ဆန္ဒပြကိုယ်တော်များကို
မန္တလေးတွင်သီတင်းသုံးခွင့်မပြု
November 17, 2011 by နေသွင်
မန္တလေးမြို့မှာ ငြိမ်းချမ်းရေးတရားပွဲလုပ်တဲ့ သံဃာ ၅ ပါးကို မန္တလေးမြို့ပေါ်က ကျောင်းတိုက်တွေမှာ ဆက်လက် သီတင်းသုံးခွင့် မပြုတော့ဘူးလို့ ဆန္ဒပြသံဃာတွေက ပြောပါတယ်။ ယခင်က သီတင်းသုံးတဲ့ မန္တလေးမြို့ပေါ်က ရန်ကုန်ကျောင်းတိုက်မှာ ဆက်လက် သီတင်းသုံးခွင့် မပြုတော့ဘဲ သံဃာတော်တွေရဲ့ ဇာတိနယ်မြေဖြစ်တဲ့ မုံရွာကို မနက်ဖြန် နေ့ခင်းပိုင်းမှာ ပြန်လည်ပို့ဆောင်တော့မှာလို့ ဆန္ဒပြကိုယ်တော်တပါးက မိန့်ကြားပါတယ်။
“ဟုတ်တယ် ဦးဇင်းတို့ကို နက်ဖြန်နေ့လယ် ၁၂ နာရီကျရင် သူတို့အစီအစဉ်နဲ့ ကားနဲ့ပြန်ပို့ပေးမယ်ပြောတယ်။ သာသနာရေး ဝန်ကြီးဌာနကနေ အဖွဲ့အစည်းပေါင်းစုံ အားလုံးက ပြန်ခိုင်းတာပါ။ သံဃာ့နာယကကို။ ဦးဇင်းတို့ပြန်ရမယ်လေ။ မစိုးရိမ်ဆရာတော်ကြီးက တာဝန်ယူပြီးတော့မှ ဦးဇင်းတို့ကို ပြန်ခိုင်းတာ။ အားလုံးက တနယ်တည်း ဖြစ်နေတယ်။ ဒါကြောင့် အားလုံးတူတူပဲ ပြန်ကြမှာ။” မုံရွာကိုရောက်ရင် ဖမ်းဆီးတာတွေ မဖြစ်အောင် မန္တလေး မစိုးရိမ်တိုက်ဟောင်း ဆရာတော်ရဲ့ ထောက်ခံချက်လက်မှတ်တွေကို တစောင်စီ ထုတ်ပေးထားတယ်လို့ သိရပါတယ်။
သံဃာ ၅ ပါးဟာ အင်္ဂါနေ့မနက်က မန္တလေး မဟာမြတ်မုနိ ဘုရားကြီးဝင်းထဲမှာ ငြိမ်းချမ်းရေးတရားပွဲတွေကို စလုပ်ခဲ့တာဖြစ်ပြီး၊ နေ့တွင်းချင်း မစိုးရိမ်တိုက်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီနောက် မနေ့က နေ့ခင်းပိုင်းက မစိုးရိမ်တိုက်မှာ တနာရီကြာ တရားဟောပြီးနောက် ရေတော်ပိဋကပါလ ကျောင်းတိုက်ကို ထပ်မံပြောင်းခဲ့ရပြီး နောက်ဆုံး မူလနေရပ်တွေကို ပြန်ကြွကြဖို့ ဖိအားပေးခံရတာပါ။
မနေ့တုန်းကတော့ သံဃာတော်တွေရဲ့ မူလတောင်းဆိုချက်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရေး အချက်တွေပါဝင်တဲ့ တောင်းဆိုချက်တွေကို ဗဟိုသံဃာ့ မဟာနာယကအဖွဲ့နဲ့ အစိုးရအဖွဲ့ကို တရားဝင်လမ်းကြောင်းကနေ ပေးပို့သွားဖို့ မန္တလေးမြို့ပေါ်က နာယက ဆရာတော်တွေကို စီစဉ်ပေးခဲ့တယ်လို့ ဆန္ဒပြကိုယ်တော်တွေက မိန့်ကြားပါတယ်။ မနက်ဖြန် မုံရွာကို ပြန်မကြွခင်အထိ အခုနောက်ဆုံးသီတင်းသုံးနေတဲ့ ရေကျော်ကျောင်းတိုက်မှာပဲ ဆက်လက် သီတင်းသုံးခွင့်ပြုထားတယ်လို့ သိရပါတယ်။
Copy from http://burmese.dvb.no/archives/17946
0 comments:
Post a Comment