+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 13, 2011

အမျိုးသားပြန်လည် သင့်မြတ်ရေးပြသနာ မေးခွန်း(၁၀)ခု


အမျိုးသားပြန်လည် သင့်မြတ်ရေးပြသနာ မေးခွန်း(၁၀)ခု
(သခင်တင်မြ)

(၂ဝဝ၇)ခုနှစ် ဖေဖော်ဝါရီ၊(၆)ရက်တွင် ဟောင်ကောင် တက္ကသိုလ်၊ ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က မေခွန်း (၁ဝ)ခုပါ စာရွက်တစ်ရွက်ကို ကျွန်တော့်ကိုပေးပြီး အောက်ပါမေးခွန်းများကို မေးခဲ့ပါသည်။

(၁) မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) နှင့်ပတ်သက် သည့်အဓိကပြဿနာများဖြစ်ပါသည်။ (သမိုင်းအခြေခံ၍ဖြေကြားပါ။)
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပတ်သက်ရာ၌ပါဝင်သည့်သူများ အနေဖြင့် ဤပြဿနာကို ဖြေရှင်းရာတွင် မည်သို့ဖြေရှင်းသင့်ပါသနည်း။
(၃) အကယ်၍လုပ်သင့်တာတွေကို မလုပ်နိုင်လျှင်မည်သည့်အရာများကို လုပ်သင့်သည်ထင်ပါသနည်း။
(၄) နိုင်ငံတကာအသိုင်းအဝိုင်း၏အခန်းကို မည်သို့ ထင်ပါသနည်း။
(၅) ဂန်ဘာရီ (Gambari)ကို မည်သို့မြင်ပါသနည်း။
(၆) တပ်မတော်အစိုးရ၏ လမ်းပြမြေပုံ(Road Map)ကို မည်သို့မြင်ပါ သနည်း။
(၇) တပ်မတော်အစိုးရကရေးဆွဲနေသည့် အခြေခံဥပဒေကို မည်သို့ထင်ပါသနည်း။
(၈) အကယ်၍ ဦးလေးအနေဖြင့် လုပ်ပိုင်ခွင့်နေရာတွင်ရှိနေလျှင် တိုင်းပြည်၏ နိုင်ငံရေး ပြဿနာများကို မည်သို့ဖြေရှင်းမည်နည်း။
(၉) မျိုးဆက်သစ်(New Generation) အုပ်စုကို မည်သို့မြင်ပါသနည်း။
(၁ဝ) အကယ်၍တပ်မတော်အစိုးရက တင်းမာ နေလျှင် အတိုက်အခံ (opposition)အနေဖြင့် မည်သို့ရင်ဆိုင်သင့်သနည်း။

နောက်ထပ်မေးခွန်း(၄)ခု
(၁) ဦနေဝင်း၏ စီးပွားရေးအမြင်။
(၂) ဦးနေဝင်း၏ သဘောတရားအမြင်။
(၃) ဦနေဝင်း၏ သူအများအပေါ်မယုံကြည်မှု။
(၄) ဦးနေဝင်း၏ ပညာတတ်များအပေါ်အမြင်။

ဒေါက်တာကျော်ရင်လှိုင်၏ အထက်ပါမေးခွန်းများကို ကျွန်တော်ကြား သိသလောက် ဖြေကြားပါမည်။ (၁) အမျိုးသားပြန်လည်သင့်မြတ်ရေး အဓိက ပြဿနာများ။ ပြဿနာများဆိုကတည်းက ရှင်းရခက်လောက်အောင် ရှုပ်ထွေးနေသည် ဟုဆိုရပါမည်။ ဒုတိယကမ္ဘာစစ် ပြီးစက၊ သခင်လှထွန်းက စာအုပ်တစ်အုပ် ရေးခဲ့ပါသည်။ အမည်က''ရှုပ်ထွေးပွေလီတရုတ်ပြည်''ပါတဲ့။
မြန်မာပြည် သည် မိမိအတိုင်းအတာအရ ပြဿနာများ ဤသို့ပင်ရှုပ်ထွေးခဲ့ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာကို ကျွန်တော်လည်းခေါင်းရှုပ်ရှုပ်အမြင် မကြည်မလင်ဖြင့်ဖြေကြားပါမည်။
စာဖတ်သူများသည် ကျွန်တော်ဖြေရှင်း တာကြောင့် ခေါင်းရှုပ်သွားပါက ကျွန်တော့်ကိုအပြစ်မတင်စေလိုပါ။
(ဤ သည်မှာ မိုးကြိုးပစ်ထန်းလက်ကာခြင်းသာဖြစ်ပါသည်။) ယနေ့သုံးနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် အသုံးအနှုန်းကို ဒုတိယကမ္ဘာစစ် မတိုင်မီက မသုံးခဲ့ပါ။
မရှိခဲ့ပါ။

အမျိုးသားစည်းလုံး ညီညွတ်ရေး၊ တစ်နည်း အမျိုးသားညီညွတ်ရေးဟုသာရှိခဲ့ပါသည်။ ဗြိတိသျှ လက်အောက်ခံ ကျွန်ဘဝရောက်ကတည်းက မြန်မာတို့စည်းလုံးညီညွတ်ရန် လိုအပ်သည်မဟုတ်ပါလား။ (၁၉၄၈)ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးရသည်အထိ၊ ဗြိတိသျှနယ်ချဲ့သမားနှင့် ဂျပန်ဖက်ဆစ်နယ်ချဲ့သမားတို့ အုပ်စိုးမှုအောက်တွင် မြန်မာတစ်မျိုးသားလုံးကျွန်ဖြစ်ခဲ့ရပါသည်။ အမျိုးသားစည်းလုံးပါမှ၊တစ်မျိုးသား လုံးညီညွတ်လာပါမှ၊ နယ်ချဲ့သမားတို့အပေါ်အနိုင်ရပြီး လွပ်လပ် ရေးရမည်ဟု ယုံကြည်ခဲ့ကြသဖြင့် ပြည်သူလူထုကြီးကို ခေါင်းဆောင်များစည်ရုံး ခဲ့ကြခြင်းဖြစ် ပါသည်။ သို့မှသာ(၁၉၃၉)ခုနှစ် သခင်ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကိုရေး မှနားလည်နိုင်ပါမည်။

(၁၉၃၉)ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင်၊ နာဇီဂျာမန်တို့က ပိုလန်နိုင်ငံ ကိုဝင်တိုက်သဖြင့် ဒုတိယကမ္ဘာစစ်စတင်ဖြစ်ခဲ့ရပါသည်။ သခင်အောင်ဆန်း သခင်နု၊ သခင်လှဘော်၊ သခင်သန်းထွန်းစသည့် သခင်ခေါင်းဆောင်များသည်။ တို့ဗမာအစည်းအရုံး(သခင်အသင်း)ဌာနချုပ် အလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြီး နယ်ချဲ့သမားချင်းဖြစ်ပွားသည့် စစ်ပွဲကိုမကူညီရန် ဗြိတိသျှနယ်ချဲ့သမားချင်းအခက်တွေ့နေစဉ်၊ မြန်မာ့ လွပ်လပ်ရေးအတွက်၊ လွတ်လပ်ရေးကိုလိုလားကြသည့် နိုင်ငံရေးပါတီ များနှင့် ပူးပေါင်း၍ မဟာမိတ်ဖွဲ့ရန်ဆုံးဖြတ်ခဲ့ကြပါသည်။

(၁၉၃၉)ခုနှစ် စက်တင်ဘာ (၁)ရက်တွင်၊ ဒေါက်တာဘမော်၏အိမ်၌ကျင်းပသည့် အစည်းအဝေးတွင် ဗမာ့ ထွက်ရပ်ဂိုဏ်း(Freedom Bloc)ကို အောက်ပါပုဂ္ဂိုလ်များပါဝင်၍ စတင် ဖွဲ့စည်းခဲ့ပါသည်။
ဗမာ့ထွက်ရပ်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့။ (၁) ဒေါက်တာဘမော် ဆင်းရဲသားဝံသာနုအဖွဲ့ ဥက္ကဋ္ဌ။ (၂) သခင်အောင်ဆန်း တို့ဗမာအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူး။ (၃) သခင်နု တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။ (၄) သခင်လှဘော် တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။ (၅) သခင်သန်းထွန်း တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။ (၆) သခင်မြ တို့ဗမာအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်။ (ရ) ဦးလှမင်း ဆင်းရဲသားဝံသာနုအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ (၈) ဗန္ဓုလဦးစိန် ဆင်းရဲသားဝံသာနုအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ (၉) ဒေါက်တာသိန်းမောင် ငါးပွင့်ဆိုင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ (၁ဝ) ဦးထွန်းအောင် ငါးပွင့်ဆိုင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ (၁၁) ဦးဘရွှေ(မန္တလေး) နေပြည်တော်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ (၁၂) ဦးဘဦး(မန္တလေး) နေပြည်တော်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ (၁၃) စောကေဆာ ကရင်အမျိုးသားအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်။ တို့ဖြစ်ကြသည်။ ဗမာ့ထွက်ရပ်ဂိုဏ်း၏ ရည်မှန်းချက်မှာ မြန်မာပြည်လွတ်လပ်ရေးရရန် ဖြစ်သည်။ (၁၃ဝဝ)ပြည့် အရေးတော်ပုံ(၁၉၃၈-၃၉)ခုတွင်၊ တို့ဗမာအစည်းအရုံး၏ ခေါင်းဆောင်မှုဖြင့် ပြည်သူလူထုကြီးသည် ဒေါက်တာဘမော်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကိုပြုတ်ကျစေရန်ကြိုးပမ်းခဲ့ကြသည်။ သခင်အောင်ဆန်း၊ သခင်နု၊ သခင်လှဘော်၊ သခင်သန်းထွန်းတို့သည် ပူပူနွေးနွေးရန်သူဖြစ်ခဲ့သည်။

ဒေါက်တာဘမော်နှင့် ပေါင်းရမည်လားဟုမကြေမနပ်ဖြစ်ကြသည့် ရန်ကုန် စီရင်စု(ယခုခရိုင်) တို့ဗမာအစည်းအရုံးမှ ဥက္ကဋ္ဌသခင်စံထွန်းလှ၊ အတွင်းရေးမှူး သခင်အေးမောင်(နောင်ဗိုလ်မိုး(ရဲဘော်သုံးကျိပ်)၊ အလုပ်အမှုဆောင်သခင်ဗဟုန် နှင့်ပခုက္ကူမှ လွှတ်တော်အမတ်သခင်အံ့ကြီးတို့က သခင်အောင်ဆန်းကို ဝေဖန် ရှုတ်ချကြပါသည်။ ဤသို့သခင်ခေါင်းဆောင်အချို့က မကျေမနပ်ဖြစ်နေသည့် အတွက်၊ မန္တလေးမြို့ ကျောက်သွေးတန်းမှတိုက်တစ်တိုက်တွင်၊ ကျင်းပခဲ့သည့် တို့ဗမာအစည်းအရုံး၏ မြန်မာနိုင်ငံလုံးဆိုင်ရာကော်မတီ(All Burma Committe. A.B.C)အစည်းအဝေးတွင် သခင်အောင်ဆန်းက သခင်စံထွန်းလှ တို့လူစု ကို''နိုင်ငံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူသည် မရှိဆိုသည့် သဘောထားကိုလည်ကောင်း၊ တို့ဗမာအစည်းအရုံး၏ ရည်မှန်းချက်ပန်းတိုင် သည် မြန်မာပြည်လွတ်လပ်ရေးဖြစ်သည်။ ဤလွတ်လပ်ရေးရရှိရန် ယခင်က ရန်သူပင်ဖြစ်စေ၊ ပူးပေါင်းခြင်းသည် နည်းဗျူဟာဖြစ်သည်။ ဤနည်းဗျူဟာ သည် မဟာဗျူဟာ၏ လက်အောက်ခံဖြစ်သည်ဟူ၍လည်းကောင်း၊ ဗမာ့ထွက် ရပ်ဂိုဏ်းဖွဲ့စည်းခြင်းသည် တို့ဗမာအစည်းအရုံးဌာနချုပ်အလုပ်အမှုဆောင် အစည်းအဝေးတွင် အကျေအလည်ဆွေးနွေးပြီး သဘောတူခဲ့သည်ဟူ၍ လည်း ကောင်း၊ သခင်အောင်ဆန်းကရှင်းပြရာ သခင်စံထွန်းလှတို့လူစုနှင့်သခင် အံ့ကြီး တို့လက်ခံသွားကြပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ရန်သူဟောင်းကိုပင်ဖြစ်စေ တပ် ပေါင်းစုတွင်ထည့်ဖွဲ့ခြင်းဖြင့် နိုင်ငံရေးတွင်အင်အားကြီးမားခဲ့ရာ ဗြိတိသျှနယ်ချဲ့ သမားကို ဂျပန်တို့နှင့်ပူးပေါင်း၍ မြန်မာ့မြေပေါ်မှ (၁၉၄၁)ခုနှစ်တွင် မောင်းထုတ် နိုင်ခဲ့ခြင်းဖြစ်ပါသည်။

တဖန်(၁၉၄၅)ခုနှစ်၊ မတ်လတွင်လည်း ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်အမည်ဖြင့် တပ်မတော်၊ကွန်မြူနစ်ပါတီ ပြည်သူ့အရေး တော်ပုံအဖွဲ့နှင့် ရှမ်း၊ ကချင်၊ ကရင်၊ ချင်းစသည့် တိုင်းရင်းသားလူမျိုးများပူး ပေါင်း၍ ဗြိတိသျှ၊ အမေရိကန်၊ တရုတ်စသည့် မဟာမိတ်တို့၏ အကူအညီဖြင့် ဖက်ဆစ်ဂျပန်တို့အပေါ်တွင်အောင်ပွဲဆင်ခဲ့ပါသည်။ ဤအောင်ပွဲများကြောင့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာ့လွတ်လပ်ရေးအတွက်၊(၁၉၄၇)ခုနှစ် ဇန်နဝါရီလ(၂)ရက် နေ့တွင်၊ ဘိလပ်(အင်္ဂလန်)သွား၍ အက်တလီအစိုးရနှင့်စေ့စပ်ဆွေးနွေးကာ ''အောင်ဆန်း-အက်တလီစာချုပ် အက်တလီစာချုပ်'' ချုပ်ဆိုနိုင်ခဲ့ပါသည်။ သို့ဖြင့် မြန်မာ လွပ်လပ်ရေးတစ်နှစ်အတွင်းရရှိရန် လမ်းပွင့်သွားခဲ့ပါသည်။ ဤသည်ကို သခင်သန်းထွန်း၊ သခင်စိုးခေါင်းဆောင် သည့်ကွန်မြူနစ်များ (ကျွန်တော်အပါအဝင်)က ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်ဆွေးနွေးပွဲတွင် ဘာမျှ မရခဲ့။

လက်ဗလာဖြင့်ပြန်ခဲ့ရသည်ဟု ဝေဖန်ရှုတ်ချခဲ့ကြပါသည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ ကိုယ်စားလှယ်အဖွဲသည် (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီ(၂)ရက်တွင် ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့ ပြန်ရောက်ခဲ့သည်နှင့် အိမ်မပြန်နိုင်ပဲ၊ ဗဟန်း မြို့နယ်၊ အမှတ်(၈)ချာချီလမ်း(ယခုကိုယ်မင်းကိုချင်းလမ်း) (ဖဆပလ) အဖွဲ့ ချုပ်ရုံးသို့တန်းသွားပြီး သတင်းစာကွန်ဖရင့်ပြုလုပ်ခဲ့ပါသည်။ ''ဖဆပလအဖွဲ့ ချုပ်က မှာလိုက်သည့်အတိုင်း အက်တလီအစိုးရနှင့် စေ့စပ်ဆွေးနွေး ရာတွင် တစ်နှစ်အတွင်း လွပ်လပ်ရေးရရန် သေချာပါ သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ရှင်းပြခဲ့ပါသည်။ ဖေဖော်ဝါရီ(၄)ရက်၊ (၇)နာရီတွင်လည်း ရေဒီယိုမှနေ၍ မြန်မာပြည်သူလူထုကို''တစ်နှစ်အတွင်း လွတ်လပ်ရေးရမည်ဖြစ်ကြောင်း'' ရှင်းပြခဲ့ရပြန်သည်။ ပြည်သူလူထုသည် ကွန်မြူနစ်များ၏ ရေးသားချက်များ၊ ပြောစကားများ ကိုမယုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပြော စကားများကိုသာ ယုံခဲ့ကြည်ခဲ့ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေရန်ကွန်မြူနစ်များကပြုလုပ် ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ မှန်ကန်သည့်ခေါင်းဆောင်မှုကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုမပျက်ခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည်ဖဆပလအဖွဲ့ ချုပ်ကိုသူ၏ခေါင်းဆောင်မှုအောက်တွင် မြန်မာအမျိုးသားများကိုအား တစ်စည်း တစ်လုံးတည်း ဖြစ်စေခဲ့ပါသည်။ ပင်လုံစာချုပ် (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလတွင်း ဗြိတိသျှနယ်ချဲ့တောင်တန်းဝန်ထောက်၊ မစ္စတာစလေဒင် ပင်လုံမြို့သို့ရောက် လာပြီး ရှမ်း၊ကချင်၊ချင်း အမျိုးသား ခေါင်းဆောင်များတို့အကြားတွင် အချင်း ချင်းအထင်လွဲများအောင်၊ ခလောက် ဆန်လုပ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင် ဆန်းနှင့် ရှမ်းလူငယ်ခေါင်းဆောင်များ သဘောထားမှန်မှု၊ အမြင်ကျယ်မှု၊ ကျွမ်းကျင်လိမ္မာစွာ စော်ဘွားများကို စည်းရုံးနိုင်ခဲ့မှုတို့ကြောင့်ဖေဖော်ဝါရီ(၁၂) ရက်တွင်သမိုင်းတွင်မည့်''ပင်လုံစာချုပ်'' ကို သဘောတူလက်မှတ်ထိုး၍ ''အမျိုး သားစည်းလုံးညီညွတ်မှု''ကို တည် ထောင်နိုင်ခဲ့ပြီး မြန်မာပြည်ထောင်စု ဖွဲ့စည်းရန်လည်းသေချာစေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် အချို့ကို ဂဠုန်ဦးစောက လုပ် ကြံခဲ့သဖြင့် (၁၉၄၇)ခုနှစ်၊ ဇူလိုင် (၁၉)ရက်တွင်ကျဆုံးခဲ့ရပါသည်။

သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များသည် (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီ(၄)ရက် လွတ်လပ်ရေးရရှိရန် ကြိုတင်၍ သွေးဖြင့်လက်ဆင့်ကမ်းပေး ခဲ့သည်ဟုဆိုနိုင်ပါသည်။ ရရှိသည့်သင်ခန်းစာမှာ အမျိုးသား စည်းလုံးညီညွတ်မှုရှိပါက ရည်မှန်းရာ လွတ်လပ်ရေးပန်းတိုင်သို့ရောက်နိုင်သည်။ ပြောင်းပြန်အားဖြင့်မညီညွတ်ပါက လိုရာ ပန်းတိုင်သို့မရောက်နိုင်ဟူ၍ဖြစ်ပါသည်။

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာ။ (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် မြန်မာတို့ လွတ်လပ်ရေးရပြီး(၃) လအကြာ (၁၉၄၈)ခုနှစ် မတ်လ(၂ဝ)ရက်နေ့တွင် သခင်သန်းထွန်းခေါင်းဆောင် သည့်ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသူပုန်ထခဲ့ပါသည်။ သခင်စိုးခေါင်း ဆောင်သည့် အလံနီကွန်မြူနစ်ပါတီကလည်း (၁၉၄၈)ခုနှစ်၊ ဧပြီ(၁၂)ရက် တွင် လက်နက်ကိုင်သူပုန်ထခဲ့ပြန်သည်။ ဤတွင်အမျိုးသားစည်းလုံး ညီညွတ် ရေး စတင်ပျက်ပြားတော့သည်။ (၁၉၄၈)ခုနှစ် ဇန်နဝါရီလတွင်လည်း စောဘဦးကြီးခေါင်းဆောင်သည့် ကရင်အမျိုးသားများကလည်း စတင်ပုန်ကန်ကြပါသည်။

မွန်အမျိုးသားများကပါ သူပုန်ထခဲ့ကြသည်။ (၁၉၆ဝ)ခုနှစ်၊ ပြည်ထောင်စု(ပထစ)အစိုးရလက်ထက် ဝန်ကြီးချုပ်ဦးနုက၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း ကြေညာ လိုက်သည့်အခါ၊ ကချင်အမျိုးသားများမကြေနပ်သဖြင့် လက်နက်ကိုင် ဆူပူကြတော့သည်။
ဤတွင်အမျိုးသားစည်းလုံးညီညွတ်မှု စပြိုကွဲသွားပါတော့ သည်။ ထိုအခါမှစ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာ ရှေ့တန်းသို့ ရောက်လာပါတော့သည်။ အမြော်အမြင်ရှိသည့် နိုင်ငံရေးခေါင်းဆောင်များ ရှိပါက မိမိတို့၏ စီးပွားရေး၊ နိုင်ငံရေးစသည့်ခြေလှမ်းတို့ကို မှန်ကန်စွာလှမ်း၍ အမျိုးသားပြန်လည်သင့်မြတ်ရေးရှူထောင့်အမြင်ဖြင့်ကြည့်၍ အမျိုးသား ပြဿနာကို ဖြေရှင်းနိုင်ပါမည်။

နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားသည့် ကျွန်တော်တို့ဗမာနိုင်ငံရေးခေါင်း ဆောင်များတွင် အောက်ပါအမြင်များသာရှိခဲ့ပါသည်။ စစ်ရေးအရအနိုင်တိုက်နိုင် ပါက အမျိုးသားများစည်းလုံးမိမည်၊ ပြည်ထောင်စုကို ခိုင်မြဲစေမည်ဟုသာမြင်ခဲ့ ကြပါသည်။ မှားလေစွတကား၊ စစ်တိုက်ရင်းပြည်တွင်းစစ်ကြာလာသလောက် အမျိုးသာစည်းလုံးညီညွတ်မှုပန်းတိုင်မှာ ဝေးသထက်ဝေးသွားပါတော့သည်။ ဘယ်သူမပြုမိမိမှုသာဖြစ်ပါသည်။ (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် (၃)လအကြာတွင် ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းစစ်သည် ယနေ့ထက်တိုင် နယ်စွန်နယ်ဖျားများတွင်ရှိနေသေးသည်။ ပြည်တွင်းစစ်၏ အနှိပ်စက်ခံနေကြရ သည့်နယ်စွန်နယ်ဖျားများမှ ပြည်သူလူထုသည်လည်း မြန်မာတိုင်းရင်းသားများ သာဖြစ်ပါသည်။

နောက်တစ်ဖန်(၁၉၈၈)ခုနှစ် အရေးအခင်းသည်လည်း အမျိုးသားပြန် လည်သင့်မြတ်ရေးမရမီ တစ်ပူပေါ်နှစ်ပူဆင့်သကဲ့သို့ဖြစ်ပြီး ပြဿနာမှာပိုမို နက်ရှိုင်း၍လာပါတော့သည်။ ပြဿနာနှင့်ပတ်သက်နေသူများ လူပုဂ္ဂိုလ်များကိုပြောက ဆုံးအံ့မထင်ပါ။ ဗမာနိုင်ငံရေးပါတီများ တိုင်းရင်း သားအဖွဲ့အစည်းများ(တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့်အဖွဲ့ အစည်းများအပါအဝင်)နှင့် တပ်မတော်တို့သည် အမျိုးသားပြန်လည်သင့်မြတ် ရေးပြဿနာနှင့်တိုက်ရိုက်ပတ်သက်နေသူများဖြစ်ကြပါသည်။ ပြည်သူလူထုကြီး မှလွဲ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးပြိုကွဲရန် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်နေသူများဖြစ်ကြပါသည်။ ပြည်သူလူထုကား''ရောက်သမျှဘေးဒဏ် ပုဏးခံ'' ဆိုသကဲ့သို့ ဘေးဒုက္ခ ပေါင်းစုံကို ခါးစည်း၍ခံနေကြရရှာပါသည်။

(သခင်တင်မြ)
ဆက်လက်ဖော်ပြပါမည်

Source: http://www.snapshot-news.com

0 comments:

Post a Comment