တုတ်ကွေးတွေ့ပြီးနောက် စစ်တွေကြက်ခြံတချို့မှ
ကြက်များကို သုတ်သင်ရှင်းလင်း
ကြက်များကို သုတ်သင်ရှင်းလင်း
1/19/2011
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာအုပ်စုတွင် အပြင်းစားကြက်တုတ်ကွေး ဖြစ်ပွားနေရာ အနီးအနားမှ ကြက်ခြံများမှ ကြက်များကို လွန်ခဲ့သော တနင်္လာနေ့က စပြီး သုတ်သင် ရှင်းလင်းပစ်နေကြောင်း သတင်း ရရှိသည်။
မျက်မြင်ကိုယ်တိုင်သွားကြည့်ခဲ့သူ တစ်ဦးက “ အခု သဲချောင်းကျေးရွာက ကြက်ခြံ ၁၀ ကျော်က ကြက်တွေကို သုတ်သင်ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ ကျန်းမာရေးဌာနက လူတွေက သုတ်သင် ရှင်းလင်းတာ ဖြစ်ပါတယ်။ သုတ်သင်ရှင်းလင်းပီးတာနဲ့ ပလစတစ်အိတ်တွေမှာ ကြက်တွေကို ထည့်ပီးတော့ အနက် ၆ ပေထိ တူးထားတဲ့ တွင်းမှာထည့်ပီး အထက် မြေဖို့တယ်။ အဲသလို ရှင်းလင်းပစ်တာကို မြင်တွေ့ခဲ့ရပါတယ်” ဟု ပြောသည်။
ဘုမေကျေးရွာအုပ်စု ဘုမေလက်သမားကျေးရွာရှိကြက်ခြံတစ်ခုတွင် အပြင်းစား ကြက်တုတ်ကွေးကြောင့် ကြက်အများအပြား သေဆုံးသွားပြီးနောက် အဆိုပါ ကြက်ခြံ အနီး တစ်ကီလိုမီတာ အတွင်းရှိ မွေးမြူရေး ခြံများမှ ကြက်များကို သုတ်သင် ရှင်းလင်း ပစ်နေကြောင်း သူက ပြောသည်။
“ သဲချောင်းဆိုတာက ဘုမေ အုပ်စုထဲမှာ ရှိပါတယ်။ ဘုမေ လက်သမားရွာဆိုတာကလည်း ဘုမေ အုပ်စုထဲမှာ ရှိပါတယ်။ မူဆလင်တွေ နေထိုင်နေတဲ့ ရွာတွေ ဖြစ်ပါတယ်။ ခုလောလောဆယ်တော့ ဆက်ပြန့်ပွားတာကို မတွေ့ရသေးတဲ့ အတွက် အဲဒီအုပ်စု အတွင်းက ကြက်ခြံတွေက ကြက်တွေလောက်ဘဲ ရှင်းပစ်တာကို တွေ့ရပါတယ်။ ကျန်တဲ့ ရပ်ကွက်တွေက ကြက်ခြံတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု သူက ပြောသည်။
ကြက်များကို အစုလိုက် အပြုံလိုက် သုတ်သင်ရှင်းလင်းပစ်သော်လည်း နစ်နာသူ ကြက်ခြံပိုင်ရှင်များကို တစုံတရာ လျော်ကြေးပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။
ယခုကဲ့သို့ ကြက်တုတ်ကွေးကြောင့် စစ်တွေတွင် ကြက်ဥ၊ ကြက်သားနှင့် ကြက်ရောင်းချခြင်းကို တားမြစ်ထားပြီး နယ်သို့ ကြက်များ ယူဆောင်ခြင်းနှင့် နယ်များမှ ကြက်များကို စစ်တွေသို့ ယူဆောင်ခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။
အမည်မဖေါ်လိုသူ စစ်တွေမှ အမျိုးသမီး တစ်ဦးကလည်း “ ကြက်သားတွေ၊ ကြက်ဥတွေကို ဘယ်သူမှ ၀ယ်မစားကြတော့ပါဘူး။ လွန်ခဲ့တဲ့ တရက်နှစ်ရက် ကတည်းက ကြက်တုတ်ကွေး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း စစ်တွေမှာ ပျံ့နေပါတယ်။ နီးစပ်ရာ နီးစပ်ရာကို ပြောပြီး ကြက်သားမစားဖို့ အဲသလိုမျိုး လူထုအတွင်းမှာ လုပ်နေတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ အပိုင်းကတော့ သိပ်ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကြက်၊ ဘဲ၊ ကြက်ဥနဲ့ ဘဲဥ ရောင်းချခွင့်ကိုတော့ စစ်တွေမှာ ပိတ်ပင်ထားပါတယ်။” ဟု ပြောသည်။
ယခုအခါ ကြက်တုတ်ကွေး ဖြစ်ပွားမူ အခြေအနေကို သက်ဆိုင်ရာမှ အနီးကပ် စောင့်ကြည့်မူများရှိနေပြီး ထူးခြားမူများတွေ့ရှိပါက အချိန်နှင့် တပြေးညီ တင်ပြရန် အထက်က ညွှန်ကြားထားကြောင်းလည်း သိရသည်။
Copy from http://www.narinjara.com/detailsbur.asp?id=2988
Source Audio from http://www.bbcburmese.com
Source Audio from http://www.bbcburmese.com



0 comments:
Post a Comment