+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, July 5, 2010

မမေ့နိုင်သောဖြစ်ရပ်များ(၁)


မမေ့နိုင်သောဖြစ်ရပ်များ(၁)
(မင်းစိုးစံ)

သူရဲအကြောင်းပြောမယ်ဗျာ။
ယုံလားမယုံဘူးလားဆိုတာကတော့ သဘောပါပဲ။ စာဖတ်သူကို မခန့်လေးစားတဲ့သဘော စော်ကားတဲ့သဘော မျိုးမဟုတ်ပါဘူး၊ ကျုပ်ကိုယ်တွေ့ ကြုံတာလေးကို ရေးပြချင်လွန်းလို့ဖြစ်ပါတယ်။

ဒီလိုဗျ။ မော်လမြိုင်နဲ့မုဒုံကိုသွားတဲ့ ကားလမ်းတခုရှိတယ်။ အဲဒီလမ်းတလျှောက်တဘက်တချက်မှာ လယ်ကွက် တွေက စိမ်းစိမ်းစိုစိုရှိသလို တောင်ကျစမ်းရေတွေကလည်းကြည်စိမ်းနေတယ်ဗျ၊ အဲဒီစမ်းချောင်းလေးတွေကို ဖြတ်ဆောက်ထားတဲ့ တံတားငယ်လေးတွေဆိုတာလည်း တမိုင်ကျော်ကျော်နှစ်မိုင်လောက်မှာတစင်းဆိုသလို တောင်ကုန်းမြင့်မြင့်နဲ့ဆင်ခြေလျှောမှာတံတားတွေရှိတယ် စမ်းချောင်းရှိလို့ပေါ့။

မော်လမြိုင်နဲ့မုဒုံဆိုတာက အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိတဲ့ တပ်နယ်မြေပေါ့၊ ကျုပ်မှတ်မိသလောက်ဆို ခမ ရ ၆၁၊ ဆိုတာက ကျုပ်တက်နေတဲ့ မူလကျောင်းနဲ့ မျက်နှာခြင်းဆိုင်လောက်မှာရှိတယ်။ ခရွန်းအစိုးရ မူလတန်း ကျောင်းလို့ခေါ်တယ်။ အဲဒီတုန်းက ကျုပ်လေးတန်းတက်နေတာ။ ငှက်ဖျားပေါတဲ့ဒေသပေါ့ဗျာ ဖျားသလားမမေး နဲ့ ကျောင်းစာကျက်ဘို့မပြောနဲ့ စ,ရောက်ခါစ,ကဆိုကျောင်းတောင်မှန်အောင်မတက်နိုင်ဘူး။ ကြွားတာတော့မဟုတ်ဘူး ကျုပ် လေးတန်းအထိ ကျောင်းနေဘူးတယ်။

ကျုပ်နေတဲ့ကျောင်းကနေ မုဒုံဘက်သွားမယ်ဆိုရင် ဇော်ကုန်း၊ ရိုးဂိုး၊ဖါးအောက်၊ ကျောက်တလုံး၊ စက်စဲ အဲဒီလို သွားရတယ်၊ မော်လမြိုင်ဘက်ကို သွားမယ်ဆိုရင် ခရွန်း ကြာအင်း ရခိုင်ကုန်း ရွှေနတ်တောင် ဗိုလ်ကုန်း သီရိ မြိုင် မောင်ငံ စသည်ဖြင့်ပေါ့။
ရွှေနတ်တောင်မှာက အထက်တန်းကျောင်းရှိတယ်ဗျ အဲဒါ တပ်ထဲကကျောင်းသားတွေ ရွှေနတ်တောင်ကျောင်း ကိုသွားတက်ကြရတယ်၊ စစ်တပ်က ကားကြီးတွေနဲ့ ကျောင်းပို့ကျောင်းကြိုလုပ်ကြတာပေါ့ဗျာ။
နောက်တခုကတော့ မော်လမြိုင်က ကုန်ပစ္စည်းတွေကိုမုဒုံကိုသယ်၊ မုဒုံကကုန်ပစ္စည်းမော်လမြိုင်ဘက်ပို့နဲ့ မနက် မနက်ဆိုရင် ကားတွေက တဝီဝီဝေါဝေါနဲ့ပေါ့ဗျာ။

တမနက်မှာတော့ မုဒုံဘက်ကို ဆင်းလာတဲ့ကုန်တင်ကားနဲ့ရွှေနတ်တောင်အထက်တန်းကျောင်းကိုသွားမယ့် ကျောင်းကား တောင်ကုန်းတခုရဲ့ဆင်ခြေလျှော တံတားပေါ်မှာ တိုက်မိကြပါလေရော၊ အဲဒီမှာ ကျောင်းကားက တံတားအောက်ကိုထိုးဆင်းသွားသလို ကုန်တင်ကားလည်း ရစရာမရှိအောင်ပျက်ဆီးကုန်ပါတော့တယ်။
ကျောင်းသားသုံးယောက် သေဆုံးရသလို ကုန်တင်ကားဘက်က ခရီးသည်အမျိုးသမီး သုံးဦးအသက်ဆုံးပါးသွား ရပါတယ်။

အဲဒီမနက်မှာ လူကြီးတွေက ကျုပ်တို့ကို ကားလမ်းမ,ကြီးအတိုင်းမသွားစေပဲ ရွာထဲက ကွမ်းခြံတွေကြားထဲဖြတ် ပြီး ကျောင်းကိုသွားစေပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူသေအလောင်းတွေသယ်ပြုလို့မပြီးသေးတဲ့အ တွက်ကြောင့်ဖြစ်ပါတယ်။

တနေ့တော့ဗျာ ကျုပ်ကျောင်းတက်နေတုန်း ငှက်ဖျားတက်ပါလေရော နေ့လည်၁၂ နာရီတိတိအချိန်မှာ ကျုပ်တ ယောက်တည်းပြန်လာတယ်ဗျ၊ ကွမ်းခြံတွေထဲကနေဖြတ်သွားပြန်တော့လည်း ခရီးကဝေးတော့ ကားလမ်းမ,ကြီး အတိုင်းကျုပ်ပြန်လာတယ်ဗျ၊ တယောက်တည်းဖြစ်တဲ့အပြင် ငှက်ဖျားအရှိန်နဲ့ သတိရ,တချက် မရ,တချက်နဲ့ အဲ ဒီကားချင်းတိုက်တဲ့နေရာကိုရောက်လာတော့ စမ်းချောင်းဘေးကိုထိုးကျနေတဲ့စစ်ကားကြီးကရှေ့ကားတံခါးပွင့် လျှက်သားဖြစ်နေတာ လှမ်းမြင်ရပြီး တံတားပေါ်က ကုန်တင်ကားကြီးကတော့ အမိုးတွေအကာတွေဘာမှမရှိပဲ အခင်းနဲ့ဝင်ရိုးအပါအဝင်ကားဘီးလေးဘီးပဲ ရှိနေတယ်။

ဒါပေမယ့် အဲဒီကုန်တင်ကားဘေးမှာတော့ အမျိုးသမီးကြီးသုံးယောက်ဟာ စာရင်းမှတ်တဲ့လူကမှတ် နံနံပင်တွေ ကိုကောက်သူကကောက် ဆေးလိပ်အကျိုးအကြေတွေကို သိမ်းသူကသိမ်း လုပ်နေတာတွေ့ရတယ်ဆေးလိပ်နာ မည်ကို ကျုပ်မှတ်မိသလိုလိုရှိတယ်ဗျ သဇင်ပန်းခိုင်ဆိုလားဘာဆိုလား။

အဲဒီသူတို့ သုံးယောက်နဲ့အတူ ဝ,ဝ,ဖိုင့်ဖိုင့်လူကြီးတယောက်က ကားဘေးနားမှာခါးထောက်ပြီး ဟိုကြည့်သည် ကြည့်လုပ်နေတယ် ကျုပ်ကအဲဒီလူကြီးကို ပြုံးပြပေမယ့် သူကကျုပ်ကို မျက်ထောင့်နီကြီးနဲ့ခပ်စိမ်းစိမ်းပြန်ကြည့် တာမို့ ကျုပ်လည်းခပ်ကြောက်ကြောက်နဲ့ အိမ်ကိုမပြေးရုံတမယ်ပြန်လာတာပေါ့ အိမ်ရောက်တော့ ကျုပ်မိဘတွေ က အလုပ်သွားနေကြတာဆိုတော့ တယောက်မှပြန်မရောက်သေးဘူး၊ နှစ်ယောက်လုံး အစိုးရအမှုထမ်းတွေ။

အဲဒါကျုပ်လည်း အိမ်ထဲဝင်လိုက်တယ်။ သားရေ ထွေးချလိုက်၊ ထွေးချလိုက် လို့ကျုပ်အမေရဲ့ပြောသံကိုကြားလို့ ထွီ ထွီဆိုပြီးကျုပ်ထွေးချလိုက်တယ်၊ ကျုပ် သတိလစ်နေတာ သုံးရက်ရှိပြီလို့အမေကပြောတယ်၊ ကျုပ်ကိုသူရဲစီး နေတဲ့အတွက် အဲဒီမှာရှိတဲ့တိုင်းရင်းဆေးဆရာက မုန့်လုံးရေပေါ်ကျွေးရမယ်ပြောလို့ ကျုပ်ကိုမုန့်လုံးရေပေါ် ထည့်ထားတဲ့ ငှက်ပျောဖက်နဲ့လေးထောင့်စပ်စပ်လုပ်ထားတဲ့ခွက်ထဲကို တံတွေးထွေးခိုင်းလို့ ကျုပ်ထွေးချလိုက် တာပါ။

ကျုပ်က ထွေးချလိုက်တယ်လို့ အသိထဲမှာဖြစ်နေပေမယ့် တကယ့်အပြင်မှာကတော့ ကျုပ်ဟာ ငှက်ပျောဖက်ထဲ က မုန့်လုံးရေပေါ်ကို နှိုက်စားနေတယ်လို့ မိဘနှစ်ပါးစလုံးအပြင် ကျောင်းနေဘက်သူငယ်ချင်းတွေ တရွာထဲနေ သူငယ်ချင်းတွေ ရွာထဲကလူတွေက ပြောပြကြပါတယ်။
ကျုပ်အဲဒီအဖြစ်အပျက်ကို မမေ့နိုင်တာအမှန်ပါ။

သူရဲဆိုတာ တကယ်ရှိသလား။ မရှိဘူးလား။ သူရဲစီးတယ်ဆိုတာတကယ်ဖြစ်နိုင်လား။ မဖြစ်နိုင်ဘူးလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment