+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, September 11, 2011

ပြောင်းလွဲခြင်းဆိုသည်မှာ




မြန်မာငွေစက္ကူအချို့
ပြောင်းလွဲခြင်းဆိုသည်မှာ

(မင်းစိုးစံ)

ပြောင်းလွဲသည်ဟုဆိုရာဝယ် နေရာတခုမှ အခြားနေရာတခုဆီသို့ အခြေအနေတခုမှ အခြားအခြေအနေတခုခု သို့ အရောင်အဆင်းတမျိုးမှ အခြားအရောင်သို့ ပုံမှန်အနေအထားမျိုးမဟုတ်ပဲ ရှိရင်းစွဲမှတမူထူးကဲစွာ ကွဲပြား ခြင်း သို့တည်းမဟုတ် သိသာထင်ရှားစွာဖြစ်ပေါ်သွားခြင်းမျိုးကို ပြောင်းလွဲခြင်းဟုဆိုပါလျင် လုံးဝ မှန်ကန်သည် ဟု မဆိုနိုင်သော်လည်း လုံးဝမှားမည်မထင်ပါ။

ဥပမာအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ယခင်ငွေစက္ကူ(1948-1960)နှင့် (1962-2011)လက် ရှိငွေစက္ကူတို့၏ အနေအထားခိုင်မာမှု မခိုင်မာမှု ငွေစက္ကူပေါ်ရေးသားထားသည့် အရေးအသားကွဲလွဲသွားခြင်း များသည် အမှန်တကယ် ထင်ရှားသည့်အမှတ်သညာတခုဖြစ်သည့်အတွက် ပြောင်းလွဲသည်ဟု အခိုင်အမာပြော ဆိုနိုင်ပါ၏။

(1944-1945)ကာလ ထုတ်ဝေသုံးစွဲသော ငွေစက္ကူများ၌ ဗမာနိုင်ငံတော်အတွင်း၌ပေးဝေရန် ဗမာနိုင်ငံတော်အ စိုးရက တာဝန်ခံသည် ဟုရေးသားထားပြီး လှရှိန်(ဘဏ္ဍာရေးဌာန အတွင်းဝန်)ဟု လက်မှတ် ရေးထိုးထားသည် ကိုတွေ့ရှိရပါသည်၊ ထို့နောက်(1948-1952)အထိ ငွေစက္ကူများတွင် ဗမာနိုင်ငံတော်အစိုးရ ငွေစက္ကူထုတ်လုပ်ရာ ဌာနတိုင်း၌ လဲလှယ်ခွင့်ရှိကြောင်းအာမခံသည် ဟုရေးသားထားပြီး မောင်ကောင်း အဖွဲ့ဝင် (ဗမာပြည်ငွေကြေး အုပ်ချုပ်မှုအဖွဲ့) ဟုလက်မှတ်ရေးထိုးထားပါသည်။

ကြားကာလအတွင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် ငွေစက္ကူထုတ်လုပ်ရာဌာနတိုင်း၌ ငွေကျပ် ၁၀၀နှင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံပါသည် ဟုရေးသားကာ စံလင်း အုပ်ချုပ်ရေးမှူး(ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ် ကိုယ်စား)ဟု လက်မှတ်ရေးထိုးထားပါသည် ဗမာပြည်လွတ်လပ်ရေးရပြီးခေတ်ဖြစ်၍ မောင်ကောင်း မှ စံလင်း သို့ အုပ်ချုပ်သူများ ပြောင်းလွဲသွားသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ငွေကြေးသည် တစုံ တရာပြောင်းလွဲမှုမရှိခဲ့ပဲ ခိုင်မာမြဲခိုင်မာလျှက်ရှိနေခဲ့ပါသည်။

(1962)သို့ရောက်သောအခါတွင်မူ ငွေစက္ကူများပေါ်၌ အဆိုပါအရေးအသားများမပါရှိတော့ပဲ ပြည်ထောင်စုမြန် မာနိုင်ငံတော် ပြည်သူ့ဘဏ် ဟုသာရေးသားသုံးစွဲလာခဲ့ရာမှ(1962-1977)ကြားကာလတွင် ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဟုရေးသားသုံးစွဲလာပါတော့သည်။ ပြည်သူ့ဘဏ် ဆိုသည့်စာသားကို ဖြုတ်ပစ်လိုက်ခြင်း သည်ပင် အပြောင်းအလွဲတခုဟု ဆိုနိုင်လိမ့်မည်ထင်ပါသည်။

(1988-1994)အရောက်၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဟုပြောင်းလွဲရေးသားလိုက်သည့်အပြင်(1996) မှစ၍ ထုတ်လုပ်သောငွေစက္ကူများတွင်မူ ဗမာ့လွတ်လပ် ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကိုပင်ဖေါ်ပြခြင်းမ ရှိတော့ချေ၊ ပြည်ထောင်စု ဆိုသည့်စာသားပင်မပါရှိတော့သည့် အခြေအနေမျိုးဖြစ်ခဲ့သည်မှာ
ယနေ့ထက်တိုင်ပင်ဖြစ်သည်။

ယနေ့ဗမာ(မြန်မာ)တို့၏ အသက်မွေးမြူရသောအခြေအနေနှင့် ယခင်ဗမာ(မြန်မာ)တို့၏ အသက် မွေးမြူရသော အနေထားသည်များစွာမျှ ကွာခြားလှပါသည်၊ ၀င်ငွေနှင့်ထွက်ငွေမမျှသည့်အတွက် သမာအာဇီဝ ကျကျရှာဖွေ စားသောက်ရန်မဖြစ်နိုင်တော့သည့်အခါ မမှန်မကန်သောနည်းဖြင့် မရှာစားလျင်မဖြစ်နိုင်လောက် အောင်ပင် အခြေအနေကတွန်းပို့နေပြီဖြစ်သည်၊ ဤသည်လည်း ထင်ရှားသည့်အပြောင်းအလွဲဖြစ်ပါသည်။

ယနေ့ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်)တွင် စစ်မှုထမ်းနေကြရသော စစ်သည်တော်များနှင့် ယခင်ဗမာ့တပ်မ တော်(မြန်မာ့တပ်မတော်)တွင် စစ်မှုထမ်းခဲ့ကြသော စစ်သည်တော်တို့၏ ရည်ရွယ်ချက်တို့ အထူးကွာခြားလာမှု သည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် သမားရိုးကျ ပြောင်းလွဲမှုမဟုတ်ပဲ ထူးခြားသည့်ပြောင်းလွဲမှု များဖြစ်ခဲ့သည် ဖြစ်နေစေသည်မှာ အမှန်ပင်ဖြစ်သည်။

ထိုကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အပြောင်းအလွဲလုပ်မည်ဟု အသံကောင်းဟစ်နေသော လက်ရှိဗ မာ စစ်အာဏာရှင်(မြန်မာ စစ်အာဏာရှင်) အစိုးရ၏ တကယ့်အနေအထားသည် အယဉ်ကျေးဆုံးစကားလုံးသုံး ၍ ပြောရပါလျှင် ပါးစပ်က ဘုရားဘုရား လက်က ကားယားယား သမားများသာဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဗမာ စစ်အစိုးရ(မြန်မာ စစ်အစိုးရ) အာဏာရယူပြီးနောက်ပိုင်းကာလများတွင် တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့် အကျင့်ပျက်ခြစားခြင်း မသမာမှုနှင့်ကိုယ်ကျင့်တရားပျက်ဆီးခြင်းတို့အပြင် အဆင့်ဆင့် နိုင်ရာစား လုပ်နေခြင်းတို့သည် နှစ်ပေါင်းများစွာကြာညောင်းလာသည်နှင့်အညီ ထိုအကျင့်ဆိုးများ ကို ပြု ပြင်နိုင်စွမ်းမရှိတော့ သည်သာမက မိရိုးဘလာ ထုံးစံအဖြစ်လက်ခံကျင့်သုံးနေကြပြီး ဖြစ်သောကြောင့်ဖြစ်သည်။

အရာရာကို လက်နက်အားကိုးဖြေရှင်းလျင် ရနိုင်သည်ဟုရူးမိုက်သောအတွေးအခေါ်များကို ပြင်နိုင်စွမ်းမရှိခြင်းကြောင့် လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည်ဖေါ်ဆောင်ရွက်မည် မဟုတ်သည်မှာ
အသေအခြာပင်ဖြစ်၏။

တို့ဗမာအစည်းအရုံးအဖွဲ့မှ ဆရာဗန်းမော်တင်အောင်သည် ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာ နယ်တွင် ကရင်အမျိုးသားများနှင့်ငြိမ်းချမ်းရေးပြဿနာ ခေါင်းစဉ်ပါဆောင်းပါး၏ တနေရာ၌ ယခုကယ့်သို့ရေးသားဖေါ်ပြထားပါ၏

ထို့ကြောင့် ဖက်ဆစ်နှင့်ဒီမိုကရေစီဘယ်သင်းရွေးမလဲ ဟူ၍ မဲခေါ်ကာတက်လာခဲ့သော ပထစ အစိုးရ(ပြည် ထောင်စု အစိုးရ)သည် ၁၃နှစ်ကျော်ကျော်၁၄နှစ်ခန့်မျှ ကရင်အမျိုးသားများအပေါ်စစ်ပြုနေသော မိမိတို့၏လုပ် ငန်းကို ပြန်လည်စဉ်း စားသင့်လှပြီဟု တင်ပြလိုသည်။

မြန်မာနိုင်ငံတော်၏သမိုင်းတလျှောက်လုံး မည်သည့်တိုင်းရင်းသားလူမျိုးစုနှင့်မှ ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခဲ့ခြင်းမရှိသောကရင်အမျိုးသားများ၏ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေခြင်း သည် ပြည်ထောင်စုကြီးတရပ်လုံး၏အရေးအနေနှင့်သော်လည်းကောင်း၊ မှန်ကန်သည် သို့မဟုတ် မှားယွင်း သည် ဆိုသောအချက်ကို လေးလေးနက်နက်စစ်ဆေးတွက်ချက်ဘို့ လိုအပ်လှပြီ ဟုထင်ပေသည်။

သမိုင်းတလျှောက်လုံး မိမိတို့၌ရှိတတ်သမျှကလေးနှင့် အေးအေးချမ်းချမ်းနေထိုင်ခြင်းပြုလာခဲ့သော ထိုတိုင်းရင်း သားလူမျိုးစုများ၏အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်း၍ မရနိုင်ရမည်နည်း။

ထို့ကြောင့်နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများအပေါ်၌ ၁၃နှစ်ကျော်မျှကျင့်သုံး၍ အောင်မြင်ခြင်းလည်း မရသော လက်နက်အားကိုးဝါဒကိုအမြန်ဆုံးရပ်စဲကာ ကရင်အမျိုးသားများ၏ပြဿနာကို မှန်မှန်ကန်ကန် ဖြေ ရှင်းခြင်းပြုနိုင်ရန်အတွက် ကရင်အမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့် လင်းလင်းနှင့်ရင်းရင်းနှီးနှီး ဖြေရှင်းသင့်လှသည်ထင်ပေသတည်း။

ဤသည်တို့ကိုထောက်လျင် မဟာဗမာ အဆက်ဆက်သည် ကရင်လူမျိုးနှင့်အခြားတိုင်းရင်းသားလူမျိုးများအား ဖိနှိပ် ချိုးဖဲ့ မျိုးဖြုတ်ရန်ကိုသာ အဓိကထားလုပ်ဆောင်နေခဲ့ကြသည်မှာ ထင်ရှားသည့်သာဓကများပင်ဖြစ်ပါ၏ ဆက်လက်၍ လုပ်ဆောင်နေသည့်နည်းတူ လုပ်ဆောင်နေဦးမည်သာဖြစ်၏။

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တို့ ဗမာ့လွတ်လပ်ရေးအမျိုးသားခေါင်းဆောင် အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံကိုချိတ်၍ ဓါတ်ပုံရိုက်ပြ လိုက်ရုံမျှဖြင့် ပြောင်းလွဲသွားပြီဟုထင်မြင်နေသူ ခပ်ကြောင်ကြောင် လူအချို့တို့ကြောင့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသည် အလွန်ပင်ဝေးကွာနေဦးမည်သာဖြစ်သည်။

အာဇာနည်နေ့ကို ပိတ်ပင်ထားရာမှ ပြန်လည်ခွင့်ပြုခြင်း၊ ဆရာတော်ဦးဥတ္တမနေ့ကို ပြန်လည်ခွင့်ပြုခြင်း၊ မြန်မာ သတင်းထောက်များကို ပြည်တွင်းသို့ဝင်ရောက်သတင်းရယူခွင့်ပြုခြင်း၊ လွှတ်တော်အတွင်းသို့နိုင်ငံခြားသတင်း မီဒီယာသမားများကို သတင်းရယူခွင့်ပြုခြင်း စသည်စသည်တို့ကိုပြုရုံမျှဖြင့် ဗမာစစ်အာဏာရှင်များ ပြောင်းလွဲ လာပြီဟုယုံကြည်ယူဆနေသူများသည် ထိုင်းနိုင်ငံအတွင်းရှိ ကရင်ဒုက္ခသည်များ စခန်းအပြင်ထွက်၍ နေ့စားအ လုပ်လုပ်ပြီးရရှိလာသည့်ငွေထောင်ဂဏန်းကို ထိုင်းရဲမှဖမ်းဆီးသိမ်းယူပြီးနောက် ကားခ တဆယ်နှစ်ဆယ်ပြန် ပေးလိုက်သည်ကို ကျေးဇူးတင်ရုံမက စေတနာရှင် ကယ်တင်ရှင်ကြီးအဖြစ် အထင်မှားနေသည့် ဒုက္ခသည်များ အဖြစ်နှင့် မည်သို့မျှခြားနားမည်မဟုတ်ချေ။

စာရေးသူနားလည်သည့် ပြုပြင်ပြောင်းလွဲခြင်းဆိုသည်ကား မိမိရရှိထားသည့် ငွေအသပြာကို တပြားတချပ်မျှမ ကျန်အောင်ပြန်ပေးလိုက်ရုံဖြင့် နောက်နောင်ထိုသို့သောအဖြစ်မျိုးပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည်ဟုဆိုရုံ ဖြင့် ပြုပြင်ပြောင်းလွဲသည်ဟုမယူဆပဲ တိတိကျကျအရေးယူဆောင်ရွက်နိုင်သည့် ခိုင်မာသည့်ဥပဒေကိုပြဌာန်း၍ ထိထိရောက်ရောက်လိုက်နာကျင့်သုံးမှသာလျှင် အမှန်တကယ်ပြောင်းလွဲသည်ဟု ဆိုရမည်ဖြစ်ပေသတည်း။

ကျန်းမာချမ်းသာကြစေသောဝ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment