စာလုံးပေါင်းလေး ပြင်ကြစို့
ဘာလိုလိုနဲ့ လာမယ့်ရက်ပိုင်းအတွင်းလောက်ဆိုရင်ပဲ ကျုပ်တို့ရဲ့ ကရင့်ရိုးရာဝါခေါင်လ ခြည် ဖြူဖွဲ့ပွဲတော် ရောက်လာတော့မှာမဟုတ်ပါလား။
ဒါကြောင့် ကျုပ်တို့ မင်ဏီဆိုးတားက ကရင်အမျိုးသားတွေ စုပေါင်းပြီး လာမယ့် August 1St- 2009 မှာ ခြည်ဖြူဖွဲ့ပွဲကို စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် ကျင်းပကြလိမ့်မယ်လို့ သိရပါတယ်။
ရိုးရာဓလေ့ကို ထိန်းသိမ်းရာလည်းရောက် တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးမှုတွေရရုံတင် မက မျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်းနိုင်တာမို့ အကျိုးကျေးဇူးတွေအများကြီးရမှာ ဆိုတော့ မဖြစ်မနေလုပ်သင့်လုပ်ထိုက်တဲ့ ရိုးရာပွဲတွေထဲက တခုပေါ့ဗျာ။
ဒါပေမယ့် ရိုးရာဓလေ့နဲ့ညီအောင်ဘယ်လိုလုပ်ရတယ်၊ ဆောင်ရန်ရှောင်ရန်တွေကဘာလဲ၊ လက်ကောက်ဝတ်မှာ ခြည်ဖြူဖွဲ့တဲ့အခန်းအနား ဘယ်နှစ်မျိုးရှိသလဲ၊ အချိန်အခါကို ဘယ်လို သတ်မှတ်ရသလဲဆိုတာ သိထားဘို့လည်းလိုတာပေါ့။
အဲဒါတွေကို နောင်အကြောင်းအရာတိုက်ဆိုင်မှပြောရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။
အခုကျုပ်ပြောချင်တာက ကျုပ်တို့ရိုးရာပွဲမှာ တင်ထားတဲ့ခေါင်းစည်း အကြောင်းလေးပြောရင် ပိုကောင်းမလားလို့ပါ။
ဘာကြောင့်လည်းဆို ဗမာစာပဲဖြစ်ဖြစ်၊ ကရင်စာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာပဲဖြစ်ဖြစ် စာလုံးတိုင်း စာလုံးတိုင်းမှာ အဓိပ္ပါယ်တွေရှိကြပါတယ်။
စာရှုသူတွေက ခင်ဗျားက ဗမာဝေါဟာရ ဘယ်လောက်နားလည်လို့ အခုလိုပြောနေတာလဲလို့ မေးလာရင် ရိုးရိုးသားသားပြောရရင် ကျုပ်ဗမာစကားကို လေလုံးကွဲအောင်ပြောနိုင်တာမဟုတ်
ပါဘူး၊ ကျုပ်က ဗမာမှမဟုတ်တာပဲ ဗမာလိုမပီတာ သဘာဝကျပါတယ်။
ကျုပ်တတ်သလောက်မှတ်သလောက်လေးနဲ့ တင်ပြထားတာဖြစ်တော့ သဘောမကျတာလေး တွေရှိမယ်ဆိုရင် ဗမာလိုမတတ်တဲ့ ကရင်တယောက်အပေါ် နားလည်ပေးကြစေချင်ပါတယ်။
အခုကျုပ်တို့ ကရင့်ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့ပွဲဆိုတာကို ခကွေးယရစ်ညသတ်နဲ့မခြည်ပဲ ခကွေး ယပင့်ညသတ်နဲ့ ချည်ထားတာတွေ့ရပါတယ်။
ဒါကြောင့် ဗမာစာနဲ့နဖူးစည်းစာတမ်းတင်တဲ့အခါ ချည် အစား ခြည် ဆိုတာကို သုံးစေချင်ပါ တယ်။ ငါ့စကားနွားရ ဆိုတာမျိုးမထင်ကြရအောင် သတ်ပုံကျမ်း တခုထဲက ချီ။ ချည်။ ခြည်။ ဆိုတဲ့ အသုံးအနှုံးလေးတွေကို အဓိပ္ပါယ်များနဲ့တကွ ဆင်းသက်လာပုံလေးတွေကို ကူးယူတင် ပြလိုက်ပါတယ်။
ချီ
ခ ယပင့်၌ ဝိသဇ္ဇနီသံပါ၊ မပါ အသံကွဲရသင့်လျက် ကြွချီသည်ဟူသောဝိသဇ္ဇနီ မကျောက်သော ဝါဟာရသာထင်၏။
ထို၌ကြွချီသည်ဟူသော ဝေါဟာရသည် အထက်သို့ပင့်ခြင်း၊ မြှောက်ခြင်းအနက်တည်း။
ထိုအနက်ကိုစွဲ၍ အထိန်းအချီ၊ စာရေးစာချီ စသောခေါ်ဝေါ်ခြင်းဖြစ်၏။
ရှင်မွန်ပီပီ လှမ်းချီညှင်းညှင်း စသည်ဖြင့်စပ်ဟပ်သည်လည်း ဤအနက်၎င်းတည်း။
ချည်
ခ အက္ခရာ၌လည်း သက်သက်ညသတ်သည်မထင်။
ယပင့်ကား တုပ်ကွနှောင်ချည် ဘုံသုံးမည်တွင် ကျင်လည်သောအား။
ဆွေအားဖွဲ့ချည် ဖူးခြိမ့်သည်ဟု ဆော်စည်ခတ်တည်း။
မီးကျက်စံတည် ရွှေနှင့်ချည်သော် ကျောက်ရည်တက်ဟန်။
ပတ္တမြားတချည် ဆန်တပြည်သို့ ကြံစည်စတတ်။
ရွှေလှော်စံတည် မြနှင့်ချည်သို့ လူ့ပြည်၌တွင်။
မဏိတချည် လွတ်စံတည် ရောင်ခြည်ပြိုးပြိုးပြက်ပြက်တည်း။
စသည်ဖြင့် ဖွဲ့သည်၊ ချည်သည်၊အကွင်းချည်သည် ဆိုသောအရာ၌ထင်၏။
ထိုတွင် ရွှေနှင့်ချည်၏၊ မြနှင့်ချည်၏ ဟူသည်ကား မီးဖြင့်ကျက်နပ်သော စံထားရွှေနှင့်ချည်ဖွဲ့သ ဖြင့် ကျောက်ရည်တက်၏။
လှော်ပြီးဦးပြီးသော စံထားရွှေနှင့်ဖွဲ့ချည်သဖြင့် ကျောက်ရည်တက်၏။
လှော်ပြီးဦးပြီးသောစံထားရွှေနှင့် မြကျောက်ကိုချည်ဖွဲ့စပ်နှောင်သကဲ့သို့ ဖြစ်၏။
ဤသို့သောအနက်ကို ဖေါ်သည်။
ဖွဲ့သည် ချည်သည် ဟူသောယခင်အနက်တည်း။
ခြည်
ခအက္ခရာ ရစ်၍ညသတ်ကား
မိုးစွန်တိမ်ခြည် အိမ်ကိုရည်လော့ ငါးမည်ကြန်သင့်။
ထွက်မြဲနေခြည် နေလုံးတည်မှ ငွေရည်လျှံဝါ။
ဘုရားဟောခြည် နားတော်လည်၍ မြန်ပြည်တခွင်။
နီလာရောင်ခြည် လျှံပြေလည်သား မြရည်မယွန်း။
တသီးလျှံခြည် နေလရည်လည်း တူမည်ပြိုင်ခိုင်း။
မပြုန်းမကျည် ရွက်တူရှည်သား ပင်ခြည်သေးသေး။
ပုဆိုးသင်တည် ဝါခြည်တမုတ် ရွှေစင်ငွေရည် ဖန်ခြည်လျှံထွန်း။
စသည်ဖြင့် အရိပ်အခြည် ရောင်ခြည် လျှံခြည် ဝါပိုးခြည် ဆိုသောအရာတို့၌ထင်၏။
ထို၌ ခြည်ဟူသောဝေါဟာရကား အသွယ်အမျှင် ရိပ်ရိပ်ရေးရေး ထင်မြင်ကောင်းသည်ကို ဆိုမိန့်သောအရာဖြစ်၏။
သို့နှင့်လျှော်စွာ ရွှေငွေကြေး စသည်တို့ကို နန်းသို့သွင်း၍ စင်းစင်းလျားလျား အသွယ်အမျှင် အချောင်းအတံငယ်ကို နန်းခြည် ဆိုမိန့်ခြင်း။
ယင်းနှင့်အတူ အသွယ်အမျှင်ထင်ကောင်းသမျှ ပင့်ကူခြည်၊ ပိုးခြည်၊ ဝါခြည် ဆိုမိန့်သောအရာ များစွ။
အဲဒါတွေကတော့ ရှေးဗမာပညာရှင်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော်လောက်က အတိအ ကျပြောရရင်နှစ်ပေါင်း ၁၄၀ က ရေးသားထုတ်ဝေခဲ့တဲ့ စာဖြစ်တာကြောင့် ယနေ့ခေတ်ရေစီး ကြောင်းနဲ့ မကိုက်ညီတာ၊ မသင့်တော်တာမျိုးရှိခဲ့မယ်ဆိုရင် ဖေါ်ပြမိတဲ့ကျုပ်မှာသာ အပြစ်ရှိပြီး ရှေးဗမာကဝိရှင်တွေမှာ လုံးဝအပြစ်မရှိကြောင်းပါခင်ဗျား။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment