မြတ်ခိုင်ပြောသောပုံပြင်
ဟိုး.... မနေ့ တစ်နေ့တုန်းက တိုင်းပြည်တစ်ပြည်မှာ ပညာအရာမှာကြွယ်ဝတဲ့ ပညာရှိတစ်ယောက် ရှိတယ်တဲ့ပေါ့ကွယ်။ အဲသည့် ပညာရှိဆရာကြီးဟာ ရိုးရာစွဲနဲ့ပတ်သက်ရင် အရမ်းကြီးတွေ စည်းကမ်း တင်းကြပ်လွန်းတာကြောင့် သူ့ဆီမှာပညာသင်ယူကြတဲ့ လုလင်ပျို၊လုံမပျိုတွေခမျာ စိတ်လွတ်ကိုယ်လွတ် မရှိကြတော့ အဲဒီပညာရှိဆရာကြီးရဲ့ကျောင်းတော်ကြီးဆီကနေ ထွက်ထွက်ပြေးကြသတဲ့။
အဲသည်လို သူ့ကျောင်းတော်ကြီးက ထွက်ပြေးသွားတဲ့ လုလင်ပျို၊ လုံမပျိုတွေများလေလေ ပညာရှိဆရာကြီးက စည်းကမ်းတင်း ကြပ်လေလေပဲတဲ့။ တပည့်မရှားဘူး။
သူ့ဆီက ပညာတကယ် လိုချင်တဲ့သူတွေသာ သူ့ဆီကိုရောက်လာကြလိမ့်မယ်လို့ ပညာရှိဆရာကြီးက ကြွေးကြော်သတဲ့။
အဲသည်လိုကြွေးကြော်လေလေ၊ တပည့်တွေကပြေးလေလေမို့ ပညာရှိဆရာကြီးဆီမှာ တပည့်မရှားခဲ့ရာကနေ တပည့်ဆိုလို့ မူးရင်သော်မှရှူစရာမကျန်အောင် တက်တက်ပြောင် ခဲ့ပါလေရောတဲ့။
အဲသည့်အခါကျ ဆန်အိုးထဲစားစရာ ဆန်တစ်စေ့သော်မှမရှိတော့တဲ့အတွက် ပညာရှိဆရာကြီးရဲ့ ရှင်မဟာ ထမီစွန်တောင်ဆွဲပြီး
''သည်မှာ ကိုအဝှာ ပညာရှိကြီးရဲ့။ ရှင့်ရိုးရာအစဉ်အလာ ဆိုတာကြီးက ရှင့်ကို ခုဆန်အိုးထဲ ဆန်မရှိတော့ ဘယ်သူက ရှင့်ကို အပင်းဆို့ဖို့လာပေးသလဲ။ ပြောစမ်းပါဦး။ ကျုပ်တော့ ရှင်နဲ့အတူရောပြီး အငတ်မခံနိုင်ဘူး တော်ရေ့။ ရှင့်ဟာရှင်သာ ရှင်ပြောပြောနေတဲ့ ရိုးရာအစဉ်အလာဆိုတာကြီးနဲ့ပဲ ဖက်သေပေတော့။ ကျုပ်တော့ရောပြီး အငတ်မခံနိုင်ဘူး။ ဒါပဲ''လို့ ဒေါနဲ့မာန်နဲ့ပြောတဲ့အခါ ပညာရှိဆရာကြီးမျက်လုံးပြူးသွားသတဲ့။
အဲသည့်အချိန်မှာ ပညာရှိဆရာကြီးကတော် ဒေါ်ရှင်မက ထမီစွန်တောင်ဆွဲပြီး ခုနစ်သံချီအော်နေရာက သူ့အဝတ်အစားတွေကို ရွာထိပ်ကအပေါင်ဆိုင်မှာ အပြေးသွားပြီး ပေါင်နှံစားသောက်လိုက်သတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲနော်။ မောင်ညီမလေးတို့၊ ပညာရှိဆရာကြီးလို နောက်ဆုံး တစ်ယောက်တည်း ကျန်တဲ့အထိ ရိုးရာအစဉ်အလာကို ဖက်တွယ်ထားမလား။
ဒါမှမဟုတ် ပညာရှိဆရာကြီးကတော် ဒေါ်ရှင်မလို အပေါင်ဆိုင်ပြေးပြီး ပေါင်နှံစားသောက်မလား ဆိုတာ ကိုယ်တိုင် တွေးဆဆင်ခြင် သုံးသပ်နိုင်ကြပါစေကွယ်။ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းကတော့ ကိုယ်ယုံကြည်ရာကို သေတဲ့အထိမစွန့်လွှတ်ရဘူးဆိုဘဲ ...။
မြတ်ခိုင်
Copy from http://www.snapshot-news.com
0 comments:
Post a Comment