ဝန်ချတောင်နှင့် ရသစာတမ်းများ
အမှားတစ်ခုကို ပြလုပ်မိ သူသည် မိမိအမှားပြုလုပ်မိပြီဟုသိလာသောအခါ အပြစ်ရှိခံစားမှု ဖြစ်ပေါ်လာ တတ်သည်။ ထိုစိတ်ခံစားမှုသည် စိတ်ကျန်းမာရေးကို ချို့တဲ့စေပါ၏။ ကြည်လင်သော စိတ်ရင်ပြင်
တစ်ခုသည် ထိုအပြစ်ရှိ ခံစားမှုကြောင့်ပင် နောက်ကျိ ရှုပ်ထွေး သွားစေပါ၏။ ထို့ကြောင့် အများစုသည်
အပြစ် ရှိသည်ဟု မိမိကိုယ်ကို မိမိ သိလာသော အခါ ထိုအပြစ်များကို လျှော်ဖွပ် သန့်စင်ရန် အပြင်း
အထန် ကြိုးပမ်းလာကြပါသည်။ ဆိုပါစို့။ မိမိ အမှားကျူး လွန်ကြောင်း သိလာ၍ ထိုအမှားအတွက်
ဝန်ချ တောင်းပန်ခြင်းမျိုး။ ၀န်ချ တောင်းပန် ခြင်းသည် ယဉ်ကျေးသော ဥပဓိရုပ် ရှိသူများသာ ပြုလုပ် နိုင်စွမ်းသော စိတ်အရည် အချင်း ဖြစ်သည်။ အချို့ လူများသည် မှားမှန်း သိပါလျက်နှင့် ၀န်ချ တောင်းပန်ခြင်းမျိုးကိုပင် မပြုလုပ်ကြ။ တချို့ကျတော့ ခေါင်းခေါက်လိုက် တောင်းပန်လိုက် လုပ်တတ်
ကြပါ၏။ ထိုနှစ်မျိုးစလုံးသည် စိတ်ယဉ်ကျေးမှု နွမ်းပါးသူများသာဖြစ်ပါ၏။
ဆရာ မောင်ရင့်မာ (ကျောင်းကုန်း)၏ “၀န်ချတောင်နှင့် ရသစာတမ်းများ” စာအုပ် ထွက်လာသည်။ သူ့စာအုပ်တွင် မဂ္ဂဇင်း စာမျက်နှာများပေါ်မှ ရသ စာတမ်း ၁၆ ပုဒ်ပါသည်။ ထို ၁၆ ပုဒ်အနက် ခေါင်းစဉ် တပ်ထားသော “၀န်ချတောင်”သည် ၁/၀၇ ရွှေအမြုတေ၌ ဖော်ပြခဲ့သော ရသ စာတမ်း ဖြစ်သည့် အပြင်
၂၀၀၇ ခုနှစ် ရွှေအမြုတေ စာပေဆုရ ရသစာတမ်းလည်း ဖြစ်သည်။
“၀န်ချ တောင်းပန်ခြင်းဖြင့် ပြုခဲ့မိသော အပြစ် သို့မဟုတ် ပြုခဲ့ဖူးသော အမှားအယွင်း ဟူသမျှကို ပြေကြေ စေမည်ဟု မသေချာလှပါ။ သို့သော် ကိုယ်ဘာမှ အပြစ် မပြုခဲ့ဖူးသလိုလို ခပ်တည်တည် လုပ်နေတာနှင့်
စာလျှင် ကိုယ့်အမှား ကိုယ်သိ၍ ၀န်ချ တောင်းပန်ခြင်းက ပို၍ လိုလားအပ် သည်ဟု ထင်ပါသည်။
ပိုယဉ်ကျေးရာ ရောက်မည်ဟု ထင်ပါသည်”
မောင်ရင့်မာသည် သူပေးလိုသော နက်ရှိုင်း လှပသည့် သတင်း စကားကလေးများ စာဖတ်သူထံ ရောက်
သွား နိုင်စေရန် အတွက် သူနှင့် အတူ ကျွန်တော်တို့ကို ပြည်မြို့ဝန်ချတောင်သို့ သာယာညှင်းပြောင်းစွာ
ခေါ်ယူသွားခဲ့ပါသည်။
“၀န်ချတောင် စေတီက တစ်စုံ တစ်ရာ ညှို့ငင်မှု ရှိသည်။ ဒွတ္တပေါင်နှင့် ပန်ထွာတို့၏ ဆွတ်ပျံ့ဖွယ်
လှပသော ဒဏ္ဍာရီ နောက်ခံလေးရှိသည်။ ဖယောင်းရည် ၀င်း၍ စိမ်းလွင်သော မြရွက်စိပ်စိပ်တို့
အကြား တိုက်ခတ်သော လေပြေလေညင်းလည်း ရှိသည်။ မောဟ အပူငွေ့တွေ လှောင်ပိတ်နေသော
မြို့ကြီး ခေါင်ခေါင်ထဲမှ နေ၍ ရုတ်တရက် တောတောင်ထဲ ပစ်ချခံလိုက် ရသလို ထိုနေရာလေးသို့ ရောက်ခဲ့ကြသူတိုင်းက “အေးချမ်း လိုက်တာနော်” ဟု ဆိုတတ်စမြဲ ဖြစ်ပါသည်။”
သူ့စာကို ဖတ်ပြီး သူနှင့် အတူ လိုက်ပါ နေမိသည်။ သူပေးသော ရသများကို ကျွန်တော်တို့ တစ်ခုပြီး
တစ်ခု ခံစားရပါ၏။ သူသည် ငြင်သာဖွဖွပြောသည်။ တစ်ခါတစ်ခါ ဟာသသံ လေးပေးပြီးသူပြော လို
သည်ကို နားဝင်အောင်ပြောတတ်သည်။
“တစ်ခါသော် ကျွန်တော့် မိတ်ဆွေ၏ အလုပ်ဌာနမှ ဆရာကြီး တစ်ဦး ပြည်သို့ ဘုရားဖူးဖို့ လာခဲ့သည်။
ကျွန်တော့် မိတ်ဆွေက သူ့ဆရာကြီးကို ကောင်းစွာ ဧည့်ဝတ်ပြု လိုသဖြင့် ဘုရားဖူးရန် အစီအစဉ်ကို ကြိုတင်ရေးဆွဲ စီမံထားသည်။ ဆံတော်ရှင်၊ ဘုရားကြီး၊ ရွှေပလ္လင်မှော်၊ ရွှေဘုန်းပွင့် စသည်ဖြင့်၊
သို့သော် ဆရာကြီးသည် ပြည်သို့ ၀င်လာပြီ ဆိုကတည်းက “၀န်ချတောင်ကို အရင် သွားမယ်” လို့ပဲ
တကဲကဲ လုပ်နေခဲ့သည်။ မိတ်ဆွေသည် ရုတ်တရက် အစီအစဉ် ပြောင်းကာ ၀န်ချတာင်သို့ ပြေး၍ပန်း၊
ဆီမီး၊ အမွှေးတိုင် စီစဉ်ရ၊ နေရာ ထိုင်ခင်း ပြင်ဆင်ရနှင့် ဖတ်ဖတ် မောသွားသည်။ ဧည့်သည်ဆရာကြီး ပြန်သွားသော အခါတွင်မှ သက်မချကာ ရယ်မောပြောနိုင်တော့သည်။
“ဆရာကြီး ဘာများ မှားခဲ့သလဲ မသိပါဘူးဗျာ” တဲ့။
အရယ်အပြုံးထက် ပိုပြီး နက်ရှိုင်း လှပသော သတင်း စကားလေး ဖြစ်သည်။ သူ့စကားပြေ စီးဆင်းမှု
အလျဉ်က သာယာ ငြိမ့်ညောင်းသည်။ သူ့အရေး အဖွဲ့က လှသည်။ လူ့အဖွဲ့အစည်း တစ်ခု၏ လူမှုစီးပွား
ဘ၀ကို ထင်ဟပ် ဖော်ပြသော အဖွဲ့ ကလေးများဖြင့် ချိတ်ဆက် ရေးဖွဲ့ ပြသည်။
“အေးသက်တိုး ငြိမ်၍ ငြိမ်းချမ်း နေစမြဲ ဖြစ်သော ထိုနေရာလေးသည် ကျွန်တော် ရောက်စကနှင့် မတူ။
တစ်စစ သိသိသာသာ တိုးတက် ပြောင်းလဲ လာခဲ့သည်။ ၀န်ချတောင် စေတီသို့ ခိုဝင် ဖူးမျှော်သူတွေ
များ လာသည်။ ရေချမ်းစင်တွေ၊ ရုပ်ထုတွေ၊ အဆောက်အအုံ ငယ်လေးတွေ ပွားများ စည်ပင်လာသည်။
အရပ် တစ်ပါးမှ အလှူရှင် တွေလည်း တဖွဲဖွဲ ရောက်လာကြသည်။ တစ်ခုသော နေ့ရက်တွင် စေတီရင်ပြင်
၌ အချင်း တစ်ပေခွဲခန့် ရှိသော ခေါင်းလောင်းကြီး တစ်ခု တပ်ဆင်ထားသည်ကို မြင်ရသည်။
ခေါင်းလောင်းမှာ အလှူရှင် အမည်ကို ရေးထိုးထားသည်။ ခေါင်းလောင်းကိုလည်း အမည်ပေးထား
သည်။ “၀ဋ်ကြွေး တော်ပြေ ခေါင်းလောင်း” တဲ့လေ။ ကောင်းလိုက်တဲ့ စိတ်ကူး။ ကောင်းလိုက်တဲ့
နာမည်။ ဘယ်လို ဖြတ်သန်းမှုတွေကြောင့်များ သည်နာမည်ကို ရေးထိုးခဲ့လေသလဲကွယ်။
ဝဋ်ကြွေးတော်ပြေ ဆိုသော နာမည်လေးက တောရိပ် တောင်ရိပ်ဖြင့် ထာဝစဉ်အေးချမ်းနေသော
နေရာလေးနှင့် လိုက်ဖက်လှပေသည်။
ပြည်၌ ရှိစဉ် အက်ဆေး ဆရာသည် ၀န်ချတောင်သို့ အကြိမ်ကြိမ် ရောက်သည်။ ဒါကို ခင်ဗျား ဒီလောက် သွားရတာ ဘယ်နှစ်ခါလောက်များ မှားခဲ့လို့လဲဗျာ” ဟု ပြောသောအခါ သူငယ်စဉ်က ကြည့်ခဲ့ရ သော ဇာတ်ပွဲတစ်ခုမှ ပြက်လုံးခွင် တစ်ခုကို ပြန်ပြောင်း သတိရလာသည်ဟု ဆိုပြီး ၀န်ချ တောင်းပန်ခြင်းသည် ကောင်းသော အမူအကျင့်ဟု ဆိုသော်လည်း အခါခါမှား အခါခါ တောင်းပန်ခြင်းက မသင့်တော်ကြောင်း လူပြက်က မင်းသမီးကို စိတ်မှာ ပြစ်မှား၍ အကြိမ်ကြိမ်ရှိခိုး တောင်းပန်ပုံဖြင့် ဟာသဖောက် ရေးဖွဲ့ပြသည်။
ပြီးမှ ၀န်ချတောင်ကို သူကဤသို့ နိဂုံးချုပ်သည်။
“၀န်ချတောင်” ဟူသော အမည် ကလေးသည် ပြုခဲ့မိသော အပြစ်တို့ကို ၀န်ချ တောင်းပန်ဖို့ လက်တို့ သတိပေးနိုင်ရုံ မျှမက ပြစ်မှားခြင်း မပြုအပ်သူ ဟူသမျှကို ဘယ်သော အခါတွင်မှ ပြစ်မှားခြင်း မပြုစေ
ရန်လည်း သတိ ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ အခွင့် ကြုံလျှင်တော့ဖြင့် ထာဝစဉ်အေးသက်တိုးငြိမ်
နေမြဲ ဖြစ်သော ထိုနေရာ လေးသို့ အရောက်သွားလျက် “၀ဋ်ကြွေးတော်ပြေ” ခေါင်းလောင်းကို တစ်ချက်
လောက် ဖြစ်ဖြစ် ထိုးခတ်လိုက်ချင်ပါသေးသည်။
(၂)
မင်းသမီးလေးက ကိုးနှစ်၊ ဆယ်နှစ်လောက်ပဲ ရှိပေဦးမည်။ အကကောင်း၊ အဆိုကောင်း ဖြစ်သည်။ တန်ဆောင်မုန်း ပွဲတော်တွင် ရွာဦး ဘုန်းတော်ကြီး ကျောင်း ရှေ့မြေကွက်လပ်မှာ ဇာတ်စင်ထိုး၍ အငြိမ့်က
သည်။ လူပြက်နှစ်ဦးက ဒါးက မြစ်ကမ်းနဖူးရှိ ရုံးပင်၊ သောင်တန်းရွာတွေမှာနေသည်။ ဦးဖောင်တိန်နှင့်
ီဦးစင်ရော်။ ညဥ့်ဦးယံအငြိမ့်ခန်းမှာ တသိမ့်သိမ့် တသောသော ရယ်မော ပျော်ရွှင်ရသည်။
အက်ဆေးဆရာ၏ အသက်ကလည်း ကိုးနှစ်၊ ဆယ်နှစ်၊ ဇာတ်ခုံကို မေးတင်၍ ကြည့်ရသည်။
အငြိမ့်ခန်း ပြီးတော့ မြသက်မူ၏ “အလွမ်းမင်းသမီးလေး” သီချင်းဖြင့် သရုပ်ဖော် ကပြသည်။
ထိုဇာတ်ထုပ်တွင် အငြိမ့်သမလေးမှာ ကရုဏာ၏ ပြယုဂ်ဖြစ်သည်။ ဦးဖောင်တိန်က ဇာတ်ဆရာ လုပ်သည်။သီချင်း တစ်ပုဒ် ဆိုပြီးတိုင်း အလို မကျ၍ ရပ်ခိုင်းသည်။ မင်းသမီးလေးကို နှိပ်စက်သည်။
ကြာတော့ အက်ဆေး ဆရာတို့ ကလေးတစ်သိုက်က ဗီလိန်ကြီး ဦးဖောင်တိန်ကို ရွံ့မုန်းလာသည်။
အပြစ်မရှိ အပြစ်ရှာ နှိပ်စက်သော ဇာတ်ဆရာကို မုန်းတီးပြီး ဇာတ်ဆရာ အလိုကျ ငိုရ၊ ရယ်ရသည့်
မင်းသမီးကို သနားလာသည်။ နောက်ဆုံးသူတို့ ဆန္ဒကို ပြောင်းဖူး ရိုးများဖြင့် ဖော်ထုတ်ပြသ
လိုက်ကြသည်။ မောင်ရင့်မာသည်သည် အက်ဆေးကို ၀တ္ထုလေး တစ်ပုဒ်ကဲ့သို့ ဇာတ်ရှိန်လေးဖြင့်
ရေးသည်။ နောက်နေ့ မနက် အိပ်ရာက ထတော့ သူတို့ အိမ်ရှင် ဦးဖောင်တိန်နှင့် မင်းသမီးလေးကို တွေ့လိုက်ရသည်။ “ဘယ့်နှယ့်လဲကွ။ ညက ပြောင်းဖူးရိုးတွေ တော်တော် ရှာလိုက်ရသလား” ဟု
ပြောတော့ သူ ထူပူသွားသည်။ မင်းသမီးလေးနှင့် ဦးဖောင်တိန်သည် သားအဖ ဖြစ်သည်ဟု သိရပြန်
သည်။ သရုပ်ဆောင် အနုပညာ၏ စူးရှ ထိရောက်မှုကို ရိုးသားစွာ မသိရှိခဲ့သော ကလေးဘ၀က ဆန္ဒ ဖော်ထုတ်ခဲ့ ပုံကို ပြောင်းဖူးရိုး ကလေးများကို မြင်တိုင်း လိပ်ပြာငယ်သော စိတ်ဖြင့် တောအငြိမ့် ပွဲလေး
တစ်ခုကို သတိရစမြဲဖြစ်ပါ သည်ဟု ဆိုကာ သူ့အက်ဆေးကို နိဂုံးချုပ်သည်။
“ပုရွက်ဆိတ် တစ်ကောင် စာလရောင်” သည် ပုသိမ်မြို့ဘဏ်လမ်း လင်းလင်းဝင်း လက်ဖက်ရည်ဆိုင်
လေး အနီးတွင် “မာန်စာပေ လေ့လာရေး” ဟူသော ဆိုင်းဘုတ်ပြားကလေးနှင့်အတူ လမ်းနံဘေးမြေ
ပြင်ပေါ်တွင် ခင်းဖြန့်ပြီး စာအုပ်အဟောင်း ရောင်းနေသော စာရေးဆရာနေလင်းနှင့် အက်ဆေးဆရာ
တွေ့ထိ ဆက်ဆံ ရသော ဘ၀လေး တစ်ခုကို ဖြန့်ခင်း ပြထားသော အက်ဆေးလေးဖြစ်သည်။ အက်ဆေး
တစ်ပုဒ် ပြောင်မြောက်သည့် အခါ ဇာတ်လမ်းကျော ရိုးမရှိသော ၀တ္ထုတိုလေး တစ်ပုဒ်နှင့် တူနေတတ်
ပါသည်။ ခံစားမှု ရသတစ်ခုကို စူးစူးနစ်နစ် ထိထိရှရှ ပေးနိုင်စွမ်းသည့် ထိုအရေးအသား၊ ထိုစာစုကို ရသ စာတမ်းဟု ခေါ်ခြင်း ဖြစ်ပါလိမ့်မည်။
မောင်ရင့်မာသည် စာရေးသော အတတ်ပညာ ကျွမ်းကျင် လိမ္မာသူ ပီပီ ဤအက်ဆေး၌ သူသင်္ကေတပြု
ရေးဖွဲ့သော စာရေးဆရာ နေလင်းကို စာဖတ်သူ ရင်ထဲသို့ အသာအယာချပေးသွားခဲ့ပါသည်။
ဇာတ်ကောင်ထက် အတွေးကို ချပေးထားသည်က ပို၍ လှနေပါသည်။
“လုပ်ကတည်းက ငွေကြေးအရ ဆိုတဲ့ ရည်မှန်းချက် မပါ သလောက်ပါပဲဗျာ။ စာသမားတွေ စံထားချက် အသီးသီးနဲ့ ပြည့်စုံ စေချင်လို့ ရှားပါး စာအုပ်တွေ တင်ထားတာပါ”
စပါးဝမ်းစာ မပြည့်ပေမယ့် စာဝမ်းစာပြည့် နေသူတစ်ယောက် ဖြစ်ကြောင်းကိုမူ စာခရီးသည်ကြီးနှင့်
စကားပြော ပုံဖြင့် လည်းကောင်း၊ မာန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ စကားပြောပုံဖြင့်လည်းကောင်း
စာဖတ်သူကို အသိပေးသည်။ ကိုနေလင်း၏ စီးပွားရေး ဘ၀နှင့် နှလုံးသားကို ဖော်ပြရာ၌ “ဟောင်းနွမ်း
စုတ်ပြတ် နေသော ထိုအ၀တ်အထည်များအောက် တွင် ပုန်းခိုနေသော နှလုံးသည်းပွတ် အခုံမှာမူ ဖြူမွတ်သန့်ကြည်နေရုံမျှမက ခမ်းနား လှပနေသည်ဟု ကျွန်တော်ထင် သည်။ သူ့ စာအုပ်ဆိုင်မှ စာအုပ်
တစ်အုပ် ကောက်ကိုင်လိုက်သည်နှင့် “ခင်ဗျား ကြိုက်ရင် ယူသွားလေ” ဟု ပြောတတ်သူ။ လက်နှိပ်စက် အသေးတစ်လုံး ရှာနေ ကြောင်း ပြောမိ၍ ရီမင်တန် လက်နှိပ်စက်ငယ် တစ်လုံးကို ဆိုက်ကားပေါ်တင်၍
အတင်း ပေးတတ်သူဟု ရေးဖွဲ့ပြသည်။ “ထမင်း တစ်လုပ်ကို ထင်းခုတ်စားရ သလို ပင်ပန်းလှသည့်တိုင်
သူက အစဉ် အမြဲပေး ကမ်းချင် နေတတ်သည်။ သူ၏ နွမ်းပါးသော လက်ဖ၀ါးများသည် ဘယ်သောအခါမှ လှပ်မထား၊ မှောက်၍သာ ထားတတ်သူ ဖြစ်ပေသည်” ဟု ကိုနေလင်းကို ပုံဖော်ပြသည်။
မောင်ရင့်မာက ကိုနေလင်းကို ရေးဖွဲ့ရာ၌
“သူသည် ကမ္ဘာလောကကို ကယ်တင် စောင့်ရှောက်နိုင်အောင် ကြီးကျယ် မြင့်မြတ်သူ တစ်ဦး မဟုတ်ပေ။
နိုင်ငံနှင့် အ၀ှမ်း အောင်မြင် ကျော်ကြားနေသော အနုပညာရှင်ကြီး တစ်ဦးလည်း မဟုတ်ပေ။ ထိုင်းနိုင်ငံကို မဆိုထားနှင့် တစ်မြို့ တစ်ရွာမျှကို ပင်လျှင်လည်း ချီပိုး သယ်မနိုင်သူ မဟုတ်ပေ”ဟု ဖွဲ့သည်။ ပြီးမှ မောင်
ရင့်မာ က သူ့အက်ဆေးကို ဤသို့ နိဂုံးချုပ်သည်။
သို့သော် သူအသက်ရှင်ခွင့်ရခဲ့သော ကာလတစ်လျှောက် သူ ကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာငယ်
ကိုတော့ စွမ်းနိုင်သမျှ စိမ်းလန်း အောင်ပြုခဲ့သည်။ စိမ်း လန်းစေလို ပွားစည်း စေလိုသော စေတနာအခံ
လည်း သူ့၌ ထက်သန်စွာ ရှိခဲ့သည်။ သည်အချက်နှင့်ပင် သူသည် ချစ်သော ဤကမ္ဘာမြေပေါ်မှ တိတ်တ
ဆိတ် ခေါင်းမြီး ခြုံကာ ထွက်ခွာ သွားသင့်သူ တစ်ဦး မဟုတ်သည်မှာ သေချာသည်။ သူ့ကိုယ်ပေါ်မှာ ပုရွက်
ဆိတ် တစ်ကောင်စာမျှ လရောင် မသာနိုင်ခဲ့တာကိုတော့ဖြင့် လောက စောင့်ကြပ်နတ် အပေါင်းတို့အား
ငြိုငြင် ချင်မိသည်” တဲ့။
ကဲ ကြည့်ပါ။ မောင်ရင့်မာသည် အက်ဆေး ဆရာပီပီ သူပြောချင်သည်ကို သိမ်သိမ်မွေ့မွေ့လေး ပြောပြ
သွားပါ၏။ ရွေးစရာလေးတွေလည်း ချန်ထား ခဲ့ပါ၏။
“မငိုဖူးသော မျက်လုံးများ” တွင်လည်း ထိုကဲ့သို့ပင် ဖြစ်ပါသည်။ကျွန်တော်တို့ တစ်သက်တစ်ခါ မစဉ်းစားမိခဲ့သော အကြောင်းအရာလေး တစ်ခုကို ထောက်ပြ သွားခဲ့ပါသည်။ သားဖြစ်သူ ဆယ်
တန်းကို နှစ်ဘာသာဖြင့် အောင်၍ ၀မ်းမြောက် ပျော်ရွှင် နေကြရချိန်တွင် အစ်မ ဖြစ်သူက သုံးဘာသာပဲ
ဂုဏ်ထူး ရ၍ ငိုနေသည်။ တစ်ဖက်တွင် ဘာသာစုံ အမှတ် ၇၀ မပြည့်သဖြင့် ဖခင်က သားအား မကျေမ
နပ် အပြစ်ဖို့ နေချိန်တွင် စာမေးပွဲကျသော သားအပေါ် ကျေကျေနပ်နပ်ကြီး လက်ခံနေသော ဖခင်ကို
လည်းရေးပြသည်။ အောင်မြင်သူတို့ ဂုဏ်ပြုပွဲတွင် စကားပြောခွင့် ရ၍ ပြင်ဆင်နေချိန် မိတ်ဆွေ တစ်
ဦးက စစ်သားကြီး မက်အာသာ၏ A Solider For His Son ကဗျာကိုထည့်ပြောရန် ပြောလာသည်။
“ဖခင် တစ်ယောက်က သူ့သားကို ဖြစ်စေချင်တဲ့ အလို ဆန္ဒတွေပေါ့ဗျာ။ အမှတ်တမဲ့ဆို ဖအေက သားကို
ကျိန်ဆဲ နေသလိုပဲဗျ” ဟူ လည်း မိတ်ဆွေက ကဗျာသဘောကို ရှင်းပြသည်။
“--- သံဆူးဖိနောင့်များ ရှိရာ စိန်ခေါ်မှုများ၊ တွန်းထိုးဖိနှိပ်မှုများ ရှိရာသို့သာ ဆောင်ကြဉ်းတော်မူပါ။
သူ့အား မုန်တိုင်းထဲမှာ မားမားရပ်ဖို့ သင်ကြား ပေးတော်မူပါ”
စစ်သားအိုကြီးသည် သူ့သားကို Privi Ledged Child မဖြစ်စေချင်ပါ။ ထိုကြောင့်လည်း သားကို ပန်းမွေ့ရာပေါ်သို့ မပစ်တင်။ ဆူးခင်းလမ်းကိုသာ လျှောက်လှမ်း စေချင်သည်။ အက်ဆေး ဆရာကတော့ ထိုကဗျာကို ဖတ်ပြီး ကြက်သီး တဖြန်းဖြန်း ထမိသည်ဟုဆိုသည်။
ပထမ၊ ဒုတိယ၊ တတိယ တစ်မှ တစ်ဆယ်ရခဲ့ကြ သူများကို ဂုဏ်ပြုချီးကျူး ကြသူတိုင်း ကျန်လူ ကိုးဆယ်
တို့၏ စိတ်ခံစားမှုကို စဉ်းစားမိ ကြပါ၏လော။ ထိုလူ ကိုးဆယ်စံမီ၊ တန်းမီ ဖြစ်လာစေရန် မည်သို့ ပြုလုပ်
ကြရမည် ဟူ၍ကော စဉ်းစား ကြည့်ကြဖူးပါသလား။ မောင်ရင့်မာသည် ရှုံးနိမ့်ခြင်း၌ သင်ယူ မှတ်သားစ
ရာ ရှိသည်ကို သိသည်။ အများ ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းဟုလည်း သိသည်။ ထိုကြောင့်လည်း “မငိုဖူး
သော မျက်လုံးများ” ကို ရေးဖွဲ့သည်ဟု ကျွန်တော်ထင်သည်။
(၃)
“၀န်ချတောင်” နှင့် ရသစာတမ်းများ” တွင် မောင်ရင့်မာသည် သူ၏ ဘ၀ ဖြတ်သန်းမှုထဲမှ ရေးစရာ အကွက်ကလေး များကို ထုတ်ယူပြီး အက်ဆေးများ ရေး သည်။ ဆောင်းခိုငှက် “မေ့ပင် စိုက်သူများ”
“သမီးလေးအတွက် ထီးကလေးတစ်လက်”“မှိုင်းညို့သော သုသာန်ကလေးဆီသို့” “ရေနည်းနည်း
အိုးသေးသေး” “လမ်းကြားထဲ လက်ဖက်ရည်ဆိုင်” တို့သည် သူ့ဘ၀ ဖြတ်သန်းမှုထဲမှ ထုတ်ယူပြီး
စာရေးသူ၏ ခံစားမှုအတွေးအမြင်ကို ရေးဖွဲ့ထားသောအက်ဆေးများ ဖြစ်ပါသည်။
The woods are lovely, dark and deep
But I have promises to keep
Many miles to go before I sleep.
Many miles to go before I sleep.
ရောဘတ်ဖရော့စ်တ်၏ ကဗျာ အပိုင်းအစလေးနှင့် “တောတန်းအလွန်” ကို စဖွင့်သည်။
ညို့ဆိုင်း နက်ရှိုင်း တောတန်းကဖြင့် လှပါရဲ့။
ဒါပေမယ့် ငါ့မှာ တည်ရမယ့် ကတိတွေနဲ့ပါလား။
မအိပ်ခင် သွားရဦးမယ့် ခရီး မိုင်တွေနဲ့ ပါလား။
နှင်ရမည့် ခရီး။ တည်ရမည့် ကတိ။ ထမ်းရမည့် တာဝန်တွေကို ကိုးကားပြီး ကဗျာ ဆရာလေး၊ မယ်ဒလင်
သမား၊ အငြိမ်းစား ၀န်ထမ်း အစ်ကို စာရေးဆရာ တို့အကြောင်းကို ရေးဖွဲ့ပြသည်။ ကြည်နူး ဆွတ်မြ
ခံစားရခွင့် ဆိုသည်ကလည်း ဘ၀မှာ အစဉ် ထာဝရ “ရမြဲရ” တတ်သော အရာ မဟုတ်ပါချေ။
သစ်ရိပ်ဝေေ၀၊ တောတန်း အေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့ သာရှိသည့် သီးခြား ဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့် ကြာရှည် လွင့်မျော မိန်းမူးနေလို့ မဖြစ်။ သားသမီးက အမိအဖအပေါ် တည်
ရမယ့် ကတိ၊ မိတ်ဆွေ ရောင်းရင်းက သူ့ အပေါင်းအသင်း ရဲဘော်ရဲဘက်တို့ အပေါ် တည်ရမည့် ကတိ၊ အိမ်ဦးနတ်က သူ့မိသားစု အပေါ် တည်ရမည့် ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းနိုင်ငံ အပေါ်
တည်ရမည့် ကတိ။ အဲဒီ ကတိတွေကို မေ့လျော့ ပစ်ပယ်၍ တောတန်း နံဘေး၊ မည်မျှကြာရှည် ရပ်ကြည့် ငေးမောလွင့်မျောနေနိုင်ပါမည်နည်း။ ထူးခြား ကံကောင်းသော လူသားအချို့သာလျှင် သူတို့
တည်ရမည့် ကတိတွေကို သူတို့ ချစ်သော တောတန်းကလေး၌ သိမ်းမြုပ်ထားနိုင်ကာ တောတန်း
ကလေးကို အစဉ်ထာဝရ ဖက်ပွေ့ ကြည်နူးနေဖို့ အခွင့် ရကြသည်။ အက်ဆေး ဆရာက သူပြောလိုသော အချက်ကို ဆက်၍ ပြောသည်။
“တစ်ခုပဲ ရှိသည်။ စိမ်းဖန့် စိုလက်သော တောတန်း နံဘေး၌ ကြာရှည်ကြာမျော နေလိုဇောဖြင့် တည်ရမည့် ကတိတွေကို “ထိုးကျွေး” မပစ်သင့်ဟု ကျွန်တော်ထင်ပါသည်” တဲ့။
ကတိဖျက်သူ၊ ကတိပျက်သူတို့ ဘ၀ဖြင့် ဘ၀တစ်ခုကို ရှင်သန်နေလို စိတ်မရှိကြောင်း သူ့အက်ဆေးတွင်
ထင်ရှား ပေါ်လွင်နေပါ၏။
(၄)
ရသစာတမ်း ဟူသည် စာတမ်းရှင်က သူခံစား နေရသော ဝေဒနာကို စာဖတ် သူအား မျှဝေပေးရန် တာဝန်
ရှိပါ၏။ ၀တ္ထု တစ်ပုဒ်ကဲ့သို့ ဇာတ်လမ်းဇာတ်ကွက်၊ အဆင်းအတက်၊ အခက်အဖြေ မရှိသော်လည်း စာဖတ်
သူအား တွေးတောဆင်ခြင်စရာ၊ ခံစားနားလည်စရာများ ဝေမျှပေးရာတွင် ၀တ္ထုထက်ပို၍လွတ်လပ်ပါ၏။
မောင်ရင့်မာ (ကျောင်းကုန်း)၏ “၀န်ချတောင်နှင့် ရသစာတမ်းများ” ကို ဖတ်ကြည့်ပါ။ နှိုက်ယူခံစား ကြည့်
သော အခါ ဆင်ခြင်စဉ်းစားစရာ အတွေးအမြင် များကို ရှာဖွေတွေ့ရှိ လာပါလိမ့်မည်။ ဆရာကြီး စိန်ဗေဒါကြီး ပြောသလို ပြောရလျှင်
“မောင်ရင့်မာသည် သူများကို မပြိုင် ပါ။ မနေ့က မောင်ရင့်မာကို သည်နေ့ မောင်ရင့်မာက အနိုင်ရအောင် ပြိုင်နေခြင်းသာ ဖြစ်ပါသည်” ဟု။
တင့်ခိုင်
ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment