+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, January 15, 2011

မြန်မာစစ်တပ် ကမ္ဘာ တည်မည်လော

Source Photo from http://www.google.com/images

မြန်မာစစ်တပ် ကမ္ဘာ တည်မည်လော
(မမခင်)

စစ်အစိုးရက အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်တယ်လို့ သိရပါတယ်။ ဘယ်အချိန်မှာ ဘယ်သူတွေတိုင်ပင်ပြီး ဘယ်လိုအမိန့်စာနဲ့ ထုတ်ပြန်ခဲ့သလဲတော့ တိတိကျကျ မသိရပါဘူး။ ဘာမဆို ပြည်သူလူထုကို မတိုင်ပင်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်လေ့ရှိတဲ့စစ်အစိုးရဟာ အများပြည်သူ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့အကြောင်းခြင်းရာ ဥပဒေတခုကို ဒီလို လက်လွတ်စပယ် ထုတ်တယ်ဆိုတာကတော့ ယုံရခက် မယုံရခက်ပါဘဲ။ တကယ်သာ ထုတ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ လုပ်ထုံးလုပ်နည်း နားမလည်လို့ လုပ်လိုက်တဲ့ မယဉ်ကျေးတဲ့လုပ်ရပ်လို့ဘဲ ပထမအဆင့် အသက်ညှာဆုံး စကားနဲ့ အပြစ်တင် ဝေဖန်ချင်ပါတယ်။

တကယ်တော့ ဒီလိုတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာဆိုတာ သက်ဆိုင်သူ နိုင်ငံသားတိုင်းကို နားလည် သိရှိအောင် ချပြ၊ တိုင်ပင်ညှိနှိုင်းမှုတွေ အဆင့်ဆင့်ကို အချိန်တွေယူပြီး လုပ်ရမယ်။ လွတ်တော်မှာ ထောက်ခံသူရော ကန့်ကွက်သူတွေပါ အခြေအတင် ဆွေးနွေးမှုတွေ အကြိမ်ကြိမ်အခါအခါ လုပ်ရမယ်။ ပြီးတော့ မဲခွဲဆုံးဖြတ်ပြီး လွတ်တော်ကသာ ထုတ်ပြန်ရမှာပါ။ အခုတော့ နိုင်ငံသားအများစုက သဘောမတူဘဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကလာတဲ့၊ ပြည်သူအများက မဲမပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတုကြီးရဲ့ လွတ်တော်အတုကြီးတောင် မခေါ်ရသေးပါဘူး။ အခု ထုတ်လိုက်တယ်ဆိုတဲ့ စစ်မှုထမ်း ဥပဒေဟာ ကာကွယ်ရေးဦးစီးချုပ်ဆိုသူတဦးထဲ ထင်ရာမြင်ရာ စိတ်ကူးနဲ့ ထုတ်ခဲ့တယ်ဆိုရင် ဒါဟာ နဲနဲရူးတာ မဟုတ်တော့ဘူး။ တကယ်ကို စိတ္တဇဆေးရုံ ပို့လောက်အောင် ရူးနေလို့သာ လုပ်လိုက်တဲ့ အပြုအမူလို့ ပြောရလိမ့်မယ်။

လူတချို့က စစ်အာဏာပိုင်တွေကို အတော်အထင်ကြီးလေ့ရှိကြတယ်။ စစ်အစိုးရက မလုပ်သင့် မလုပ်ထိုက်တာ တခုခု လုပ်လိုက်တိုင်း (ဒီကောင်တွေက သိသိနဲ့ လုပ်နေတာ) ဆိုတဲ့ စကားကို ပြောဆိုလေ့ ရှိကြတယ်။ ဟင့်အင်း။ ဒီလို မထင်မိဘူး။ သူတို့လုပ်သမျှ သိသိနဲ့ လုပ်နေတာလို့ မထင်မိပါ။ အာဏာရှင် ဦးနေ၀င်းလက်ထက်က ဆင်းသက်လာတဲ့ စစ်အာဏာရှင် အဆက်ဆက်ဟာ အုပ်ချုပ်သူတို့ ကျင့်သုံးလိုက်နာအပ်တဲ့ ဓလေ့ထုံးတမ်းတွေကို သိရှိနားလည်တယ်လို့ မထင်မိပါ။ ဦးနေ၀င်းဟာ သူအာဏာတည်မြဲရေးအတွက် သစ္စာခံပြီး မိုက်ရဲသူနဲ့ သတ်ရဲသူတွေ၊ အပိုးကျိုးသူတွေကို နေရာပေးပြီး တဘက်မှာတော့ အုပ်ချုပ်သူအနေနဲ့ ပြည်သူကို တန်ဘိုးထားပြီး ပြည်သူ့မျက်နှာ ငဲ့ကြည့် စဉ်းစားသူတွေကို ဖယ်ရှားတတ်ခဲ့တယ် မဟုတ်လား။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးနေ့က ကျောင်းသားနဲ့လူထုကို နှိမ်နင်းရာမှာ ရက်စက်ခဲ့၊ လက်သံပြောင်ခဲ့တဲ့ ဗိုလ်စိန်လွင်ကို အာဏာလွဲပေးခဲ့တာ နမူနာတခု။ အောက်လက်ငယ်သားကို တန်ဘိုးထားပြီး တိုင်းသူပြည်သားကို ချစ်မြတ်နိုးတတ်တဲ့ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်ဦးကို စစ်တပ်က ဖယ်ရှားခဲ့တာက ဥပမာတခု။

စစ်အစိုးရ အာဏာတည်မြဲနေတာ သိပ်တော်လို့ တတ်လို့ မဟုတ်ပါ။ အများပြောဆိုနေတဲ့ ဗိုလ်သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းပရိယာယ်တွေက သိပ်ကောင်းနေလို့လဲ မဟုတ်ပါ။ အဓိကကတော့ လူ့ယဉ်ကျေးမှုနဲ့ အလှမ်းဝေးနေတဲ့ မသိမှုအ၀ိဇ္ဇာနဲ့ (မိုက်သွေး) ကြောင့်ပါဘဲ။ ဒါကြောင့် စစ်အစိုးရလုပ်နေသမျှဟာ တိုင်းပြည်အုပ်ချုပ်ရေး နားလည်လို့လုပ်တာ ကျင့်ဝတ်ကျင့်ထုံးတွေ နားလည်လို့လုပ်တာ မရှိသလောက်ပါဘဲ။ သူတို့ အလုပ်လုပ်တယ်ဆိုတဲ့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲမှုတွေက တိရိစ္ဆာန်ရုံထဲက လူဝံကြီး အလုပ်လုပ်နေသလိုပါဘဲ။ ရန်ကုန်တိရိစ္ဆာန်ရုံထဲက လူဝံကြီးဟာ သူ့ကိုချုပ်လှောင်ထားတဲ့ လှောင်အိမ်ထဲမှာရှိတဲ့ ချိုချဉ်ခွံတွေ၊ ပဲလှော်ခွံတွေ၊ မြေပဲခွံတွေ၊ ကွာစေ့ခွံတွေကို လိမ္မော်ခွံခွက်ကလေးထဲ ထည့်လိုက်။ လိမ္မော်ခွံထဲ ပြည့်သွားတော့ ပြန်မှောက် သွန်ချလိုက်။ ပြန်ထည့်လိုက်။ ပြည့်ပြန်တော့ ပြန်မှောက်ချလိုက်နဲ့ တနေကုန်တာဘဲ။ ဒီလိုဘဲ။ စစ်အစိုးရလဲ သူတို့ရဲ့ အတ္တကျဉ်းကျဉ်းလေးထဲမှာ ပြည်သူ့လူထုနဲ့တိုင်းပြည်ထဲက လုပ်ငန်းကိုင်ငန်းတွေကို မှောက်လိုက်၊ သွန်လိုက် လုပ်နေတာနဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေ ကုန်နေတာဘဲ။ လူဝံကြီးကတော့ လူတွေကို ရန်ပြုတာ မကြားမိဘူး။ သူတို့ကတော့ သူတို့ကို မလုပ်တတ်လို့ မလုပ်တတ်ဘူးပြောတဲ့ ပြည်သူတွေကို ရန်လုပ်တယ်။ ဒီတော့ သူတို့က တိုင်းသူပြည်သားအတွက် အန္တရာယ်ရှိတယ်။ ဒါဘဲကွာတယ်။ ကျန်တာတော့ သူတို့ဟာ တိရိစ္ဆာန်ရုံထဲက လူဝံကြီးထက် အသိဥာဏ်သာတယ်-သိတယ်လို့ မထင်မိဘူး။

အခု ထုတ်ပြန်တယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို ကြားရသူ ပြည်သူပြည်သားတိုင်းက ဒေါသထွက်ကြတယ်။ ပြည်ပ ကျူးကျော်စစ်မရှိဘဲ တိုင်းရင်းသားတွေနဲ့ တိုက်နေတဲ့စစ်ကို အားပေးအားမြှောက် စစ်ထဲဝင်ဘို့ဆိုတာ ဘယ်ပြည်သူကမှ စိတ်မဝင်စားပါ။ စစ်အစိုးရရဲ့ စစ်မှုထမ်းဥပဒေဆိုတာ ကြားရတော့ ကုန်သည်လုပ်နေတဲ့ လူတယောက်က ပြောတယ်။ (လက်နက် မကိုင်ချင်လို့ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာ။ လက်နက်ကိုင်ခြင်းကိုင် သူတို့လက်နက် ဘာလို့ ကိုင်မလဲ။ ကိုယ့်လက်နက် ကိုယ်ကိုင်မှာပေါ့) တဲ့။ တက္ကသိုလ်ဆရာတယောက်ကတော့ (စစ်မှုထမ်းဥပေဒကို မထုတ်ခင် တိုင်းရင်းသားနဲ့ တိုက်နေတဲ့ စစ်ပွဲတွေကို အရင်ရပ်ရမယ်) တဲ့။ ဆိုက္ကားဆရာတယောက်ကတော့ (အကြိုက်ပါဘဲဗျာ။ လက်နက်သာ ကိုင်ရလို့ကတော့ သူတို့ကို ပြန်ပြစ်လိုက်ယုံဘဲ) တဲ့။ စစ်သားဟောင်းတယောက်ကတော့ အခုရှိတဲ့ တပ်ကိုတောင် ဝအောင်မကြွေးနိုင်ဘဲ နောက်တိုးတွေကို ဘာနဲ့သွားကြွေးမှာလဲ) တဲ့။ အမျိုးသမီးငယ်တယောက်ကတော့ (ဒို့ကတော့ သီလရှင်ဘဲ ဝတ်တော့မယ်) တဲ့။

အဲဒါ ပြည်သူတွေရဲ့ အသံပါ။

စစ်အာဏာရှင်တွေသာ စစ်ကို လိုလားနေတာ။ ပြည်သူလူထုကတော့ ပြည်ပကျူးကျော်စစ်ကို တိုက်ဘို့ ၀န်မလေးပေမဲ့ ကိုယ်အချင်းချင်း တိုက်ရမဲ့စစ်ပွဲတွေကို ငြီးငွေ့နေပါပြီ။ စစ်အစိုးရက စစ်ကိုလိုလားနေသ၍လည်း တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးတွေက နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေက အနဲဆုံး အိမ်နီးခြင်း တိုင်းပြည်တွေထက်တော့ အောက်မကျတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေမျိုးကို ရယူပိုင်ဆိုင်ချင်နေကြပါပြီ။ လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ လူမှုလူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရှင်သန်ရေး အစရှိတဲ့ ခေါင်းစဉ်တွေကို စစ်ဗိုလ်အခွင့်အရေးနဲ့ စစ်တပ်ပထမ မူဝါဒထက် စိတ်ဝင်စားနေကြပြီ။ ကိုယ့်ပြည်သူလူထုရဲ့ သဘောထားကို နားမလည်ရင် ကျဆုံးခန်းကို ရောက်ဖို့က ဒီနေ့နဲ့ မနက်ဖန်သာ ရှိမယ်။ အချိန်တခုခုမှာ ကျဆုံးဘို့က အသေအချာပါဘဲ။

ဒီနေရာမှာ နီးစပ်တဲ့ ဥပမာတခုကို ပြောပြချင်ပါတယ်။ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်တဲ့ဘုရင့်နောင်ဟာ သူအုပ်ချုပ်တဲ့ (၂၈) နှစ်လုံးလုံး စစ်တိုက်ပြီး နယ်မြေထူထောင် နေခဲ့တာပါ။ သူ့ရဲ့သားတော် နန္ဒဘုရင်လက်ထက်မှာလဲ စစ်ပွဲတွေကို မရပ်မနားတိုက်နေခဲ့လို့ ပြည်သူတွေ ပင်ပန်းနွမ်းနယ်ကုန်ခဲ့ကြရတယ်။ ယောက်ျားမှန်သမျှ စစ်မတိုက်ချင်တော့လို့ ရဟန်းပြု ကြတယ်။ ပြည်သူတွေအလုံးအရင်းနဲ့ ယိုးဒယားနယ်ကို ၀င်ရောက်တိမ်းရှောင်ကြတယ်လို့ ရာဇ၀င်က ဆိုပါတယ်။ အဲဒီနောက် ဘုရင့်နောင်ရဲ့ စစ်သည် တသန်းခွဲနီးပါး (တသောင်းစုပေါင်း တရာ့ငါးဆယ်ခန့်) ရှိတဲ့ စစ်တပ်ကြီးဟာ သားနန္ဒဘုရင်ရဲ့ လက်ထက်မှာ ပျက်တော့တာပါဘဲ။ နန္ဒဘုရင်ကိုယ်တိုင်ကတော့ ခရစ်သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်မှာ တောင်ငူစား နတ်သျှင်နောင်ရဲ့ သုတ်သင်မှုနဲ့ ဇာတ်သိမ်းသွားရတယ်။ တပ်လဲပျက် အာဏာလဲပျက် ဘ၀လဲ လမ်းဆုံးလို့ ပြောရမယ်။

အခု စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ စစ်တပ် ပထမမူဝါဒ ၂၀၀၈ ဖွဲ့စည်းပုံကို အားဖြည့်တဲ့ သဘောလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တဲ့ နောက်တကြောင်းက ၁၉၈၈ နောက်ပိုင်း စစ်တပ်ကို လူမုန်းများလို့ အသက် (၁၈) နှစ်ပြည့်တဲ့ ပြည်သား (ပြည်သူမပါ) တွေက စစ်တပ်ထဲ အ၀င်နဲသွားလို့ စစ်တပ်မှာ စစ်အင်အား နဲပါးသွားတာကလဲ အကြောင်းတကြောင်း ဖြစ်နိုင်တယ်။ များမကြာမီ ကာလကလေးကမှ မိတ်ဆွေ ဗိုလ်မှူးကြီးတဦးက ပြောပြပါတယ်။ တပ်ရင်းတရင်းမှာ တပ်သားအင်အား ၅၀၀ ဝန်းကျင်ရှိရမှာ ဖြစ်ပေမဲ့အခု တပ်ရင်းတရင်းကို စစ်သားဦးရေ ၁၀၀၊ ၁၅၀ ဘဲ ရှိတယ်။ ရှေ့တန်းကို မနက်ဖန် သဘက် ထွက်ရတော့မယ်ဆိုရင် စစ်သားတွေ အကုန်လုံး တာဝန်ပျက်ကွက်နဲ့ ပျောက်ကုန်ကြရော။ အဲဒါနဲ့ ရှိတဲ့ စစ်သား ၄-၅ ဆယ်နဲ့ စစ်ထွက်ဟေ့… ထွက်ဟေ့… ဆိုရင်လည်း စစ်သားတွေက လမ်းမှာတင် ပျောက်ကုန်ကြပြန်ရောတဲ့။ သူ့အလုပ်က တပ်က ခွင့်မဲ့တာဝန်ပျက်ကွက်တဲ့ စစ်သားတွေ ပြန်လာရင် ကွာတားချတဲ့ အလုပ်ဘဲ ရှိပါတော့သတဲ့။ သူ့အပြောအရတော့ စစ်တပ်က ပျက်နေပြီတဲ့။ တပ်ပျက်မှာ ဗိုလ်လုပ်နေရတဲ့ သူ့ဘဝကို စိတ်ကုန်လို့ တပ်က ထွက်တော့မယ်တဲ့။

သေသေချာချာဆန်းစစ်ကြည့်ရင် ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ အနားလေးဘက်ထောက်-၀မ်းလျားထိုးပြီး မော်ဖူးနေကြသူတွေဟာ သူတို့သားမယားတွေလုပ်ကြွေးဘို့ အခွင့်အရေးအတွက် ဒူးထောက်ခစားပြီး ခံတွင်းနံ့ ခံနေတာပါဘဲ။ ပြောကြည့်ပါလား။ ငါ့အတွက် အသက်ပေးပြီး မင်းတို့ကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာ ထွက်တိုက်ကြ။ မင်းတို့သားသမီးကလေးတွေ ရှေ့တန်းလွှတ်ကြဆိုရင် ဘယ်လိုနေမလဲ။ ဝေးစွ-ခြောက်ပါး။ အခု သင်းနေတဲ့ ဗိုလ်သန်းရွှေရဲ့ အာခံတွင်းဟာ ချက်ခြင်းကိုဘဲ အပုန်နံ့ ထောင်းထောင်းထ သွားမယ်။ သက်ဦးဆံပိုင် အာဏာရှင် သီပေါ ဘုရင်နန်းကျတော့ တသက်လုံး မော်ဖူးဆိုမှ မော်ဖူးကြရတဲ့ နန်းတွင်းသူ နန်းတွင်းသားတွေ ဘုရင်နဲ့မိဖုရားကို ဂေါဝိန်ဆိပ်ခေါ်မသွားခင် နန်းတော်ထဲ တညတာ စံရချိန်မှာ ဘုရင်နဲ့ မိဖုရားပိုင် ပစ္စည်းတွေ သယ်ကြ။ ယူကြ။ ငါတို့ အရှင်သခင်နှစ်ပါး စိတ်ဆင်းရဲနေကြပါလားလို့ လားလားမှ မမှု။ ခေါင်းရင်းက ခြေရင်းက။ မရိုမသေ။ မလေး မခန့်။ သူတို့နိုင်သလောက် ပစ္စည်းသယ်ဘို့လောက်သာ အာရုဏ်ရောက်ကြပါသတဲ့။ ဗိုလ်သန်းရွှေတို့မှာလဲ ကိုးကန့်ကို ခြိမ်းခြောက်လိုက်။ ကချင်ကို ခြိမ်းခြောက်လိုက်။ ကရင်ကို ခြိမ်းခြောက်လိုက်နဲ့။ လက်တွေ့ကျတော့ ထွက်မတိုက်ပါဘူး။ တကယ်တော့ သစ္စာခံပြီး တပ်ထွက်မဲ့သူရှိပုံ မပေါ်ပါဘူး။

ဒီလို အကြောင်းတွေကြောင့် စစ်မှု မထမ်းမနေရ ဥပဒေကို ထုတ်ကြည့်တာ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် နောက်ဆက်တွဲပြဿနာတွေက အများကြီး ဖြစ်လာမှာပါ။ စစ်အစိုးရက သူပုန်လို့သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်မှာ အင်အားတွေ တိုးလာနိုင်ပါတယ်။ လက်နက်ကိုင်ခြင်းကိုင် သူတို့နဲ့အတူ မကိုင်ဘူး။ သူတို့ကို ချရမဲ့လက်နက်ကို ကိုင်မယ်ဆိုသူတွေ ရှိနေတယ်လေ။ ပြီးတော့ ပြည်သူလူထုက စစ်မှုမထမ်းချင်လို့ ပြည်ပကို တရားဝင်ကော တရားမ၀င်ကော နည်းမျိုးစုံနဲ့ ထွက်ခွာကြပါလိမ့်မယ်။ သာသနာ့ဘောင်မှာ ရဟန်းပြုသူ သီလရှင်ဝတ်သူတွေ တိုးလာပါလိမ့်မယ်။ သာသနာ့ဘောင်ကို ဝင်ချင်လို့ဝင်တာ မဟုတ်ဘဲ စစ်မှုထမ်းရှောင်ချင်လို့ ဝင်သူတွေ တိုးလာတာလဲ သာသနာ့တော်အတွက် မကောင်းလှပါ။ ဒီလိုနဲ့ တိုင်းပြည်ထူထောင်ရေး လုပ်အားတွေ လေလွင့်ဘို့ ရှိပါတယ်။

ဒါတွေအပြင် စစ်ဗိုလ်တွေ လုပ်သမျှက ဘက်လိုက်မှုတွေ ရှိစမြဲမို့ စစ်ထဲ မ၀င်ရတဲ့ အထူးလူတန်းစားတရပ်လဲ ပေါ်လာဦးမယ်။ အထူးလူတန်းစားအဖြစ် စစ်ထဲမ၀င်ရဘို့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေကလဲ များလာပါဦးမယ်။ စစ်သားစုဆောင်းဘို့ အောက်ခြေ ရပ်ကွက်ကျေးရွာတွေက အာဏာပိုင်အဆင့်ဆင့်ထိ ပါဝင်လာဦးမှာမို့ ကျေးလက်တွေမှာ အနိုင်ကျင့်မှု ပြဿနာတွေ တိုးလာမယ်။ အခုတောင် ရန်ကုန်မြို့ကနေ ၅ မိုင်လောက် ထွက်တာနဲ့ ပြည်သူလူထုကို ယူနီဖေါင်းဝတ်မှန်သမျှက (သစ်သားအတို တချောင်းနဲ့လည်း ဖမ်းမယ်- ဆီးမယ်။ ဒီဇယ် တစ်ဂါလံနဲ့လဲ ဖမ်းမယ်- ဆီးမယ် လုပ်နေကြတာ။ ပြီးတော့ အကြောင်းတစုံတရာနဲ့ ကောင်စီရုံးကို မရောက်နဲ့။ ရဲစခန်းကို မရောက်နဲ့။ ရောက်များ ရောက်လို့ကတော့ ငါမသားခြင်း မိုးမွန်အောင် ဆဲရေးတိုင်းထွာ၊ ကိုယ့်အမေကို သူတို့မယားအဖြစ်ဆဲရေးမယ်။ သူတို့ရဲ့ မိဘအမွေ မွေးရာပါပစ္စည်းနဲ့ တိုင်းထွာ၊ ညစ်ညစ်ညမ်းညမ်း အော်ဟစ်ဆဲဆို ခံရမယ်။ ထိုးမယ် ကျိတ်မယ်။ ကံမကောင်းရင် ကိုယ်လက်အင်္ဂါ ထိခိုက်မယ်။ ကံဆိုးရင် အသက်ပါ ပါသွားမယ်။ ဒီလို အနိုင်ကျင့်နေကြတာ။ အခု ပြဌာန်းတယ်ဆိုတဲ့ စစ်မှုထမ်း ဥပဒေကတော့ အနိုင်ကျင့်စရာ ရမယ်ရှာလို့ရတဲ့ အကြောင်းသစ်တခု ဖြစ်လာပါလိမ့်မယ်။

တိုင်းရင်းသားဒေသတွေမှာတော့ ပြည်မမှာထက် ပိုဆိုးရွားပါလိမ့်မယ်။ စစ်တပ်အဘို့ ပေါ်တာကိုတရားဝင်ဆွဲခွင့် လုပ်နိုင်တော့မယ်။ အဓမ္မလုပ်အားပေး မဟုတ်တော့ဘဲ တရားဝင် စစ်သားလုပ်အားပေးတွေပေါ့။ ဒီလိုနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို တရားဝင်ဖြစ်အောင် လုပ်တော့မှာလား။ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ ဥပဒေကို နှစ်ပတ်ရိုက်မှာလား။ အမျိုးသမီးလေးတွေကိုရော ရှေ့တန်းစစ်မျက်နှာတွေကိုခေါ်ပြီး ဘာတွေခိုင်းစေမှာလဲ။ စစ်ဗိုလ်တွေက ဘယ်လောက် စည်းကမ်းရှိလို့လဲ။ လက်အောက်ငယ်သား စစ်သားတွေကို ဘယ်လောက် ထိန်းသိမ်းနိုင်လို့လဲ။ သူတို့ရဲ့ကိုယ်ကျင့်တရားက ဘယ်လောက် စိတ်ချရလို့ ပြည်သူတွေက မိမိတို့ရဲ့ သမီးပျိုလေးတွေကို အပ်နှံရမှာလဲ။ အခုတောင် စစ်တပ်ထဲမှာ လင်ယောက်ျား အန္တရာယ်ရှိတဲ့ ရှေ့တန်းစစ်မျက်နှာ အမြန်ပြန်လာရဘို့ ဇနီးမယား ငယ်ငယ်ချောချောလေးတွေ အထက်အရာရှိကြီးတွေကို ဖေါ်လံဖားကြရရင်း အသုံတော်ခံဘဝ ရောက်ကြရတဲ့ သတင်းတွေ ထွက်နေတာ လူတိုင်းသိတယ်။ နေပြည်တော် ကြပ်ပြေးက အဘကြီးတွေရဲ့ အမှောင်ခန်းကြီးတွေထဲ တပည့်တပန်းတွေက မိန်းမပျိုလေးတွေကို (အပျို၊ အသက်၊ အတိုင်းအထွာ) နဲ့ ပို့ပေးနေကြရတဲ့ သတင်းတွေရှိတယ်။

သတင်းလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမို့ ဟုတ်တာတွေ၊ ပုတ်တာတွေ၊ ယုတ်တာတွေ မပေါ်တာ။ အမေရိကန်လိုသာ သတင်းလွတ်လပ်ခွင့်ရှိခဲ့ရင် မြာပွေလှတယ်ဆိုတဲ့ သမ္မတ ကလင်တန်က အဘ-အဘခေါ်၊ သြချရတဲ့ အကြောင်းခြင်းရာ ဇာတ်လမ်းတွေ ထွက်လာမယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသမီးငယ်လေးတွေကို အဓမ္မဥပဒေထုတ်၊ စစ်ထဲသွင်းပြီး ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေက မတွေးရဲစရာပါဘဲ။ မေးခွန်းထုတ်ချင်တာက တိုင်းရင်းသားဒေသတွေမှာ စစ်ဗိုလ်စစ်သားအချို့ ကျူးလွန်တဲ့ မုဒိန်းမှုတွေကို တရားဝင် လိင်ကျွန်စနစ်နဲ့ အစားထိုးပြောင်းလဲမယ်လို့ ကြံရွယ်နေလေ သလား ဆိုတာပါဘဲ။

ပြီးတော့ သူတို့ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးမြေးတွေက စစ်မှုထမ်းရာမှာ ဘယ်ကဏ္ဍက နေမှာလဲ။ အပေါ်ဆုံးအဆင့်က လား။ အောက်ခြေကလား။ ဗိုလ်ချုပ်လား။ တပ်သားလား။ ဗိုလ်သန်းရွှေရဲ့ မြေးကို ဒု-ဗိုလ်လောက်ကနေ ဒိုင်း-ဒိုင်း-ဒိုင်းဆို အရှင်မွေး-ညကြီး ဗိုလ်ချုပ်မှူးကြီးရာထူး ပေးမှာလား။ သတ္တိရှိရင်တော့ အခုဘဲ သူတို့သားသမီတွေကို စစ်ထဲဝင်စေပြီး ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးနဲ့ တိုက်ခိုင်းလိုက်ပါ။ ဗိုလ်နှုတ်ခမ်းမွေးက စောင့်နေမှာ အသေအချာဘဲ။

ပြည်သူလူထုဟာ ဒါတွေအားလုံးကို တွေးရပါမယ်။ ထည့်သွင်း စဉ်းစားရပါမယ်။ ကန့်ကွက်တန်ရင် ကန့်ကွက်ကြရပါမယ်။ လမ်းထွက်တန်ရင် လမ်းထွက်ဆန္ဒပြကြရပါလိမ့်မယ်။

ဒီလို စစ်မှုမထမ်း မနေရ ဥပဒေမျိုးကို ဦးနုရဲ့ဖဆပလ အစိုးရလက်ထက်က ဦးနုအနေနဲ့ အင်အားကြီးထွားလာတဲ့ စစ်တပ်ရဲ့ပါဝါကို လျော့ချဘို့ ကြိုးစားခဲ့ဘူးပါသတဲ့။ အဲဒီအချိန်မှာ ဦးနေဝင်းက ပြည်သူတွေ စစ်ပညာတတ်မှာ မလိုလားတာကတကြောင်း စစ်တပ်ကိုသူပိုင်အဖြစ် သီးသန့် မွေးမြူလိုတာက တကြောင်းကြောင့် လက်မခံခဲ့ဘူးလို့ မှတ်သားဘူးပါတယ်။ ထိုခေတ် ထိုအခါက စစ်တပ်နဲ့ ယနေ့စစ်တပ် မတူပါဘူး။ အဲဒီတုံးက စစ်တပ်ဟာ ဒီကနေ့ စစ်တပ်လောက် မပျက်စီးသေးပါ။ ကိုယ်ကျင့်တရားတွေလဲ ဒီနေ့ခေတ်လောက်တော့ ဗလုံးဗထွေး မဖြစ်သေးပါ။ အားလုံးကို မဆိုလိုပေမဲ့ ဒီကနေ့ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကတော့ လူထုနဲ့အလှမ်းကွာဝေးနေတဲ့ ယုံကြည်ကိုးစားလောက်သူတွေ မဟုတ်တော့တာ သေချာတယ်။

စစ်တပ်ကို ပြည်သူတွေက အသိအမှတ် ပြုခဲ့ပေမဲ့ စစ်တပ်က ပြည်သူကို အသိအမှတ် မပြုခဲ့လို့ ပြည်သူတွေ လိုလားထောက်ခံမှု လျော့ကျခဲ့ရတာကို ပြန်လည်အဖတ်ဆည်ဘို့တောင် မလွယ်တော့ဘူး ထင်ပါတယ်။

မကြာမီ သတင်းတပတ်တခုက ပြည်တွင်းထုတ် ဂျာနယ်တခုမှာ စစ်တပ်ကို စစ်တပ်လို့ မခေါ်ကြဘို့။ တပ်မတော်လို့ ခေါ်ဝေါ်သုံးစွဲသင့်တယ်လို့ ရေးသားထားတဲ့ ဆောင်းပါးတပုဒ်တွေ့ လိုက်ရပြီး သူ့အဆိုအရ တပ်မတော်ဟာ ကမ္ဘာတည်မဲ့ အဖွဲ့အစည်းလို့လည်း ဆိုထားပြန်ပါတယ်။ စစ်တပ်ထဲ ဝင်မယ်။ စစ်တပ်က ထွက်မယ်။ စစ်တပ်ထဲ သွားမယ်။ စစ်တပ်ထဲက လာတယ်ဆိုတာ လူအများသုံးတဲ့ အရပ်သုံးစကားပါ။ တပ်မတော်ထဲ ဝင်မယ်။ တပ်မတော်ထဲက ထွက်မယ်။ တပ်မတော်ထဲ သွားမယ်။ တပ်မတော်ထဲက လာတယ်လို့ စာဖွဲ့ပြောလောက်အောင် ပြည်သူလူထုက ရှည်ရှည်ဝေးဝေး မပြောအားပါဘူး။ ပြီးတော့ သာမန်အားဖြင့် နားလည်သိရှိထားတာက သီလ၊ သမာဓိ၊ ပညာကို အခြေခံတဲ့ အဖွဲ့အစည်းတွေသာ ရေရှည်ခံတတ်ပါတယ်။ ဒါတောင် ကမ္ဘာတော့ တည်မယ်တော့ မဟုတ်ပါဘူး။

မြတ်စွာဘုရားထားရှိခဲ့တဲ့ သာသနာတော်ကြီး သီလ၊ သမာဓိ၊ ပညာကို အခြေခံတာတောင် သာသနာ ငါးထောင်ဘဲ တည်တံ့မယ်လို့ အကြမ်းဖျင်း တွက်ဆထားကြတာပါ။ အမိန့်အာဏာကို အခြေခံတဲ့ အဖွဲ့အစည်းတွေကတော့ ရေရှည်တည်တံ့ခိုင်မြဲတာ မကြားမိခဲ့ဘူးပါ။ မြန်မာစစ်အာဏာပိုင်တွေရဲ့ စစ်တပ်ဟာ ကမ္ဘာတည်မဲ့ အဖွဲ့အစည်းဆိုတော့ (တယ်ဆိုတဲ့ စာပါလား) လို့ အောက်မေ့မိတယ်။ ပြီးတော့ အာဏာနဲ့ တည်ဆောက်တဲ့ ဘယ်အုပ်ချုပ်သူရဲ့ ဘယ်စစ်တပ်များ ကမ္ဘာတည်သလဲ ပြန်ဆန်းစစ် ကြည့်မိပါတယ်။

ခေါမတပ်လဲ ပျက်။ ရောမတပ်လဲ ပျက်။ ဂျင်ဂျစ်ခန်ရဲ့ မွန်ဂို တပ်ကြီးလဲ ပျက်။ နာဇီိတပ်လဲ ပျက်။ ဖက်ဆစ်တပ်လဲ ပျက်။ အနော်ရထာရဲ့ တပ်လဲ ပျက်။ ဘုရင်နောင်ရဲ့ တပ်လဲ ပျက်။ အလောင်းဘုရားရဲ့ တပ်လဲ ပျက်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့ သမိုင်းတွေထဲက ကျော်ကြားလှတဲ့ စစ်တပ်ကြီးတွေတောင် ပျက်ကြပါလျက် ဗိုလ်နေဝင်းတို့ ဗိုလ်စောမောင်တို့ ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကျမှ ကမ္ဘာတည်မဲ့ အဖွဲ့အစည်းဆိုတော့ လူတွေကြားရင် ရယ်ချင်ပြီး ခွေးတွေကြား တကယ်ထင်ကုန်ပါ့မယ်။ သူပြောသလို တကယ်သာ ကမ္ဘာတည်ခဲ့ရင်တော့ ကမ္ဘာတည်မယ်လို့ ဟောကိန်းထုတ်ပြောဆိုခဲ့တဲ့ ဆောင်းပါးရှင်ကို ကမ္ဘာလဆန်း တရက်နေ့အထိ စောင့်ပြီး တော်လွန်းလို့ (၅၀ ကျပ်တန် တုံတုံ ငပိထောင်း တဘူး) အပြင် အပိုဆုအဖြစ် လေမျိုးရှစ်ဆယ် လျက်ဆားတထုတ်ပါ ဆုချလိုက်ဦးမယ်။ ငပိထောင်းက စစ်အစိုးရနံ့ ထောင်းထောင်းထနေတဲ့ သူ့ဆောင်းပါးတွေကို ပြည်သူတွေ စားနေရတဲ့ ငပိနံ့လေး သင်းလာစေချင်လို့။ လေမျိုးရှစ်ဆယ် လျက်ဆားကတော့ ဆောင်းပါးတွေ လေကျယ်ကျယ်နဲ့ ဆက်ရေးနိုင်အောင်လို့ပါ။ မေတ္တာနဲ့။ မေတ္တာနဲ့။ တခုတော့ ရှိတယ်။ ဆောင်းပါးရှင်ရဲ့အဆိုဟာ အမေရိကတိုက်က မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်နဲ့ တိုက်ပြီး ပြောတာဆိုရင်တော့ ဖြစ်နိုင်တယ်။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်က ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ် ဆိုထားတာကိုး။ ဒီလိုဆိုရင်တော့ စစ်အစိုးရရဲ့ ကမ္ဘာကျဉ်းကျဉ်းကလေး ၂၀၁၂ ခုနှစ်မှာ ပျက်မယ်ဆိုတာ ဖြစ်နိုင်တယ်။

တကယ်ကတော့ မြန်မာစစ်တပ်ဟာ ပြည်သူကို ခိုင်ခိုင်မြဲမြဲ အမြစ်ကုပ် တွယ်ထားနိုင်တာ မရှိတော့လို့ ဟန်သာရှိပြီး မြေကုပ်အားမရှိတဲ့ ဧရာမညောင်ပင်ကြီးတွေ ပြိုလဲသလို လေပြင်းတချက် ရမ်းတာနဲ့ ပြိုတော့မယ်။ နာဂစ်တုံးက ယောက်ျားကြီး ၃-၄ ယောက်လောက်ဖက်လုံးရှိတဲ့ ညောင်ပင်ကြီးတွေ အပေါ်ပိုင်းက အကိုင်းတွေ စည်လေလေ အရွက်တွေ ဝေလေလေ။ တခြားတခြား အပင်တွေထက် ပျိုလဲလေလေ ဖြစ်သွားကြတာ မှတ်မိကြမယ် ထင်ပါတယ်။ အခု မြန်မာစစ်တပ်ကြီးကလဲ ဗိုလ်ချုပ်ကြီးတွေ ဒေါ်လာသန်းထောင်ချီ ချမ်းသာပြီး အကိုင်းတွေ ဝေပါရဲ့။ သူတို့နဲ့ အဆွေအမျိုးတွေ လုပ်ပိုင်ခွင့်တွေနဲ့ အရွက်တွေ ဝေပါရဲ့။ အောက်ခြေက ဆွေးပြီး ပြည်သူဆိုတဲ့ မြေကြီးကို ကုပ်တွယ်မထားနိုင်တော့လို့ ပြိုတော့မယ်။ ပျက်တော့မယ်။ ဗိုလ်သန်းရွှေတို့အဖွဲ့ ဇာတ်ကျောရှည်လေလေ၊ ဇာတ်ဆွဲလေလေ စစ်တပ်က တအိအိပြိုဆင်း ပျက်ယွင်းလေလေ ဖြစ်တော့မယ်။

ပြည်သူတွေက စစ်တပ်အပျက်ကို ဘယ်လိုလက်ခံကြမလဲ။ ခေါင်းပိုင်းကို ဘယ်လိုကိုင်မလဲ။ အောက်ခြေကို ဘယ်လို စုစည်းမလဲ။ အခုနေတော့ တပိုင်းတစ ပျက်ထွက်လာတဲ့ စစ်တပ်အောက်ခြေက စစ်ပြေးကလေးတွေကို နယ်စပ်တွေမှာ စခန်းဖွင့်လက်ခံတာမျိုး ဆောင်ရွက်နိုင်ရင် ကောင်းမယ်။ လုံးဝ လုံးဝ ပျက်ပြီဆိုချိန်မှာ အောက်ခြေက လက်နက်ကိုင် စစ်သား အဆင့်ဆင့်ကို ဓားပြတွေ သူခိုးတွေ ဂျပိုးတွေ ဖြစ်မသွားအောင် ဘယ်လို စုစည်းလက်ခံကြမလဲ။ နေစရာ၊ စားစရာ၊ အသက်မွေးမှု ကောင်းရောင်းကောင်းဝယ် အတတ်ပညာတွေ ဘယ်လို စီမံပေးကြမလဲဆိုတာ အဆင်သင့်ကို စဉ်းစားထားသင့်ပြီ။ ပြည်သူတွေ တည်ဆောက်မဲ့ နိုင်ငံသစ်မှာ သူတို့လဲ သူ့နေရာနဲ့ သူတော့ ပါဝင်သင့်တယ် မဟုတ်ပါလား။

မမခင်

12.1.11 (5.00 pm)
Source Article from http://www.yoma3.org/?p=1837

0 comments:

Post a Comment