|
Monday, September 19, 2011
အထမ်းသမားတဦး၏ ဗမာ့စစ်အစိုးရနိုင်ငံရေးကစားမှုအပေါ်အမြင်
နိုင်ငံရေးအမြင်တွေဘာတွေ ဆိုလိုက်လို့ နိုင်ငံရေးသမားတယောက်လို့တော့ မထင်လိုက်ကြပါနဲ့၊ သာမာန်အ ထမ်းသမားတယောက်ပါ၊ ဟုတ်ကဲ့ စာဖတ်နေကြတဲ့သူတွေအထဲမှာ အထမ်းသမားတွေပါနေမလားတော့ မဆို နိုင်ပါဘူး၊ အထမ်းသမားဆိုတဲ့နေရာမှာ ရေထမ်းတာ၊ ဘူတာရုံ၊ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာအခကြေးငွေယူ ပြီး ထမ်းတဲ့အထမ်းသမား၊ ထိုင်းနိုင်ငံထဲက လူသုံးကုန်ပစ္စည်းတွေကို ဗမာပြည်ထဲရောက်အောင် အခကြေးငွေ ယူပြီး ထမ်းပိုးသယ်ဆောင်တဲ့ အထမ်းသမားနဲ့ ဗမာစစ်တပ်ရဲ့ လက်နက်ရိက္ခာတွေကို အလကားမတ်တင်းမနိုင် ၀န်ထမ်းရတဲ့အထမ်းသမား စတဲ့အထမ်းသမားတွေထဲမှာမှ အမျိုးသမီးအထမ်းသမဆိုတာအနည်းနဲ့အများ ရှိမှာ
ဖြစ်ပါတယ်။
ဒါကြောင့်ကျုပ်က အပေါ်ကမေးခွန်းကိုမေးကြည့်လိုက်တာပါ၊ တချိန်တုန်းကအထမ်းသမားတွေဆိုလျင်တော့ ဘယ်အမျိုးအစားထဲက အထမ်းသမားမဆို စိတ်ဝင်စားမှာမဟုတ်လို့ပါ၊ ဘ၀က လွမ်းလောက်စရာမျှမရှိပဲလေ။
ကျုပ်က အဲဒီအထမ်းသမားသုံးမျိုးသုံးစားတွေထဲက အိမ်နီးချင်းထိုင်းနိုင်ငံထဲကနေ ဗမာပြည်ထဲကို အခကြေးငွေ ယူပြီးထမ်းတဲ့ ၀ါရင့်အထမ်းသမားတယောက် ဖြစ်ပါတယ်။ ခြင်းကြားကြီးတွေမလိုပဲ ပစ္စည်းတွေကိုမြွေခွံအိတ်ထဲ ထည့်ပြီးထမ်းပိုးနိုင်အောင် ပစ္စည်းပစ္စယတွေကို လိုရာစခန်းရောက်တဲ့အထိ မပြေမလျှော့ မပြုတ်မကြေအောင် စည်းနှောင်နိုင်တဲ့ အထမ်းသမားပါ။
အဲဒီလိုစည်းနှောင်ထုပ်ပိုးတတ်တာလေးနဲ့ တကယ့်ဝါရင့်စူပါလူလိမ်လူညာ ဗမာစစ်အုပ်စုရဲ့ နိုင်ငံရေးကစားမှုအ ပေါ်မြင်တဲ့အမြင်က အိတ်ထဲထည့်လို့ရမှာမဟုတ်ဘူးလို့ ပြောကြမလားပဲ၊ ဟုတ်ပါတယ် ဘ၀သင်ခန်းစာဆိုတာ ကျောင်းသင်ခန်းစာနဲ့မတူပါဘူး အဲဒီအတွက် တန်ဘိုးသတ်မှတ်မယ်ဆိုလျင် သတ်မှတ်တဲ့လူဟာ အလိုလိုနေ ရင်း ငါးရိုးစူးမှာစိုးလို့ ငါမစားတဲ့လူတယောက်ဟာ ငါးရဲ့အရသာကို မသိနိုင်သလို ဘ၀ကပေးတဲ့သင်ခန်းစာတွေရဲ့ အဘိုးနဂ္ဂကိုလည်း ရနိုင်မှာမဟုတ်ပါဘူး။
(တတ်လို့ရေးနေတာမဟုတ်ဘူး၊ ကိုယ်ပညာမတတ်တာကို ပညာမတတ်ပါဘူးလို့မပြောပဲ လူတွေအမြင်ကပ် အောင် တမင်ရေးနေတာ)
အဲဒီအချိန်ကာလတုန်းကဆိုလျင် ဖလူးဂိတ်၊ ၀မ်းခါဟောင်း၊ ၀မ်းခါသစ်၊ ရေကျော်၊ မောဖါးသူး၊ မောဝါးဆူး၊ သေ့ ကာယာ့၊ ဒဲဖါထော၊ မော်ဖိုးကေ၊ မယ်သဝေါ စတဲ့စတဲ့ဂိတ်တွေကနေ လူသုံးကုန်ပစ္စည်းအတော်များများနဲ့ စား သောက်ကုန်နည်းနည်းပါးပါးကို သယ်ယူထမ်းပိုးနေရတဲ့ခေတ်ပေါ့ဗျာ။
မြတ်သလားမေးလျင် မြတ်ပါတယ်၊ ဒါပေမယ့် အသက်နဲ့ရင်းရပါတယ်၊ ဗမာစစ်ကြောင်းနဲ့တိုးလို့ကတော့ဗျာ သေဘို့အသင့်ပြင်ထားပေတော့၊ ပစ္စည်းပြန်ရဘို့ဆိုတာတော့ လုံးဝမတွေးမိလေနဲ့။ အထမ်းသမားတွေသေလိုက် ကြတာများ အခုလို မီဒီယာခေတ်မျိုးသာဆိုလျင် ရေးလို့တောင်ကုန်မယ်မထင်ဘူး။ ငှက်ဖျားကြောင့် ငှက်ဖျားနဲ့ ပတ်သက်ဆက်နွယ်တဲ့ အူယောင်ငန်းဖျားရောဂါ အသည်းယောင်အသားဝါရောဂါ စတဲ့စတဲ့ရောဂါတွေခံစားရင်း သေသွားကြရတာတွေကလည်း မနည်းမနောပါပဲ။ အများဆုံးသေရတာကတော့ ဗမာစစ်အစိုးရရဲ့ လူသတ်စစ် တပ်လက်ချက်ဖြစ်ပါတယ်၊ ရွာမှာအေးအေးဆေးဆေးလယ်လည်းမလုပ်ရ ကြက် ၀က် ဘဲ ဆိတ် မွေးပြန်တော့ ဗမာစစ်တပ်က လုစား၊ အထုပ်ထမ်းစားပြန်တော့ ပေါ်တင်ကြီးအသတ်ခံရ။ ဒါကြောင့်မီဒီယာသမားတွေ နားရမှာ မဟုတ်ဘူးလို့ရေးလိုက်တာပါ၊ အဲဒါတွေနဲ့အတူ လွမ်းမောစရာ ရယ်မောစရာ နာကျည်းစရာ ခံပြင်းစရာ ဒေါသ ဖြစ်စရာ စတဲ့ဇာတ်လမ်းလေးတွေဟာလည်း အထမ်းသမားတွေရဲ့ဘ၀ကြားမှာ အများကြီးရှိခဲ့ပါတယ်။
စကားစပ်မိလို့ အဲဒီထဲက ဇာတ်လမ်းလေးတခုရေးပြပါ့မယ်။ မှောင်ခိုအထုပ် ထမ်းသမားဆိုတာ ကတ္တရာလမ်း လိုလမ်းမျိုးမှာ ၀န်စည်စလွယ်တွေကို ထမ်းပိုးရတာမျိုးမဟုတ်တဲ့အပြင် ဆင်ခြေလျှောကုန်းမြင့်တွေကနေတောင် အောက်ကို ထမ်းချရတာမျိုးရှိသလို တောင်အောက်ကနေ တောင်ပေါ်ကို ထမ်းတင်ရတာမျိုးပါ။
ကျောက်တုံး ကျောက်ခဲ ကျောက်သားကျောက်စိုင်တွေဆိုတာကလည်း ဘယ်လိုမျှရှောင်လို့မရပါဘူး။ အဲဒီကျောက်တုံးတွေ ကျောက်စိုင်ကျောက်သားတွေကို ခန့်မှန်းနင်းပြီး ထိန်းလျှောက်ကြရပါတယ်၊ ကီလိုချိန်ခြောက်ဆယ်လောက် ရှိ တဲ့အထုပ်ကိုထမ်းရင်း အမြန်လျှောက်ကြရတာပါ။ မိုးရွာပြီဆိုလျင်တော့ အဆင်းအတက်ကြမ်းတဲ့ လမ်းကလေး ဟာ ကျောက်တုန်းလေးတွေက ရွှံ့ဗွက်တွေနဲ့လျောပြီးချောနေတတ်ပါတယ်။
အဲဒီလို မိုးဖွဲဖွဲရွာချနေတုန်း အထမ်းသမလေးတယောက်ဟာ တောင်ပေါ်ကနေ တောင်အောက်ကိုအဆင်း ခြေ ချော်ပြီး အထုပ်နဲ့အတူ ပက်လက်လန် လဲကျသွားပါတယ်၊ အဲဒီလို လဲကျတော့သိတော်မူကြတဲ့အတိုင်းပါပဲ အမြင်မတော်တာတွေ မြင်ရပါတော့တယ်၊
အထုပ်ကလည်းလေး၊ လူကလည်းပမ်း၊ ငှက်ဖျားတက်ချင်နေတဲ့ မိန်းကလေးခမျာ ဘယ်လိုမျှ ပြန်မထနိုင်ရှာပါဘူး၊ အထမ်းသမားတွေ အဖေါ်တွေမှာကလည်း အလေးချိန်ကိုယ် စီကိုယ်ငှနဲ့ဆိုတော့ ရုတ်တရက်ဘယ်လိုမျှမကူနိုင်ရှာပါဘူး။
တောင်အောက်ကနေ တက်လာတဲ့ယောက်ျားကြီးတယောက်ကို ဦးကြီးရယ် ငါ့ကိုလုပ်စမ်းပါဦး လို့အကူအညီ တောင်းတော့ သဘောကောင်းတဲ့ယောက်ျားကြီးက ဦး မလုပ်ပါဘူး ငါ့တူမလေးကို ထူပေးမှာပါတဲ့ အဲဒီတော့ ငိုအားထက် ရယ်(ရီ)အားသန်ကြပါရော။
အဲဒီလိုတောတောင်ကြားထဲကနေ မြေပြန့်ကိုရောက်ပြီဆိုတာနဲ့ စစ်ခွေးတွေဘယ်နေရာမှာရှိနေသလဲဆိုတာကို စုံစမ်းကြ သတင်းမေးကြ လုပ်ရင်း စစ်တပ်ဂိတ်တွေမှာ ဂိတ်ကြေးတွေပေးပြီးလိုရာစခန်းကို အရောက်ထမ်းပိုးကြ ရပါတယ်။
တနေ့မှာတော့ ဂိတ်ကြေးတောင်းတဲ့အတိုင်း ငွေပေးပြီးလှည်းနဲ့ပြန်အလာ ရပ် ဆိုတဲ့အသံနက်ကြီးနဲ့အတူ စစ် ခွေးတစု လှည်းဆီကိုစခန်းသိမ်းတိုက်ပွဲပုံစံမျိုးနဲ့ ကျားထိုးပြီးပြေးလာကြပါတယ်၊ ပြီးတော့ လှည်းပေါ်က အထုပ် တွေထဲက အထုပ်ရဲ့အပေါ်မှာ ကိုယ့်အိမ်မှာသုံးဘို့ သားသမီးတွေကျောင်းသွားလျင် ၀တ်ဘို့အတွက်ဝယ်လာတဲ့ ဘိနပ် ပိတ်စ ထီး စတာတွေပါတဲ့ အထမ်းသမားတွေရဲ့ လွယ်အိတ်လေးတွေရှိပါတယ်၊ အဲဒါကို ဗမာ့သား ကောင်းစစ်သည်တော်တွေက ဖြုတ်ယူသွားကြပါတော့တယ်။
အဲဒါကို မကြေမချမ်းဖြစ်နေတဲ့ အထမ်းသမားတွေက သူတို့ချွေးနည်းစာနဲ့ ၀ယ်လာခဲ့တဲ့ပစ္စည်းတွေကို ပြန်ပေး ဘို့တောင်းကြတော့ သူတို့ရဲ့ အရာရှိက မင်းတို့ဘာမှတ်သလဲ အခုမင်းတို့ကို ချက်ခြင်းပစ်သတ်လိုက်လို့ရတယ် ကြာတယ်ကွာ အဲဒီဝါးပိုးရုံရှေ့မှာတန်းစီ ကဲရဲဘော်တို့အသင့်ပြင် ဆိုပြီးအမိန့်ပေးလိုက်ပါတယ်၊ မရှေးမနှောင်း လေးမှာပဲ ပြည်သူ့စစ်ခေါင်းဆောင်ရောက်လာပြီး ဗိုလ်ကြီး ဗိုလ်ကြီး သူတို့ကိုဘာမျှမလုပ်ပါနဲ့ သူတို့မသိလို့ပါ ပြန်လွှတ်ပေးလိုက်ပါ ဆိုပြီးပြောပါတယ်။
အဲဒီမှာအထမ်းသမားတွေ ပြန်လွတ်လာကြပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုတော့ ဘာတခုမျှပြန်မရရှာ ပါဘူး။
အဲဒါမဟာဗမာ စစ်အစိုးရရဲ့ ဒီကနေ့လက်ရှိကစားပြနေတဲ့ နိုင်ငံရေးကစားကွက်ပါပဲ၊ မီးစတဖက် ရေမှုတ်တဖက် တွေဘာတွေပြောမနေနဲ့ အားလုံးမီးစချည်းပဲဆိုတာ မြင်နိုင်ကြပါစေ။
မြစ်ဆုံစီမံကိန်းကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ပြည်သူ့ဆန္ဒကို လိုက်လျောဖို့ သဘောတူလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲကို ၀န်ကြီး ဦးဇော်မင်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ အမှတ် (၁)၊ အမှတ် (၂) စက်မှုဝန်ကြီး၊ (စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ) ဦးစိုးသိန်းရဲ့ စီမံကိန်းကို ပြန်သုံးသပ်ဖို့ အကြံပြုချက်ကို ဦးဇော်မင်းက လက်ခံသွားတာပါ။
ဝန်ကြီး နောက်ဆုံး ပြောသွားတဲ့အချိန်မှာ ဘာပါလဲဆိုတော့ အဲဒီဟာတွေ လုပ်တဲ့အချိန်တုန်းက သူတို့ဆီမှာ ၀န်ကြီးဌာန သီးခြားမရှိပါဘူးတဲ့။ အခု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဋ္ဌာနဆိုတာ ရှိလာပါပြီတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေလည်း ရေးဆွဲနေပါပြီတဲ့ ပေါ်နေပါပြီတဲ့။ ဥပဒေဟာလည်း မကြာမီ ပေါ်ပေါက်တာ့မှာ ဖြစ်တဲ့အတွက် ဒီ issue နဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို လွှဲပေးပါ့မယ်တဲ့။ အဲဒီဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါ့မယ်လို့ ဦးဇော်မင်းက ပြောပါတယ်။
ကဲ အဲဒါပဲကြည့်ကြ ဘယ်လောက်ပိုင်တဲ့ အလိမ်အညာလည်းဆိုတာ ပထမဆုံး နားမခံနိုင်အောင် အသံကို အသားကုန်တင်လိုက်တယ်၊ နောက်တော့ပြန်လျှော့ချလိုက်တယ်၊ ကျုပ်လို ဘ၀ကို အထမ်းသမားအဖြစ်နဲ့ ရပ်တည်လာတဲ့လူတယောက်တောင်မျှ ဒီလိုမြင်သေးတယ်ဆိုလျင် ဒီကနေ့ ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက် ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဒါမှမဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို လုပ်ခဲ့တဲ့ လုပ်နေတဲ့ ဆက် လုပ်မယ့် လူတွေအပေါ် နွားရှေ့ထွန်ကျူးသလို ဖြစ်သွားတယ်ဆိုလျင် ခွင့်လွှတ်နားလည်ပေးဘို့ တောင်းပန် ရင်း။
ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အစိမ်းရောင် စာလုံးများသည် ဒီမိုကရက်တစ် မြန်မာ့အသံမှ ရေးသားထားသည့် သတင်းအချို့ကို ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment