အားလုံးပဲမင်္ဂလာအပေါင်းနဲ့ ပြည့်ဝ,နိုင်ကြပါစေ။
ကျုပ်နေတဲ့နေရာလေးမှာ သစ်ရွက်တွေကြွေနေပြီဗျို့။
မကြာခင်လေးမှာ နှင်းတွေ ဆီးနှင်းခဲပေါ့ဗျာ ကျလာတော့မှာ၊ လမ်းမ,၊ လမ်းမ,ကြီး၊ လမ်းသေး၊ လမ်းသွယ် အဲဒီ လိုနေရာအနှံ့လေအေးတွေတိုက် ရေခဲတွေကြား ကျောင်းသူကျောင်းသားငယ်တွေ၊ ကျောင်းကားစောင့်တာနဲ့၊ အလုပ်ခွင်ရောက်ဘို့ ကားမှတ်တိုင်မှာ ကားစောင့်နေသူတွေကို တွေ့ရမြင်ရဦးတော့မယ်။
လွမ်းစရာဖြစ်အောင်ရေးတာ လွမ်းလောက်စရာလည်းမရှိဘူး၊ အဲဒီလိုတော်တဲ့ကျုပ်၊ ဘလော့ပေါ်မှာ ကိုယ်ရေး ချင်တာလျှောက်ရေး လာဖတ်တဲ့လူက အမြင်မတော်တာတွေ့လို့ စေတနာနဲ့ရေးပေးတာကို ဝေဒနာလို့မြင်ပြီးတ နုံ့နုံ့နဲ့ခံစား၊ သွေးတိုးတွေတက် ဆေးသောက်အိပ်ချလိုက်၊ သက်သာလျင် ပေါက်ကရလျှောက်ရေး၊ တခါပြန်အ ဆဲခံရ၊ဒေါသ,တွေဖြစ် ဆေးသောက်နောက်တခေါက်ပြန်ရေး၊ ဒါနဲ့ပဲသံသရာလည်နေလိုက်တာ ဘာလိုလိုနဲ့ မိုး တောင်ချုပ်တော့မှာပါလားနော်။
ပြန်တွေးကြည့်တယ် လူတွေကိုကျုပ်က ဘလော့ပေါ်မှာ အလကားမတ်တင်း လျှောက်ပေးနေတာ ဘာတွေလဲ ပေါ့၊ ကျုပ်ပေးလိုက်တာက ကျုပ်ရင်ထဲမှာ မဆန့်တော့တဲ့ ခံစားချက်တွေ၊ လိုလားချက်တွေ၊ ဖြစ်ချင်တာတွေ ကို အတ္တကြီးမားစွာနဲ့ရေးနေတာ၊ ပေးနေတာပါလား ဆိုတာ အဖြေသိလာတော့ စာရေးရတာ သိပ်မဖြောင့်တော့ဘူး ဒီကြားထဲအသက်က ဗတက်ချို့င့် ရောက်နေတော့ စဉ်းစားတွေးတောတာတွေက အခုခေတ်ဗန်းစကားနဲ့ပြောရ, လျင် မလန်းဘူးပေါ့ဗျာ။ ကျုပ်တို့ခေတ်တုန်းကတော့ ဖတ်လို့ကောင်းတဲ့အကြောင်းအရာ စာသားမျိုးကို မိတယ် လို့ပြောကြတာပေါ့။
ကျုပ်က တော်လှန်ရေးနယ်မြေက စာရေးစရာတွေကို လေးစားဂုဏ်ယူမိတာနဲ့ အဆက်အစပ်မရှိတဲ့အကြောင်း အရာတွေကောက်ရေးလိုက်တယ်။ ကျုပ်တို့ခေတ်တုန်းကဆို သဘာဝပတ်ဝန်းကျင်က နေလို့ထိုင်လို့ကောင်း တယ် နောက်ပြီးတော့ လေကလည်းရှူလို့ကောင်း ရေကလည်းသောက်လို့ကောင်း အင်ဥတို့၊မျှစ်တို့ဆိုတာက လည်း စားလို့ကောင်း။ မကောင်းတာက တယောက်နဲ့တယောက် ဘေကြတာပဲ။
ကျုပ်တို့ခေတ်ဆိုလို့ တချိန်တုန်းက တော်လှန်ရေးနယ်မြေမှာ အသံလွှင့်ရုံရှိခဲ့ဘူးတယ်ဗျ။ အဲဒီအသံလွှင့်ရုံမှာ ဘာသာစကား လေးမျိုးနဲ့လွှင့်တာ အင်္ဂလိပ်၊ ဗမာ၊ ပိုးကရင်၊ စကောကရင်၊ အဲဒီလိုကိုလွှင့်ခဲ့ကြတာ။
ပိုးကရင်ကဏ္ဍကို စီစဉ် ကွပ်ကဲကြီးမှူးလုပ်ကိုင်သူကတော့ ကရင်လို ဖဝ့်ထါင်။ ဗမာလိုကတော့ ပန်းခက်ပေါ့ဗျာ။
သူက စာရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ တေးပြုစာဆို၊ သူရေးတဲ့စာက တက္ကသိုလ်က အကြောင်းတွေ၊ အခုတော့ ဒီကေဘီအေထဲမှာ။ ဘာလုပ်နေလဲဆိုတာတော့ အတိအကျမသိဘူး၊ သူနဲ့အသံလွှင့်ရုံမှာတွဲလုပ်ခဲ့သူကတော့ ကျုံပိုင်းရွာသား စ၀်စ၀်အဲ။ မြန်မာအစိုးရ အသံလွှင့်ဌာနတိုင်းရင်းသားအစီအစဉ်အတွက် သီချင်းရေးစပ်သီဆိုတဲ့ ကရင်အမျိုးသား အဆိုပညာရှင်ပေါ့၊ ဇွဲကပင်ကျော်လေးတို့ မူ.လျာ.၀၀် တို့နဲ့က အနုပညာလုပ်ဖေါ်ကိုင်ဘက်။
နောက်တယောက်က ဖူးကီးဒို သူကတော့ ကျုပ်နဲ့ရင်းနှီးခင်မင်မှု အထိုက်အလျှောက်ရှိတဲ့အပြင် ကျုပ်အသက် ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်တယောက်ပေါ့ဗျာ။ သူရေးတာတွေထဲက ကျုပ်နှလုံးသည်းပွတ်ကို ထိရှနာကျင်စေတဲ့ ကဗျာရှည်တပုဒ်ရှိတယ် ကဗျာစာအုပ်အမည်က တော်လှန်ရေးလားတန်ပြန်လား ဆိုတဲ့စာအုပ်။ အခုခေတ်ဗန်းစကားနဲ့ ပြောရမယ်ဆိုလျင် ဟတ်ထိတယ်ပေါ့ဗျာ။
နောက်တယောက် မေင်စင်ကြယ်တဲ့ သူကိုတော့မြန်မာစစ်အစိုးရ ထုတ်တဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေမှာ ဆောင်းပါးရေးတာ ဖတ်ဘူးပေမယ့် ရှစ်ဆယ့်ရှစ်ကျမှ တွေ့ဘူးတာ၊ သူရေးတဲ့ မြန်မာနိုင်ငံကိုချစ်သော ကရင် အမျိုးသားခေါင်းဆောင်များ ဆိုတဲ့စာအုပ်က အတော်နာမည်ကြီးတာပဲ။
နောက်တယောက်က စာရေးဆရာ ရေဆန်၊ သူနဲ့တော့ သိပ်မရင်းနှီးပေမယ့် စကားပြောတဲ့အခါတွေမှာ သူ့ရဲ့သ ဘောထားတွေက ပကတိရိုးစင်းနေတာသိရ,တယ်၊ သူ့ကိုတွေ့တုန်းက သူနဲ့စကားပြောတြတုန်းက သူဟာ စာ ရေးဆရာတယောက်မှန်း လုံး,မသိဘူး။ သနူးထူးစာစောင်အတွက် ကျုပ်ဆီက ကဗျာတောင်းလို့ ကဗျာတပုဒ် ရေးပေးလိုက်တာ သူက အောက်ကစာကြောင်းလေးကို ပြင်ပေးနိုင်မလားတဲ့ ပြင်ပေးနိုင်လျင် ပြင်ပေးပါတဲ့၊ ကျုပ်ကလည်း ဒီလူကတော့ အနုပညာခံစားတတ်တဲ့လူမဟုတ်တော့ ဒီလိုပဲလိုက်ပြင်ခိုင်းတာနေမှာ၊ ဆိုပြီးမပြင် နိုင်ပါဘူးဗျာလို့ပြောပြီး ကျုပ်ကဗျာစာရွက်ကို ပြန်ယူခဲ့လိုက်တယ်၊ သူမရှိတော့မှ သူဟာသနူးထူးစာစောင်ရဲ့ အယ်ဒီတာချုပ်ဖြစ်ကြောင်း ကဗျာရေးတယ်၊ စာရေးတယ်၊ ကလောင်အမည်က ရေဆန်ဆိုတာသိလိုက်ရတော့ တချိန်တုန်းက ကျုပ်ရဲ့မသိနားမလည်မှုတွေကို ပြန်ဒေါသဖြစ်မိတယ်။
ကျုပ်သိထားတာက အဲဒီတုန်းက သနူးထူးဂျာနယ်ရဲ့ အယ်ဒီတာက ဗိုလ်ကြီး စောတောရွှေ ဆိုတဲ့ပုဂ္ဂိုလ်ကိုပဲ အယ်ဒီတာလို့ထင်နေတာဗျ။ ဘာကြောင့်သိလဲဆိုတော့ ဗိုလ်ကြီးစောတောရွှေက ကားတာယာ ထုတ်လုပ် ရောင်းချတဲ့ ဘရစ်စ်တုမ်း (Bridge Stone)ကုမ္မဏီ အရှုံးပေါ်ပြီးနောက်ပိုင်းသူ့သားက လေ့လာသုံးသပ်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်လုပ်ကိုင်လိုက်မှ အခုဆိုလျင်နာမည်ကြီးလူသုံးများတဲ့ အခြေအနေကို ရောက်နေ ခဲ့တာဖြစ်ကြောင်း အဲဒါကိုရေးပြီး ကရင်လူငယ်တွေအတွက် အတုယူစရာ အကြောင်းမီးမောင်းထိုးပြထားတာပါး
နောက်တယောက်ကတော့ ရဲဘော်ရှောင်း သူ့စာအုပ်တွေထဲက ကျုပ်အကြိုက်ဆုံးကတော့ ၂၁ရာစုတော်လှန် သော အတွေးအခေါ် ဆိုတဲ့စာအုပ်ဖြစ်တာမို့ ကျုပ်အတွက်မမေ့နိုင်စရာစာအုပ်တအုပ်ဖြစ်ပါတယ်၊ ကျုပ်ကို တွေ့တိုင်း ခင်ဗျားအဲဒီလိုလုပ်တာ ကောင်းတယ်၊ အဲဒါအဓိက ကျတဲ့အလုပ်ပဲအဲဒီလိုပြောတတ်ပါတယ်။
ရဲဘော်ရှောင်းကိုလည်း ကျုပ်သိတာမကြာသေးဘူး။ ပဒိုမန်းရှာ မရှိတော့တဲ့နောက်ပိုင်းကျမှ သိတာ။
အချို့လူတွေက စာရေးဆရာဖြစ်ချင်လို့ ဘလော့ပေါ်မှာလေ့ကျင့်ကြတယ်၊ တချို့ကျတော့ မဂ္ဂဇင်းစာအုပ်တွေ မှာလေ့ကျင့်ကြတယ်။ အချို့ကျတော့ ကျောင်းနံရံကပ်စာစောင်တွေမှာ အရေးကျင့်ကြတယ်။
ကျုပ်ကျတော့ သူများနဲ့မတူဘူး။
ရေဒီယိုပေါ်မှာ အရေးကျင့်တယ်။ ဆန်းတယ်နော်။ ကျုပ်အရေးကျင့်တဲ့ရေဒီယိုဌာနက ဘီဘီစီ။
စိတ်ဝင်စားသွားလား? ကြွားတာတော့မဟုတ်ဘူး။
ဒါကြောင့်ဖြစ်မယ် ဘာစာမှလည်း ဖတ်လို့မကောင်းသလို ဘယ်ကဗျာမှလည်း စိတ်ဝင်စားစရာမရှိဘူး။
နောက်မျှ အဲဒီအကြောင်းလေးတွေ ရေးပြမယ်ဗျာ။
အခုတော့ စာရေးဆရာဖြစ်ချင်တဲ့ ဘလော့ဂါတယောက်အကြောင်း နားဆင်ရင်း လူထုအကျိုးပြု စာရေးဆရာကြီးတွေဖြစ်နိုင်ကြပါစေ။
အောက်က အသံဖိုင်ကတော့ ဘလော့ဂါတယောက်နဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းခန်းလေးဖြစ်ပါတယ်။
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment