ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏
အခန်းကဏ္ဍ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏
အခန်းကဏ္ဍ
Written by ဒေါက်တာထွန်းဝင်း
Saturday, 17 September 2011
ဤဆောင်းပါးကို ရေးသားရသော အကြောင်းရင်းကတော့ Weekly Eleven ဂျာနယ် ၂၀၁၁ ခုနှစ်စက်တင်ဘာလ ၁၄ ရက်နေ့ထုတ်၌ မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများကို ဖတ်ရှုရပါသည်။ အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟုဆိုပါသည်။ ရှင်းပြခဲ့သောနေရာကတော့ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံပွဲ တစ်ခုဖြစ်သော စက်တင်ဘာ ၁၁ ရက်နေ့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်ပါ၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ နာမည်ကျော် စာရေးဆရာကြီးများ၊ အငြိမ်းစားပါမောက္ခ၊ အယ်ဒီတာချုပ်များက ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားမှာကို စိုးရွံ့ကြပါသည်။ တိုင်တိုက်ဆိုင်ဆိုင် SAVE THE IRRAWADDY ဟူသောဟောပြောပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စာရေးဆရာများနှင့် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်တို့က ဧရာဝတီမြစ် ထိခိုက်မှာကို စိုးရိမ်ကြကြောင်း သိရပါ၏။
သို့သော် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးကတော့ ကန့်ကွက်မှုတွေရှိစေကာမူ စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ၏။ ထို့ပြင် Weekly Eleven ပါ သတင်းအရ စီမံကိန်း ဆက်လက်လုပ်ကိုင် နေကြောင်း သိရပါ၏။
သို့ပါ၍ ဧရာဝတီမြစ်ကြီးအတွက် စိုးရိမ်နေကြသူတို့မှာ စိတ်မချမ်းသာမှုကို ခံစားရမည်ဆိုတာကတော့ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။
ဧရာဝတီကို စောင့်ရှောက်လိုသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သစ် (သို့) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
စာရေးသူကျွန်တော်သည် လက်လှမ်းမီသည့် ဂျာနယ်များကို ဖတ်ရှုရာ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားရာတွင် နိုင်ငံတော်က ပြည်သူတွေထိခိုက်မည့်ကိစ္စကို လုပ်မှာမဟုတ်ဟု ပြောကြားခဲ့ပါ၏။ တစ်ဖန်လျှပ်စစ်စွမ်းအား အမှတ် (၁) ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မည်ဟုဆိုပါ၏။ အထက်ပါ ၀န်ကြီးနှစ်ဦး၏ ပြောကြားချက်သည် ဆန့်ကျင်ဘက်ဟု မဆိုသာပါ။ ၀န်ကြီးဦးကျော်ဆန်းက စီမံကိန်းကို ရပ်မည်ဟု ပြောတာမဟုတ်။ ပြည်သူထိခိုက်ရင် မလုပ်ဘူး၊ မထိခိုက်ရင် လုပ်မယ်ဟုဆိုရာ ယခုအမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးက စီမံကိန်းဆက်လုပ်မယ်ဆိုပါ၍ ဤကိစ္စသည် ပြည်သူကိုမထိခိုက်ဟု ယူဆသည်ဟု ကောက်ချက်ဆွဲရပါမည်။ တခြားတစ်ဖက်ကလည်း ဧရာဝတီမြစ်ကြီးကို ထိခိုက်ပါပြီဟု ယူဆကြရာ ထိုသို့ယူဆသူတွေ မျှော်လင့်ချက် မှေးမှိန်လာပါသည်။
သို့သော် တိုက်ဆိုင်မှုတစ်ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ပေါ်ပေါက်လာရာ ဤကိစ္စနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဘယ်လိုမှတ်ချက် ပေးမလဲဆိုတာကတော့ ပတ်ဝန်းကျင်ဝါဒီတို့သည် မျှော်လင့်ချက်တစ်ခုအဖြစ် စောင့်စားနိုင်ပါသည်။ ၀န်ကြီး၏ ယခင်တာဝန်မှာ သစ်တောရေးရာဝန်ကြီးဖြစ်၍ သစ်တောကိုပဲကာကွယ်ရန် အဓိကကျပြီး ဧရာဝတီမြစ်ကို ကာကွယ်ရန်အဓိကမကျပါ။ ယခုတော့ အဓိကကျလာပါပြီ။
စာရေးသူကျွန်တော်သည် တစ်ခါတုန်းက ရနံ့သစ်မဂ္ဂဇင်း ၂၀၁၁ ခုထုတ် အမှတ် ၂၈ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်ဒေါ်ရင်ရင်လေးနှင့် တွေ့ဆုံခြင်းကဏ္ဍကို ဖတ်ခဲ့ဖူးပါ၏။ ဒေါ်ရင်ရင်လေးဆိုသူမှာ ၁၉၉၂ မှ ၂၀၀၅ အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်တွင် အမှုထမ်းခဲ့သူဖြစ်ပါသည်။
ဒေါ်ရင်ရင်လေး၏အဆိုအရ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ရေတိုသာမကဘူး၊ ရေရှည်လည်း ကြည့်ရမယ့်အလုပ်၊ နိုင်ငံတိုင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေး ဖွံ့ဖြိုးမှုရှိရမှာဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာလည်း ရှိကိုရှိရမည်"ဟု ဆိုပါ၏။ "စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဟာ ဟန်ချက်ညီရမယ်။ Balance ရှိရမယ်"ဟု ဆိုပါသည်။
ဘယ်ဝန်ကြီးဌာနမှာမဆို ဖွံ့ဖြိုးရေးစီမံကိန်းလုပ်သည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပါတည်း တွဲလုပ်သင့်တယ်ဟု ဆိုပါ၏။ ဒေါ်ရင်ရင်လေး၏ အဆိုအရ တရုတ်ပြည်ကို ဥပမာပေးရာတွင် ယခင်က တရုတ်ပြည်မှာ စီးပွားရေးတိုးတက်ဖို့ တွန်းလုပ်ခဲ့ပြီး ယခုပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပြန်ကြည့်နေရတယ်ဟု ဆိုပါ၏။
အာဆီယံရည်မှန်းချက်မှာ ဆိုရင်လည်း ခရစ်နှစ် ၂၀၂၀ မှာ အာဆီယံဒေသကြီးတစ်ခုလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ဖြစ်ရမယ် ဟုဆိုပါ၏။
အာဆီယံနိုင်ငံများတွင် စင်ကာပူသည် ၁၉၇၂ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိနေပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ ၁၉၈၀ ခုနှစ်ကတည်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဆိုတာ ရှိနေပါပြီဟု ဆိုပါ၏။
အထက်ပါစကားရပ်များကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်၌ အလုပ်လုပ်ခဲ့သော ၀န်ထမ်းတစ်ဦး၏အသံ (voice)သာလျှင် ဖြစ်ပါ၏။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဆိုသည်ကတော့ ပိုမိုအဆင့်မြင့်သွားပြီဖြစ်ရာ ၎င်းထက်ကျယ် လောင်သော Voice တစ်ခုထွက်လာလိမ့်မည်ဟု မျှော်လင့်စရာရှိပါသည်။
တကယ်တော့လည်း ဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဌာနအချင်းချင်း နည်းဗျူဟာသဘောကွဲလွဲမှုဆိုတာ ရှိစမြဲဖြစ်ပါ၏။ ဥပမာ တစ်ခါက အာဆီယံနိုင်ငံတစ်ခုတွင် HIV ကာကွယ်ရေး စီမံကိန်းလုပ်ရန် မြို့နယ်စီမံကိန်း အရာရှိနှင့် မြို့နယ်ဆရာဝန်တို့ ပူးပေါင်းမိပြီး ပြည့်တန်ဆာများလေးများကို မြို့နယ်ဆရာဝန်ရုံးသို့ဖိတ်၍ ကွန်ဒုံးဝေပါသည်။ ကျန်းမာရေး ဆွေးနွေးပွဲလုပ်ကြ၏။ ရက်အနည်းငယ်ကြာတော့ ရဲဌာနက ဒါကိုသိသွားပြီး ကွန်ဒုံးဝေတာ လက်ခံခဲ့သော ပြည့်တန်ဆာမလေးများကို မသင်္ကာမှုနဲ့ခေါ်စစ်ပါတယ်။ ဒါနဲ့ ကွန်ဒုံးဝေတဲ့ ကိစ္စလည်းပျက်သွားပါတယ်။ ရဲလည်း မြို့နယ်ဆရာဝန်ကို ၀မ်းနည်းစကားဆိုတာက သူ့ကိုခွင့်လွှတ်ပါ။ သူ့တာဝန်သူ လုပ်တာပါလို့ ဆိုပါတယ်။ မြို့နယ်စီမံကိန်းဆရာဝန်နဲ့ မြို့နယ်ဆရာဝန်ကလည်း သူတို့တာဝန်သူတို့လုပ်ရတာပါ။ ဒီတော့ တာဝန်နှစ်ခု ပဋိပက္ခဖြစ်ပါတယ်။ ဒီကိစ္စမျိုးကို မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဖြေရှင်းညှိနှိုင်းရပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စဆိုလျှင်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ၀န်ကြီးဌာနပေါင်းစုံ ညှိနှိုင်းရမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ တင်ပြရမည်ဆိုပါသော် ကျွန်တော်သည် ပန်းနာရင်ကြပ် အက်စမာရောဂါသမား တစ်ယောက်ဖြစ်ပါ၏။ ပန်းနာရင်ကြပ်သမားများသည် အောက်ဆီဂျင်ကို အလွန်မြတ်နိုး၏။
ထိုကမ္ဘာကြီး ပူနွေးလာမှာ၊ သစ်တောတွေ ပြုန်းတီးမှာ၊ မော်တော်ကား မီးခိုးတွေများမှာ သိပ်ကြောက်ပါတယ်။ ပတ်ဝန်းကျင် ယိုယွင်းလာလို့ ပန်းနာရင်ကြပ်သမားတွေဟာ အသက် ငါးနှစ်လောက်စီတော့ တိုကြလိမ့်မယ်ထင်ပါတယ်။ တလောက စာရေးဆရာကြီး နန္ဒသိန်းဇံသည် အသက် ၆၅ နှစ်မှာ ရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ရာ အကယ်၍ ပတ်ဝန်းကျင်သာ မယိုယွင်းရင် အသက် ၇၀ လောက်တော့ နေနိုင်လိမ့်မည်ထင်ပါသည်။
နိုင်ငံတစ်ခုမှာ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေလုပ်မယ်၊ ပတ်ဝန်းကျင် ယိုယွင်းမယ်ဆိုရင် ပန်းနာရင်ကြပ်သမားတွေဟာ စိုးရိမ်စိတ်နဲ့ ကတုန်ကရင် ဖြစ်တတ်ပါတယ်။ ဧရာဝတီမြစ်ကြီး ထိခိုက်မယ်ဆိုရင်တော့ ပို၍တောင်ကြောက်မိပါ၏။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်ထိခိုက်မယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ အများကြီးလာမှာပါ။
စိတ်သက်သာရာတစ်ခုတော့ တွေ့မိတာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရယ်လို့ ပေါ်ထွန်းလာခြင်းပါပဲ။ ကျွန်တော်တို့လို ပန်းနာရင်ကြပ်သမားတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေရာဝန်ကြီးဌာနကို မိမိတို့၏အနာဂတ်ကယ်တင်ရှင်အဖြစ် မျှော်လင့်စောင့်စားမိပါကြောင်း။
Source Article from http://www.news-eleven.com/
0 comments:
Post a Comment