ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အားခုတ်ထွင်ရှင်းလင်းကြကုန်၏
(ရဲဘော်ရှောင်း)
(ရဲဘော်ရှောင်း)
ယခင်အပတ်မှအဆက်
ခရီးဖေါ်နှစ်ဦးသည် ခရီးသည်ကြီးဆိုလိုသည်ကို အရိပ်အမြွက်မျှတော့ သဘောပေါက်မိပါသည် သို့သော်ခရီး သည်ကြီးဆိုသလောက်တော့ မဟုတ်တန်ရာဟု ယူဆ,မိကြသည်။
မိုးသည် တကယ်ပင်ပြိုခဲ့ပါပြီ။ ရပ်ရှစ်ခွင်လုံးအုတ်အုတ်ကြွက်ဘဝဂ်ညံခဲ့သည်၊ ကရင်တမျိုးသားလုံးသည် ဖိနှိပ်မှု အနှောင်အဖွဲ့မှန်သမျှကို ရုန်းကန်ခါချထ,ရပ်လိုက်ကြချေပြီ၊ အောင်ပွဲများလည်းချိမ့်ချိမ့်သဲခံခဲ့ကြသည်၊ အုပ်စိုးသူ ဖဆပလ အစိုးရသည်(၇)မိုင်အစိုးရ၊ရန်ကုန်ဟု ကမ္ဘာ့အလည်တွင်လှောင်ပြောင်သရော်စရာ အစိုးရအထိရောက် ရှိသွားခဲ့ရသည်။
ဤမျှကြီးမားလှသည့် အောင်သီးအောင်နှံတို့အား စောင့်ရှောက်ထိန်းသိမ်းကာကွယ်ဘို့ရာ ကြီးမားသည့်ချွတ် ယွင်းအားနည်းမှုများဖြစ်ခဲ့သည်။
မျက်စေ့အောက်တွင်ပင် တောင်တို့သည်တလုံးပြီးတလုံး ပြိုကျသွားသည့်ပမာ အောင်သီးအောင်နှံတို့သည်ဆုံး ရှုံးခဲ့ရသည်၊ ငါ့မင်းငါ့ချင်း တဗိုလ်တမင်း၊ နယ်စားပယ်စား စစ်ဘုရင်သမားတို့၏ တော်လှန်ရေးကြီးအား အတွင်း လှိုက်ဖျက်ဆီးနှိပ်စက်မှုကို ကရင့်တော်လှန်ရေးနှင့်တကွ ကရင်တမျိုးသားလုံးသည် ယူကြုံးမရမရှုမလှနာကျည်း ကြေကွဲစွာခံစားလိုက်ရ,ပါတော့သည်။
၁၉၄၉ခု နှစ်ကုန်ပိုင်းတွင် ရန်သူသည်သံချပ်ကာယန္တယားတပ်အင်အား၊ ရေတပ်၊ လေတပ်အင်အားကိုပါသုံး၍ တန်ပြန်ထိုးစစ်ဆင်လာသည်၊ မြစ်ဝကျွန်းပေးတွင် အစုန်အဆန် တနံတလျားထိုးစစ်ကြီးဆင်ခဲ့သည်၊ အရှုတ်ရှုတ် အထွေးထွေး ထိန်းမနိုင်သိမ်းမရ,ကစင့်ကလျားအခြေအနေမျိုးအထိရောက်သွားခဲ့သည်။
ပြင်းထန်သည့်ရန်သူ့ထိုးစစ်ကာလအတွင်း ဥက္ကဌမန်းဘဇံနှင့် ဗိုလ်ချုပ်ကျော်မြတ်သန်းတို့သည် မြစ်ဝ,ကျွန်းပေါ် ခွင်(ဂွင်)အတွင်းမှရုန်းထွက်မသွားခဲ့၊ ရန်သူ၏ထိုးစစ်ကိုကြံ့ကြံ့ခံလျှက် ခုခံရိုက်ချိုးကြသည်၊ ပျော့ပြောင်းပါးနပ် သောတော်လှန်စစ်ပျောက်ကျားသေနင်္ဂဗျူဟာကို လူထုကိုမှီခို၊ လူထုကိုအားကိုးယုံကြည်လျှက် အသက်ပါပါ ကျင့်သုံးနေကြသည်၊ အကွဲကွဲအပြားပြားပျံ့ကျဲနေသော အခြားခေါင်းဆောင်တပ်မှူးတပ်ဖွဲ့များနှင့်လည်း ပြန် လည်ဆက်စပ်မှုရှိအောင် ကြိုးကြသည်။
တိုက်ပွဲများနေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်ဖြစ်နေသည်၊ အဆက်ပြတ်ကွဲကွာနေသော အခြားတပ်ဖွဲ့များ နှင့်တဖြည်းဖြည်း ပြန်လည်ဆက်စပ်ပေါင်းစည်းမိလာကြသည်၊ အခြေအနေသည်ပြန်လည်တည်ငြိမ်စ,ရှိလာ သော်လည်း ရန်သူ၏ထိုးစစ်အရှိန်မှာ သိသိသာသာလျော့ကျသွားခြင်း မရှိသေးခေ။
တကြိမ်တွင် မန်းဘဇံနှင့်ဗိုလ်တင်ဦးတပ်ဖွဲ့သည် ပန်းတနော်နယ် မင်းဂရုဘက်သို့ရောက်လာသည်၊ မင်းဂရုအင်း ကြီးမှာပြောစမှတ်ပြုလောက်သော မြစ်ဝကျွန်းပေါ်အင်းကြီးများထဲတွင် တခုအပါအဝင်ဖြစ်သည်၊ အင်းသူကြီးရွာ သူကြီးတွေမို့လည်း ပြည့်စုံစည်ကားပြီးလူနေထူထပ်သည်၊ ရွာတွင်းရောက်သည်နှင့် လူတွေကလည်းထွက်ကြို ကြသည်၊ ရိက္ခနှင့်အခြားလိုအပ်မှုများကို လိုလေသေးမရှိထောက်ပံ့ကူညီကြသည်။
သို့ရာတွင် ဤရွာကြီးတွင် တရက်တဖြုတ်ခိုနားစခန်းချမည်ပြုလာလျှင် အကြောင်းအမျိုးမျိုးပြတောင်းပန်၍ ယဉ် ယဉ်ကလေးနှင်လွှတ်တတ်ကြသည်၊ ဤနည်းနှင်နှင်အဖြစ်အပျက်မျိုးကို သုံးလေးရွာ ကြုံတွေ့လိုက်ရ,သည်။
အင်းရွာတွေမို့လည်း ချောင်းတွေမြောင်းတွေကပေါများလှသည်၊ စိုလိုက်ခြောက်လိုက်နှင့်တနေကုန်ခရီးနှင်လာ ခဲ့ကြသည်၊ ရွာများကိုဖြတ်သန်းခဲ့သော်လည်း ခိုနားစရာမရသည့်အဖြစ်မျိုး ကြုံတွေ့နေရ,သည်။
တပ်ဖွဲ့တခုလုံးသည် ပင်ပမ်းနွမ်းနယ်နေပြီဖြစ်၏။ အနောက်မိုးကုတ်စက်ဝိုင်းတွင် နေလုံးကြီးက မေးတင်စ,ပြု နေလေပြီ၊ အင်အားနှစ်ရာကျော် သုံးရာနီးပါးရှိသော ဤတပ်ဖွဲ့သည် ကွင်းထီးထီးတခုတည်းသောရိုးကလေး စောင်းတွင် အိမ်ခြေ(၁၀)လုံးခန့်ရှိသော အင်းတံငါပျံကျရွာကလေးသို့ သူတို့ရောက်ရှိလာသည်၊ မှောင်ရီပျိုးစ,ပြု နေလေပြီ။
ဆန်းစ,လကလေးသည် စွမ်းသမျှသောအလင်းကိုဆောင်နေသည်၊ တပ်ဖွဲ့သည်ရွာဦးထိပ်သို့ရောက်သွားသည် နှင့် ရွာသူရွာသားများက ထွက်ကြိုကြသည်၊ တဆက်တည်းပင်
“ခင်ဗျားတို့ ဘယ်ဆက်သွားကြမလို့လည်း မိုးချုပ်နေပြီ ပင်ပမ်းလှရောပေါ့ လကလည်း သိပ်ပြီးသာသေးတာမ ဟုတ်ဘူး၊ ရှေ့ဆက်မသွားကြပါနဲ့တော့ ကျွန်တော်တို့ရွာမှာပဲစခန်းချပါ”
တပ်ဖွဲ့သည်လည်း တနေကုန်ခရီးကြောင့် ပမ်းခဲ့ကြသည်၊ တပ်မှူးဖြစ်သူဗိုလ်တင်ဦးသည် အဆင့်ဆင့်တပ်မှူး များအားခေါ်စုလိုက်ပြီး စခန်းချအမိန့်ပေးလိုက်သည်၊ စခန်းချရာတွင် စစ်ရေးသတင်းလိုအပ်သည့် ကြိုတင်ပြင် ဆင်မှုများကို တဆက်တည်းညွှန်ကြားလိုက်သည်၊ တပ်ဖွဲ့အင်အားနှင့်အိမ်ခြေမမျှ၊တပ်မှူးအပါအဝင်အခြားစစ် ရေးလိုအပ်ချက်ကြောင့် အိမ်ပေါ်တွင်မအိပ်ကြရန်ထပ်မံညွှန်ကြားလိုက်သည်။
ဥက္ကဌမန်းဘဇံကိုယ်တိုင် အိမ်ပေါ်မအိပ်၊ ဥာဏ်တောထဲတွင်ပင် ဖြစ်သလိုနေရာယူအိပ်ဘို့လုပ်သည်၊ ရွာသူကြီး နှင့်ရွာသားတို့ကလည်း တပ်ကိုအိမ်ပေါ်မှာအိပ်ခိုင်းပြီး သူတို့ကအိမ်အောက်မှာဆင်းအိပ်မည်ဟု ဆိုလာကြသည်၊ ဤသို့နှင့်ပင် အိမ်အောက်မှာသူအိပ်မည်ငါအိပ်မည်နှင့် အိမ်ပေါ်တွင်အပြန်အလှန်အိပ်ခိုင်းကြသည်။
ထိုနေ့ညစာအတွက် အင်းတံငါပျံကျရွာသားများက စေတနာထက်သန်စွာဖြင့် ဝက်သားဟင်းချက်ကျွေးလေ သည်။
ထိုညချမ်း၏ တပ်နှင့်ပြည်သူတို့၏ ချစ်ကြည်ယိုင်းပင်းကူညီမှုသည် ကြည်နူးချမ်းမြေ့ဘွယ်ရာအတိ ရှိလှပေတော့ သည်၊ သူတို့စခန်းချစားသောက်ကြပြီးနောက် ဥက္ကဌမန်းဘဇံက
“ဟေ့ ဗိုလ်တင်ဦး တော်လှန်ရေးစ,ကာနီး ဟိုတုန်းက လောင်းတိုင်နား ကွင်းထဲက လယ်ကူလီတဲကလေးထဲမှာ ဥက္ကဌစောဘဦးကြီးပြောခဲ့တဲ့စကား ငါသဘောသိပ်မပေါက်ဘူးကွ၊ ဒီညနေအဖြစ်အပျက်လေးဟာ စောဘဦးကြီး ကိုသိပ်သတိရ,တာပဲ”
စကားသံရပ်သွားသည် မလင်းတလင်းလရောင်ရိပ်ဝယ် မန်းဘဇံသည် အဝေးတနေရာသို့ ငေးမောလျှက်ရှိ သည်၊ အတန်ကြာမှ
“ဟိုတုန်းက ဥက္ကဌစောဘဦးကြီး ကြိုတင်တွက်ဆ,ရှင်းပြခဲ့တယ်ကွ၊ တို့လက်မခံဘူး၊ သူ့ကိုတောင်တမျိုးမြင်ခဲ့ သေးတယ်၊ တကယ်တမ်းအခက်အခဲ အကြတ်အတည်းနဲ့ကြုံလာရင် တကယ်တမ်းတော်လှန်ရေးအပေါ် သစ္စာ ရှိပြီး မဖေါက်ပြန်တဲ့ အကျိုးပြုကရင်ပြည်သူတွေဟာ ဟောဒီအင်းတံငါရွာက လူစားမျိုးတွေပဲကွ”
ထိုတညသည်ဆန်းစ,လ၏အလင်းရောင်အောက် ဥာဏ်တောထဲတွင်အိပ်မပျော်မှီ မန်းဘဇံ၏ဦးဏှောက်အတွင်း ဝယ် ကြည်လင်ပေါ့ပါးစွာဖြင့် အသိဥာဏ်အလင်းရောင်တခုကို လက်ခံသိမ်းပိုက်ရင်း အိပ်ပျော်သွားခဲ့လေပြီ။
ကျွန်ုပ်တို့၏မိဘဘိုးဘွားများသည် တောရိုင်းမြေတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏၊ အရိပ်အာဝါသ,နှင့်ပြည့်စုံ စေလျှက်ချိုမြိန်မွှေးကြိုင်၍ အရ,သာတို့နှင့်အတိပြီးသော သီးနှံပန်းမာလ်တို့အား စိုက်ပျိုးခဲ့ကြကုန်၏၊ သန်စွမ်း သောမျိုးပင်မျိုးဆက်တို့အား ကျဲချကုန်လျှက်မြေဆီမြေသြဇာပြည့်စုံသော ဤကမ္ဘာမြေပေါ်ဝယ် ဆက်လက်ရှင် သန်ကြီးထွားစေကုန်၏။
အမိအဘဘိုးဘွားတို့၏ မျိုးဆက်များဖြစ်ကြကုန်သော အကျွန်ုပ်တို့သည် လွန်လေကြ ကုန်ပြီးဖြစ်သော မိဘဘိုး ဘွားတို့ ပြုစုပျိုးထောင်ပေးခဲ့သည့် ဤဥယျာဉ်ဝယ် ဧမြသောအရိပ်၊ ခိုင်ဖြီးသောအသီး ချိုမြိန်သောအရသာတို့ ဖြင့် ပြည့်စုံစေခြင်းအလို့ငှာ ကောင်းမြတ်သောအမွေကိုဆက်ခံလျှက် ဤဥယျာဉ်ကြီးအား ဆက်လက်ရှင်သန် ကြီးထွားစေရန်ကြိုးပမ်းကြကုန်အံ့။
ဤသို့ မိဘဘိုးဘွားတို့၏ကျေးဇူးတရားကို အသက်ထက်ဆုံးအောက်မေ့တ,သ,နှလုံးမူရင်း ကိုယ်စီကိုယ်ငှသော အသိတရားဖြင့် တာဝန်ယူလျှက် အသက်ရှင်နေထိုင်သွားကြကုန်အံ့။
ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများ၏ နမိတ်ပုံရိပ်ကို အနုမာနဖြင့်မှန်းဆ,ပုံဖေါ်၍ ဦးညွှတ်ကန်တော့အပ်ပါ သည်။
ရဲဘော်ရှောင်း
January 31, 2010 တွင်ကျရောက်မည့် ၆၁ နှစ်မြောက်ကရင့်အမျိုးသားတော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် September 1, 2001 ၌ ကရင့်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွါးရေးကော်မီတီ မှ ပထမအ ကြိမ် စီစဉ်ထုတ်ဝေသည့် အားမာန်သစ်စာစောင် မှ ပြန်လည်ကူးယူရေးသားဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment