+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, November 17, 2011

ကြွေမလား ဝေမလား

ဓါတ်ပုံတွေကတော့ ဆေးရုံကအပြန်မှာ ရိုက်ထားတာပါ။

ကြွေမလား ဝေမလား

(မင်းစိုးစံ)

မမှားသောရှေ့နေ မသေသောဆေးသမား ဆိုတာမရှိပေမယ့် အမှားကင်းအောင်ကြိုးစားနေထိုင်ကြတဲ့ လူ့အသိုင်းအ၀န်းထဲမှာ ကျုပ်လည်းပါနေတော့ မမှားအောင်သတိထားနေထိုင်ပါတယ်၊ အဲဒီလိုနေထိုင်
နေတဲ့ကြားကပဲ အမှားတွေဟာ မှားပြီးရင်းမှားရင်းနဲ့ အခုဆိုဘာမျှမလုပ်ရဲ မပြောရဲ မရေးရဲတဲ့အထိ
ဖြစ်နေပါတယ်။

နောက်ဆုံး မှားမှာစိုးလို့ အတွေးတောင်ကောင်းကောင်းမတွေးရဲတဲ့အထိ အခြေနေမျိုးရောက်နေပါပြီ၊ ဒီနေ့ လည်း ဆေးရုံသွားစရာရှိတယ်၊ မနေ့က ဆေးခန်းကိုသွားတော့ ဆေးခန်းက၀န်ထမ်းကနေ ကျုပ်အတွက် ဆေး
ရုံ Appointment စာရွက်တွေပေးလိုက်တယ်ဗျ၊ ကျုပ်ကလည်းအသက်ကလေးရလာတော့ခပ်မေ့မေ့ပဲ၊
ဒါ ကြောင့် မမေ့အောင်ဆိုပြီး Appointment စာရွက်တွေကို စာရေးခုံပေါ်တင်လိုက်တယ်။

ပြီးတော့ ဓါတ်ပုံကင်မရာ တောင်ဝှေး ခြေအိတ် ဘိနပ် လက်အိတ် ခေါင်းစွပ် အားလုံးအဆင်သင့်ပြင်ထားလိုက်
သလို ခါတိုင်းလိုမဖြစ်ရအောင် လက်ကိုင်ဖုံးအသစ်ကလေးကို အနွေးထည်အိတ်ထဲထည့်ထားလိုက်တယ်။

အပြင်မှာတော်တော်အေးတယ်၊ နှင်းတော့မကျသေးဘူး၊ လွန်ခဲ့တဲ့အပတ်တုန်းက ၀ါနေတဲ့သစ်ရွက်တ ချို့အပင်ပေါ်ကနေ ကြွေကုန်သလို တချို့အပင်ပေါ်မှာကျန်ရစ်တဲ့ သစ်ရွက်အချို့ကျတော့ အရောင်တွေ က ခပ်မွဲမွဲဖြစ်နေတာတွေ့ရတယ်၊ အနီရောင်ဆိုလျင် အနီရောင်မွဲချောက်ချောက်၊ အ၀ါရောင်ဆိုလည်း မွဲချောက်ချောက်အ၀ါရောင်ပေါ့ဗျာ။

ကျုပ်ပြောချင်တာကတော့ သစ်ရွက်တွေရဲ့အရောင်တွေဟာ မလှမပဖြစ်နေတာကိုပါ၊ပြီးတော့ လမ်း ဘေးဝဲယာ မှာလည်း သစ်ရွက်ချောက်တွေနဲ့။ ကျုပ်တို့ဆီမှာဆို နွေမှာမှသစ်ရွက်တွေကြွေတာကလား၊ ပြီးတော့ သစ်ပင်ကြီး သစ်ပင်ငယ်တွေဟာ ရိုးတံ ပြိုင်းပြိုင်းနဲ့၊ကျုပ်တို့ဆီကနဲ့ မတူပဲ အေးလိုက်တဲ့ဖြစ်ခြင်း။

တနေရာအရောက် လူကူးလမ်းမဟုတ်တဲ့နေရာကနေ လူမည်းသုံးယောက်ဟာ လမ်းကိုဖြတ်ကူးနေတာတွေ့
တာ နဲ့ ကားအရှိန်ကိုလျှော့ပေးလိုက်ပါတယ်၊ မောင်မင်းကြီးသားသုံးယောက်ကတော့ တင်ပါးအောက်အထိ
လျှောကျနေတဲ့ ဘောင်းဘီပွပွကြီးရဲ့ ခွကြားကိုလက်တဖက်နဲ့ကိုင်ပြီး ကားလမ်းကိုဖြတ်လျှောက်နေရင်းတ
ယောက် နဲ့တယောက် ဆေးလိပ်မီးညှိပေးနေကြပါတယ်၊ ကားလမ်းလို့တောင် မမှတ်တော့ပဲ၊ ဆေးလိပ်သောက်
တဲ့နေရာလို့မှတ်နေကြတယ်ထင်ပါရဲ့။

သူတို့ကိစ္စပြီးတဲ့အထိစောင့်ပေးလိုက်ရပါတယ်၊ နောက်တော့ သုံးယောက်စလုံးက ကျုပ်ကိုခေါင်းညွှတ်လိုက်
ကြပါတယ်၊ သဘောကတော့ တောင်းပန်တယ်ပေါ့ဗျာ၊ ဒီနိုင်ငံမှာက လမ်းဖြတ်ကူးတဲ့လူကို ကားမောင်းတဲ့လူ
က ဦးစားပေးရတယ်လေ၊ ကျုပ်တို့ဆီမှာကတော့ ကားလမ်းကိုအေးအေးဆေးဆေးဖြတ်ကူးဘို့မပြောနဲ့ ကားလမ်း ဘေးလျှောက်မိလျင်တောင် ကားသမားက မေတ္တာပို့တာ၊ မသာဖြစ်သွားချင်သလား တဲ့။

ဒီဆေးရုံကို ကျုပ်တခါတလေမှ ရောက်ဘူးတာဖြစ်ပြီး မရောက်တာကြာတဲ့အပြင် အသစ်ပြန်ဆောက်ထားတာ
ဆိုတော့ ကျုပ်သွားရမယ့် အခန်းကိုတော်ရုံနဲ့ရှာလို့မတွေ့ဘူး၊ ဒါပေမယ့် သူတို့ရေးထားတဲ့ လမ်းညွှန်အတိုင်း သွားလိုက်ရုံပါပဲ။ တကယ်လို့များ အခက်အခဲတခုခုရှိလို့ အကူအညီလိုလျင် ဆေးရုံဝန်ထမ်းကိုမေးလို့ရပါတယ်၊ ကျုပ်တို့ဆီမှာလို ရေလောင်းစရာမလိုပါဘူး။

အချက်အလက်စုံစမ်းရေးနေရာကိုရောက်လို့ ကျုပ်ရဲ့နာမည်နဲ့ မွေးနေ့တွေကိုပေးလိုက်တော့ ခင်ဗျားကို လာ ဘို့ပြောတဲ့နေ့ဟာ ဒီနေ့မဟုတ်ပါဘူး၊ နောက်လ ကိုးရက်နေ့ပါဆိုပြီး ကျုပ်ကို ပြောပြပါတယ်၊ ကျုပ်ကလည်းပို သေခြာအောင် ကျုပ်ရဲ့ ဆေးမှတ်တမ်းစာရွက်ကိုထုတ်ပြပြီး အဲဒီဆေးခန်းကပေးလိုက်တာဖြစ်တဲ့အတွက် အောက်က နံပါတ်ကိုဆက်ကြည့်ပါလို့ပြောလိုက်ပါတယ်။

အဖြေထွက်လာတာကတော့ မထင်မှတ်တဲ့အဖြေပါ၊ ဘာကြောင့်မှားတာတုန်းဆိုတော့ နေ့စွဲမှားသွားတာပါ တဲ့၊ ဥပမာဗျာ ၁၂-၀၉-၁၁ကို ၁၁-၀၉-၁၁ လို့ရေးမိသွားလို့ပါတဲ့ဗျား။

ကဲ မှတ်ကရော၊ အင်းပေါ့လေ အမှားဆိုတာက လူတိုင်းမှားတတ်တာပဲမဟုတ်လား၊ မမှားတဲ့လူဆိုတာရှိမယ်မ
ထင်ဘူး၊ အနည်းနဲ့အများတော့ လူတိုင်းမှားဘူးကြမှာပါ၊ ကျုပ်လည်းအကြိမ်ပေါင်းများစွာ အမှားလုပ်ခဲ့ဘူးပါ
တယ်၊ အလုပ်တခုနဲ့တခုမတူသလို အမှားတွေလည်းမတူကြပါဘူး။

သူများအမှားတွေကိုထောက်ပြရတာလွယ်သလောက် ကိုယ့်အမှားကို ကိုယ်မြင်ဘို့မလွယ်သလို ပြင်ဘို့လည်းမ လွယ်ပါဘူး၊ ကိုယ့်အမှားကို ကိုယ်မြင်တဲ့အချိန်ကျတော့ အားလုံးက လွန်နေပြီ၊ ဘာကြောင့်လည်းဆိုတော့ အလုပ်လုပ်လျင်မှားမှာပဲ ဆိုတဲ့အမြင်နဲ့လုပ်ကြကိုင်ကြတဲ့အပြင် မင်းတို့ငါ့နေရာမှာလုပ်နိုင်လျင် လာလုပ်ကြည့်
ပါလား၊ ငါ့လောက်မင်းတို့ အတွေ့အကြုံမရှိပါဘူး၊ မင်းတို့က ကလေးပါကွာ ဘာညာဘာညာဆိုပြီး နေရာယူထား
တာမို့ လူငယ်တွေမှာ လုပ်ချင်စိတ်ကိုင်ချင်စိတ်တွေပျောက်သွားကြတာမို့ တိုးတက်ဘို့ဆိုတာဝေးသည်ထက်ဝေး လာပါတော့တယ်။

ဝါးနုတွေတက်ချင်လျင် ၀ါးရင့်ကိုမှီရမယ်ဆိုပြီးလူငယ်တွေကို နေရာတကာမှာ မလိုအပ်ပဲ ထိန်းချုပ်တာက
လည်း တိုးတက်ဖြစ်ထွန်းမှုအတွက် အဟန့်အတားတမျိုးပဲလို့ ကျုပ်ထင်တယ်၊ သဘာဝသဘောတရားကို
လွန်ဆန်လို့ မဖြစ်နိုင်ပါဘူး၊ သစ်ရွက်တွေကြွေတယ်ဆိုတာ နောက်ထပ်အသစ်ထွက်လာမယ့် အရွက်တွေအ တွက်ဖြစ်သလို နှင်းကျလာလျင် အဲဒီအရွက်ကြောင့် ပင်စည်ထိခိုက်မှာကို ကာကွယ်တဲ့သဘောပါ။

အဲဒီတော့ ရွက်အိုရွက်ဟောင်းတွေကြွေချိန်ရောက်လို့ ကြွေပေးတာကိုက အပင်တပင်ရဲ့ ရပ်တည်ရေးအတွက် အလွန်မွန်မြတ်တဲ့ လုပ်ဆောင်ချက်ပဲလို့ယူဆမိပါတယ်၊ ရွက်ဟောင်းတွေက ကြွေရမယ့်အချိန်မှာမကြွေပဲ တင်းခံနေလိုက်မယ်ဆိုလျင် နှင်းတွေကျလာပြီဆိုတာနဲ့ သစ်ရွက်ကြောင့် နှင်းတွေပိပြီးတပင်လုံးလဲပြိုသွားနိုင်
ပါတယ်။

စာဖတ်သူသာရွက်အိုရွက်ဟောင်းတရွက်ဆိုလျင် အပင်မျိုးဆက်တည်တံ့နိုင်ရေးအတွက် ကြွေပေးမှာလား
ဝေနေမှာလား၊ မကြာခင်ကာလမှာ နှင်းတွေက သိပ်သိပ်သည်းသည်းနဲ့ကို ကျလာတော့မှာနော။
 
ဓါတ်ပုံတွေကတော့ ဆေးရုံကအပြန်မှာ ရိုက်ထားတာပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment