ယာဉ်များ ကုန်လျှော့သယ် ဆန်ဈေးတက်
အာဆီယံ စံချိန် စံညွှန်းနှင့် အညီ ကုန်စည် သယ်ဆောင်ရန် သတ်မှတ် ချက်များအရ ကုန်တင် ယာဉ်များ ကုန်ပိုလျှော့ချ သယ်ဆောင်ခဲ့သည့် အတွက် တန်ဆာခများမှာ ဇန်န၀ါရီလ ၉ ရက်နောက်ပိုင်းမှစ၍ ဆန် တစ်အိတ်လျှင် ကျပ် တစ်ထောင် ခန့်အထိ မြင့်တက် သွားခဲ့ကြောင်း ရန်ကုန်မြို့ အခြေစိုက် ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရသည်။
အဆိုပါ တန်ပိုလျှော့ချခြင်းကြောင့် သယ်ဆောင်သည့် ကုန်စည်ပေါ်တွင် အပို ထပ်ဆောင်း တန်ဆာခများ ကျခံရ သည့်အတွက် ဇန်န၀ါရီလ ဒုတိယပတ် ခန့်အတွင်းက ဆန် တစ်အိတ်လျှင် ခရီး အနီးအဝေး ပေါ်မူတည်၍ ခရီးနီးသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ကဲ့သို့သော ဒေသများတွင် ကျပ် ၂၀၀ မှ ၅၀၀ ခန့်အထိ မြင့်တက်ပြီး ခရီးဝေးဒေသဆိုပါက ကျပ် ၅၀၀ မှ ၁၀၀၀ အထိ မြင့်တက် သွားခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဆန်ကုန်သည် အချို့က ဆိုသည်။
ယင်း တန်ဆာခများမှာ ဇန်န၀ါရီလ ၂၀ ရက်နေ့အရောက်တွင်မူ တစ်ပတ်ခန့်အတွင်း ကျပ် ၅၀၀ ခန့်စီ ထပ်မံမြင့်တက် သွားခဲ့ကြောင်း အဆိုပါကုန်သည်ကြီးများထံမှသိရသည်။ ထိုသို့ ကုန်ပိုများလျှော့ချရခြင်းကြောင့် တန်ဆာခများ မြင့်တက် သွားသဖြင့် မဖြစ်မနေ သယ်ပို့ဆောင်ရန် လိုအပ်သူများသာ သယ်ယူ ပို့ဆောင်လျက်ရှိကြပြီး ခေတ္တ ဆိုင်းငံ့ ထား၍ ရသော ကုန်သည်အများစုမှာမူ အခြေအနေကို သေချာစွာ သိရှိစေရန် စောင့်ကြည့်နေရာ ကုန်တင်ပို့မှု ကျဆင်း သွားသည့် အတွက် ကုန်ကားအချို့ ရပ်နားထား ရကြောင်းလည်း အဆိုပါလုပ်ငန်း ဆောင်ရွက်သူများက ဆိုသည်။
ယင်း ကဲ့သို့ဖြစ်ရပ်မျိုး လွန်ခဲ့သည့် လေးနှစ်ခန့် အတွင်းကလည်း တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး တစ်ရက်ခန့်အတွင်း ဆန် တစ်အိတ်လျှင် မူလပို့ဆောင်ခ ၁၀၀၀ ကျပ်မှ ၁၄၅၀ ကျပ်သို့ရောက်ရှိသွားခဲ့ခြင်းကြောင့် ကျပ် ၄၅၀ ခန့် နစ်နာ သွားခဲ့ ကြောင်း အဆိုပါ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသူ ဒဂုံမြို့သစ်(တောင်ပိုင်း) ရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အဝေးပြေး ကုန်စည် သယ်ယူပို့ဆောင်ရေး အသင်း က တစ်စုံတစ်ရာဆောင်ရွက်ပေးနိုင် ခြင်းမရှိသေးကြောင်း၊ လမ်းတံတားကြေး ကောက်ခံမှုများ မြင့်မားနေခြင်း နှင့် ပတ်သက်၍လည်း လက်ရှိတွင် ၂၀၁၀ ပြည့်နှစ်အတွင်းက လေလံ ရယူထားခဲ့ကြသည့် ကုမ္ပဏီများသည် ပုံမှန် အတိုင်းသာ ကောက်ခံမှု ပြုလုပ်နိုင် ကြမည်ဖြစ်ကြောင်း၊ အဆိုပါ လမ်းတံတားကြေး လေလံများကို ဧပြီလတွင် ပုံမှန် ခေါ်ယူ လေ့ရှိကြောင်းနှင့် ယခုနှစ်တွင် လေလံ ကြေးများ ကျဆင်းသွားနိုင်မည်ဟု မထင်ကြောင်း အဆိုပါအသိုင်းအ၀ိုင်း အတွင်းရှိ ကုန်စည် ပို့ဆောင် ရောင်းဝယ် ရေးဆောင်ရွက်သူ လုပ်ငန်းရှင် အချို့က သုံးသပ် ကြသည်။
Source News from The Voice Journal
0 comments:
Post a Comment