+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 3, 2009

သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့ပါသလား?

သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့ပါသလား?
အပိုင်း(၃)
M.ထက်ခေါင်

န၀တက ၎င်းတို့၏ ရည်မှန်းချက် မအောင်မြင်သေးမီ ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့တွေကို သည်းခံလိုက်လျောကာ ၎င်းတို့လုပ်ငန်းဆောင်တာများ ပြီးဖို့နီးလာသည့်အချိန်မှာတော့ ဒီကေဘီအေအပေါ် လျှော့ထားသည့် ကြိုးကို တစထက်တစ တင်းအောင်ရစ်လာခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ၎င်းတို့နှင့် ပူးပေါင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပုလိပ်လိုလို၊ လုံခြုံရေးလိုလို အနေအထားမျိုး ဖြင့် နယ်ခြားစောင့်တပ်ရင်းတွေ လုပ်ခိုင်းမည့်အစီအစဉ်တွင်လည်း တပ်ရင်းတိုင်း၏ နအဖအရာရှိ ၃၀နှင့် ၎င်းတို့ တပ်များပါ ရော၍ ထားရှိမည် ဖြစ်သည်။ တိုင်းရင်းသားတပ်များအား ရာထူးအဆင့်အလိုက် ၎င်းတို့နအဖတပ်များလိုပင် လစာနှုန်းထား သတ်မှတ်လျက်ပေးမည်ဟု ဆို၏။

ဒီကေဘီအေတို့အနေဖြင့် စစ်အုပ်စုလက်အောက် ဒေသခံ နယ်ခြားစောင့်တပ်များအဖြစ်သာ စစ်အုပ်စုတို့ စိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေပါ စည်းကမ်းနည်းလမ်းများအတိုင်း လိုက်ပါဆောင်ရွက်သွားရတော့မည် ဖြစ်လေသည်။
ဒီကေဘီအေကို အကျိုးရှိစွာ အသုံးချရမည်ဖြစ်သောကြောင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း အတန်ငယ် လျော့ပါး လာသည့် အသက် ၅၀ကျော်အရွယ်များကို ပင်စင်ပေးဖို့ရန်လည်း နအဖမှာ အစီအစဉ်ရှိထားသည်။ ၎င်းတို့အတွက် တွက်ချေ မကိုက်သည့် အလုပ်မျိုး၊ အလဟ ဿ စရိတ်ကုန်ကျရသည့် အဖြစ်မျိုးကို နအဖက မလိုလား၊ ပင်စင်ပေးခံရမည့် အသက် ၅၀ကျော် ကရင်တို့ လက်ထဲတွင် သေနတ်ကိုင်ဆောင်ခွင့်ပြုတော့မည် မဟုတ်ချေ။

အမျိုးသားချင်း တန်းတူညီမျှ ရရှိပိုင်ခွင့်အတွက် ဟူသောသဘောဖြင့် ဒီကေဘီအေနှင့် ငြိမ်းအဖွဲ့များအား အရင်းမစိုက်ရသော စီးပွားရေးလုပ်ငန်း လုပ်တတ်သည့် စစ်အုပ်စုက သူ့နည်းသူ့ဟန်ဖြင့် ပွဲလမ်းကျင်းပ၊ လောင်းကစားဝိုင်းများထောင်၊ အကောက်ယူ၊ စီးပွားရှာရန် လမ်းဖွင့်ပေးခဲ့သည်၊ စီးပွားရေးချွတ်ခြုံကျနေသော ဗမာပြည်သားတို့မှာ ထွက်ပေါက်အဖြစ် တပွဲတိုး အလွယ်လမ်းလိုက် သူဌေးဖြစ်ကြံကြရင်း ဖွတ်သထက်ညစ်သည့် အခြေအနေမျိုးသို့ရောက်ရှိသွားကြသည်၊ မိမိနယ်မြေအတွင်းမှ မိမိတို့အမျိုးသားလူငယ်များလည်း စာရိတ္တ ပျက်စီးကြရသည်။ အိုးပျောက်၊ အိမ် ပျောက်၊ ခြံပျောက်၊ လယ်ပျောက် ဖြစ်ကာ ဘ၀ရပ်တည်ရေးအတွက် ကြုံသလို လုပ်ကိုင်စားသောက်ရန် တဖက်နိုင်ငံသို့ ရောက်ရှိသွားကြသည်။

နအဖနှင့်အပေါင်းပါများ အဓိက လုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသည့်လုပ်ငန်းများ၌ ဒီကေဘီအေအချို့လက်ဝေခံ ကယ်ရီနှင့် လက်လီ ဖြန့်ချိသူများအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည့် အကျိုးဆက်အဖြစ် နယ်စပ်ဒေသ မြို့၊ ရွာများနှင့် ဒုကသည်စခန်းများမှ လူငယ်များ မူးယစ်ဆေး ၀ါး၏ သားကောင်များအဖြစ် လူညွန့်တုံးရတော့မည့် အခြေအနေသို့ ရောက်လာကြသည်။ ကိုယ့်အမျိုးသား၏ အနာဂတ်ကို ကိုယ့်ဟာကိုယ် ပြန်လည် ပိတ်ဆို့မိခြင်း ဖြစ်လေသည်။ နအဖစစ်အုပ်စုကတော့ အနာဂတ် ဗမာပြည်အတွက် အားကိုးအားထားပြုရမည့် လူငယ်များကို ဤအခြေအနေမျိုး ဖြစ်စေရန် တမင်ပင် တွန်းပို့ပေးခဲ့ခြင်းဖြစ်သည်။

မကြာမီကာလမှာတော့ န၀တက ဒီကေဘီအေအား လခစားနယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလိုက်ပြီးလျှင် ဂိတ်အကောက်ယူ ခွင့်နှင့် အာဝါဒေး ပွဲလမ်းများကျင်းပ၊ လောင်းကစားဒိုင်များ ဖိတ်ကာ အခွန်အတုပ်ယူလျက် လွတ်လပ်စွာ စီးပွားရှာ လုပ်စားခွင့်များကိုလည်း ပိတ်ပင်မည်ဖြစ်၏၊ ၎င်းတို့အား ၀န်ထမ်းများအဖြစ် လခပေးလိုက်ပြီးဖြစ်၍။ ၀င်ငွေရရှိမည့်ကိစ္စများကို နအဖစစ်အုပ်စုကသာ ချုပ်ကိုင်ထားလိုက်တော့မည် ဖြစ်သည်။ ထိုအခါတွင် ကိုယ့်ဘ၀ရပ်တည်ရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မှာလည်း ပျောက်ဆုံးသွားမည် ဖြစ်လေသည်။

န၀တအရာရှိအဆင့်ဆင့်. ထိန်းချုပ်မှုအောက် နေထိုင်ရမည် ဖြစ်သောကြောင့် ကိုယ့်အဖွဲ့နှင့်ကိုယ် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာလည်း အလိုလို ပျောက်ဆုံးသွားမည်ဖြစ်သည်။ သီးခြားလွတ်လပ်စွာ ရပ်တည်နေသော ကရင်အဖွဲ့အစည်းဆိုသည့် အမျိုးသားရေး အနာဂတ် ရည်မှန်း ချက်များလည်း ပျက်စီးသွားမည်ဖြစ်ပြီး မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစကား စသည်တို့အပေါ် တန်ဖိုးထား လေးစားတတ်သော အမျိုးသားရေး အသိစိတ်ဓာတ်များ၊ ရဲဘော်ရဲဘက် သံယောဇဉ်များ၊ အချင်းချင်း ရင်းနှီးချစ်ခင် ယုံကြည်ကိုးစားမှုများပါ လျော့ပါးပျက်ပြယ်သွားအောင် စစ်အုပ်စုက ပုံသွင်းလိုက်ခြင်းဖြစ်သည်၊

ဘာသာရေးအရ အဖိနှိပ်ခံရသည်ဟူသော အကြောင်းပြချက်ဖြင့် ကေအဲန်ယူမှ ခွဲထွက်လာခဲ့သော ဗုဒ္ဓဘာသာအဖွဲ့မှာ ဗမာပြည် ရွှေဝါ ရောင် တော်လှန်ရေးအတွင်း ဘုန်းတော်ကြီးအများအပြား ဖိနှိပ်ဖမ်းဆီးခံရ၍နယ်စပ်သို့ ပြေးလာကြသည့်အဖြစ်ကို မကူနိုင် မကယ်နိုင်ခဲ့။ ဘာသာ၊ သာသနာ နှင့် သံဃာတော်များအပေါ် နအဖစစ်အုပ်စုတို့ ကျူးလွန်စော်ကားသမျှကို မျက်စေ့စုံမှိတ်လျက် ကြေကွဲစွာ ကျောခိုင်းနေခဲ့ရ၏။ မိမိတို့သာ ညီညွတ်ပါက နအဖတို့ ထိုမျှအထိ ကျူးကျော်စော်ကားမှု မပြုနိုင်။ ဗုဒ္ဓဘာသာ ကရင်အမျိုးသား၊ တန်းတူညီမျှ ရပိုင်ခွင့်ကို လိုလားသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ ကရင်အမျိုးသားတို့၏ တိုးတက်ကြီးပွားမှုကို ရှေ့ရှုသူများဟု မိမိတို့ကိုယ် မိမိတို့ ခံယူထားကြသူများအနေဖြင့် န၀တစစ်အုပ်စု၏ ချုပ်ကိုင်ကျွန်ပြုမှုအောက် ရောက်လုတည်းတည်းအခြေအနေကို သိမြင်လာကြပြီဖြစ်လေသည်။

M.ထက်ခေါင်
Karen Information Center မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment