စိုးရိမ်လို့ပါဗျာ
(မင်းစိုးစံ)
(မင်းစိုးစံ)
ရာသီကပြောင်းလာပြီဗျ အခုကျုပ်ရောက်နေတဲ့ဒေသက နွေအကူး(Spring) ရာသီပေါ့ သစ်ရွက်တွေ အချို့ အညွန့်အဖူးလေးတွေထွက်လာသလို အချို့ကတော့ ထွက်ပြူဘို့အားယူနေတာမို့ အနွေးကြီးမ ဟုတ်ပေမယ့် အအေးဓါတ်သက်သာလာတာကတော့ အသေအခြာပဲ။
ကားလမ်းဘေးတဘက်တချက်မှာ ဆောင်း(Winter)ရာသီတုန်းက တောင်ပုံရာပုံဖြစ်နေတဲ့ ရေခဲပုံတွေ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ပြီဆိုတော့ နေရောင်ခြည်အောက်က လမ်းမ,ကြီးဟာ သူ့ရဲ့အရှိန် အဝါကို အနက်ရောင်တောက်တောက်နဲ့ ကြွားနေပါလားလို့ ထင်စရာဖြစ်နေပါတယ်။ သင်္ကြန်ကာလဆိုပေမယ့် ရေကစားလို့က သိပ်မဖြစ်သေးဘူးလေ၊ အအေးက သက်သာရုံပဲ၊ အပူချိန် က တယောက်နဲ့တယောက်ရေလောင်းလိုက်လို့ကတော့ အအေးမိနှာစေးမှာအသေအခြာပါပဲ။
ကျုပ်ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆိုရင်ကဲသလားမမေးနဲ့ ကျုပ်နေတဲ့နေရာက နတ်မောက်စက်မှု လက်မှုအထက်တန်းကျောင်းဝင်းလေဗျာ၊ ကန်တော်ကြီးနဲ့လည်းနီးတယ်၊ အဲဒါမြေနီကုန်းဘက်ရေပက် ခံထွက်တော့ ရေပက်တဲ့ရပ်ကွက်ကို ကားပေါ်ကနေ ခနဲ့လိုက်ပုံလေးပြန်သတိရနေလိုက်သေး။
“မင်းတို့အရပ်က ကြမ်းတယ်ဆို၊ မင်းတို့ပက်တာ ဘိန်းစားလိုပဲ”
“ခွက်စုတ်ကလေးနဲ့ပက်တာလောက်တော့ ရယ်(ရီ)တာပေါ့ ရယ်(ရီ)တာပေါ့” အဲဒီလိုကို ကဲတာ။
ထိုင်းဘက်ရောက်ပြန်တော့ သိတဲ့အတိုင်းပဲ ကိုယ်နည်းနည်းခိုက်တဲ့မိန်းကလေးဆိုရင် ရေခွက်ထဲမှာ ပေါင်ဒါမှုန့်နဲ့ရေနဲ့ရောပြီးမျက်နှာတွေပါးတွေကို လိုက်ပြီးလူးပေးလိုက်တာမျိုး၊ သူ့နောက်ကျောကနေ ရေလောင်းပြီး ကျောကိုသာသာလေးပုတ်ပေးတာမျိုး တခါကားငှားပြီးတော့ ကားပေါ်မှာ ရေတိုင်ကီ ကြီးတွေထဲရေတွေဖြည့်ရေခဲတုံးစိမ်ထား ကိုယ့်ကိုပက်တဲ့လူတွေကို ကားပေါ်ကနေ ရေခဲရေနဲ့ပြန်ပက်၊ နည်းနည်းအေးလာရင်နွေးအောင်ဆိုပြီး သမင်တွေ စပါးနှံတွေ အဲဒီတံဆိပ်တွေပါတဲ့ရှတ်တွေတွတ်ကြ၊ အမူးလွန်တဲ့ကောင်ဥသြဆွဲရင် အံဖတ်တွေဝိုင်းရှင်းနဲ့ အဲ အဲဒီလိုကိုကဲခဲ့တာဗျို့။
တတိယနိုင်ငံရောက်လာတော့ ကျုပ်ရောက်နေတဲ့မြို့ကအအေးဓါတ်ကဲတဲ့ဒေသဆိုတော့ ဒီလိုလမျိုးမှာ ရေမကစားဖြစ်ပေမယ့် သက်ကြီးပူဇော်ပွဲဆိုတာမျိုးတော့ နှစ်တိုင်းလုပ်ဖြစ်တယ်ဗျ လူမျိုးမရွေးဘာသာ မရွေးပေါ့ဗျာအသက်ခြောက်ဆယ့်ငါးနှစ်နဲ့အထက်မှန်ရင် အဲဒါရှိသမျှစာရင်းကိုကောက်ပြီး လှူဘွယ် ပစ္စည်း တွေနဲ့ကန်တော့ကြတာ၊ တချို့ပုဂ္ဂိုလ်တွေက အသစ်ထွင်တာလား ဘာလားတော့မသိဘူး သူ တို့ကတော့ သင်္ကြန်ပွဲကို ဂျူလိုင်လမှာစုပြီးလုပ်တာရှိတယ်ဗျ၊ ကျုပ်တို့ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်နဲ့ တိုက်ဆိုင်တာတခါ ကြုံတော့ ကျုပ်တောင်ဘာတွေမှားနေပြီလည်းပေါ့၊
တချို့မြန်မာ့ရိုးရာကိုထိန်းသိမ်း ချင်တဲ့လူတွေကတော့ ဒါဟာဘာဖြစ်တယ်၊ ညာဖြစ်တယ် မလုပ်ထိုက်မလုပ်သင့်ဘူးဆိုတာတွေ ဖြစ် ကုန်တယ်၊ ဒီနှစ်သင်္ကြန်တော့ ဘာသံမှမကြားမိဘူး၊ ဘယ်ကြားမလည်းဗျာ ကျုပ်ကနေမကောင်းတဲ့လူ ဆိုတော့ ဘယ်မှသွားဖြစ်လာဖြစ်တာမှမဟုတ်တာ။
အဲဒီလိုပဲ ကျုပ်တို့ကရင့်ရိုးရာပွဲတွေကို နိုင်ငံခြားရောက်နေတဲ့ကရင်တချို့က အချိန်မရလို့ နေ့သုံးနေ့ကို တရက်ထဲလုပ်တာမျိုး အချိန်နှောင်းမှကရင့်နေ့ထူးနေ့မြတ်တွေကိုလုပ်တာမျိုး တနင်္ဂနွေနေ့နဲ့ဆုံနေလို့ ရက်ရွှေ့တာမျိုးတွေ လုပ်နေကြတော့ နဂိုလ်ကတည်းကမှ ကရင့်နေ့ထူးနေ့မြတ်တွေ ရိုးရာပွဲတွေက မရှိသလောက်ဖြစ်နေတဲ့ ဥစ္စာဗျာ၊ နိုင်ငံခြားရောက်နေတဲ့ ဒေါ်လာစားတွေက ဒေါ်လာမျက်နှာနဲ့ကောင်းကင်နိုင်ငံတော်ကိုပဲ အဓိ ကထားနေကြတယ်လို့ပြောလိုက်ရင် လွန်သွားမလားမသိဘူး၊ ဒီလိုသာဆိုရင်တော့ နောင်လာမယ့်နှစ် ဆယ်စုနှစ်နှစ်စုလောက်ဆိုရင် ကရင့်နေ့ထူးနေ့မြတ်တွေလည်း ဘယ်နေ့တွေမှာ တိတိကျကျလုပ်ရမယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိနိုင်တော့သလို ကရင်စာပေမပြောနဲ့ ယဉ်ကျေးမှုမက စကားတွေပါ ပျောက်ကုန်မှာတော့သေခြာတယ်။
အဲဒီတော့ဗျာ နောင်လာနောက်သားတွေကို အစဉ်လာကောင်းလေးတွေထားခဲ့ပေးဘို့ အားလုံးအားလုံး အနယ်နယ်အရပ်ရပ်ကိုရောက်နေတဲ့ ဘိုးဘိုးကရင်၊ ဘွားဘွားကရင်တွေတာဝန်မမေ့ကြပါနဲ့ဆိုတာ အ ထူးမေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါရဲ့ဗျား။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment