မြန်မာ့အရေး ကုလဝင်ရန် ဗုံးကိုင်ဆန္ဒပြသူ အဖမ်းခံရ
ကိုဝိုင်း
အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ)
လက်ပစ်ဗုံးနှစ်လုံး ကိုင်ဆောင်ထားသူ ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးသည် မြန်မာ့ဒီမိုကရေစီရေးတွင် ကုလသမဂ္ဂ ကြားဝင်ပေးရန် ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့ရှိ ကုလရုံးရှေ့၌ ယနေ့မနက် ဆန္ဒပြရာ ဖမ်းဆီးခံရကြောင်း မြို့ခံများ အဆိုအရ သိရသည်။
၃၆ နှစ်အရွယ် ဆန္ဒပြသူ စောသံမဏိ ခေါ် စောထိန်လင်း (ဘားအံဇာတိ) သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားသော ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ဒီကေဘီအေ အမှတ် ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်မှူးမြတ်ခိုင်၏ တပ်ရင်း ၄ ၊ ဆက်သွယ်ရေးတပ်မှဟု ထွက်ဆိုကြောင်း မျက်မြင်သက်သေ မြို့ခံများအဆိုအရ သိရခြင်း ဖြစ်သည်။
“ဒီမနက်ပဲ မြဝတီကနေ ကူးလာတယ်။ မဲဆောက်ရောက်တော့ ဆိုင်ကယ်တက္ကစီ စီးပြီး ယူအန်ရုံးရှေ့ကို သွားတာ။ ဆိုင်ကယ်သမားကို ဓားစာခံလုပ်လိုက်တယ်။ လက်ပစ်ဗုံးနှစ်လုံးကို ပင်ဖြုတ်လိုက်ပြီး ဆန္ဒပြတာ။ သူ့လက်ကို သူ့ဘာသာ လက်ထိပ်ခတ်ထားပေမယ့် တဖက်ပဲ ခတ်လျက်ဖြစ်နေတာ” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
အခြား မြို့ခံတဦးကလည်း “ယူအန်အရာရှိတွေကလည်း ဟိုးအဝေးက နေတယ်၊ အတွေ့မခံဘူးဗျ။ ထိုင်းရဲတွေကတော့ စနိုက်ဘာ Sniper တွေနဲ့ ဆွဲတော့မယ့် အနေအထား ဖြစ်နေတော့ မဲဆောက်မြို့ပိုင်က သွေးထွက်သံယို မဖြစ်ချင်လို့ သွားညှိကြည့်တယ်။ နောက်ဆုံး သူက အမိခံတယ်ပေါ့” ဟု ပြောသည်။
စစ်အစိုးရနှင့် ဒီကေဘီအေထံသို့ မအပ်နှံရေးနှင့် ထိုင်းတာဝန်ရှိသူများထံ အဖမ်းခံမည်ဖြစ်ပြီး သီးသန့်ထားပေးရန် သဘောတူခဲ့ပြီးနောက် ဆန္ဒပြသူကို မဲဆောက်ရဲစခန်း၌ ချုပ်နှောင်ထားကြောင်းနှင့် အသာတကြည် အဖမ်းခံသဖြင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့်သာ ရဲက တရားစွဲမည်ဖြစ်ကြောင်း သူက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ရှေ့၌ မြန်မာဒုက္ခသည်များက ယခင်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ဖူးသော်လည်း ယခုကဲ့သို့ လက်ပစ်ဗုံးဖြင့် ဆန္ဒပြမှုမှာမူ ပထမဆုံး ဖြစ်သည်။
ယနေ့ဆန္ဒပြသူက ဒီကေဘီအေကို နယ်ခြားစောင့်တပ်အသွင်ဖြင့် စစ်အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် မနေလိုဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရန်နှင့် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို စစ်အစိုးရက ဖြေရှင်းပေးနိုင်မည် မဟုတ်သဖြင့် ကုလသမဂ္ဂက ကြားဝင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသဖြင့် လက်မခံနိုင်ကြောင်းနှင့် စစ်အစိုးရ၏ စိတ်ကြိုက်ရေးဆွဲထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း လက်မခံကြောင်း သူက ပြောဆိုခဲ့သည်။
ဒီကေဘီအေ ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်သည် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီးနောက် ယခုအခါ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ပြီဖြစ်သည်။
သို့သော် ဗိုလ်နှုတ်ခမ်းမွှေးဟု လူသိများသည့် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ ၅ ကမူ လက်မခံဘဲ တိုက်ပွဲများ ဖြစ်နေသည်မှာ တလကျော်ပြီဖြစ်သည်။
ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ်၊ ကော့ကရိတ်မြို့နယ် ဝေါလေဒေသ ကနဲလေး၊ မြဝတီမြို့နယ် ဖလူးလေး၊ ဖလူးကြီး၊ ရသေ့တောင် စသည့် နေရာများရှိ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရာ့၊ အုန်းဖန်နှင့် ထာ့ဆောင်ယန်း မြို့နယ်တို့တွင် ဒုက္ခသည်အသစ် ၈ဝဝဝ ကျော် ရောက်နေကြောင်း ဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့များက ဆိုသည်။
“ထိုင်းရွာတွေထဲမှာပေါ့ အသိတွေအိမ်၊ တောင်ယာတဲတွေမှာ လိုက်နေကြတာပေါ့။ မဲဆောက် ဧရိယာမှာ ၁၇ဝဝ ကျော်တာပေါ့။ ခွင်လေးခုသတ်မှတ်ထားတယ်။ လွန်ခဲ့တဲ့ ၄ ရက်က စာရင်းအရ အားလုံးပေါင်း ၈၂ဝဝ ကျော်တယ်လေ” ဟု မဲဆောက်ခွင်မှ ဒုက္ခသည်များကို တာဝန်ခံ ကူညီနေသည့် ကိုနေဦးက ပြောသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံနေကြသည့် ကရင်လူမျိုးများ အပါအဝင် စခန်း ၉ ခု၌ ဒုက္ခသည် စုစုပေါင်း တသိန်းခန့်ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် Thailand Burma Border Consordium-TBBC အဖွဲ့က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။
ကိုဝိုင်း
ချင်းမိုင် (မဇ္ဈိမ)
THANK YOU
GRANDFATHER TAR MIKE
0 comments:
Post a Comment