တာလပေါ့ ဖက်ထုပ်
(မင်းစိုးစံ)တာလပေါ့အကြောင်းရေးမလားဆိုပြီး Google ပေါ်က အကွက်ထဲမှာ တာလပေါ့ ဆိုတဲ့ဗမာစာလည်းရိုက်ထည့် လိုက်ရော အလိုလေးလေး တာလပေါ့အကြောင်းရေးထားလိုက်တာများ စုံနေတာပဲ၊ ထရံကပ်တဲ့တာလပေါ့က အစ ပဒပ်စာနဲ့ ကင်မွန်းရွက်ကလေးထည့်ချက်တဲ့ တာလပေါ့အထိ စုံလို့ပါပဲ။ တနေရာမှာကတော့ တာလပေါ့ ကို ဆောင်းပါးရှင်တယောက်က ကရင်ဆန်ပြုတ် ဆိုပြီး ထောင်ထဲမှာစားခဲ့ရတဲ့ စားမြိန်ထုတ်ကို အမွှမ်းတင်ထား လိုက်တာ။ အင်းပေါ့လေ တချို့ကျတော့ တာလပေါ့ဆိုတာ ကိုဟင်းလျာလို့သတ်မှတ်ပြီး စားနေကြတာဆိုတော့ ထရံပေါ်ကပ်နေတာနဲ့ အရည်မပျစ်မကျဲလေးလောက် ကိုပဲအလေးထားကြတာကလား။
တာလပေါ့ ဆိုတဲ့သမိုင်းကြောင်းလေးကို ရေးတဲ့သူတော့ မတွေ့မိသေးဘူး၊ စာဖတ်အားနည်းလွန်းတဲ့ ကျုပ်ပဲ မဖတ်မိတာဖြစ်မှာပါ၊ တနည်းနည်းနဲ့တော့ ရေးကြမှာပါ၊ တခုတော့သတိထားလိုက်မိတယ်၊ သီချင်း၊ ဟုတ်တယ် သီချင်းတပုဒ်ဗျ၊ တာလပေါ့အကြောင်းရေးသားသီဆိုထားတာ၊ တာလပေါ့ ရဲ့သမိုင်းကြောင်းလေးဆိုပါတော့။
သီချင်းက ထိုင်းကရင်သီချင်းလေး၊ ထိုင်းနိုင်ငံသားဖြစ်တဲ့ ကရင်တွေက ကရင်လိုဆိုထားတာ၊ တော်တော်ကို စွဲ မက်စရာကောင်းတဲ့ တကြိမ်နားထောင်လိုက်ရုံနဲ့ မှတ်မိသွားစေတဲ့တေးသီချင်းပါ။
ပဒပ်စာ တာလပေါ့
ဓါတ်ပုံမူလပိုင်ရှင် http://loveluvv.blogspot.com
ဓါတ်ပုံမူလပိုင်ရှင် http://loveluvv.blogspot.com
ဘယ်လိုတာလပေါ့ကိုပဲချက်ချက် တူတာတခုက ထရံကပ်တဲ့အထိပဲဖြစ်ဖြစ်၊ ခပ်ပျစ်ပျစ်ပဲဖြစ်ဖြစ်၊မပျစ်မကျဲလေး ပဲဖြစ်ဖြစ် ဒီကောင်က ဆူပွက်နေအောင်ချက်ရတာ၊ ဖါးနဲ့ပဲဖြစ်ဖြစ် ခရုနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲချက်ချက်ဝမ်းမပျက်ဘူး လို့ ဆောင်းပါးရှင်တယောက်က ရေးသွားတယ်၊ ဘယ်လိုလုပ်ဝမ်းပျက်မှာတုန်း တချိန်လုံး ပွက်ပွက်ဆူနေတာ။
ကျုပ်အဖေခေတ်တုန်းက တာလပေါ့ကို ငှက်ပျောရွက်နဲ့ထုပ်ပြီး ခရီးသွားကြတာတဲ့၊ လမ်းမှာဆာလျင် လက်နဲ့ ကော်စားလို့ရတယ်၊ ငါးသေးသေးလေးတွေပါမယ်၊ မျှစ်၊ အင်ဥ၊ပင်စိမ်း၊တညင်းဝက်၊ ဆူးပုတ်ရွက်၊ ပိတ်ချင်းရွက်၊ ငရုပ်သီးငရုပ်ကောင်း၊ရာသီပေါ်အသီးအရွက်တွေအားလုံး၊ပိန္နဲစေ့၊ပိန္နဲကင်း၊ အဲဒါတွေကိုဆန်နဲ့ရောချက်ထားတာ။
ငှက်ပျောရွက်နဲ့ထုပ်နိုင်တဲ့အထိ၊ လက်နဲ့ကော်စားလို့ရတဲ့အထိဆိုတော့ ဒီတာလပေါ့ကိုဘယ်လိုခေါ်ကြလျင်ဖြင့် ကောင်းမလဲပေါ့နော်၊
ထရံကပ်မှာတော့မဟုတ်ဘူး၊ တော်ရုံတန်ရုံကျူထရံဆို ပေါက်ထွက်သွားနိုင်တယ်။
အဆင်ပြေတဲ့တနေ့ ကျုပ်အဖေကို တာလပေါ့အကြောင်းလေးပြောခိုင်းဦးမယ်၊ ထိုင်းကရင်တွေဆိုတဲ့သီချင်း ထဲမှာကတော့ အစာရေဆာခေါင်းပါးတဲ့အချိန်မျိုးမှာ အမေဖြစ်တဲ့သူက မိသားစုအားလုံး ဝဝလင်လင်စားနိုင်ရေး အတွက် လက်ကျန်ဆန် နည်းနည်းလေးကို အိမ်ဘေးပတ်ဝန်းကျင်က ရတတ်ရာရာ အသီးအရွက် အပွင့် အဖူး အခက်ကလေးတွေနဲ့ရောနှော ချက်ပြုတ်ကျွေးမွေးရာကနေ တာလပေါ့ ဆိုတာဖြစ်လာတယ်တဲ့။
ဒါကြောင့် မျိုးဆက်သစ်ကရင်လူငယ်လေးတွေအနေနဲ့ တနှစ်တခါ တာလပေါ့ ကိုစားကြဘို့ သီချင်းထဲမှာသီဆို ပြသွားတယ်၊ ဆိုးရွားတဲ့ ဘဝကိုနောင်လာနောက်သားတွေ မမေ့ရအောင်တဲ့။
ကျုပ်တို့တတွေမှာလည်း နှစ်သစ် ကူးရောက်လျင် တာလပေါ့ ချက်ပြိုင်ပွဲတွေဘာတွေလုပ်ကြတာပဲမဟုတ်လား။ ဒိုင်လူကြီးတွေက တာလပေါ့ ကို မြည်းစမ်းကြည့်ပြီး အမှတ်ပေးကြတာဆိုပဲ။ စံတခုတော့ ထားသင့်တာပေါ့နော်၊ ကျုပ်သာ ဒိုင်လူကြီးလုပ်ရမယ် ဆိုလျင် တာလပေါ့ စားရင်းမြည်းရင်းနဲ့ အားလုံးကိုပဲအနိုင်ပေးမိလေမလား၊ ဒါမှမဟုတ် တယောက်မကျန် အရှုံးပေးမိမလားမသိဘူး၊ ဘာကြောင့်လဲဆိုတော့ ကျုပ်အမျိုးသမီးက ရွာမှာ တာလပေါ့ အချက်ပြိုင်လျင်သူ ချည်း နှစ်တိုင်း ပထမရတာ၊ ဆုလား။ ဆုက ကောက်ညှင်းဖင်ချွန် အတွဲကြီးတတွဲနဲ့ခြုံဆောင်တထည်။ ကျုပ်ကြားတာကတော့ ဒုက္ခသည်စခန်းနဲ့ ထိုင်းဗမာနယ်စပ်က ကျင်းပတဲ့ တာလပေါ့ ချက်ပြိုင်ပွဲတွေမှာ ငွေ ကြေးနဲ့သတ်မှတ်တယ်ဆိုပဲ။ ပိုက်ဆံနဲ့ဆိုတော့ မဆိုးဘူး ကျုပ်ဇနီးသည်ကို ဝင်ပြိုင်ခိုင်းပြီး နှစ်သစ်ကူးမှာ ဘီယာ ချမ်း နဲ့ လီပိုရောပြီး အာခေါင်ထဲမျှောလိုက်ချင်ပါရဲ့။
ဘီယာချမ်းနဲ့လီပိုဆိုလို့ ဝါသနာတူသူတယောက်ရဲ့ အသံဖိုင်လေး နားထောင်ကြည့်ပါလား၊ ဝါသနာတူတယ်လို့ ပြောရတာက အရက်သောက်တာကိုပြောတာ။ သူ့ကိုတွေ့လည်းမတွေ့ဘူးဘူး၊ မြင်လည်းမမြင်ဘူးဘူး။ အသံကို ကြားတော့ စိတ်ဝင်စားတာနဲ့ ကူးထားလိုက်တာပါ။ ဘလော့ပိုင်ရှင် တင်ထားတာအတော်ကြာနေပြီလားမပြောတတ်ဘူး။
မသောက်တတ်တဲ့သူကိုတော့ ကန်တော့ပါတယ်။ တောင်းပန်ပါ တယ်။ သူ့အသံဖိုင်ကို တာလပေါ့ အကြောင်းရေးဘို့ ရှာရင်းတွေ့ဖြစ်သွားတာ၊ စိတ်ဝင်စားလျင် နားထောင်ကြည့်ပေါ့နော်။ စိတ်မဝင်စားလျင်တော့ ကျော်သွားလိုက်ပါ။
တလက်စတည်း ပြောလိုက်ချင်တာက တာလပေါ့ သမိုင်းကြောင်းလေးသိလျင်ပြောကြပါဗျာ။
ကျန်းမာချမ်းသာပါစေ။
မင်းစိုးစံ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အသံဖိုင်ရဲ့ မူလလိပ်စာလေးကို ပြန်ရှာတာ မမှတ်မိတော့လို့ပါ။
ကြိုးစားရှာပြီး တွေ့လျင်တွေ့ခြင်း ပြန်ရေးပေးပါ့မယ်။
0 comments:
Post a Comment