+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, June 24, 2009

စစ်သားကြီးတယောက် အကြောင်း

စစ်သားကြီးတယောက် အကြောင်း

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ထဲက မထင်မရှားရပ်ကွက်တခုလို့ပဲဆိုပါစို့။ ကျုပ်ကအဲဒီမှာမွေးခဲ့တာ၊ ဒေါ်ခင်ကြည်ဆေးရုံပေါ်မှာ၊ ကျုပ်ကိုယ်ကျုပ် ရန်ကုန်သားလို့ ပြောလို့ရမလားမပြောတတ်ဘူး။
ရန်ကုန်သားလို့ပြောရင်မမှားဘူးလို့ထင်တာပဲ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်က သိပ်အ ကြွားသန်တာ၊ အစားလည်း ကြီးတော့ မော်လမြိုင်သားဆိုလည်း မမှားဘူး။ မန္တလေးသား မဟုတ်တာကတော့ သေခြာတယ်၊ ကျုပ် စကားပြောအရမ်းညံ့တယ်။
ရန်ကုန်မှာမွေးပေမယ့် တောထဲမှာလူဖြစ်လာတာဆိုတော့ စကားပြောရိုင်းတယ်လို့ ပြောရမှာ ပေါ့ဗျာ။
ထိုင်း မြန်မာနယ်စပ် တော်လှန်ရေးနယ်မြေထဲကို ကျုပ် ၁၉၇၉ ကတည်းက အခြေချပေမယ့် ဘာရာထူးရာခံမှမရခဲ့ဘူး။ အပြောအဆိုရိုင်းစိုင်းလို့။
၁၉၈၂ ခုနှစ်မှာတော့ ကျုပ် မွေးရပ်ဇာတိကို ပြန်ဖြစ်တယ်။ ဖြစ်ချင်တော့ မန်းငွေအောင်တို့ ရန်ကုန်ကိုဝင်စီးတဲ့ အချိန်။ ကော့ကရိတ် မှတ်ပုံတင်ကိုင်တဲ့လူတွေ ချက်ခြင်းပြန်အပို့ခံနေရ တဲ့အချိန်မှာ မှတ်ပုံတင်မရှိတဲ့ကျုပ်အတွက် ထောက်ခံစာတို့ဘာတို့ဆိုတာက ငွေတပြားမှမ ကုန်ပဲ လုပ်လို့ရတယ်။ ဘာကြောင့်လည်းဆို ကျုပ်က ဒီရပ်ကွက်မှာမွေးလာတာ၊ အားလုံး ဇေပဲ။
ကျုပ်ရဲ့သူငယ်ချင်းမိန်းကလေးတွေက ကျုပ်ကိုကြည့်ပြီး နင်ဒီလို အရပ်အမောင်းမျိုးအထိ ရှိလိမ့်မယ်လို့ ငါတို့မထင်ဘူး၊ အသားကလည်းဖြူနေတာပဲ၊ ဘာညာပေါ့ဗျာ။
သိတယ်မဟုတ်လား၊ ငယ်ပေါင်းတွေဆိုတော့ အဖြူထည်သက်သက်၊ မရိုးသားတဲ့အမူအရာ လုံးဝမရှိတဲ့ တကယ့်အဖြူထည်။ ဘယ်လောက်ကြည်နူးစရာကောင်းသလဲ။ မြှောက်ပြောရင် ကြိုက်တဲ့အထဲမှာ ကျုပ်ပါတယ်။
မန်းငွေအောင်တို့ ရန်ကုန်ကိုဝင်စီးပြီးတဲ့ နောက်တနေ့မှာ ကျုပ်ရဲ့ငယ်သူငယ်ချင်း ချိုနိုင် ရောက် လာတယ်ဗျ။ စစ်လွယ်အိပ်အရှည်တလုံးနဲ့ စစ်စလွယ်သိုင်းအိပ်သေးလေးတလုံး။
ဝတ်ထားတာက အရပ်ဝတ်အရပ်စား။ စစ်မျက်နှာသုပ်ပုဝါတထည်က လည်ဂုတ်ပေါ်မှာ။
အသားညိုတယ်၊ အရပ်အမောင်းက ကျုပ်နဲ့မတိမ်းမယိမ်း။
ကျုပ်နဲ့သူ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတော့ ကျုပ်ကကျုပ်အကြောင်းကို ကရင်ပြည် နယ်ထဲက ရွာလေးတရွာမှာ အဆုံးသပ်ထားလိုက်တယ်။
ကျုပ်နဲ့သူက လည်ပင်းဖက်ပြီးကျောင်းတက်လာကြတာဗျ၊ ကျုပ်တို့ကျောင်းကို ဂျမားကျောင်း လို့ခေါ်တယ်။ ဗမာ့တပ်မတော်ရဲ့ဘခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ဘေး၊ ဂျမားလမ်းအတိုင်း ကုလားကုန်းကိုတက်၊ ကုလားကုန်းပေါ်မရောက်ခင် ညာဘက်ချိုး၊ နည်းနည်းလေးလျှောက် လိုက်ရင် ကျုပ်တို့ကျောင်းကိုရောက်ပြီ။
ကျုပ်တို့ရပ်ကွက်ကို အရင်တုန်းက နတ်မောက်စက်မှုလက်မှုကျောင်းဝင်းလို့ပဲ ခေါ်ကြတာ၊ အခုတော့ အဲဒီနေရာကို ကရင်ကုန်းလို့ခေါ်တယ်ဆိုပဲ။
သူ့အကြောင်းမပြောခင် သူ့အစ်ကိုအကြောင်းနည်းနည်းပြောပြမယ်။
သူ့အစ်ကိုအကြီးနာမည်က ချိုကြီး။
ကျုပ်တို့ မူလတန်းကျောင်းတက်နေချိန်မှာ သူ့အစ်ကိုကြီး ချိုကြီးက အဌမတန်း(ရှစ်တန်း)
ငါးထပ်ကြီးဘုရားနားက တရုတ်ကျောင်း(နမ်ယမ်)မှာကျောင်းတက်တယ်။
သူ့အစ်ကိုဟာ စာအရမ်းတော်တယ်၊ အားကစားလည်းဖြစ်တယ်၊ အတန်းထဲမှာ အတော်ဆုံး မဟုတ်တောင်မှ အလယ်အလတ်မကဘူး။
တနေ့တော့ လူငယ်ဘာသာဘာဝ သူငယ်ချင်းသုံးလေးယောက် အားလပ်ချိန်မှာ ရောက်တတ် ရာရာ စကားပြောနေရင်းကနေ မိန်းကလေးဘက်ရောက်သွားကြတယ်။
အဲဒီမှာ ကျောင်းသားတယောက်က
ကရင်မတွေဟာ သိပ်လွယ်တာပဲကွ၊ ခေါက်ဆွဲကြော်တပွဲ လောက်ကျွေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်
လို့ပြောတော့၊ ကိုချိုကြီးက
မင်းတို့ကလည်းကွာ ကရင်မဆိုတာကို ထည့်မပြောပါနဲ့ လွယ်တဲ့မိန်းကလေးဆိုမှ ဗမာမတွေလည်းရှိတာပဲ
လို့ ပြန်ပြောတော့ နောက်တယောက်က
ခေါက်ဆွဲကြော်ကများလွန်းတယ် ကရင်မဆိုတာ လ္ဘက်ရည် တခွက်လောက်နဲ့တင် အဆင်ပြေတာကွ လို့ ထပ်ပြောပြန်တယ်။ အဲဒီကျောင်းသားပြောလို့ ဆုံးရုံလေးရှိသေးတယ် နောက်တယောက်က မင်းတို့ပြောတာအားလုံးမှားတယ် မသေမချင်းမှတ်ထား ကရင်မဆိုတာမျိုးက အခုငါသောက်နေတဲ့ စီးကရက် အစီခံလေးပေးလိုက်ရုံနဲ့ အိုကေပဲ
လို့ပြောရင်း မီးခိုးငွေ့တန်းလန်းနဲ့ စီးကရက်တိုကိုမြေကြီးပေါ်ပစ်ချရင်းခြေထောက်နဲ့ နင်းချေလိုက်ချိန်မှာပဲ ချိုကြီးရဲ့ ဒေါသလက်သီးတလုံးဟာ အဲဒီကျောင်းသားရဲ့ မေးရိုးစီကိုဒိုင်းကနဲပြေးဝင်သွားသတဲ့
ထိချက်က ပြင်းမပြင်းဆိုတာတော့မသိဘူး၊ အဲဒီကျောင်းသားရဲ့ သွားနှစ်ချောင်း လော်ကယ်ရ ထားနဲ့ ဘုရားဖူးထွက်သွားပါသတဲ့။
ကျောင်းအုပ်ကြီးစီကိုရောက်သွားတော့ ကျောင်းသားသုံးယောက်စလုံးက ကျွန်တော်တို့က နောက်ပြောတာပါ ဆိုတဲ့စကားလုံးကို တွင်တွင်ပြောနေသလို ချိုကြီးကလည်း တမင် သက်သက် ကရင်လူမျိုးကိုစော်ကားတာ ဆိုတာနဲ့တချိန်လုံးတင်တာပေါ့။
နောက်ဆုံးတော့ သုံးယောက်နဲ့တယောက်ဖြစ်တဲ့ ချိုကြီးရလိုက်တဲ့ အပြစ်ကတော့ ကျောင်း ထွက်လက်မှတ်ပေါ်မှာ မင်နီသားထားတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ ကျောင်းထုတ်လက်မှတ်ပဲ ဖြစ်ပါတယ်။
အကြောင်းပြချက်က ကျောင်းသားအချင်းချင်းစကြနောက်ကြပြောင်ကြတာဖြစ်တယ်၊ ပြဿနာ ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးစီမှာ တိုင်တန်းပြောဆိုခြင်းမရှိပဲ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အတွက် ပါတဲ့ဗျား။
မြင်းကောင်းခွါလိတ်၊ ပန်းကောင်းအညွန့်ကျိုး ဆိုသလို ချိုကြီးတယောက်ပြည်ထောင်စုမြန်မာ နိုင်ငံတော်အတွင်းမှာရှိတဲ့ ဘယ်ကျောင်းမှာမှ တက်ရောက်ပညာသင်ကြားခွင့်မရှိတော့တဲ့ နောက် စစ်တပ်ထဲကိုရောက်သွားပါတော့တယ်။
ဟေ့ကောင် ချိုနိုင် မင်းစစ်ထဲဝင်တာ မင်းအစ်ကိုကြီးကိုအားကျလို့လား
လို့ ကျုပ်မေးတော့ သူက
ဘယ်ကလာ ဟုတ်ရမှာလဲ၊ ငါစစ်ထဲဝင်တာ ဦးတင်လှိုင်သမီး ပြုံးရီကြောင့်ကွ၊ သူ့အဖေ နဲ့အမေက ငါလပ်ယားလပ်ယားလုပ်နေတာကြောင့် သူ့သမီးနဲ့သဘောမတူနိုင်ဘူး၊ အလုပ်အ ကိုင်မရှိလို့ကတော့ လာမကပ်နဲ့ဆိုတော့ ငါလည်းလေးတန်းတောင်မအောင်တာကွာ စစ်ထဲဝင် တာပေါ့၊ အလုပ်အကိုင်ရှိပြီဆိုပြီး သွားတော့စစ်သားပဲစား၊ ရဲဘော်ပဲလှော်၊ ဆိုပြီးခါထုတ်တဲ့ အပြင် ငါတို့သမီးကို ရွှေပေါ်မြတင်ပြီးမွေးလာတာ ပဲကျွေးမယ့်မင်းလက်ထဲ ထည့်မပေးနိုင်ဘူး ဆိုပြီးလုပ်ပြန်ရော၊ ငါအရမ်းခံစားရတယ်ကွာ၊ ပြုံးရီနဲ့ငါက သမီးရည်းစားမက လင်မယားမကျ အခြေနေမျိုးကွ။
အခုငါပြန်လာတာ ငါ့အဖေရဲ့ သမ၀ါယမလက်မှတ်ကိုရွေးပေးဘို့နဲ့ ပြုံးရီငါ့အပေါ်ဘယ်လိုသ ဘောထားသလဲဆိုတာ သိချင်လို့ပဲ။ ဒီမှာမင်းမြင်လား ငါသေနတ်ယူလာတယ် အဲဒါ ဒီဗမာ အဖိုးကြီးနဲ့အဖွါးကြီး ကဂျိုးကဂျောင်လုပ်လို့ကတော့ အမျိုးပြုတ်ပြီသာမှတ်။
ကျုပ်ကြည့်လိုက်တော့ စစ်လွယ်အိပ်အရှည်ထဲမှာ မောင်းပြန်သေနတ်တလက် ကျည်အပြည့်နဲ့ ကျည် ကပ်နှစ်ကပ်အပြင် ကျည်ဆံတချို့ပွကျဲနေတာတွေ့လိုက်ရတယ်။
မင်းအဖေရဲ့ သမ၀ါယမလက်မှတ်က ဘာကြောင့်ရွေးပေးရမှာလည်း
လို့မေးတော့ သူက
ငါ့အဖေက မင်းသိတဲ့အတိုင်း ငါတို့ငယ်ငယ်လေးထဲက အရက်သောက်လာတာ၊ အမေက သူ့ဒါဏ်မခံနိုင်တော့လို့ မြစ်ဝကျွန်းပေါ်ပြန်သွားပြီလေကွာ။ တယောက်ထဲကျန်တော့ အရက်ပိုသောက်လာတယ်၊ ပိုက်ဆံမရှိတော့ အဲဒီလက်မှတ်သွားပေါင်ထားတာ၊ ပြန်ရွေးနိုင်ရင် ငါ့အဖေရဲ့စားရေးသောက်ရေး မပူရဘူးပေါ့၊ ပေါင်ထားတာကလည်း ပြုံးရီတို့အမေစီမှာ။
ငါ့ညီမလေးနဲ့ နှစ်ယောက်ထဲနေနေရတော့ သိပ်တော့အဆင်မပြေဘူးပေါ့၊ ဒီကြားထဲ တာ
ဝန်ကျေစပါးသွင်း ရပြန်တော့ ငါကြားတာက ကောင်စီလူကြီးတွေရှေ့မှာ ငါ့အမေ ၀က်စာ စားပြတယ်ဆိုတာသိရတယ်၊ စပါးတွေတာဝန်ကျေသွင်းရတော့ စားစရာမှမကျန်တာ
ငါဝက်စာစားတယ်၊ငါဝက်စာစားတယ် လို့အော်ရင်း စားပြတယ်ဆိုပဲ။
ငါက ခမရ ၄၄၊ မင်းပြောတဲ့ရွာကို ငါရောက်တယ် မင်းတို့မိသားစုကိုလိုက်မေးတာ တယောက်မှမသိဘူး၊ ငါတို့မိုးတွင်းဘက်ကြီး အပစ်ခံရတုန်းက သေနတ်ခြောက်လက် ရေထဲမြုတ်သွားတယ်၊ ပြန်ဆည်ခိုင်းတာမရဘူး။ ငါသိပါတယ် ရေငုတ် ရှာတဲ့လူတွေ ရေအောက်က မြက်တောထဲမှာ ၀ှက်ထားတယ်ဆိုတာ။
အဲဒီတော့မှကျုပ်က
ဟုတ်ပြီ လှေဆိပ်က လှေတွေကိုချောဆွဲပြီး မှောင်ခိုအထုပ်လိုက်ဖမ်းတာ လေ၊ ရေလည်မှာအပစ်ခံရတာ အဲဒါမင်းတို့အဖွဲ့လား၊ ပြီးတော့ ငါတို့ရွာက ဘဲတအုပ်ကို သစ်ကိုင်းနဲ့ရိုက်ပြီး ဘောင်းဘီအိပ်ထဲထည့်ထားတဲ့ ရဲဘော်တွေစီက ဘဲတွေကိုပြန်ထုတ်ပေးတဲ့ ဆရာဆိုတာ ဘယ်သူလဲမသိဘူး။
သူက
အဲဒါငါပဲကွ၊ မဟုတ်တာကွာ၊ ကိုယ့်ကိုပစ်ပြီးပြေးတဲ့ကောင်တွေနောက်မလိုက်ပဲ ရွာသား တွေရဲ့ဘဲကို အချောင်စားချင်တဲ့ကောင်တွေ ဒူးထောက်တန်းစီခိုင်းပြီး ရင်ဘတ်ကို ငါစောင့်ကန် ပစ်လိုက်တယ်။ အဲဒီတုန်းက ငါက ရိုးရိုးတပ်ကြပ်ပဲရှိသေးတာ။
ငါမမေ့နိုင်တဲ့ တိုက်ပွဲတပွဲရှိတယ်ကွ။အဲဒီတိုက်ပွဲမှာ ငါတို့ အတော်အထိနာတယ် ကဒိုင်ဒိတိုက် ပွဲလို့ လူသိများတယ်။ ငါတို့ ထောင်ချောက်မိတယ်လို့ပဲပြောရမှာပေါ့၊ တောင်တွေပတ်လည် ၀ိုင်းနေတဲ့ ကွင်းပြောင်ထဲအရောက် အနွှာခံလိုက်ရတာ၊ တိုက်ပွဲဖြစ်တော့ ကုန်းမြင့်တွေအပေါ် နေရာတက်ယူပေမယ့် အဲဒီကုန်းပေါ်ကနေ ပုံပျက်ပန်းပျက်ပြန်အဆုတ် တပ်ရင်းမှူးတယောက် ဒါဏ်ရာနဲ့ကျန်နေတယ်၊ အဲဒါတပ်ရင်းမှူးကို ပြန်ချလာဘို့လူရွေးတော့ငါလည်း နာမည်စာရင်း ပေးလိုက်တယ်၊ နောက်တန်းကိုပြန်ရောက်ရင် ဗိုလ်သင်တန်းတက်ခွင့်ပေးမယ် ဆိုလို့ပါ။ ကြိုးနဲ့တွယ်တက်ပြီးတပ်ရင်းမှူးကိုထမ်းချအလာ တ၀က်မှာတင် လက်နက်ကြီးကျည်က ကြိုးကိုထိပြီး နှစ်ယောက်သားမြေကြီးပေါ်ကိုဝရုန်းသုန်းကားနဲ့ကျတာပဲသိလိုက်တယ် ငါသတိရလာတော့ မင်္ဂလာဒုံ စစ်ဆေးရုံကိုရောက်နေပြီ။ တပ်ရင်းမှူးမသေဘူး။ ငါလည်း ဗိုလ် သင်တန်းတက်ဘို့ ပြည်ကိုသွားရတယ်။ အဲဒီမှာ ပညာအရည်အချင်းမရှိပေမယ့် ရဲစွမ်းသတ္တိရှိ တဲ့ငါ့ကို အထူးလေးစားကြောင်း၊ စစ်ဗိုလ်တယောက်ဆိုတာ သေရေးရှင်ရေး ကိစ္စမျိုးနဲ့ကြုံလာ ရင် အချိန်တိုအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ချရတာမို့ ရဲဘော်မှာအဲဒီအရည်အချင်းတွေနဲ့ ကိုက် ညီတဲ့အချက်တွေရှိမရှိသိအောင်ဆိုပြီး ငါ့ကိုမေးခွန်းသုံးခုမေးတယ်၊အဲဒီအထဲက နှစ်ခုဖြေ နိုင်ရင် ဗိုလ်သင်တန်းတက်ခွင့်ပေးမယ်လို့ပြောတယ်။
ပထမဆုံးမေးခွန်က
ရဲဘော် ရဲဘော်ရဲ့ ငယ်ထိပ်တည့်တည့်မှာ လည်နေတဲ့ ပန်ကာရဲ့ ဒလက် ဘယ်နှစ်ခုရှိသလဲ၊ မင်းသိတဲ့အတိုင်းပဲကွာ ငါတို့က ပန်ကာအောက်မှာနေဘူးတာမှမဟုတ်ပဲ တခါတလေမှ မြင်ဘူးတာ ဒါပေမယ့် ကမန်းကတန်း ပန်ကာခလုတ်ကို ငါပြေးပိတ်လိုက်ပြီး နည်းနည်း လေးအရှိန်ရပ်သွားတော့ ဒလက်သုံးခု
လို့ဖြေလိုက်တယ်။
သူတို့ငါ့ကို အရမ်းသဘောကျသွားတယ်။
ငါ့ကိုထပ်မေးတယ်။
ရဲဘော်ဘယ်မှာနေသလဲ။
ရန်ကုန် ဗဟန်း။
ရွှေတိဂုံကို ရောက်ဘူးမှာပေါ့။
ဟုတ်။
ဘယ်မုဒ်ကနေ ဘုရားပေါ်ကိုတက်သလဲ။
အရှေ့မုဒ်။
ခြေထောက်တော်ကနေ ရင်ပြင်တော်အထိ လှေခါးထစ် ဘယ်နှစ်ထစ်ရှိသလဲ။
ငါမဖြေနိုင်ဘူး။
နောက်ဆုံးတခုကို မေးတယ်။
ဗဟန်းကဆိုတော့ ရွှေတိဂုံနားက ဦးဝိစာရကျောက်တိုင်မြင်ဘူးလား။
ဟုတ်။
အခုမေးမယ့်မေးခွန်းဟာ ရဲဘော်အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ အသေခြာစဉ်းစားပြီးမှဖြေပါ။ ငါးမိနစ် အချိန်ပေးမယ်။
ဟုတ်။
ဦးဝိစာရဟာ သပိတ်ကို ပိုက်ထားသလား။လွယ်ထားသလား။
ငါအတော်ကို စဉ်းစားပေမယ့် မသေခြာဘူးဖြစ်နေတယ်။ မြင်တာတော့ကွာ နေ့တိုင်းလိုလိုပါပဲ။ သတိမထားမိတော့ မတတ်နိုင်ဘူး။ ပိုက်ထားတယ်ဖြေရင် ကောင်းမလား။ လွယ်ထားတယ် ဖြေရင် မှန်မလားပေါ့။ နောက်ဆုံးတော့
ပိုက်ထားတယ်။
ဆိုပြီးဖြေချလိုက်တယ်။
တကယ်တော့ ဦးဝိစာရမှာ သပိတ်မပါဘူးကွ။
ငါ့ကို မေးခွန်းတခုမှန်တဲ့အတွက် မေမြို့ကိုသွား။ ယဉ်မောင်းသင်တန်းတက်။ ထောက်ပံ့နဲ့ထောက်ပို့ (၅၅၅)မှာ တပ်ကြပ်ကြီးစာရေးဆိုပြီး တိုးပေးလိုက်တယ်။
အခု ငါရှေ့တန်းထွက်စရာမလိုတော့ဘူး။ ဒါကြောင့်ငါ့အဖေရဲ့ သမ၀ါယမလက်မှတ်ကို ရွေးပြီး ပြုံးရီ ငါ့နောက်ကိုလိုက်ဖြစ်ပြီဆိုရင်တော့ အေးဆေးပဲ။ ပြုံးရီက ငါ့ကိုသံယောဇဉ်ရှိနေလျှက်နဲ့ သူ့မိဘတွေက တားဦးမယ်ဆိုရင်တော့ ပွဲကြမ်းပြီ။
တပါတ်အကြာမှာ ကျုပ် နယ်စပ်ကို ပြန်လာခဲ့ပါတယ်။
နောက်မှာ ဘာတွေဘယ်လိုဖြစ်ကျန်ခဲ့သလဲဆိုတာတော့ ကျုပ်မသိပါဘူး။
ကျုပ်ရင်ထဲမှာမရှင်းတာက စစ်သားတယောက်ကို ဒီလိုမေးခွန်းတွေမေးလိုက်တာဟာ ဘာသဘောလည်းဆိုတာနဲ့ ဒီမေးခွန်းသုံးခွန်းမှန်ရုံလေးနဲ့ ဗိုလ်သင်တန်းတက်ခွင့်ရလို့ ဗိုလ်ဖြစ်လာတဲ့ စစ်သားတယောက်ရဲ့ အရည်အချင်းဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဖြစ်လာနိုင်ပါ့မလားဆိုတာပါပဲ။
နောက်ဆုံးတခုကတော့ စစ်သားတယောက်ဟာ တာဝန်ချိန်မဟုတ်တဲ့ သာမန်ခရီးသွားတဲ့အခါမျိုးမှာ အခုလို လက်နက်ကိုင်ဆောင်ခွင့် ရှိပါသလားဆိုတာ ဒီနေ့အထိအဖြမရှိတဲ့မေးခွန်း တွေကိုမေးနေမိပါတော့တယ်။

မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment