+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, January 4, 2010

ကရင့်ရိုးရာ အားကစားနည်းများ အပိုင်း(၁)

မိန်းကလေးယောက်ျားလေး ခွဲကာ လွတ်လပ်ရေးနေ့ ကြက်ဖ,ခွပ်ပြိုင်ပွဲ ဝင်နေကြစဉ်
(ဓါတ်ပုံ နေညွှန်း)
ဓါတ်ပုံကို ဧရာဝတီမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်
ကြိုးဆွဲတက်ပွဲ(စုဂ်လေံထင်းဖႜီ)
(မင်းစိုးစံ)

ကမ္ဘာအရပ်ရပ်မှာရှိနေကြတဲ့ ကရင်လူငယ်မောင်မယ်များနဲ့တကွ ကရင့်မျိုးချစ်ပုဂ္ဂိုလ်များအားလုံး ဘေးဘယာ ဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် စာပေယဉ်ကျေးမှု၊ ကိုယ်ပိုင် အနုပညာယဉ်ကျေးမှု၊ ဆိုတာတွေရှိကြ သလို ကိုယ်ပိုင်လက်မှုပညာတွေ၊ ကိုယ်ပိုင်အားကစားနည်းတွေရှိကြပါတယ်၊ တခုပဲရှိတယ် အဲဒါက ဘာလဲဆို တော့ ဘယ်သူက ဘယ်အချိန် ဘယ်နေရာမှာ ဘာကြောင့် တည်ထွင်ကစားသလဲဆိုတာကို ခရေစေ့တွင်းကျ မပြောနိုင်တာပါပဲ။
နှစ်သစ်မှာ ကရင်အမျိုးသားထုတရပ်လုံးအတွက် ကရင့်ရိုးရာအားကစားနည်းလေးတခု ရေးသားတင်ပြပါရစေ။
ဒီအားကစားနည်းလေးကို ဆရာတော်ဦးသုန္ဓရ ပြောပြတာဖြစ်ပါတယ်။
ဘာကြောင့်ရိုးရာအားကစားနည်းတွေကို တင်ပြရ,သလဲဆိုတော့ ကိုယ့်ရိုးရာအားကစားနည်းမရှိပါလား ဆိုတဲ့အ တွေးတွေနဲ့ ကရင်လူမျိုးဖြစ်ရ,တာကို၊ ကိုယ့်ကိုယ်ကို ကရင်ပါလို့ပြောရ,မှာကို ရှက်ကြောက်နေတဲ့ ကရင်လူမျိုး တွေ သိမ်ငယ်မှုမရှိအောင်ရယ်၊ ကရင့်နေ့ထူးနေ့မြတ်တွေမှာ ပျော်ပွဲရွှင်ပွဲအဖြစ်ကစားကြခြင်းအားဖြင့် ရိုးရာအား ကစားကို ထိန်းသိမ်းရာရောက်အောင်ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ပါ။
ဆရာတော်ရဲ့မွေးရပ်မြေကတော့ မွန်ပြည်နယ် ခလည် တံခွန်တိုင်(ခြိုင့် ဆင့်ဖေါဟ်ထုင်း)ဖြစ်ပါတယ်။
ဒီအားကစားနည်းကို တွေ့ဆုံမေးမြန်းခန်းပုံစံမျိုးနဲ့တင်ပြမှ အဆင်ပြေမယ်လို့ယူဆ,မိတဲ့အတွက် အမေးအဖြေ လုပ်တဲ့အတိုင်းရေးသားတင်ပြမှာဖြစ်ပါတယ်။
မေး။ ။ “ကရင်အမျိုးသားတွေမှာ ကိုယ်ပိုင်အားကစားနည်းတွေမရှိဘူးလား”
ဖြေ။ ။ “ကရင့်ရိုးရာအားကစားနည်းတွေ အများကြီးရှိပါတယ်၊ မှတ်မိသလောက်ပြောရ,မယ်ဆိုရင် နဘန်းပွဲ
( ပွဲါဏံင့်) ချောတိုင်တက်ပွဲ (ထင်းဆ်ုထုင်း) လက်ဝှေ့ပွဲ(ပွဲါမေဝ်) ကြက်ဖ,ဝှက်ပွဲ(ဖါဆင့်ဖါ့) ဝါးလုံးဖြတ် လျှောက်ပွဲ (ဝါင်ဝး) ကြိုးဆွဲတက်ပွဲ(စုဂ်လေံထင်းဖႜီ)ဘောလုံးရိုက်ပွဲ(ဍေါဟ်ဆ်ုသးဖႜုံး) ဆိုတာတွေအ ပြင် မေ့တေ့တေ့ဖြစ်နေတဲ့ တခြားအားကစားနည်းတွေလည်းရှိပါတယ်”

မေး။ ။ “အဲဒီအထဲက ဆရာတော်အကြိုက်ဆုံးအားကစားနည်းလေးတခု ပြောပြပေးဘို့လျှောက်ထားမေးမြန်း ပါရစေ”
ဖြေ။ ။ “ဆရာတော်အနေနဲ့ကတော့ အားကစားနည်းအားလုံးကို ကြိုက်ပါတယ်၊ အကြိုက်ဆုံးကတော့ လက် ရုံးရည်နဲ့နှလုံးရည်ပေါင်းပြီးကစားရတဲ့ ကစားနည်းတွေထဲက ကြိုးဆွဲတက်ပွဲ (စုဂ်လေံထင်းဖႜီ)ဆိုတာကို ပို ကြိုက်ပါတယ်”
“သူ့ကစားနည်းက လူတယောက်ဟာ ဘယ်လောက်သန်မာသလဲ? ဘယ်လောက်ဥာဏ်ကောင်းသလဲ? ဆိုတာကိုလက်တွေ့စမ်းသပ်တာဖြစ်လို့ပါ၊ နောက်တခုက စုပေါင်းကစားနည်းမဟုတ်တဲ့ တကိုယ်တော် ကစားနည်းဖြစ်လေတော့ ပိုပြီးလွတ်လပ်ပါတယ်”
“သစ်ကိုင်းခွ(ဂွ)တခုခု၊ ဒါမှမဟုတ်တုတ်ခိုင်တဲ့တန်းတခုခုမှာ ကြိုးကိုပစ်တင်လိုက်ရပါတယ်၊ ကြိုးရဲ့ အခြားတဘက်မှာ ဆုအဖြစ် ငွေစက္ကူ ဒါမှမဟုတ် ပုဝါပါးလေးတစ,၊ အထူးသဖြင့်ကတော့ လေထဲမှာ တဖြပ်ဖြပ်လွင့်နိုင်တဲ့ ပေါ့ပါးတဲ့အရာတခု ခုကို အခြားကြိုးသေးသေးလေးနဲ့ချိတ်ဆွဲထားရ,ပါတယ်။
ကြိုးရဲ့နောက်တဘက်မှာတော့ သစ်လုံး ဒါမှမဟုတ် ဝါးလုံးကိုပူးချည်ထားရ,ပါတယ်။ ပြိုင်ပွဲဝင်တဲ့သူက အဲဒီဝါးလုံးပေါ်မှာထိုင်ပြီး အပေါ်ကိုရောက်အောင် တဘက်က ကြိုးစ,ကိုဆွဲတင်ရပါတယ်၊ ချိတ်ထားတဲ့ ဆုတံဆိပ်အနားရောက်တာနဲ့ အဲဒီဆုတံဆိပ်ကို ပါးစပ်နဲ့လှမ်းကိုက်ယူရ,ပါတယ်။”
မေး။ ။“ဆရာတော်ဘုရား နည်းနည်းလေး ထပ်ရှင်းပြပေးပါလားဘုရား၊ တပည့်တော်နားမရှင်းလို့ပါ၊ ဝါးလုံးကို
ကြိုးနဲ့ချည်တယ်ဆိုတာ ဘာလုပ်ဘို့လည်းဘုရား၊ အဲဒီဝါးလုံးက ဘယ်လောက်ရှည်ပြီး၊ ဘယ်လိုထိုင်မှာ လည်းဘုရား၊ ပြီးတော့ အပေါ်ကိုရောက်အောင် ဘယ်လိုဆွဲတင်မှာလည်းဘုရား”
ဖြေ။ ။“ဝါးလုံးကိုချည်တယ်ဆိုတာက ထိုင်စရာနေရာတနေရာစာလေးလောက်ဆိုတော့ တတောင်ကျော်၊ တတောင်၊ တောင်ဆုပ် လောက်ပဲရှိပါတယ်၊ကြိုးကိုဝါးရဲ့အလည်တည့်တည့်လောက်မှာ ချည်ထားရပါ တယ်၊ ဟန်ချက်ညီအောင် ကြိုးချည်ထားတဲ့ ဝါးလုံးအလည်တည့်တည့်ပေါ်မှာ ခွပြီးထိုင်ရပါတယ် အပေါ်ကို ရောက်အောင်ဆိုတော့ကာ အဲဒီထိုင်စရာဝါးလုံးကို ချည်ထားတဲ့ကြိုးကိုပဲ၊ တန်းပေါ်ကို လွှားတင်လိုက်ရပါတယ်၊ ဝါးတန်းလေးပေါ်ထိုင်ပြီး အဲဒီလွှားတင်လိုက်တဲ့ တဘက်က,ကြိုးစ,ကိုဆွဲချလိုက်ရင် ခန္ဓာကိုယ်ဟာ အပေါ်ကိုတဖြည်းဖြည်း မြင့်တက်လာပါတယ်။ နောက်ဆုံး ဆုတံဆိပ်ချိတ်ဆွဲ ထားတဲ့ နေရာနားအထိရောက်လာအောင်ကြိုးကိုဆွဲထားရင်း အဲဒီဆုကို ပါးစပ်နဲ့ကိုက်ယူရတာဖြစ်တဲ့ အတွက် ဥာဏ်သုံးဘို့လိုပါတယ်၊ ဘာကြောင့်လည်းဆို ဆုတံဆိပ်က ပေါ့ပါးနေတော့ မငြိမ်ပါဘူး၊ အဲဒီ တော့ ခန္ဓာကိုယ်အပေါ်ကိုရောက်အောင် ကြိုးဆွဲထားရတဲ့ လက်မောင်းလက်ဖျံ လက်ကောက်ဝတ် လက်ချောင်းလေးတွေဟာ အတော်ကို အားအင်ကုန်ခမ်းနေပါပြီ၊ အဲဒီဆုကို ကိုက်လို့ရ,အောင် ဖြတ်ထိုးဥာဏ်မသုံးတတ်ရင် အချိန်တွေ ကုန်လာတာနဲ့အမျှ လက်အံသေပြီးအောက်ကို ခွေးကျဝက်ကျ ကျ သွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီအားကစားနည်းကို ကြိုက်တာဖြစ်ပါတယ်”
မေး။ ။“ဒါဆိုရင် အဲဒီပေါ့ပေါ့ပါးပါးဆုလို အရာဝတ္ထုကို အလွယ်တကူအချိန်တိုအတွင်း ပါးစပ်နဲ့ကိုက်လို့ရ, အောင် ဘယ်ပုံဘယ်နည်းလုပ်ပါသလဲဘုရား? ”
ဖြေ။ ။“လွယ်တော့မလွယ်ဘူး လက်အံသေခါနီးနေပြီဆိုတော့ အဲဒီဆုကိုလေနဲ့မှုတ်ပြီး ယိမ်းထိုးလှုပ်ရှား အောင် လွင့်မျောအောင်လုပ်ရပါတယ်၊ ပစ္စည်းက,ပေါ့ပါးတော့ အဲဒီနည်းပဲရှိပါတယ်”
မေး။ ။“ဆရာတော်ဘုရားအနေနဲ့ ကရင်အမျိုးသားဒါယိကာဒါယိကာမတွေကို ဘာများမိန့်မှာချင်ပါသလဲ? ”
ဖြေ။ ။“ဘုန်းကြီးပြောချင်တာကတော့ လူတိုင်းဟာ မေတ္တာတရားကိုရှေ့ထားပြီး၊ ဒေါသတရားကို အတတ် နိုင်ဆုံးခွါချရင်း အလုပ်လုပ်ကြဘို့၊ အခုဘုန်းကြီးပြောပြတဲ့ ရိုးရာအားကစားနည်းကိုလည်း နှစ်သစ်ကူး ပွဲ ခြည်ဖြူဖွဲ့ပွဲနဲ့ အခြားပွဲလမ်းသဘင်အခန်းအနားတွေမှာ ထည့်သွင်းယှဉ်ပြိုင်ကစားစေလိုပါတယ်၊ ဒါမှ သာ ကရင့်ရိုးရာအားကစားနည်းတွေဟာ အခြားအားကစားတွေလို ထင်ပေါ်လာမှာဖြစ်ပါတယ်”
စာရေးသူ။ ။“သာဓုပါဘုရား အခုလို စိတ်ရှည်လက်ရှည် ရှင်းလင်းပြောကြားပေးတဲ့အတွက် အလွန်တရာမှကို ကျေးဇူးတင်ကြောင်းပါဘုရား”

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment