ဖူ့တာမိက်ရဲ့အချစ်ခံစားမှု(အပိုင်း ၁)
(မင်းစိုးစံ)
နင့်ကို ငါသိပ်ချစ်တယ်။
တကယ့်ရင်ထဲက လာတဲ့စကားလုံးပါ နင့်ကိုထုတ်ပြောဘို့ ငါ့မှာသတ္တိမရှိဘူး။
ဘာကြောင့် လဲဆိုတော့ ငါ့မှာ နင့်မိဘတွေလိုချင်တဲ့ အရည်အချင်းတွေ မရှိလို့ပါ။
မိဘတိုင်းဟာ ကိုယ့်သားသမီးတွေ ဆင်းရဲ ဒုက္ခရောက်မှာကို စိုးရိမ်တတ်ကြတာဓမ္မတာပဲမဟုတ်လား။
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းသက်သက်မဟုတ်သလို ပေးဆပ်ခြင်းသက်သက်လည်း မဟုတ်နိုင်ဘူးလို့တော့ ထင်တာပဲ။ အိမ်ထောင်ရေးတခု တည်ဆောက်တဲ့အခါ အချစ်တခုတည်းကိုဦးစားပေးလို့မရနိုင်သလို အချစ်ဆို တာမပါလို့လည်း မသာယာနိုင်ပါဘူး။
တို့နှစ်ယောက်ပဲ အသက်ထက်ဆုံးအေးအတူ ပူအမျှ၊ ဆင်းရဲချမ်းသာ နဲ့ဘဝကိုတည်ထောင်ကြရမှာ ဘေးလူကို ဂရုစိုက်စရာမလိုဘူး ဆိုပေမယ့် လူဆိုတာက ပတ်ဝန်းကျင်နဲ့နေကြရတာမဟုတ်လား။
နင့်အမေရဲ့ သစ်ခုတ်တဲ့ပုဆိန်တလက်လိုထက်လှတဲ့ အပြောနဲ့ မိုးကြိုးတစဉ်းလို ပြင်းထန်လှတဲ့ နင့်အဖေရဲ့စ ကားလုံးတွေကြောင့် ငါတို့နှစ်ယောက်ရဲ့ သာယာလှပတဲ့ စိတ်ကူးယဉ်အချစ်ကမ္ဘာလေး ကွဲအက်ပျက်စီးခဲ့ရပြီ ပေါ့။
ကျုပ်ဘာတွေရေးနေမိလဲ မသိဘူး။ ကျုပ်အဲဒါလေးကို ရေးလိုက်တာ အကြောင်းမဲ့တော့ မဟုတ်တန်ဘူး။ ကျုပ်တို့ အမေနဲ့အဖေတို့ ခေတ်တုန်းက အဲဒီလိုအတွေးလေးတွေနဲ့ အိမ်ထောင်ရေးကို ဆုံးဖြတ်တတ်ကြတယ် တဲ့ဗျ။(အများစု)
ခုခေတ်တော့ လုပ်လိုက်လေ ကြာသလားလို့။ အချိန်မရွေး လာထား။ အချစ်နဲ့ပတ်သက်လာလျင် အရမ်းကိုသွေး ဆူနေကြတာလား ရူးသွပ်နေကြတာလား တော့မသိဘူး တချို့မိန်းကလေးအဆိုရှင်ရဲ့သီချင်းများဆို ကျုပ်တောင် ရင်ခုန်သွားတယ်။ တတိယအရွယ်၏ ဘာမသိညာမသိဝေဒနာမျိုးလားမသိဘူး။
သီချင်းက ……..လာခဲ့တော့မယ်……ဒို့လာမှာပဲ……… တဲ့။ ဇွတ်ကြီး။
ကျုပ်တို့အဖေနဲ့အမေတို့ခေတ်တုန်းက အဲဒီလို ဆိုဘို့မပြောနဲ့ တခြားလူတွေကြားမှာစိုးလို့ လေမှုတ်တူရိယာတမျိုးနဲ့ မိန်းကလေးရဲ့ အိပ်ခန်းနဲ့မလှမ်းမ ကမ်း အိမ်ဘေးတနေရာက နေရည်းစားစကား ချစ်စကားကြိုက်စကား တွေပြောကြတယ်တဲ့ဗျို့။
မိန်းကလေးက လည်း ကောင်လေးကိုချစ်တဲ့အကြောင်း အဲဒီလေမှုတ်တူရိယာလေးနဲ့ပဲ အကြောင်းပြန်သတဲ့။ လသာချင်သာမယ် လမိုက်လျင်မိုက်မယ် မိုးဖွဲဖွဲလေးရွာလျင်ရွာမယ် အေးချင်လည်းအေးမယ်၊ အဲဒီလိုညမျိုးတွေဆိုလျင် အပျိုလူပျိုလေးတွေရဲ့ တယောက်နဲ့တယောက် အချစ်ပြိုင်နေကြတဲ့ လေမှုတ်တူရိယာရဲ့အသံကို နားဆင်ကြည့်ချင်လိုက်စမ်းပါဘိတော့။
ခုခေတ်လိုကျပြန်တော့ လူသံကားသံတွေဆူညံနေတာ ဘယ်လိုလုပ်နားထောင်ရမှာတုန်း။
လူစိတ်ကင်းတဲ့ ဗမာစစ်အစိုးရတပ် ကြီးစိုးတဲ့ခေတ်ကြီးမှာညဘက် အပြင်ထွက်ပြီးလမ်းသလားမိလို့ကတော့ အသုဘဖြစ်ဘို့သာ ပြင်ထား။
ဒီတော့ ရိုးရာယဉ်ကျေးမှုလေးတွေ အလိုလိုပျောက်ကုန်တော့တာပေါ့။ လူမဆန်တဲ့ ဗမာစစ်တပ်ကြောင့် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အိမ်ယာခြံမြေ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ပညာရေး လူမှုရေးအားလုံးဗျာ။
ပျက်စီးတိမ်ကော ပပျောက်ကုန်ကြရတဲ့ အကြောင်းရင်းတွေထဲမှာ သေခြာတဲ့အချက်တချက်ဗျ။
မင်္ဂလာမရှိတဲ့ ဒီခွေးရူးတွေအကြောင်းရေးရတာ သိပ်တော့မကောင်းဘူး။
အဲဒီလေမှုတ်တူရိယာပစ္စည်းကို ပိုးက ရင်လို ဟှိင်(ဂိမ်) လို့ခေါ်တယ်။ ဗမာလိုကတော့ မိကျောင်းလျှာ ဒါမှမဟုတ် သံဝင်တဲ့။ စကောကရင်လိုကျတော့ တ်ုဃှီ(တခီ) လို့ခေါ်တယ်။ ကျုပ်အဖေပြောပြတာကတော့ ပုရစ်အကောင်လေးတွေရဲ့အသံကို အတုယူပြီးအဲဒီ သံဝင် လို့ခေါ်တဲ့ မိကျောင်းလျှာကို တည်ထွင်အသုံးပြုကြတာတဲ့။
ကဲ နားထောင်ကြည့်ဗျာ အဲဒီ (တ်ုဃှီ) (ဟှိင်) မှုတ်တဲ့လူက ဘာတွေပြောနေသလဲဆိုတာ။
ညီအစ်ကိုရဲ့အခန်းက ဆူညံနေလား၊ ဒါမှမဟုတ် ကွန်ပျူတာလေးနဲ့ နားထောင်နေတာလား၊ Song box နဲ့နားထောင်နေတာလား၊ အသံရှင်းရှင်းလေးနဲ့ သူပြောပြတာကို သိချင်လျင် အကြံပေးပါရစေ။ Ear phone နဲ့ နားထောင်ပေတော့။
ကရင့်ရိုးရာယဉ်ကျေးမှုများကို အမှန်တကယ် မမှားမယွင်းထိန်းသိမ်းနိုင်ကြသူများ တိုးတက်ပွါးများလာပါစေ။
ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အရုပ်ကလေးတွေက မြစ်နဒီကိုးသွယ်ရဲ့ ဘလော့ထဲကနေ ကူးယူထားတာပါ။
အသံကတော့ မဲလဒုက္ခသည်စခန်းက ဆရာစိန်တင်အေးရဲ့ ယဉ်ကျေးမှုဌာနက နိုင်ငံခြားသူတဦးကို
ပေးလိုက်တဲ့ သူတို့ရဲ့ လုပ်ငန်းဖြစ်ပေါ်တိုးတက်မှု အချက်အလက်တွေထဲက ကူးယူထားတာပါ။
0 comments:
Post a Comment