အခန်းဖေါ်နဲ့ အဖေါ်
(မင်းစိုးစံ)
နေမကောင်းဘူးဗျ။ချေထောက်တွေက ကိုက်ခဲနေတယ် ဘယ်ဘက်စောင်းလိုက်လည်းနာ ညာဘက်စောင်း လိုက်လည်းနာဆိုတော့ ထထိုင်ဘို့လုပ်လိုက်မှ ပိုဆိုးသွားတယ် လုံးဝကိုမလှုပ်နိုင်အောင်ဖြစ်သွားတယ် ကိုယ်အ ပူရှိန်ကလည်းနည်းနည်းတက်လာတော့ ခဏကလေးလှဲချလိုက်တယ်။
ရသလောက်လေး ဘေးစောင်းနေရင်း ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ပြန်တော့ အားမရပြန်ဘူး။ စာရေးချင် တာအရမ်းပဲ။ ဘာအကြောင်းအရာရေးရရင် ကောင်းမလဲဆိုတာစဉ်းစားလိုက်ပြန်တော့ ခေါင်းထဲက ဘာမှထွက် မလာပြန်ဘူး။
ကွန်ပျူတာမျက်နှာပြင်ကို ကြည့်နေရာကနေ ပက်လက်လှန်အိပ်ချလိုက်တော့ ခြေထောက်က မခံနိုင် လောက် အောင်ကိုနာပြန်တယ်။
အင်္ဂလိပ်သင်္ချာနံပါတ်လေးပုံစံမျိုးထားလိုက်တော့ နည်းနည်းသက်သာသလိုရှိတယ်၊ရေဆာနေတယ် ရာသီဥတု ကပူတယ်၊ လေအေးပေးစက်ပျက်နေတယ်၊ကျုပ်ရဲ့အခန်းဖေါ်ကတော့ တီဗွီဂိမ်းကစားနေတယ်၊ ပန်ကာနှစ်လက် က သူ့ကိုယ်ပေါ်မှာလည်ပတ်နေတယ်။
ကျုပ်ကသူ့ရဲ့ညာဘက်နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ပန်ကာနဲ့အတော်ကလေးဝေးနေတာဆိုတော့ လေအေးက ကျူပ်ဆီရောက်မလာဘူး။တကယ်ဆိုရင် သူ့အနေနဲ့ကိုယ်ချင်းစာသင့်တာပေါ့၊ကျုပ်နဲ့သူ နှစ်ယောက်ထဲရှိတဲ့ဥစ္စာ ကျုပ်အခြေအနေကို သူသတိပြုသင့်တာပေါ့။ အဲဒီလိုတွေးရင်းဒေါသတွေက ကိုယ်အပူရှိန်မြင့်တက်လာတာနဲ့အ မျှ တဖြည်းဖြည်းတိုးလာနေတယ်။
သူတီဗွီဂိမ်းကစားနေရာကနေ ရေခဲသေတ္တာသွားဖွင့်ပြီး ရေခဲမုန့်(မိသားစုဆိုက်)ကို ယူလာပြီးသူထိုင်နေမြဲနေရာ ကနေ သူ့ဂိမ်းကိုဆက်ကစားရင်း ရေခဲမုန့်ကိုအားပါးတရဇွန်းနဲ့ကော်စားနေပါတယ်၊အမှန်အတိုင်းပြောရရင် ကျုပ် ရေအေးအေးလေးသောက်ချင်နေတယ်၊ ပြီးတော့ကျုပ်အတွက် ပန်ကာဒလက်က အံထွက်လာတဲ့ လေအေး အေးလေးလိုအပ်တယ်။
ကျုပ်ကို သူလုံးဝအရေးမစိုက်တာတော့ သေခြာတယ်၊ ဒါဆိုရင် ကျုပ်သူ့ကိုဘယ်လိုတုန့်ပြန်ရင်ကောင်း မလဲဆို တာစဉ်းစားလိုက်တော့ မနေ့ညက သူနဲ့ကျုပ်အတူသောက်ထားတဲ့ ဘီယာပုလင်းခွံလေးလုံး၊ ဝိုင်ပုလင်းခွံနှစ်လုံး အဲဒါနဲ့ တီဗွီကိုပစ်ခွဲလိုက်ရင်ကောင်းမယ်။ ဒါဆိုရင်သူ့အနေနဲ့နောက်ဆိုရင် ဒီလိုပမာမခန့်တဲ့ အပြုအမူမျိုးလုပ်ရဲ တော့မှာမဟုတ်ဘူး။
ကျုပ် ပုလင်းခွံတွေကို လှမ်းယူလိုက်တော့ ယူလို့မမှီဘူး၊ ဒါဆိုရင် အခု ကျုပ်ရှေ့က လက်ပ်တော့ပ်နဲ့ လှမ်းပေါက် ခွဲဘို့ အကြံရတယ်၊ လက်ပပ်တော့ပ်ကို ကပျာကယာပိတ်ချလိုက်တယ် အားရှိသလောက် ပိတ်ပေမယ့် ပိတ်လို့မ ရဘူး၊ အိုး အခုမှစဉ်းစားမိတယ် မီးကြိုးကိုမဖြုတ်ပဲပစ်လိုက်လို့ကတော့ ဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့တတ်ထားတဲ့မီးကြိုးကိုဖြုတ်ပစ်ဘို့ လိုက်စမ်းလိုက်တယ်၊ ဘယ်လိုမှ စမ်းလို့မရပြန်ဘူး။
နောက်တော့ ကျုပ်အသက်ရှူရတာသိပ်အဆင်မပြေတော့တာနဲ့ သူ့ကို ဘာပြောလိုက်မိတယ်ဆိုတာ မသိပေ မယ့် အကူအညီတခုခုတောင်းတာပဲဆိုတာတော့ မှတ်မိလိုက်တယ်။
ခေါင်းတအားကိုက်နေတယ်၊ဘာမှမစဉ်းစားပဲနေချင်တယ် မနေ့ကအကြောင်းပဲဖြစ်ဖြစ်၊ဒီနေ့အကြောင်း ပဲဖြစ်ဖြစ် မနက်ဖြန်အကြောင်းပဲဖြစ်ဖြစ် ဘာမှမစဉ်းစားချင်ဘူး၊ အာရုဏ်တွေနောက်နေတယ် ငှက်ငယ် လေးတကောင် တောင်ပျံနှစ်ဘက် အခုသူနားနေတဲ့သစ်ကိုင်းပေါ်ကနေ သူ့တောင်ပျံနှစ်ဘက်ကို ခတ်လိုက်မယ်ဆိုရင် သစ်ရွက် ကလေးတွေလှုပ်ရှားလာမယ် တချို့ကြွေမယ် တရွက်၊ နှစ်ရွက်။
ဟုတ်ပြီ ဒီငှက်ငယ်လေး အရွယ်ရောက်လာလျင် အဖေါ်ရှာမယ် ပြီးတော့ မိသားစုလေးတခုဖြစ်လာမယ်၊ သူ့အဖေါ်ကသူ့ကို ကြင်နာမယ် သူတို့အတွက် သားသား မီးမီး လေးတွေ မွေးဖွါးပေးမယ်၊ အကယ်၍များ သားသားမီးမီးတွေကဆယ်ကောင်ဆိုရင် တောင်ပျံနှစ်ဘက်စီဆို တော့ တောင်ပျံပေါင်းနှစ်ဆယ်၊ အဲဒီတောင်ပျံတွေပေါင်းပြီးခတ်လိုက်ရင် သစ်ရွက်အတော်များများလှုပ်ရှားသွား မယ် တချို့ကြွေမယ် အရွက်ပေါင်းနှစ်ဆယ်၊သုံးဆယ် တခါအဲဒီငှက်ငယ်လေးရဲ့သားသားမီးမီးတွေ အရွယ်ရောက် လို့အဖေါ်ရှာကြရင် သူ့လိုပဲသားသားမီးမီးတွေမွေးလာမယ် တကောင်မှာသားသားမီးမီးဆယ်ကောင်ဆိုရင် အခုပေါက် လာတဲ့ငှက်လေးတွေကဆယ်ကောင်ဆိုတော့ အကောင်တရာ၊ ဒါဆိုရင်တောင်ပျံစုစုပေါင်း.. အိုး… ခေါင်း ကိုက်လိုက်တာ…….။
ငှက်လေးတောင်မှ မိသားစုနဲ့နေနိုင်တယ်၊ ကျုပ်ကျတော့ အခန်းဖေါ်နဲ့နေနေရတယ်၊ ဘယ်မှာလဲမိသားစု၊ ဘယ် မှာလဲ တောင်ပျံနဲ့တူတဲ့ အင်အားတွေ။
အာရုံထဲကို သင်္ချာတွေဝင်လာတယ်။သင်္ချာဆိုတာ တိကျတဲ့အတိုင်းအထွာ အကွာအဝေး၊ အချိန်၊ အနီးအဝေး။ ကရင်လူမျိုးတွေမှာ သင်္ချာဘာသာနဲ့ပတ်သက်လို့ ဘယ်လို သတ်မှတ်ကြမလဲ၊ဗမာလို တယူဇနာဆိုပါတော့ က ရင်လိုအကွာအဝေးဘယ်လောက်ရှိလဲ မစဉ်းစားဘူး စဉ်းစားရမယ်။ မစဉ်းစားလျင် မင်းဟာတကိုယ်ကောင်းသ မား ကရင့်မျိုးဆက်သစ်တွေအပေါ်တာဝန်မဲ့တဲ့လူဖြစ်မယ်။
ဖြစ်ဖြစ်ကွာမစဉ်းစားဘူး အင်္ဂလိပ်လိုကတော့ ၁၂ဒဿမ ၇၂ မိုင်ရှိတယ် ဒါဆိုရင် ခက်တာက ငါတို့မှာဒဿမ အ ထိတိကျတဲ့သင်္ချာအသုံးအနှုံးမရှိသေးဘူး…အိုး…ခေါင်းကိုက်လာပြန်ပြီ။ခေါင်းကိုက်လို့မဖြစ်ဘူး တဂါဝုတ်ဆိုရင် ဘယ်လောက်ရှိမလဲ စဉ်းစားစမ်း။ မရဘူးခေါင်းကိုက်တယ်ဗျ။ ဆရာဝန်ကပြောထားတယ် သိပ်မစဉ်းစားနဲ့တဲ့ ကြာရင် ရူးသွားမယ်တဲ့။
ရယ်(ရီ)ရတယ်ကွာ လူတိုင်းဟာအရူးပဲဆိုတာ သူမသိလို့ဖြစ်ပါလိမ့်မယ်၊ မင်းအမျိုးသား အတွက် မင်းရူးရဲရမယ်၊ မင်းအမျိုးသားအတွက် မင်းသေရဲရမယ်၊ အခုမင်းအမျိုးသားတွေ ရူးနေကြပြီ၊ မင်းအမျိုး သားတွေသေနေကြပြီ ဘာအပြစ်မှမရှိဘူး မင်းကသာတကိုယ်ကောင်းဆန်စွာနဲ့ နိုင်ငံခြားရောက်မှရူးမှာကြောက်နေတယ်ပေါ့။
ဒါလားမင်းရဲ့အမျိုးသားအပေါ်ထားတဲ့ မျိုးချစ်စိတ်ဓါတ်။ စဉ်းစားစမ်းတဂါဝုတ်ရဲ့ ကရင်လိုအတိုင်းအထွာ။ မရဘူး ဗျာ။ ငကြောင် တမိုင်မှာ ဘယ်နှစ်ဖါလုံရှိသတုန်း။ ဘာပြောတယ် ဖါလုံ ဖါလုံဟုတ်လား အဲဒါ ကရင်လိုဘယ်လို ခေါ်သလဲ ကျုပ်မသိဘူး။ ကျုပ်သိအောင်ကြိုးစားခဲ့ဘူးသလား။ သိအောင်ကြိုးစားဘို့ကိုရော ကျုပ်တွေးမိခဲ့ရဲ့လား ကျုပ်ကိုယ်ကျုပ် ပညာတတ်လို့ယူဆထားသလို လူတွေကလည်းကျုပ်ကို ဒေါက်တာဘွဲ့တွေ အများကြီးပေးထား တာလေ။ အဲဒီလိုပညာတွေတတ်ပေမယ့် ကျုပ်အတွေးအခေါ်က ဘယ်နေရာမှာသွားပြီး သဝေထိုးနေလဲ။
အဲဒါတွေအသာထားလိုက်၊ ကရင်စာဘယ်နှစ်မျိုးရှိသလဲ၊ တမျိုးတည်းရှိတယ်၊ ဟာ မဟုတ်ဘူး နှစ်မျိုး ဟာ မက ဘူး။ သုံးမျိုး။ လေးမျိုး….ငါးမျိုး….ခြောက်မျိုး။ များလိုက်တာ မကဘူးဆယ်မျိုး။ မကဘူး တရာလောက်ရှိတယ်။ ပြီးတော့ သင်္ချာနံပါတ်တွေ။ ၁,၂,၃,၄ ကရင်မှာ အဒီလိုနံပါတ်တွေရှိလား။ မရှိဘူး လုံးဝမရှိဘူး။ ရှိတယ်။
အသေအခြာကိုရှိတယ်။ တမျိုး နှစ်မျိုး သုံးမျိုးလေးမျိုးလောက်ရှိတယ်။ အား…မျက်နှာတွေအေးလိုက်တာ။
“သတိရလာပြီလား”
“အင်….ငါ ဘာဖြစ်နေတာလဲ?
“ယူ….သိပ်ကိုယ်ပူနေတယ်၊ အိုင့်ကိုခေါ်မှသတိထားမိတယ်၊ ဂိမ်းထဲစိတ်ရောက်နေလို့ပါ စိတ်မကောင်းပါဘူး”
“အခုလို ကူညီတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်”
“ကူညီခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဘယ်ဟာမဆို အားလုံးဖွင့်ပြောစရာမလိုပေမယ့် လိုအပ်လာ ရင်တော့ အခုလိုပြောတာမျိုးက နှစ်ဦးနှစ်ဘက်အတွက် အများကြီးအကျိုးရှိပါတယ်၊ စိတ်ထဲမှာထိန်းချုပ်မထားပါ နဲ့၊ ယူအတွက်လည်း အကျိုးမရှိသလို အိုင်အတွက်လည်း အနေရကြပ်ပါတယ်”
“ဒါဆိုရင် ငါတို့နှစ်ယောက် ငှက်ကလေးတွေလို နေကြမလားဟင်” ရင်ထဲမှစကားလုံးများ လည်ချောင်းတွင်တစ် နေသည်။ မထွက် လုံးဝမထွက်။
“ရှင် ဘာကြည့်နေတာလဲ၊ တခုခုပြောချင်နေလား”
“အော် အေးအေး ရေတခွက်လောက်လိုချင်ပါတယ်“
ကျုပ်ရဲ့အခန်းဖေါ် ရေခဲသေတ္တာရှိတဲ့ဘက်ကို လှည့်ထွက်သွားချိန်မှာတော့ငှက်ကလေးတွေအကြောင်း စဉ်းစားမိ သမျှပြောကြည့်ချင်နေမိတာတော့အမှန်ပါပဲ။ ခက်တာက ဘာသာအယူအဆမတူ၊ ယဉ်ကျေးမှုမတူ၊ အတွေးအ ခေါ်မတူတာတွေ အတတ်နိုင်ဆုံးညှိယူရဦးမယ်၊ ဘာကြောင့်လည်းဆိုတော့ မွေးလာမယ့်သားသားမီးမီးကိစ္စ။
“ဟေ့…ဘာတွေစဉ်းစားနေတာလဲ ကဲ ရေသောက်မယ် ဒီဘက်ကိုလှည့်ပါ”
အံ့သြလိုက်တာနော် အရင်တုန်းကဆိုရင် သူအခုလို ရေခပ်ပေးပြီးတာနဲ့ခုံပေါ်ချပေးပြီးထွက်သွားတာပဲ အခုကျ တော့ ကျုပ်ကို အသေအခြာဆွဲထူပြီး ကလေးတယောက်ကိုရေတိုက်သလို ပါးစပ်ထဲအသေအခြာတေ့ပြီးတိုက် နေပါတယ်၊ အရင်တုန်းက သူ့မျက်လုံးတွေထဲမှာ ကျုပ်မြင်တဲ့အရောင်က ပူလောင်တဲ့အရောင်မျိုး အခုသူ့မျက် လုံးတွေက အင်မတန်အေးမြတဲ့ မျက်လုံးမျိုးဖြစ်နေတာ ဆန်းလိုက်တာဗျာ။
ပန်ကာနှစ်ခုစလုံး ကျုပ်တို့ရဲ့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အစွမ်းကုန်လည်နေပါတယ်။
အချိန်ယူရမယ် အချိန်မဖြုန်းရဘူး။ အရေးကြီးတာက တောင်ပျံပြိုင်တူခတ်မယ့် ငှက်ကလေးတွေဖြစ်ဘို့ပဲ။
မင်းစိုးစံ
အဝေးရောက် ကရင်ဟုက္ခသည်တဦး
ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....
ပြန်ခေါက်ထားစေချင်သည် ...