

ဘင်္ဂလားပင်လယ်ပြင် အတွင်းမှ ကျောက်ဆောင်တစ်ခုသည် ဒီဇင်ဘာ ၂၅ ရက်နေ့ ညအချိန်တွင် ရေအောက်မှ ရေပြင်အပေါ်သို့ ရုတ်တရက် မြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ ရေအောက်မီးတောင်၏ တွန်းကန်အားကြောင့် မြင့်တက်လာ ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုကြပါသည်။
အဆိုပါနေရာသည် စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာ ရေပြင်တွင် တည်ရှိပြီး ရေအောက်မီးတောင်များ ရှိသော နေရာ ဖြစ်ကြောင်းလည်း သိရှိရသည်။ ယင်း နေရာ အနီးဝန်းကျင်တွင် ငါးညို့ ဖမ်း သော ငါးဖမ်းလှေများစွာသည် အမြဲသွားရောက် ဖမ်းဆီးကြလေ့ရှိရာ ကျောက်ပေါ်လာသော နေ့မှစ၍ ထိုကျောက်ဆောင်အနီးသို့ မသွားဝံ့ကြကြောင်းလည်း သိရှိရသည်။
''ဒီနေရာတွေရဲ့ ရေပြင်အောက်ဘက်မှာ ရေအောက်မီးတောင်တွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ မီးတောင်ကထွက်တဲ့ ချော်ရည်တွေ အနီးကို ငါးလေးတွေ လာရောက်တတ်တာကြောင့် အဲဒီငါးလေးတွေကို စားတဲ့ ငါးညို့တွေက အမြဲလာရောက်တတ်လို့ ညဘက်မှာ ငါးဖမ်းလှေတွေ ဒီနား ပတ်ဝန်းကျင်မှာ လာရောက် ဖမ်းဆီးတတ်ပါတယ်။ အခုဆို သိပ်ပြီး အနီးကပ် မသွားဝံ့ဘူး ဖြစ်နေကြတယ်။ ဒီကျောက်ဆောင်ရဲ့ အောက်ဘက်မှာ မီးတောင်က အတည့်ရှိနေတာကြောင့် ခုလို ပေါ်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်''ဟု ရေလုပ်သား တစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုကျောက်တုံးသည် ဒီရေတက်ချိန်တွင် ရေပြင်အထက် ခြောက်ပေခန့်အထိ မြင့်တက်နေပြီး ဒီရေကျချိန်တွင် ဆယ်ပေခန့် မြင့်တက်နေသည်ကို မြင်တွေ့ရကြောင်းလည်း ရေလုပ်သားများထံမှ သိရှိရပါသည်။
|
|
Friday, January 7, 2011
ရေအောက်မီးတောင်တွန်းကန်အားကြောင့် ကျောက်ဆောင်တစ်ခု ရုတ်တရက် ပေါ်ထွက်
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment