီ လက်ရှိတင်းကျပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေမူဝါဒတွေကို အဆင့်လိုက်ဖြေလျော့လိုက်လျောသွားမှာပါ။ အခုလိုက်လျောမှုပြုလိုက်တဲ့အဆင့်ကိုလည်း အစိုးရ အသစ်က စပြီးလုပ်ပါတော့ဆိုတဲ့နေ့မှာ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုတွေပါ ပါလာမယ်ဆိုတာ အထူးဂရုပြုရမှာဖြစ်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတာဝန်ခံ ဦးတင့်ဆွေက ဖလားဝါးနယူးစ်သို့ ထုတ်ဖော်ပြောကြားသည်။

“လက်ရှိစာပေစိစစ်ရေးမူဝါဒ(Norm)ဟာ စာပေစိစစ်ရေူးရယ်လို့မဟုတ်တော့ဘဲ ပြဋ္ဌာန်းချက်အသစ်ဟာ တည်းဖြတ်ထုတ်ဝေသူများ လိုက်နာကျင့်သုံးရမယ့်စံတွေသဘောမျိုး သက်ဝင်သွားပါလိမ့်မယ်”ဟု ဦးတင့်ဆွေက ဆက်လက် ပြောကြားသည်။

စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနသို့ မူကြမ်းကြိုတင်စရာမလိုတော့သော ဂျာနယ်၊ မဂ္ဂဇင်းများ သည် ထိုပုံမှန်ထုတ်စာစောင်များ ရပ်နားလိုလျှင်ဖြစ်စေ၊ ရပ်နားရာမှ ပြန်လည်ထုတ်ဝေလိုလျှင်ဖြစ်စေ ယင်းကို တရားဝင်စာဖြင့် အကြောင်းကြားရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ထုတ်ဝေသူ၊ ပုံနှိပ်သူများ သည် တရားဝင်မှတ်ပုံတင်ရရှိထားကြသူများဖြစ်ရန် လိုအပ်ပြီး လုပ်ငန်းတစ်ခုချင်းအလိုက်လည်း ထုတ်ဝေသူနှင့် ပုံနှိပ်သူများအကြား လုပ်ငန်းအပ်နှံမှုစာချုပ်များ ချုပ်ဆိုထားခြင်းကို တင်ပြရန် လိုမည်ဖြစ်သည်။

“ဒီလိုဖြေလျှော့ပေးတာကို ကြိုဆိုပါတယ်။ ကြိုဆိုမှုနဲ့အတူ တာဝန်တွေပိုပြီးကြီးလာပါတယ်။ အရင်တုန်းကတော့ စာပေစိစစ်ရေးက ဒါဖြုတ်ဆိုဖြုတ်လိုက်ရုံပဲ။ အယ်ဒီတာတွေကိုလည်း သေသေ ချာချာ မှာကြားထားဖို့ လိုလာပါပြီ။ ကျွန်တော်တို့ လိုလားတဲ့ Free Press အဆင့်ကိုရောက်ဖို့ အားလုံးက သတိနဲ့ဝိုင်းပြီး ကူညီပူးပေါင်းဆောင်ရွက်ရပါလိမ့်မယ်”ဟု ထုတ်ဝေသူ အယ်ဒီတာ ဦးမျိုးအောင်(ရုက္ခဗေဒ)က ပြောသည်။

အဆိုပါ စာပေနှင့်စာနယ်ဇင်းဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် စာပေနှင့်စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့က မတ်၂၅ရက်တွင် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်များကို တင်ပြပေးခဲ့ကြောင်း လည်း သတင်းရရှိသည်။
Source: http://www.yangonmedia.com
Category: Local News

0 comments:

Post a Comment