တို့ကတော့ သူတို့ထက်ပိုပါတယ် အပိုင်း (၁)
ဆီးနှင်းခဲတွေနဲ့ ခြောက်လလောက် ဖုံးလွှမ်းတာခံခဲ့ရတဲ့ စိန့်ပေါမြို့လေးဟာ
အခုတော့ ရာသီစက်ဝန်းရဲ့လည်ပတ်မှုကြောင့် ဆီးနှင်းတွေပျော်ကျလာတာနဲ့အမျှ
မြို့တော်ရဲ့အလှဟာ ပြန်လည်လို့ နိုးထလာပါပြီ။
ဒါပေမယ့် သစ်ပင်ပန်းပင်တွေကတော့ နဂိုလ်အတိုင်း မလန်းဆန်းမလှပသေးပါဘူး၊ မြက်ပင်နုကလေးများနဲ့အတူ၊ သစ်ကိုင်းတွေမှာတော့ အတက်ကလေးတွေဟာ
ဖူးတံချီလိုက်ပုံကတော့ နွေအကူးကို ကြိုနေသလိုပါပဲ။
တခါတလေရွာချလိုက်တဲ့ မိုးပြေးတွေကြောင့် နွေအကူး၊နွေ ဆောင်းအကူး၊ ဆောင်း
ဆိုပြီး ရာသီဥတုလေးမျိုးရှိတြဲ့ပည်နယ်မြို့တော်လေးဟာ တခါတလေ
နွေလား၊မိုးလား၊ဆောင်းလား ဆိုတာကို ခန့်မှန်းရခက်လှပါတယ်။
ဆောင်းတွင်းကာလတလျှောက် ပျောက်နေတဲ့ငှက်ကလေးတွေရဲ့
နွေကူးအကြို တေးသီသံတွေနဲ့အတူ ရှဥ့်ညိုလေးတွေကလည်း
ခုံပေါက်မြူးတူးလို့နေပါတယ်။
အပြာရောင်မျက်ဝန်းနဲ့ ရွှေအိုရောင်ဆံပင်၊ မှိုင်းပြပြဆံကေသာနဲ့ ငွေရောင်မျက်ဝန်းပိုင်ရှင်
မမလေးတွေကတော့ ကျန်းမာရေးအတွက် ဖိုးထဲ ထိုင်နေတဲ့ ခုံတန်းလျှားနဲ့ မနီးမဝေးက လူသွားလမ်းတလျှောက် မနှေးမမြန်ပြေးနေကြပါတယ်။
ဖိုးထဲ ထိုင်နားနေတဲ့နေရာက မြို့ထဲကနေရာလေးတခုပါ၊ မစ္စစ်စပီဲမြစ်ကမ်းနံဘေးက ကုန်းမြင့်လေးပေါ်မှာဖြစ်နေတော့ကာ မြစ်ထဲက လှေသင်္ဘောတွေ၊ မြစ်နဲ့ကပ်လျက်
ရထားတွေ ကားရောင်စုံတွေ ဥဒဟို သွားလာနေတာ၊အစုန်အဆန်ပြေးလွှားနေတာကို
ကြည့်ရင်း ကနေဒါက သူငယ်ချင်းတယောက်ပို့လိုက်တဲ့မဖတ်ဖြစ်တဲ့စာအုပ်နှစ်အုပ်ထဲက
ဘယ်စာအုပ်ကို အရင်ဖတ်ရရင်ကောင်းမလဲဆိုတာ တွေးနေတုန်း ဖုန်းဝင်လာလို့ ကောက်နားထောင်လိုက်တော့၊ သူငယ်ချင်း ဖိုးကျော်ရဲ့ ဖုန်းဖြစ်နေတယ်။
အကြောင်းကိစ္စ ထွေထွေထူးထူးမရှိတာနဲ့ ဖိုးထဲ စာအုပ်တအုပ်ကို ကောက်ဖတ်
နေလိုက်ပါတယ်။
ဗမာလိုဘာသာပြန်ထားတဲ့ ကရင့်သမိုင်းစာအုပ်ကိုဖတ်နေလိုက်တာပါ။
စာမျက်နှာနှစ်ရာ့ငါးဆယ် စာကြောင်းရည် ရှစ်ကိုရောက်တော့
ဖိုးထဲ ပိုစိတ်ဝင်စားသွားတယ်။
ယနေ့အချိန်တွင် ခရာဇ်ယာန်ဖြစ်သွားသောကရင်နှင့်၊ခရာဇ်ယာန်
မဟုတ်ကြသည့် ကရင်များကို နှိုင်းယှဉ်ကြည့်ပါက
ကရင်ခရာဇ်ယာန်များသည် ကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးစံ
များရှိနေသည်၊ အသိပညာလည်း ခရာဇ်ယာန်မဟုတ်သူများထက်
ပိုမြင့်လေသည်။
ကရင်၏နာမည်ကို လူသိများကျော်ကြားလာရန်အတွက်
ဆောင်ရွက်ကြရာတွင် ကရင်ခရာဇ်ယာန်များ၏လက်ထဲ၌သာ
အများအားဖြင့်ရှိသည် ကိုတွေ့ရသည်။
အဲဒီစာပိုဒ်ကို ဖိုးထဲဖတ်ပြီးသွားတော့ ရင်ထဲမှာ ဒီအရေးအသားတွေဟာ
ကရင်လူမျိုးအချင်းချင်း မျိုးနွယ်စုနဲ့ ကိုးကွယ်ယုံကြည်မှုကွဲပြားမှုအပေါ်
အထင်အမြင်တသေး နှိမ့်ချပြောဆိုရေးသားထားတာဖြစ်တဲ့အပြင်
ဘာသာမတူတဲ့ကိုယ့်အမျိုးသားတွေကို စော်ကားလိုက်တာပဲလို့
စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။
ယဉ်ကျေးမှုပိုရှိပါတယ်ဆိုတဲ့ ခရာဇ်ယာန်တယောက်အနေနဲ့ ဒီလိုအရေးအသားမျိုး
ရေးသင့်သလားဗျာ။
စကောကရင်ဘာသာနဲ့ရေးသားခဲ့တဲ့ သမိုင်းသုတေသီ ဆရာစောအောင်လှရယ်
ဗမာလိုဘာသာပြန်တဲ့ ဆရာစောတာမလာထူးရယ် စာအုပ်ထုတ်တဲ့ ဖူ့ခွဲကဘောင်တို့
အားလုံးဟာ ဘယ်လိုစိတ်ရင်းစေတနာ ဘယ်လိုသဘောထားမျိုးနဲ့ ဘာသာပြန်ရေးသား
ထုတ်ဝေကြသလဲဆိုတာကိုတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။
ဗမာလိုဘာသာပြန်တဲ့ ဆရာတာမလာထူးကပဲ သူ့အာဘော်ကိုထည့်ရေးလိုက်တာပဲလား၊
ဒါမှမဟုတ် သမိုင်းသုတေသီ ဆရာစောအောင်လှပဲ အမှန်တကယ်ရေးခဲ့တာလား ဆိုတာ
ကိုတော့ စကောကရင်လိုရေးထားတဲ့ မူရင်းစာအုပ်ကိုဖတ်ကြည့်မှပဲ အဖြေသိရမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဖိုးထဲ အဲဒီအရေးအသားတွေကို လုံးဝလက်မခံနိုင်ပါဘူး။
ဘာကြောင့်လဲဆိုရင် ဖိုးထဲဖြတ်သန်းကြုံတွေ့လာရတဲ့ အတွေ့အကြုံတွေအရ ကရင်မျိုးနွယ်စု
တွေထဲမှာ သဘာဝမကျတဲ့ ပြဿနာတွေက အမြဲလိုလိုရှိနေခဲ့၊ ရှိနေသေးလို့ပါ။
ကရင်ခရာဇ်ယာန်များသည် ကောင်းသည့်ယဉ်ကျေးမှုဓလေ့ထုံးစံများ
ရှိနေသည် ဆိုတဲ့စာကြောင်းက အပြင်မှာတကယ်ပဲလား။
စာရေးသူသမိုင်းသုတေသီ ဆရာစောအောင်လှနဲ့ ဘာသာပြန်တဲ့
ဆရာစောတာမလာထူးတို့အနေနဲ့ လူမျိုးတမျိုးရဲ့ယဉ်ကျေးမှုဟာ
တခြားလူမျိုးတမျိုးရဲ့ယဉ်ကျေး မှုထက် သာလွန်ကောင်းမွန်တယ်ဆိုတာ
ဘယ်လိုအကြောင်းအချက်တွေနဲ့ ပြောတာလဲဗျ။
ဖိုးထဲ ဖတ်ဘူးတဲ့ပညာရှင်တွေရေးတဲ့စာအုပ်ထဲမှာကတော့ လူမျိုးတမျိုးရဲ့ယဉ်ကျေးမှုဟာ
တခြားလူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုထက် ပိုကောင်းတယ်ဆိုတာမရှိပါဘူးတဲ့၊
ဘာကြောင့်လဲဆိုတော့ လူမျိုးတိုင်းရဲ့ယဉ်ကျေးမှုတွေဟာ တခုနဲ့တခုမတူတဲ့အတွက်
ပိုကောင်းတယ်၊ ပိုမြတ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ နှိုင်းယှဉ်တိုင်းတာလို့ မရဘူးဆိုပဲ။
အဲဒီစာကြောင်းအရဆိုရင် ခရာဇ်ယာန်မဟုတ်တဲ့ကရင်တွေက မကောင်းတဲ့ယဉ်ကျေးမှုတွေကို လက်ခံထိန်းသိမ်းထားတယ်ဆိုတာ ပြောလိုက်သလို၊ နောက်တခါ
ကရင်ခရာဇ်ယာန်တွေက အသိဥာဏ်ပိုမြင့်တယ် ဆိုတော့
ခရာဇ်ယာန်မဟုတ်တဲ့ ကရင်တွေက အသိဉာဏ်မဲ့တယ်လို့ ပြောလိုက်ရာရောက်နေပါတယ်။
ဖိုးထဲ မေးပါရစေ၊ ဖိုးထဲမှီခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလ ခရာဇ်ယာန်ကရင်
အများစုခေါင်းဆောင်တဲ့ KNU ရဲ့ သက်တမ်းတလျှောက်မှာ ကရင်မျိုးနွယ်စုတွေရဲ့ ဓလေ့၊
ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုတွေကို၊ မတိမ်ကော၊ မပပျောက်အောင်
အမျိုးသားရေးတာဝန်တရပ်အနေနဲ့ အကောင်အထည်ဖေါ်နိုင်ခဲ့ရဲ့လားဗျ။
ဒါဆိုရင် ခရာဇ်ယာန်ကရင်များတွင် ကောင်းသောယဉ်ကျေးမှု
ဓလေ့ထုံးစံများရှိနေသည် ဆိုတာ ဘယ်လိုယဉ်ကျေးမှုကိုပြောချင်တာလဲဗျာ။
ခရာဇ်ယာန်ကရင်တွေထဲ ပညာတတ်တွေ ပေါများလာတာနဲ့ ပတ်သက်ပြီး
ဖိုးထဲ မမှီလိုက်တဲ့ အချိန်အခါနဲ့ မှီတဲ့အချိန်အခါပေါ် ဉာဏ်မှီသလောက်
ပြောပြပါရစေ။
မြန်မာပြည်လို့ဆိုတဲ့ နေရာဒေသကို ကရင်တွေက အဦးဆုံးခြေချခဲ့ကြတဲ့အတွက်
မြန်မာ့စွယ်စုံကျမ်းထဲမှာ ကရင်ကို အရင်လို့ခေါ်တယ်ဆိုတာ ရေးထားတယ်ဗျ။
ကရင်တွေရဲ့ စရိုက်၊ ဗီဇလက္ခဏာကိုက ရိုးသားတယ်၊ ဖေါ်ရွေတယ်၊ အညှိုးအတေး၊
အာဂါတမထားတတ်ဘူး၊ လူမျိုးခြားကို အထင်ကြီးတတ်ကြတယ်၊ အယုံလွယ်တတ်ကြတယ်။
ဒါကြောင့်လဲပဲ နယ်ချဲ့ဗြိတိသျှတွေနဲ့ဆက်ဆံတဲ့အခါ တခြားတိုင်းရင်းသားတွေထက်
အခွင့်အရေးပိုရသလို၊ ပိုပြီးအသုံးချတာခံရတယ်၊ အဲဒါတွေကို ဒုတိယကမ္ဘာစစ်တုန်းက ဗမာနိုင်ငံသမိုင်းစာမျက်နှာမှာ တွေ့နိုင်ပါတယ်။
နယ်ချဲ့လက်ကိုင်တုတ်(ဒုတ်)ဖြစ်တဲ့ ခရာဇ်ယာန်သာသနာပြု ဆရာတွေဟာ
ကရင်လူမျိုးကြားထဲဝင်ပြီး ကြိုးဆွဲတဲ့အထဲမှာ အဓိကလူတွေဖြစ်လာကြတယ်၊
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ နယ်ချဲ့ဗြိတိသျှတွေရဲ့ ပါးနပ်တဲ့အကြံကြောင့်
ကရင်အတော်များများကို ခရာဇ်ယာန်ဘာသာထဲ အစီစဉ်တကျ သိမ်းသွင်းနိုင်ခဲ့သလို
သူတို့အတွက် လိုသလိုအသုံးချနိုင်ဘို့ ပညာရေးနဲ့ပတ်သက်ပြီး
လိုအပ်တာတချို့ကို ဖြည့်ပေးတဲ့အနေနဲ့၊ ကရင်တချို့ ခရာဇ်ယာန်သာသနာပြုဆရာတွေရဲ့
အကူအညီနဲ့ နိုင်ငံခြားမှာပညာသင်ကြားနိုင်တဲ့ အခွင့်အရေးကိုရရှိခဲ့ကြပါတယ်။
စအိုင်ခန့်
အမေရိကန်ပြည်ထောင်စု
ဤဆောင်းပါးအား အရေးအသားပုံစံကို ပြောင်းထားပြီး အနည်းငယ်အတိုချုပ်
လိုက်သည်မှလွဲ၍ စာရေးသူ စအိုင်ခန့်၏ အာဘော်များအတိုင်းသာဖြစ်ပါသည်။
(ပဉ္စမအကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။)
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အပိုင်း (၂) အားဆက်လက် စောင့်မျှော်ဖတ်ရှုစေလိုပါသည်။
|
Sunday, May 3, 2009
တို့ကတော့ သူတို့ထက်ပိုပါတယ် အပိုင်း(၁)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment