တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့
(မင်းစိုးစံ)
လွန်ခဲ့တဲ့အပတ်တုန်းကပြောထားခဲ့သလို သူငယ်ချင်းတယောက်နဲ့တွေ့ပြီး ဒုက္ခသည်တွေအနေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို မေးဘို့စီစဉ်ထားပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်သူ့နဲ့ မတွေ့ဖြစ်ပါဘူး။
ဒါကြောင့် ဆောင်ရန်ရှောင်ရန်ကိစ္စဝိစ္စတွေကို မဖေါ်ပြသေးပဲ ဒုက္ခသည်တွေရဲ့ ရ,ပိုင်ခွင့်တွေ ဘယ်လိုရှိတယ်ဆို တာအရင်ဆုံးရေးသားဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒါပေမယ့် သိသင့်သိထိုက်တဲ့ အရေးကြီးကိစ္စတွေကိုတော့ နောက်များမှာ အဆင်ပြေရင်ပြေသလိုဆက်လက် ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကို ရောက်ရှိအခြေချဘို့ အမေရိကန်မြေကို နင်းလိုက်တာနဲ့ ဒုက္ခသည်တွေတိုင်းဟာ တ ယောက်ကို ၄၂၅ ဒေါ်လာရရှိမှာဖြစ်ပါတယ်။ အဲဒါတွေအပြင် ကိုယ့်ကိုတာဝန်ယူခေါ်ဆောင်တဲ့အဖွဲ့အစည်းတွေ ကနေပြီး အဝတ်အထည်တွေ ကလေးကစားစရာလေးတွေအပြင် အခြားလိုအပ်တဲ့ပစ္စည်းတွေကို လက်ဆောင် ပေးတာမျိုးတွေရှိပေမယ့် အဖွဲ့အစည်းတခုနဲ့တခု ပေးတာခြင်းမတူပါဘူး။
တာဝန်ယူခေါ်တဲ့အဖွဲ့အစည်းတွေကတော့
Lutheran Immigration and Refugee Services
International Institute
Catholic Charities Refugee and Immigration Services
Church World Services
World Relief စ,တာတွေဖြစ်ပါတယ်။
ဘယ်အဖွဲ့အစည်းကပဲခေါ်သည်ဖြစ်စေ တယောက်ကို ၄၂၅ ဒေါ်လာကတော့ အားလုံးရ,တာခြင်းတူကြပါတယ်။
အစားအသောက်ကူပွန်(Food stamp)ငွေကြေးထောက်ပံ့မှုအစီအစဉ်(Cash assistance program)တွေက တော့မိသားစုလူဦးရည်အပေါ်မူတည်ပြီးတော့ ရရှိပါတယ်။
မိသားစုအလိုက်အောက်ကစာရင်းတွေအတိုင်း ငွေကြေးထောက်ပံ့မှုကိုရ,ရှိကြမှာဖြစ်ပါတယ်။
တယောက်တည်းသမားဆိုရင် ငွေသား ဒေါ်လာ၂၅၀ နဲ့ အစားအသောက်ကူပွန်ကတော့ ဒေါ်လာ ၁၄၁ဒေါ်လာ ရ,မှာဖြစ်ပါတယ်။ ထို့အတူပါပဲ နှစ်ယောက်ဆိုရင် ငွေသားဒေါ်လာ ၄၃၇ဒေါ်လာနဲ့ အစားအသောက်အတွက် ၂၆၁ဒေါ်လာ၊ သုံးယောက်ဆိုရင် ငွေသား ၅၃၂ဒေါ်လာနဲ့ အစားအသောက်အတွက် ၃၇၈ဒေါ်လာ၊လေးယောက် ဆိုရင် ငွေသား၆၂၁ ဒေါ်လာ၊ အစားအသောက် ၄၇၀ဒေါ်လာရမှာဖြစ်ပါတယ်။
ငါးယောက်ရှိတဲ့မိသားစုဆိုရင် ငွေသား ၆၉၇ဒေါ် လာ အစားအစာအတွက် ၅၄၈ဒေါ်လာ၊ ခြောက်ယောက်ဆိုရင် ငွေ ၇၇၃ဒေါ်လာ အစားအတွက် ၆၅၂ဒေါ်လာ၊ ခုနစ်ယောက်ဆိုရင် ငွေ ၈၅၀နဲ့အစားအတွက် ၇၀၃ဒေါ်လာ၊ ရှစ်ယောက်ရှိတဲ့မိသားစုဆိုရင်တော့ ငွေသားက ၉၁၆ဒေါ်လာနဲ့ အစားအစာအတွက် ၇၉၇ဒေါ်လာ ရ,မှာဖြစ်သ လို၊ ကိုးယောက်ရှိတဲ့ အိမ်ထောင်စုဆိုရင်တော့ ငွေသား၉၈၀နဲ့ အစားအစာအတွက် ၈၉၁ဒေါ်လာ ရ,မှာဖြစ်ပါ တယ်၊ မိသားစုဆယ်ယောက်ရှိတဲ့ အိမ်ထောင်စုဆို ရင်တော့ ငွေသား ၁၀၃၅ဒေါ်လာနဲ့အစားအသောက်အ တွက် ၉၈၉ ဒေါ်လာရမှာဖြစ်ပါတယ်၊ ဒါကတော့ တလစာအတွက်လ,စဉ်ထောက်ပံ့ကြေးတွေဖြစ်ပါတယ်။
အဲ့ဒါအပြင်ကို မွေးကင်းစ,ကလေးအရွယ်ကစ,လို့ သုံးနှစ်သားအထိ သီးသန့်ထောက်ပံ့ရေးအစီအစဉ်တွေရှိတဲ့ အတွက် တနှစ်သားအရွယ်ကလေးငယ်တယောက်အတွက် ရ,တဲ့အခြားထောက်ပံ့ပစ္စည်းအချို့ကို ရေးသားဖေါ် ပြလိုပါတယ်။
ကလေးအတွက် နွားနို့(Milk )၄ဂါလံ၊ ပါမုန့်(Bread 16 OZ)နှစ်ထုပ်၊ မုန့်ကျွတ်(Cereal 36 OZ) ၃ဖါ၊ကြက်ဥ တဒါဇင်၊ သစ်သီးဖျော်ရည်(Juice 64 OZ) ၂ပုလင်း၊ ပဲ(Dry Been 16 OZ)တထုပ်နဲ့ ငွေသား ၆ဒေါ်လာ လစဉ်ထောက်ပံ့ပါတယ်။
ငွေသား၆ဒေါ်လာကတော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ အသီးအနှံတွေကို ဝယ်ကျွေးဘို့ဖြစ်ပါတယ်။
အဲဒါတွေကတော့ ဒုက္ခသည်တွေရတဲ့အခွင့်အရေးတွေထဲက ကျုပ်လက်လှမ်းမှီသလောက် ရေးသားဖေါ်ပြလိုက် တာပါ၊ အစားအသောက်နဲ့ပတ်သက်တဲ့ ထောက်ပံ့ကြေးတွေကတော့ အနည်းအကျဉ်းပြောင်းလဲမှု ရှိနိုင်ပါတယ်။ မိမိတို့ရဲ့ဝင်ငွေအပေါ်မူတည်ပြီး နောက်ပိုင်းထောက်ပံ့ကြေးတွေ အပြောင်းအလွဲရှိပါတယ်။
နောက်အပတ်ကျရင်တော့ အရင်အပတ်တုန်းကပြောခဲ့သလို ဆောင်ရန်ရှောင်ရန်တွေကို ရေးသားထားတဲ့ စာရွက်စာတမ်းအချို့ကို စုစည်းတင်ပြပေးသွားနိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒီထုတ်ပြန်ထား တဲ့ စာရွက်စာတန်းတွေဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ဒါမှမဟုတ်ဆယ်နှစ်ကျော်ကျော်လောက်က ထုတ်ပြန်ထားတာဖြစ် တယ်ဆိုတာကိုတော့ တင်ကြိုအသိပေးအပ်ပါတယ်၊ စာမျက်နှာ စုစုပေါင်း ၁၅ မျက်နှာရှိတဲ့ စာအုပ်ငယ်လေး ဖြစ်ကြောင်းပါခင်ဗျား။
(ဆက်ရန်)
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment