ပေါင်းလုပ်တယ်ဆိုတာ အပိုင်း(၁)
(မင်းစိုးစံ)
(မင်းစိုးစံ)
ရေကန်ဘေးမှာ လူသွားလမ်းလေးရယ် စက်ဘီးနင်းဘို့လမ်းလေးရယ် လမ်းဘေးတဘက်တချက်မှာက မြက်ခင်း စိမ်းစိမ်းလေးတွေ၊ မြက်ခင်းစိမ်းစိမ်းတွေကြားထဲမှာက သစ်ပင်ခပ်အုပ်အုပ်လေး၊ သစ်ပင်ခြေရင်းတ၀ိုက်မှာက ပန်းပင်လေးတွေ နွေရာသီဆိုတော့ ပန်းတွေက ရောင်စုံပွင့်နေကြပါတယ်။
ရေကန်ပေါင်း ၁၀၀၀၀(တစ်သောင်း)ကျော်ရှိတဲ့ မင်ဏီဆိုးတားပြည်နယ်က ရေကန်တခုရဲ့ကန်ပတ်လမ်းမှာရှိတဲ့ လူသွားလမ်းပေါ်မှာ လမ်းလျှောက်ကြသူတွေ သစ်ပင်အောက်မှာလေညှင်းခံသူတွေ စက်ဘီးစီးသူတွေနဲ့ စည် ကားနေပါတယ်။ ရေကန်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေပြည်လေညှင်းတွေကတော့ သစ်ပင်အုပ်အုပ်ကလေး တွေရဲ့ အရွက်စိမ်းစိမ်းလေးတွေကို တဖြတ်ဖြတ်လှုပ်ခါနေစေပါတယ်။
ရေကန်ရဲ့ပတ်ဝန်းကျင်တနေရာက ခုံတန်းလျားလေးတခုပေါ်မှာတော့ လူသုံးယောက်ဟာ စကားလက်ဆုံကျနေ ပါတယ်။ သူတို့တတွေကတော့ အမေရိကန်နိုင်ငံကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောက်လာကြတဲ့လူတွေဖြစ်ပါတယ် ရောက်လာကြတဲ့လမ်းကြောင်းခြင်းမတူကြသလို ရောက်လာတဲ့နှစ်တွေခြင်းလည်းကွာခြားကြပါတယ်။
အသက်ခပ်ကြီးကြီးပုဂ္ဂိုလ်ကတော့ အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံတော်အစိုးရရဲ့နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ပညာ တော်သင်အဖြစ် ရောက်လာပြီးမှ အမေရိကန်နိုင်ငံက နေထိုင်ခွင့်ကံစမ်းမဲပေါက်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံ ယူထားသူဖြစ်ပေမယ့် ကျန်တဲ့နှစ်ယောက်ထဲက တယောက်ဟာ ရှစ်လေးလုံးအရေးအခင်းကို အကြောင်းပြု လို့ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ရ,ထားသူဖြစ်ပြီး ကျန်တယောက်ကတော့ နယ်စပ်ဒုက္ခသည်စခန်းကနေအ မေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိအခြေချ နေထိုင်သူဖြစ်ပါတယ်။
အသက်ခပ်ကြီးကြီး လူက,စကားပြန်အလုပ်လုပ်ရာကနေ သူတို့နှစ်ယောက်အတွက် စကားပြန်လုပ်ပေးရင်း ခင် မင်သွားကြတာဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စ၊ အလုပ်ကိစ္စ၊ အခြားလူမှုရေးကိစ္စတွေကို ဘာသာပြန်ကူညီပေး ရာကနေ နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေးတွေမှာတွဲလုပ်ဖြစ်သွားကြပြီး တယောက်နဲ့တယောက်ပြောမနာ ဆိုမနာ ခင်မင်ရင်းနှီးနေကြသူတွေဖြစ်ပါတယ်။
သူတို့ထိုင်နေကြသလို လက်ထဲမှာတော့ အချိုရည်ဗူးကိုယ်စီကိုင်ထားကြပါတယ်၊ အချိုရည်ဗူးထဲမှာကတော့ အရည်ခါးလေးတွေပါ။ လူအများနားနေရာမှာ အရည်ခါးတွေကို သောက်ခွင့်မပြုပါဘူး။ တိတိကျကျကြတ်မတ် ထားတာမို့ နိုင်ငံသားဖြစ်နေတဲ့ လူကြီးရဲ့ အစီအစဉ်နဲ့အခုလို အခါးရည်ကို လေညှင်းခံရင်း သောက်နေကြတာ ဖြစ်ပါတယ်။
“အော် ဟေ့ကောင်တွေ ဘာလိုလိုလိုနဲ့ ရှစ်လေးလုံးနေ့ ရောက်တော့မယ်ကွ၊ အဲဒါ ဘယ်လိုစီစဉ်ဘို့ စဉ်းစားထား ကြသလဲ”
“ဟုတ်သားပဲ ဘာလိုလိုနဲ့ ၂၂နှစ်မြောက် ရှစ်လေးလုံးနေ့ရောက်တော့မှာပါလား လောလောဆယ်ကတော့ ဘာမျှ မစီစဉ်ရ,သေးပါဘူး၊ ဒါပေမယ့် တခုခုတော့လုပ်ဖြစ်မယ်ထင်တာပဲ”
အသက်ခပ်ကြီးကြီးပုဂ္ဂိုလ်ရဲ့ စကားကို ရှစ်လေးလုံးသမားက ပြန်ဖြေလိုက်တာဖြစ်ပါတယ်။
“အချိန်က သိပ်ရှိတာမဟုတ်ဘူးနော်၊ အော် ဟိုကောင် မင်းတို့မှာကော ဒီလမှာ ဘာပွဲရှိသတုန်း”
အဲဒီအခါမှာ ဒုက္ခသည်စခန်းက မကြာခင်ကာလလေးကမှ ရောက်လာတဲ့လူက
“ဟိုဒင်းဗျာ ကရင်အာဇာနည်နေ့ရှိတယ်၊ သြဂုတ်လ ၁၂ရက်နေ့မှာ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နဲ့အတူကျဆုံးသွားကြတဲ့ ကရင့်သူရဲကောင်းတွေအတွက် နေ့ထူးနေ့မြတ်ပေါ့”
“အေးကွာ ရှစ်လေးလုံးကတော့ အားလုံးသိကြပါတယ် ၁၉၈၈ သြဂုတ်လ ၈ရက်နေ့ဆိုတော့ သိပ်မကြာသေးဘူး မဟုတ်လား ဒါပေမယ့် မင်းတို့ကရင်အမျိုးသားအာဇာနည်နေ့ကျတော့ အတော်ကြာခဲ့ပြီဆိုတော့ သမိုင်းကြောင်း လေးဘာလေးပြောပြလို့ရ,မလား၊ အကျဉ်းချုပ်လေး”
အသက်ခပ်ကြီးကြီးပုဂ္ဂိုလ်က မေးလိုက်တာပါ၊ အမေရိကန်ကို အားလုံးထက်နောက်ကျပြီးရောက်လာသူဟာ အ ခါးရည်လက်ကျန်ကို အပြီးသပ်မော့ချလိုက်ပြီး
“ဆရာသမားကသာ ကြာပြီပြောနေတာ ကျနော်ကတော့ မနေ့တနေ့ကလိုပဲ ခံစားနေရတယ်ဗျ၊ ခင်ဗျားတို့မဟာ ဗမာတွေကြောင့် ကျုပ်တို့ကရင်တွေ…….”
“တော်တော် မဟာဗမာဆိုတာကြီးကို မသုံးစမ်းပါနဲ့ကွာ၊ ငါကတော့ မဟာဆိုတဲ့ ဝေါဟာရကိုကြိုက်တယ်၊ သို့ပေ မယ့် ဘယ်လိုနေရာမှာမဟာဆန်နေတာလဲဆိုတာ ကြည့်ရ,သေးတယ်၊ ဆိုလိုတာကကွာ အခုမင်းပြောလိုက်တဲ့ မဟာဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ ငါသိနေတယ်၊ ဒါကြောင့် မသုံးခိုင်းတာ မင်းရဲ့အာဇာနည်နေ့ကို ဆက်ပါ ဦး”
စကားပြန်အလုပ်လုပ်တဲ့လူက တားလိုက်တာဖြစ်ပါတယ်။ အဲဒီအခါမှာ အချိုရည်ဗူးခွံကို ဆောင့်ကြီးအောင့်ကြီး နဲ့ခုံပေါ်ကို ဆောင့်ချလိုက်ရင်း အမေရိကန်နိုင်ငံကိုနောက်ဆုံးရောက်လာတဲ့လူက
“ဘာလဲ ခင်ဗျားကြီးက ဗမာကိုထိလို့နာတာပေါ့ ဟုတ်လား”
“ခက်တော့နေပါပြီကွာ၊ မင်းကတော့လေ တောထဲကအကောင်လို့မပြောရ,ဘူး ပြောရဆိုရတာတော်တော်လက် ပေါက်ကပ်တာပဲ၊ ဘာလဲ မင်းမူးနေလား မူးလျင်ငါတို့ပြန်ကြမယ်၊ တော်ကြာပုလိပ်လှည့်လာလို့ အားလုံးစတီး လ် လက်ကောက်ဝတ်နေရဦးမယ်”
စကားပြန်လုပ်တဲ့မြန်မာပြည်ပေါက် အမေရိကန်နိုင်ငံသားကြီး အတော်စိုးရိမ်သွားပုံနဲ့ပြောလိုက်တာဖြစ်ပါတယ်။
“ဒါလောက်လေးများဗျာ ကျနော်မမူးပါဘူး၊ တခုတော့ပြောချင်ပါတယ်၊ တောထဲတောင်ထဲနေတဲ့လူဆိုပြီးတော့ အထင်သေးအမြင်သေးပြောတာမျိုးကတော့ လူကြီးလူကောင်းအလုပ်မဟုတ်ပါဘူး၊ ကျနော်ရဲ့ပြုမူပြောဆိုပုံ အ တွက် တောင်းပန်ပါတယ်”
“အိုး ဟိုး တော်တော်လာတဲ့ကရင်လေးပဲကွ အစ,ကမင်းဒီလောက် စကားတတ်မယ်မထင်ဘူး၊ မင်းတောင်းပန်မှ တော့ ငါလည်းမင်းကိုတောင်းပန်ပါတယ်၊ ဗမာကိုထိလို့နာတာကိုတောင်းပန်တာမဟုတ်ဘူးနော် မင်းကိုတောထဲ ကဆိုတဲ့အသုံးအနှုံးကြောင့်တောင်းပန်လိုက်တာ၊ ပြီးတော့ ဗမာရယ်မျှမဟုတ်ဘူး လူမှန်လျင် ကောင်းတဲ့လူရှိသ လို ဆိုးတဲ့လူလည်းရှိတာပဲ ကရင်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ လူမည်းဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ် ကမ္ဘာပေါ်ကလူတွေမှန် သမျှပေါ့ကွာ၊ မင်းတို့ငါတို့ အခုရောက်နေတဲ့နိုင်ငံက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနေတဲ့နိုင်ငံဆိုတော့ ငါတို့တ တွေအားလုံး လူသားအမြင်မျိုးရှိဘို့လိုတာပေါ့”
“တယောက်နဲ့တယောက်တောင်းပန်တာလည်း တောင်းပန်ပေါ့ဗျာ၊ စောစောပိုင်းက အာဇာနည်နေ့အကျဉ်းလေး ပြောဘို့ လုပ်ပါဦး”
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်က ကြားကနေဝင်ပြောလိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲနယ်စပ်ဒုက္ခသည်စခန်း ကနေရောက်လာတဲ့လူက
“ဆရာသမားကိုမေးပါရစေ ကျနော်တို့အခုလိုနိုင်ငံရပ်ခြားကိုရောက်နေပြီဖြစ်တဲ့အတွက် အတိတ်ကာလ,က ဖြစ် ပျက်ထားခဲ့သမျှအရာအားလုံးကို လူသားအမြင်ဝါဒနဲ့ အားလုံးမေ့ပစ်လိုက်စေချင်တာလား”
“ဟာကွာ မင်းကလည်း ငါက အဲဒီသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး၊ မေ့ပစ်လို့မဖြစ်ဘူးလေ၊ အားလုံးကိုမှတ်မိ နေအောင်ကို မှတ်သားထားရမယ်၊ ဒါပေမယ့် ကလဲ့စားခြေဘို့မဟုတ်ဘူးနော်၊ နောင်မဖြစ်အောင်ဘယ်လိုတားရ မလဲဆိုတာကို သိအောင်လုပ်ဘို့အသေအခြာကို မှတ်မိနေမှဖြစ်မှာပေါ့”
စကားပြန်လုပ်တဲ့လူနဲ့ ကရင်ဒုက္ခသည်စခန်းကနေ ရောက်လာကြတဲ့သူတွေအခြေအတင်ပြောဆိုနေကြတာကို နားထောင်နေတဲ့ ရှစ်ဆယ့်ရှစ်က စိတ်မရှည်နိုင်တော့ပဲ
“ကဲ ပြောမလား မပြောဘူးလား မပြောဘူးဆိုလျင်လည်း မပြောကြနဲ့၊ ကျနော်ဒိုးတော့မယ်”
“နေစမ်းပါဦးဗျာ ပြောမှာပေါ့ဗျ၊ ကျနော်တို့ကရင့်အမျိုးသားတော်လှန်ရေးခေါင်းဆောင်ကို ထော့ကိုကိုးရွာ အရှေ့ ဒေါနတောင်ကြားမှာ ဗိုလ်စိန်လွင်ဦးစီးတဲ့ ဗမာ့တပ်မတော်က ဝိုင်းပြီးပစ်သတ်လိုက်ကြတာဗျ၊ အဲဒီနေရာလေး ဟာ မြယာပင်တွေအလေ့ကျပေါက်နေတဲ့ နေရာလေးပေါ့ တောင်တွေဝိုင်းပတ်နေပြီး စခန်းရဲ့တောင်ဘက်မှာက စမ်းရေစီးနေတာ၊ အဲဒီနေ့ဟာ ၁၉၅၀၊ သြဂုတ်လ ၁၂ရက်နေ့ပေါ့ဗျာ၊ အဲဒီနေရာလေးကို မြယာစခန်းလို့ခေါ်ကြ သလို စောဘဦးစခန်းလို့လည်း ခေါ်ကြတယ်”
နားထောင်နေတဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားက အခုလိုမေးလိုက်ပါတယ်
0 comments:
Post a Comment